ပန်ဆေးဦးကျော်မြင့်ကို ဘယ်အချိန်ထိ လွှတ်ထားမှာလဲ

သမ္မတကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌကြီးအား ပန်ဆေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့် နှင့် ပတ်သက်၍သိစေခြင်ပါသည်။

နမ့်ခမ်းမြို့နယ်၊ပန်ဆေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့် (ခ) လီယောင်ကျန်းသည် ပြည်ခိုင်ဖြိုးပါတီ အရေခြုံထားပြီး ပါတီ၏အရှိန်အဝါဖြင့် ရှမ်းပြည်နယ် လွတ်တော်အမတ်တစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။၎င်းသည် တရုတ်သွေးစပ်သော ခိုလုံလီရှောလူမျိုးဖြစ်သည်။

ယခင်က နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ ဒေသခံတိုင်းရင်းသားများသည် လက်ဖက်စိုက်ခြင်း၊ မုန့်ညှင်းစိုက်ပျိုးခြင်း၊ ဆိတ်မွေးမြူခြင်း စသည့် စိုက်ပျိုးမွေးမြူရေး သမာအာဇီဝ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြင့် အေးချမ်းစွာ နေထိုင်ခဲ့ကြပါသည်။ သို့ရာတွင် ပန်ဆေးဦးကျော်မြင့် အုပ်ချုပ်ပြီးနောက်ပိုင်းတွင် ပန်ဆေးဒေသရှိ ခိုလုံလီရှောကျေးရွာအုပ်စုများမှ ၄င်း၏ တူ၊တပည့် များအား ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် တင်မြှောက်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ဘဏ္ဍာရေးအတွက်ဟု အကြောင်းပြကာ ရိုးသားသော ဒေသခံတိုင်းရင်းသားများအား မက်လုံးပေးခြင်း၊ တစ်ဖက်လှည့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်၍ ၄င်းတို့နယ်မြေအတွင်း ဘိန်းစိုက်ပျိုးခိုင်းခြင်းအား တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိပါသည်။ ထွက်ရှိလာသောဘိန်းများအား ၄င်းတို့အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိပါသည်။

ထို့ပြင် တရားမဝင် သစ်ခိုးခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း နှင့် ညပိုင်းတွင် တစ်ဘက်တရုတ်နိုင်ငံသို့ ပန်ဆေးပြည်သူ့စစ်ပိုင် စက်လှေဆိပ်မှ သစ်နှင့်မီးသွေး များခိုးပို့ခြင်း၊ ဒေသခံများအား ဘိန်းဖြင့်မှိုင်းတိုက်ထားခြင်း တို့အား ၄င်း၏စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ၄င်းကိုယ်တိုင်ပင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟု အမည်ခံကာ ၄င်းအုပ်ချုပ်ရာနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု ပိုမိုဖြစ်ထွန်းရေး နှင့် တရားမ၀င် စီးပွားရေးလုပ်ငန်းများအား ပြောင်ပြောင်တင်းတင်း ကြီးကြပ်ညွှန်ကြားလျက် ရှိပါသည်။ သို့သော် အပြင်ပန်းတွင် ပန်ဆေးဦးကျော်မြင့်သည် တရားဝင်စီးပွားရေးလုပ်ငန်း အကြောင်းပြကာ ရန်ကုန် သုဝဏ္ဏရှိနေအိမ်တွင် အေးအေးလူလူနေထိုင်သည့် ပုံစံမျိုးဖြင့် ရှိနေပါသည်။

ပန်ဆေးဦးကျော်မြင့်သည် ၄င်း၏သားဖြစ်သူ (နိုင်ငံခြားတွင် ကျောင်းတက်ရောက်ခဲ့သူ) ထံ ခေါင်းဆောင်ရာထူးအား မိမိသဘောဖြင့် လွှဲပြောင်းပေးရန် လျာထားခြင်း၊ ငွေကြေးအမြတ်အစွန်းများစွာ ခေါင်းပုံဖြတ်ခြင်း၊ဒေသခံတိုင်းရင်းသားများအား ဘိန်းမှိုင်းတိုက်ထားခြင်းတို့ကြောင့် ၄င်း၏အဖွဲ့ဝင် အချို့နှင့် ဒေသခံများမှ မကျေမနပ်ဖြစ်လျက် ရှိပါသည်။သို့သော် ဒေသရှိ အစိုးရအာဏာပိုင် အသီးသီးအား အသွင်အမျိုးမျိုးဖြင့် ကျောထောက် နောက်ခံပြုထားခြင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် လွှတ်တော်အမတ် အရေခြုံထားခြင်း၊ လက်နက်အင်အား ပြထားခြင်းတို့ကြောင့် မည်သို့မှ မတွန်းလှန်နိုင်သည့်အပြင် သဘောကျ ထောက်ခံအားပေးနေရသည့် အခြေအနေဖြင့်သာ ကျီးလန့်စာစား နေကြရပါသည်။

ပန်ဆေးဦးကျော်မြင့်သည် ၎င်း၏အကျိုးစီးပွားအလို့ဌာ ရေရှည်အစီအစဉ်ဖြင့် ဒေသအတွင်း ဘိန်းမှိုင်းတိုက်ထားမှု့ကြောင့် ၄င်းအုပ်ချုပ်ရာဒေသတွင်သာမက နမ့်ခမ်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ရှမ်း၊ ပလောင်၊ ကချင်လူငယ်များစွာမှာ ဘိန်း အလွန်အကျွံ့သုံးစွဲလျက်ရှိပြီး လူညွန့်တုံး ဘဝပျက်ကာ ဘိန်းစိုက်၊ဘိန်းရှု ဘဝဖြင့်သာ အဆုံးသတ်ကြရပါသည်။ ထို့ပြင် အကျင့်စာရိတ္တ ပျက်ယွင်းကာ ခိုးဆိုး၊လူသတ်၊ဓါးပြတိုက်သည်အထိ ဆိုးရွားလာခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို များစွာထိခိုက်လာပါသည်။ တစ်ဘက်နိုင်ငံမှ အချို့တရုတ်နိုင်ငံသားများပင် နမ့်ခမ်းမြို့သို့လာရောက်ပြီး တပျော်တပါး ဘိန်းဝယ်ယူ သုံးစွဲကြသည့် အခြေအနေမျိုးအထိပင် ဖြစ်လာပါသည်။

နမ့်ခမ်းမြို့ရှိ ဦးအိုက်စံခေါင်းဆောင်သော မြို့မပြည်သူ့စစ်အဖွဲ့သည်ပင်လျင် ပန်ဆေးဦးကျော်မြင့်တို့အဖွဲ့၏ လုပ်ရပ်များအား မကြိုက်နှစ်သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် လက်ပိုက်ကြည့်နေရပါသည်။

(၈.၄.၂၀၁၃) ရက်နေ့က နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ ဘိန်းချက်စခန်း (၃) ခုကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဝါယော့ပြည်သူ့စစ်စခန်း (၃) ခုမှ ဘိန်းဖြူ (၁) ကီလိုဂရမ်၊ ဘိန်းမဲ (၂) ပိဿာ၊ ယာမ(ရာဘ) အလုံး (၄,၀၀၀)တို့အား သိမ်းဆည်းရမိကြောင်း ပလောင်(တအာင်း) အမျိုးသမီးအစည်းအရုံး PWO မှထုတ်ပြန်သော သတင်းအရ ကြားသိရပါသည်။

နမ့်ခမ်းဒေသခံတစ်ဦးက “ပန်ဆေးဦးကျော်မြင့် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲဝင်စဉ်တုန်းက ပြောခဲ့ပါတယ်။ သူ့ကို မဲထည့်ပေးကြပါတဲ့။ သူကိုယ်စားလှယ် ဖြစ်လာရင် တရားဝင်ဘိန်းစိုက်ခွင့် ပေးမယ်တဲ့။ ဒီတော့ တစ်နယ်လုံးက ပန်ဆေးနယ်မှာ ဘိန်းသွားစိုက်ကြတာပေါ့။ အခွန်တောင် နည်းသေးတယ်။ ပြီးတော့ ဘိန်းဝယ်သူတောင် ရှာနေစရာမလိုပါဘူး။” ဟု ပြောပါသည်။

(၆.၂.၂၀၁၃) ရှမ်းပြည်နယ်နေ့တွင် ပန်ဆေးဦးကျော်မြင့်၏ တူဖြစ်သူ ရဲအောင်ထွေး(ခ)လိဖန် ဦးဆောင်သည့် အပေါင်းပါများမှ ဆေးဝါးအလွန်အကျွံ့ သုံးစွဲပြီး ဦးလေးအားကိုးဖြင့် မူးယစ်ရမ်းကားကာ ကျားဖြူပါတီဥက္ကဌ၊ ပြည်နယ် သတ္တုတွင်းဝန်ကြီး၏မြေးအား ဓါးဖြင့်ခုတ်ကာ မသေမချင်း သတ်ခဲ့သည့်အမှုအား ကျူးလွန်ခဲ့ပါသည်။၎င်းတို့အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိပြီးနောက် (၄.၆.၂၀၁၃)နေ့က မူဆယ်ခရိုင်တရားရုံးတွင် ရုံးထုတ်လာစဉ် အစောင့်ရဲထံမှ သေနတ်လုယူပြီး ပစ်ခတ်ရာ ရဲ(၁)ဦးသေ (၂)ဦးဒဏ်ရာရပြီး တရားခံများ ထွက်ပြေး လွတ်မြောက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ နမ့်ခမ်းနှင့် မူဆယ်ဒေသခံများမှ ထိုကဲ့သို့ရမ်းကားမှုအတွက် ထိန့်လန့်နေကြပါသည်။ ပန်ဆေးဦးကျော်မြင့်၏ တူဖြစ်သူရမ်းကားမှုသည် သာမန်ရာဇ၀တ်သားကြီးများပင် မစဉ်းစားရဲသော မလုပ်ရဲသော ပြစ်မှုဖြစ်သဖြင့် ၄င်း၏ဦးလေးအားကိုးဖြင့် အကာအကွယ် ရနေသောကြောင့် လုပ်ရဲခြင်းဖြစ်ကြောင်း သိသာနိုင်ပါသည်။

ပန်ဆေးဦးကျော်မြင့်သည် ပန်ဆေးပြည်သူ့စစ်အင်အား (၃၀၀)ခန့် ပိုင်ဆိုင်၍ ကိုယ်ပိုင်တပ်ဖွဲ့ အသွင်ပုံစံဖြင့် နမ့်ခမ်း၊ မူဆယ်တ၀ိုက်တွင် ထင်တိုင်းကြဲ လုပ်တိုင်းရ ကြံတိုင်းအောင် ဖြစ်ကာ ဗိုလ်ကျစိုးမိုးနေခြင်းမှာ သိသာထင်ရှားလှပေသည်။ နိုင်ငံတော်မှ ဘိန်းခင်းများအား ဖျက်ဆီးကာ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရန် တွန်းအားပေးဆောင်ရွက်နေချိန်တွင် ဘိန်းဘုရင် ဦးကျော်မြင့်သည် ဒေသရှိ အစိုးရအာဏာပိုင် အသီးသီးအား အသွင်အမျိုးမျိုးဖြင့် ကျောထောက်နောက်ခံပြုကာ ပြည်ခိုင်ဖြိုးပါတီနှင့် လွှတ်တော်အမတ် အရေခြုံ၍ ပန်ဆေးဒေသတွင် လွတ်လွတ်လပ်လပ် ဘေးရန်ကင်းစွာဖြင့် လူသားအားလုံး အညွှန့်တုံးစေမည့် ဘိန်းစိုက်ပျိုးခြင်း၊ထုတ်လုပ်ခြင်း၊နိုင်ငံတော်၏ သယံဇာတများဖြစ်သော သစ်နှင့်မီးသွေး ခိုးထုတ်ခြင်း နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများစွာကို သား၊ တူ တပည့်များစွာဖြင့် တရားဝင်အမိန့်ရကဲ့သို့ ပျော်ပါးအောင်မြင်စွာ ဆောင်ရွက်လျက် ရှိပါသည်။

ဤခေတ်အခါသည် မဏ္ဍိုင်ကြီးများ အသီးသီးပေါ်ထွက်၍ တန်းတူ၊အခွင့်အရေးတူ သာတူညီမျှသော ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်နေသော အချိန်အခါ ဖြစ်ပါသည်။ သန်း(၆၀)သော ပြည်သူများအတွက် တရားဥပဒေစိုမိုး မျှတရေးကို အာရုံစိုက်ဆောင်ရွက်နေသော အခြေအနေလည်း ဖြစ်ပါသည်။ ထိုသို့သော အခြေအနေ အချိန်အခါကောင်းများ ဖြစ်ထွန်းနေပါလျက်နှင့် ပန်ဆေးဦးကျော်မြင့်လို လူများ ရှိနေသည်မှာ မေးခွန်းထုတ်စရာများစွာ ဖြစ်ပေါ်ရပါသည်။

ထို့ကြောင့် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စု တရားသူကြီးချုပ်၊ပြည်ထဲရေးဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့အား “ ပန်ဆေးဦးကျော်မြင့်ကို ဘယ်အချိန်ထိ လွတ်လွတ်လပ်လပ် ဤကဲ့သို့ ဆက်လက်ခွင့်ပြုထားအုံးမှာလဲ ” လို့ မေးလိုက်ပါရစေ။

ဒေသခံတိုင်းရင်းသားစစ်စစ်များ
ရဲရင့်ငယ် ဖေစ်ဘုက်မှ

No comments: