မိတ္ထီလာအခြေအနေ အာဏာပိုင်များပိုမို ထိန်းသိမ်းဖို့လို


အဓိကရုဏ်းကြောင့် မိထ္ထိလာ ကောင်းကင်တွင် မီးခိုးလုံးကြီးများ ထိုးတက်နေစဉ် ဒေသခံအချို့ မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေကြသည်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP) မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တခုတွင် အငြင်းပွား ခိုက်ရန်ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းပြီးနောက် အဆိုးရွားဆုံး လူမှုပဋိပက္ခဆိုးကြီး ဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ရက်နေ့မှ စတင်ကာ ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှ တဆင့်တဖက်နှင့် တဖက် အပြန်အလှန် ပဋိပက္ခဖြစ်ပွားခဲ့ပြီး မတ်လ ၂၀ ရက်နေ့ ညမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဟု မိတ္ထီလာမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ပြောဆိုသည်။

ယနေ့ မနက်ပိုင်းတွင် မေးမြန်းချက်အရ မိတ္ထီလာ အမှတ် (၂) ရဲစခန်းက တာဝန်ရှိသူ တဦးက  “ပထမဆုံးစရိုက်တဲ့
နေရာက လူသုံးယောက်ကိုတော့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဓိကရိုက်တဲ့လူကိုတော့ ခုထက်ထိ မဖမ်းမိသေး ပါဘူး” ဟု မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

လက်ရှိ မိတ္ထီလာမြို့ အခြေအနေနှင့် ပတ်သတ်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မျိုးမင်းဦးက “အားလုံး လူကြီးတွေနဲ့ အတူဖြေရှင်းနေပါတယ်။ ခုချိန်မှာ အားလုံးကတော့ ထိန်းထိန်းသိမ်းသိမ်း တော့ဖြစ်နေပါပြီ။ အခြေအနေကတော့ ထိန်းထိန်းသိမ်းသိမ်း ပါပဲခင်ဗျ။ အဲဒီထက်ပိုပြီး ကျွန်တော်တို့က ပြောလို့ မရပါဘူး” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

မိတ္ထီလာသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုမင်းကိုနိုင် အပါအဝင် ၁၁ ဦးတို့ သည်မတ်လ ၂၀ ရက်နေ့ည တွင် သွားရောက်ခဲ့ပြီး  ရောက်ရှိ သွားချိန်တွင် အိမ်ခြေနှစ်ဆယ် အစိတ်ခန့် မီးလောင်နေပြီး လူဆယ့်လေးငါးယောက်ခန့် ထိခိုက်ဒဏ်ရာ ရထားတာကို တွေ့ရှိရကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုဉာဏ်လင်းက ရှင်းပြခဲ့သည်။

ထို့အပြင် မိတ္ထီလာမြို့ အခြေအနေမှာ လုံခြုံရေး အားနည်းချက်များ တွေ့ရှိရပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ချိန်တွင် အချိန် ရှိသော်လည်း ကြိုတင် လက်ဦးမှုရယူထားကာ ကာရံ ပိတ်ဆို့မှုများ မလုပ်ထားကြောင်းနှင့် လူမျိုးတမျိုးနှင့် တမျိုး မုန်းတီးရေးဖြစ်နိုင်ကြောင်း ၈၈ ကျောင်းသားအဖွဲ့မှ ကိုဇော်မင်း က မှတ်ချက်ပြု ပြောဆိုသည်။

ယခုအချိန်တွင် အခြေအနေကို ဆက်လက် ကိုင်တွယ်ဖြေရှင်းဖို့ အာဏာပိုင်များနှင့် ညှိနှိုင်းမှုများ ကို ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့၊ ရွှေညဝါဆရာတော်နှင့်ဆရာတော်ဦးဝီရသူတို့မှ ပြုလုပ်ခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ သိရှိရသည်။

“ဒီနေ့ သဘောတူညီချက် ရတယ်ဆိုတာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေကို ဆက်မဖြစ်အောင် ထိန်းသိမ်းဖို့ပဲ။ အစိုးရ ဖက်ကလည်း ကျွန်တော်တို့ လာပြီးတော့ ကူညီတာကို ကျေးဇူးတင်တယ်။ သူတို့ဖက်ကလည်း သူတို့တတ်နိုင်တာ ကို လုပ်ပေးပါမယ် ပြောပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ (စမ်းချောင်း) ကိုကိုကြီး က ပြောခဲ့သည်။

ဒေသခံများ အနေနှင့် လူမျိုးရေး အဓိကရုဏ်းကို မဖြစ်စေချင်ကြောင်း မိတ္ထီလာ ဒေသခံတဦးဖြစ်သူ ကိုမောင်မောင် က မဇ္ဈိမသို့ပြောသည်။

၎င်းက “ဒေသခံ အများစုကတော့ မဖြစ်ချင်ကြဘူး။ ဒါပေမယ့် ဖျက်ဆီးမှုတွေ လုပ်ကိုင်နေကြတာ နှစ်ဖက်စလုံးပဲ။ ဟိုဖက်ကလည်း လေးငါးဆယ်၊ ဒီဖက်ကလည်း လေးငါးဆယ် လုပ်နေကြပေမယ့်။ အများဆုံးကတော့ ပရိတ်သတ်ပဲ။ အဓိကတော့ လူတွေက ဘာကိုယုံရမလဲ ဆိုတာ မသိတော့ဘူး” ဟုဆိုသည်။

မိတ္ထီလာမြို့တွင် ယခုလိုပြဿနာမျိုး တခါမှ မဖြစ်ဖူးကြောင်း ရခိုင်တွင် ဖြစ်သည့်ကိစ္စနှင့် ပတ်သတ်ပြီး မကြေလည်မှု များကြောင့် ယခုလို ပြဿနာဖြစ်သွားသည် ဟုမြင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် က
ပြောသည်။

၎င်းက “ဝင်နှောက်တဲ့ သူတွေတော့ ရှိပါတယ်။ တကယ်ပြဿနာဖြစ်တော့ သူတို့ ထွက်ပြေးသွားကြတယ်။
နောက်က အဖွဲ့အစည်းတော့ မရှိဘူးထင်ပါတယ်” ဟု သူ့အမြင်ကို ပြောသည်။

ယခုအခါ တောင်ကြီးနှင့်သာစည်မြို့သို့ ဒုက္ခသည် အချို့တိမ်းရှောင် ထွက်ပြေးမှုများ ရှိနေပြီး မိတ္ထီလာ
ဘော်လုံးကွင်းနှင့် ဘုန်းကြီးကျောင်းတချို့တွင် ဒုက္ခသည်များ ရောက်ရှိနေကြောင်း မိတ္ထီလာ ဒေသခံတချို့က မဇ္ဈိမသို့ ပြောဆိုသည်။

ယခုလို အဖြစ်အပျက်များနှင့် ပတ်သတ်ပြီး တရားဥပဒေ စိုးမိုးမှု အားနည်းတယ်လို့ မြင်ကြောင်း အစ္စလာမ် သာသနာရေးကောင်စီ အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေမှ မှတ်ချက်ပြုပြောဆိုသည်။

၎င်းက “တရားဥပဒေ စိုးမိုးမှု အားနည်းလို့ဘဲ မြင်ပါတယ်။ နိုင်ငံရေးနဲ့လည်းတိုက်ရိုက် ဆက်နွယ်နေတယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေရဲ့ အရေးမို့လို့ပါ” ဟု ပြောသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း အာဏာပိုင်များဘက်မှ ဝင်ရောက်ဖြန်ဖြေမှု မရှိပဲ ရပ်ကြည့်နေခြင်းကြောင့် ယခုလို ပြဿနာများ တိုးပွားလာရသည် ဟု ဒေသခံအချို့က ပြောသည်။ စားစရာနပ်ရိက္ခာများ ပြတ်လပ်နေပြီး
နေထိုင်ရန် အခက်အခဲများရှိကြောင်း၊ ယခုဖြစ်သော ပြဿနာမှာ နိုင်ငံရေးနှင့်တိုက်ရိုက် ဆက်နွယ်သည့် ပြဿနာ
ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုခဲ့ကြသည်။

ယခုလို အခြေအနေတွင် လူမျိုးရေးကစားကွက်ဖြင့် နောက်ပြန်လှည့်လိုသူများ ရှိနိုင်သဖြင့် ပေါက်ကွဲမှု မြန်သည့် ဘာသာရေး အဓိကရုဏ်းဖစ်ရန် ဖန်တီးနေသည်ဟု ယူဆကြောင်း အဆိုပါ အဓိကရုဏ်းကို ဖြေရှင်းရန် မိတ္ထီလာသို့
ကြွရောက်ခဲ့သော ရွှေညဝါ ဆရာတော်မှ မဇ္ဈိမသို့ မိန့်ကြားသည်။

ဆရာတော်က “ဒါတွေကို ရှေးရှုပြီး သက်ဆိုင်ရာ၊ အာဏာပိုင်တွေ၊ သက်ဆိုင်ရာ လူထုတွေ ဘုန်းကြီးတွေက ဒီလို ကိစ္စတွေ မဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်။ သတိမမူဘဲ မဆိုင်သလို နေလို့ မရတော့ဘူးလေ။ လက်လှမ်းမှီသလောက် လှမ်းပြောတယ်” ဟု မိန့်ကြားခဲ့သည်။

ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ရွှေညဝါဆရာတော်တို့သည် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ လာပြီဖြစ်ကြောင်း သိရှိရသည်။

No comments: