နိဒါန်း
တော်လှန်စစ်တွေဟာ
ပြည်တွင်းပဋိပက္ခတွေ အပေါ်မှာ အဓိက အခြေခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှု မရှိတာတွေ၊
ဝါဒကွဲပြားမှု ညှိနှိုင်းလို့ မရတာတွေနဲ့ အာဏာရှင်စနစ်ကျင့်သုံးမှုတွေကြောင့် တော်လှန်စစ်တွေ
ဖြစ်ပွားလာရပါတယ်။ တော်လှန်ရေးတွေမှာ တူနီးရှား၊ အန်ဂိုလာ၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊
သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒ အလိုက် ကွဲပြားမှုတွေရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာ
အခြေခံအချက်ကတော့ တော်လှန်စစ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေး အာဏာကို
စိန်ခေါ်ခြင်း ဖြစ်ပါတယ်။
အုပ်ချုပ်သူတွေက
စစ်တပ်၊ ရဲနဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် တော်လှန်စစ်မှာ
စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာတွေ ရှိသလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေးသမားတွေနဲ့
ပူးပေါင်းလာအောင် စည်းရုံးလှုံ့ဆော်ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့
နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့်
အုပ်ချုပ်ရေးယန္တရားနဲ့ အစားထိုးနိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ်ပန်းတိုင်ပဲ ဖြစ်ပါတယ်။
တော်လှန်ရေး၊
အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း
နိုင်ငံတနိုင်ငံရဲ့
အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့်ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ
ရယူရာမှာ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့
ဖြစ်ပါတယ်။ တော်လှန်ရေး ဆိုတာက ပေါက်ကွဲမှု အရှိန်ပြင်းပြင်းနဲ့ အုပ်ချုပ်ရေးအာဏာကို
ပြည်သူ လူထုက စိန်ခေါ်ခြင်းဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်းဖြစ်ပေါ်လာတတ်ပြီး အရှိန်အဟုန်လည်း
ပြင်းထန်တတ်ပါတယ်။
တော်လှန်ရေးတိုင်းဟာ
ကြိုတင်ပြင်ဆင်ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ်လို့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ
ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာလဲ ရုတ်ခြည်း ထဖြစ်သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ
တော်လှန်ရေး ပေါ်ပေါက်နိုင်သော အခြေအနေ (Revolutionary situation) ရှိနေတတ်ပေမယ့် တော်လှန်ရေးတရပ်ဟာ
ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ်
မပြောနိုင်ကြပါဘူး။
(၁၇၈၉) ခုနှစ်
ပြင်သစ်တော်လှန်ရေး၊ (၁၉၁၁) ခုနှစ် တရုတ်တော်လှန်ရေး၊ (၁၉၁၇) ခုနှစ် ရုရှားတော်လှန်ရေးနဲ့
(၁၉၅၆) ခုနှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့
တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က
ယူဆပြီး၊ ယခင်တော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေးခေါ်ဖို့ တောင်းဆို
တတ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက်တိုက်ဖြစ်နေချိန်တွေမှာသာ ဒီလို လုပ်ဆောင်လို့
ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန်မညီချိန်တွေမှာ ဒီလို တော်လှန်ရေး
Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွားတတ်ပါတယ်။ နောက်ဆက်တွဲ တော်လှန်ရေးတွေ
ပြတ်တောက်သွားတတ်ပါတယ်။
တော်လှန်ရေးရဲ့
အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင်တွေ ပေါ်ထွက်လာလေ့ရှိပါတယ်။
ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေလဲ ဖြစ်နိုင်သလို၊
ခေါင်းဆောင်သစ်တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူးမျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ်ခဲ့စဉ်တုန်းက
ဒေါက်တာဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ
ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုဆိုတာကို ပြည်တွင်းခေါင်းဆောင်၊ ပြည်ပရောက်ခေါင်းဆောင်၊
ဝါရင့်ခေါင်းဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင်ခွဲခြားသတ်မှတ်လို့ မရနိုင်ပါဘူး။
ရုတ်ခြည်းပေါ်ထွက်လာတဲ့ တော်လှန် ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ်သတ်မှတ်သွားစမြဲပါ။
နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို
ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့
အစိုးရအဖွဲ့ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ
ပါဝင်မှု မလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေအများအပြား လိုအပ်ပေမယ့်၊ လက်တွေ့လှုပ်ရှားမှုမှာတော့
မြန်ဆန်တိကျဖို့ လိုအပ်ပါတယ်။
အာဏာသိမ်းပွဲဟာ
လောင်းကစားပွဲလို သဘောသဘာဝရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။
အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာ သိမ်းမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ
ရှိသလို၊ သူပုန်တွေက အစိုးရအဖွဲ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာ သိမ်းမှုတွေလဲ
ရှိနိုင်ပါတယ်။
နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို
ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေးယန္တရားကို
ဖြိုချနိုင်ဖို့ အဆုံးသတ်ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက်အဆင့်ဆင့်နဲ့ လက်နက်ကိုင်ပြီး
တော်လှန်ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန်အတိုင်းအတာ တခုအထိ
ကြာတတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ် ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊
ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နား မှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။
သူပုန်ထခြင်းကတော့
တော်လှန်ရေးလို ရုတ်ခြည်းပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ
လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။
ဒါကြောင့် သူပုန်ထပြီး ပုန်ကန်တော်လှန်တဲ့အခါ ခေါင်း ဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။
အတွေးအခေါ်နှင့်
ယုံကြည်ချက်
နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို
ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေး သမားတွေက စတင်ရတာ
ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင်တော်လှန်မယ်ဆိုတာကို တော်လှန်ရေးသမားတွေက စီမံချက်တွေ
ချမှတ်ပြီး၊ အကောင်အထည် ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာဏာကို
တရားသောနည်းဖြင့် ဖြစ်စေ၊ မတရားသောနည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရတရပ်မှာ သံတမန်ရေးရာ
အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေးယန္တရားများကို
ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေးစေခိုင်းနိုင်မှု၊ နိုင်ငံတော်ဘဏ္ဍာများကို
ခွဲဝေအသုံးပြုနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို
အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ
ရှိနေတတ်ပါတယ်။
သို့ပေမယ့်
တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန်ရေးအတွေးအခေါ်နဲ့
တော်လှန်ရေးယုံကြည်ချက် ဆိုတဲ့ အားသာချက်နှစ်ရပ်ကိုပဲ တော်လှန်ရေး သမားတွေဘက်က ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေးအခေါ်တွေ
ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ် ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး
အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ
အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံးထိန်းသိမ်းတတ်ဖို့
လိုအပ်ပါတယ်။
တော်လှန်စစ်မှာ
ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ
ယုံကြည်ချက်ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာလက်ဆုပ်လက်ကိုင်
ထားနိုင်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားဆိုတိုင်း၊ တော်လှန်ရေးဖြတ်သန်းမှု ရှိတိုင်း
ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်
ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ် တလျှောက်မှာ ရထားပေါ်က ခုန်ချ သွားသူတွေ
ရှိသလို၊ ကြားဘူတာတွေကနေမှ တက်လာသူတွေလဲ ရှိနိုင်ပါတယ်။ အဓိကကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။
တုတ်၊ ဓား၊
သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေတွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ
ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။
တော်လှန်စစ်မှာ တော်လှန်ရေးအတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို
ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုး
ရှိပါတယ်။
ပြည်သူသာ
အခရာ
တော်လှန်စစ်ရဲ့
အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို
စနစ်တကျ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ
ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့
လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို
မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့
ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက်အတားအဆီးဖြစ်တဲ့ အာ ဏာရှင်စနစ်နဲ့
ရွေးကောက်ပွဲအယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့အခါမှာ
လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။
လူထုစည်းရုံးရေး
လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို
အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်းဖြစ်အောင် ပြုလုပ်လေ့ရှိကြပါတယ်။
ဒါကို သိမြင်တဲ့ အာဏာရှင်အစိုးရတွေကလဲ သက်ဆိုင်ရာကဏ္ဍအလိုက် အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့တွေ
(Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင်စနစ်ကို ထောက်ခံသူတွေ များပြားလာအောင်
လုပ်ယူလေ့ရှိ တတ်ပါတယ်။
ဒါကြောင့်
စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို
လူထု ထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ်ထားကြပါတယ်။
တော်လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေတဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။
၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေးဖြစ်ပွားရာမှာ နိုင်ငံတိုင်းမှာ Civil
Society အားကောင်းခြင်းဆိုတဲ့ တော်လှန်စစ် ရေခံမြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
နိုင်ငံရေးစစ်
တော်လှန်စစ်ရဲ့
instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ်
(political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိလို့
မရနိုင်ပါဘူး။ ပါတီတခု (သို့မဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်း
(သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ နိုင်ငံရေးဦးဆောင် အစုအဖွဲ့ တရပ် ရှိဖို့
လိုအပ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက နိုင်ငံရေးဦးဆောင် အစုအဖွဲ့ရဲ့
military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ
နိုင်ငံရေးဦးဆောင် အစုအဖွဲ့ မရှိပဲ လက်နက်ကိုင် တော်လှန်ရေး အင်အားစုပဲ ရှိနေရင်
(သို့မဟုတ်) နိုင်ငံရေးဦးဆောင် အစုအဖွဲ့နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့
ခဲယဉ်းပါတယ်။
နိုင်ငံရေးဦးဆောင်အစုအဖွဲ့
ဆိုရာမှာလဲ တရုတ်ပြည်မှာလို တပါတီတည်းက ဦးဆောင်တိုက်ပွဲဝင်တာမျိုး မဟုတ်ပဲ၊ မဟာမိတ်တပ်ပေါင်းစုတွေ
အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အားဖြစ်နိုင်ပါတယ်။
ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့
အချက်ကို ကြိုတင် သဘောတူညှိနှိုင်းထားနိုင်မှသာ တော်လှန်စစ်ကို အင်အားဖြစ်စေမယ့် မဟာမိတ်တပ်ပေါင်းစု
ဖြစ်လာမှာပါ။
တဖွဲ့က တိုက်လိုက်၊
တဖွဲ့က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု
တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါဘူး။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊
တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက်ကို ညှိနှိုင်းချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ
ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။
တော်လှန်စစ်
မဟာဗျူဟာသဏ္ဍာန်
နိုင်ငံရေးအတွေးအခေါ်နဲ့
တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဌာန်
(strategic pattern) တွေ ကွဲပြားခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေး အများစုမှာတော့
တော်လှန်စစ် သဏ္ဍာန်ကို ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီး
မြေပေါ် (သို့မဟုတ်) မြေအောက် ပါတီ တရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့တည်ထောင်ဖို့ လိုအပ်ပါတယ်။
ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ဖို့ လိုအပ်ပါတယ်။
တတ်သိပညာရှင်များနဲ့ တက္ကသိုလ်ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ
ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်းပါဝင်လာအောင် ပါတီခေါင်းဆောင်များက ကြိုးပမ်း ကြရမှာ
ဖြစ်ပါတယ်။
ကျစ်လျစ်ခိုင်မာတဲ့
ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက် လာရေးအတွက် မဟာမိတ်ဆက်ဆံရေး
တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစုဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာ
အုတ်မြစ်ချထားတဲ့ အကာအရံရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။
အုတ်မြစ်မရှိ၊ အကာအရံမရှိဘဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ကတော့ ခေါင်မိုးရောင်စုံ
မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ်အတွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ
မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့
အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား
ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။
တပ်ပေါင်းစုတွေ
ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ လှုပ်ရှားစစ်တွေကို
အဆုံးသတ်အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက်ဖော်ဆောင် ရမှာဖြစ်ပါတယ်။ တော်လှန်စစ်မှာ
အဆုံးသတ်အောင်ပွဲ ရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological
superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့
လိုအပ်ပါတယ်။ အဆုံးသတ်အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင်ကြိုးကိုင် အစိုးရရဲ့
အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ
အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးယန္တရား
မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး
ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက်လာတတ်ပါတယ်။ တဘက်ရန်သူရဲ့
time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို
နေပူပူမှာ အချိန်အတိုင်းအတာ တခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလိုအရည်ပျော်ကျသွားတတ်ပါတယ်။
တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။
တော်လှန်စစ်နှင့်
မဟာဗျူဟာ အပြန်အလှန်တုန့်ပြန်မှု (strategic interaction)
စစ်ရေး၊ နိုင်ငံရေး
လေ့လာသူများက ၁၉ရာစု နှောင်းပိုင်း လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများ၊ မြေပေါ်မြေအောက်
လှုပ်ရှားမှုများနဲ့ အကြမ်းမဖက်လှုပ်ရှားမှုများကို လေ့လာကြည့်ကြရာမှာ အင်အား ကြီးသူများနဲ့
အင်အားနည်းသူများအကြားက မဟာဗျူဟာ အပြန်အလှန်တုန့်ပြန်မှု (Strategic Interaction) များကို
ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ လက်နက်ကိုင်တိုက်ပွဲဖြစ်စေ၊ လူထုတိုက်ပွဲဖြစ်စေ၊ ဘယ်သဏ္ဍာန်ကိုမဆို
အသွင်ဆောင်ထားတဲ့ တော်လှန်စစ်များရဲ့ အရေးပါတဲ့ သော့ချက်ဟာ ချမှတ်ထားသော မဟာဗျူဟာမှန်ကန်မှုဖြစ်ပါတယ်။
မဟာဗျူဟာများမှာ တိုက်ရိုက်မဟာဗျူဟာများနဲ့ သွယ်ဝိုက်မဟာဗျူဟာများ ပါဝင်ပါတယ်။
အင်အားကြီးမားသော
အာဏာရှင်များနဲ့ ကျူးကျော်သူများဖြစ်တဲ့ strong actors များကို တော်လှန်ရာမှာ တော်လှန်ရေးသမားများက
weak actors များဖြစ်ပါတယ်။ ဒီလို တော်လှန်ရေး သဘောသဘာဝကို ပဏာမ လက်မခံပဲ ထိရောက်သော
တော်လှန်ရေးဗျူဟာများ ချမှတ်လို့ မရနိုင်ပါဘူး။ ဒါမှမဟုတ်ရင် ရန်သူကို လျှော့တွက်ပြီး
မိမိကိုယ်ကို အဟုတ်ကြီးထင်နေတတ်တဲ့ စိတ်ကူးယဉ်တော်လှန်ရေးကို ဦးတည်သွားတတ်ပါတယ်။ ဖရိုဖရဲနှင့်
မိုက်ရူးရဲ လုပ်ဆောင်မှုများသာ ပေါ်ထွက်နေတတ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးသဘောသဘာဝကို
မှန်မှန်ကန်ကန် လက်ခံနိုင်ရန် လိုအပ်လှပါတယ်။ အင်အားကြီးသူနဲ့ အင်အားနည်းသူအကြား ယှဉ်ပြိုင်ကြရာမှာ
ပေါ်ထွက်လာနိုင်တဲ့ Strategic Interaction လေးမျိုးရှိတတ်ပါတယ်။
(၁) တိုက်ရိုက်ထိုးစစ်နှင့်
တိုက်ရိုက်ခံစစ်
အာဏာရှင်တွေဘက်က
တော်လှန်ရေးကို ချေမှုန်းရာမှာ တိုက်ရိုက်ထိုးစစ်ကို အသုံးပြုတတ်လေ့ရှိပြီး၊ တော်လှန်ရေးသမားများဘက်မှ
တိုက်ရိုက်ခံစစ်ကို အသုံးပြုလေ့ရှိပါတယ်။ လက်နက်ကိုင် အဖွဲ့ ဖွဲ့စည်းပြီး ဆင်နွှဲတဲ့
တော်လှန်ရေးတိုင်းမှာ နှစ်ဘက်စလုံး အကျအရှုံးများပါတယ်။ တော်လှန်ရေး သမားတွေဘက်က ခြေကုပ်ယူ
စခန်းများ တခုပြီးတခု ကျဆုံးတတ်ပါတယ်။ ကျေးလက်မြို့ပြများမှာ နိုင်ငံရေးပါတီများ၊ အဖွဲ့များဖွဲ့စည်းပြီး
ထိပ်တိုက်ရင်ဆိုင်တဲ့ တော်လှန်ရေးမှာ တတိတိနှင့် အတိုက်အခံ အဖွဲ့အစည်း အဖွဲ့ဝင်များ
အမှည့်ချွေခံရတတ်လေ့ရှိပါတယ်။ လူဖမ်းပွဲများ ထွက်ပေါ်လာတတ်ပြီး၊ အောင်ပွဲရဲ့ အဆုံးအဖြတ်ဟာ
လူထုတော်လှန်ရေး ရေချိန်အပေါ်မှာ မူတည်ပါတယ်။ တော်လှန်ရေး သမားများ အနေနဲ့ လူထုနဲ့ တသားတည်း
မဖြစ်သေးပဲ ဒီ strategic interaction ကို ရွေးချယ်လို့ မရပါဘူး။ ရွေးချယ်ခဲ့မယ်ဆိုရင်
တော်လှန်ရေးအရှိန် ပြုတ်ကျပြီး အချိန်အတော်ကြာအောင် ပြန်လည် တည်ဆောက်ယူရတတ်ပါတယ်။ ရလဒ်ကတော့
အင်အားကြီးမားသူကသာ အနိုင်ရခြင်း (သို့မဟုတ်) တော်လှန်ရေး ကြန့်ကြာနေခြင်းများ ဖြစ်တတ်ပါတယ်။
(၂) တိုက်ရိုက်ထိုးစစ်နှင့်
သွယ်ဝိုက်ခံစစ်
အင်အားကြီးတဲ့ဘက်က
တိုက်ရိုက်ထိုးစစ်ကို အသုံးပြုချိန်မှာ အင်အားနည်းသူဘက်က သွယ်ဝိုက် ခံစစ်ကိုလဲ ပြန်လည်အသုံးပြုနိုင်ပါတယ်။
သွယ်ဝိုက်ခံစစ်ဆိုတာက မြေအောက်လှုပ်ရှားမှု အသွင်သဏ္ဍာန် ဆောင်ပါတယ်။ မြေအောက်လှုပ်ရှားမှု
(UG) ဆိုတာကို အချို့က လက်နက်ကိုင် တော်လှန်ရေး A/S နှင့် ရောထွေးပြောတတ်ကြပါတယ်။ မြေအောက်ဆိုတာက
လျှို့ဝှက်မှု အသွင်ဆောင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ သေးငယ်တဲ့ အစုအဖွဲ့ လေးများအပေါ်မှာ
အခြေခံပြီး ပြောက်ကျားလှုပ်ရှားမှုဖြစ်ပါတယ်။ မြေအောက်လှုပ်ရှားမှုမှာ လူထု လျှို့ဝှက်စည်းရုံးရေး၊
ဝါဒဖြန့်ချိရေး၊ သတင်း အချက်အလက်များ စုဆောင်းရေး၊ ပြောက်ကျားလူထု တိုက်ပွဲများ အကောင်အထည်ဖော်ရေး
စသည်များ ပါဝင်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးနဲ့
လူထုတိုက်ပွဲပေါင်းစပ်ရေးကို အခြေခံထားပါက လက်နက်ကိုင်တွယ်နည်း သင်တန်းပေးခြင်း၊ လက်နက်များ
သယ်ဆောင်ပံ့ပိုးရေး၊ ရန်သူအားချေမှုန်းရေး စတဲ့ လုပ်ငန်းဆောင်တာများလဲ ပါဝင်မှာ ဖြစ်ပါတယ်။
Non-violent resistance ဖြစ်ရင်တော့ လက်နက်ကိုင်တွယ်မှုဆိုင်ရာ လုပ်ငန်းများ ပါဝင်မှာ
မဟုတ်ပါဘူး။ ဒါကြောင့် မြေအောက်ဆိုတာကို လက်နက်ကိုင်တော်လှန်ရေးနှင့် မရောထွေးမိဖို့
အလွန်အရေးကြီးပါတယ်။
သွယ်ဝိုက်ခံစစ်ဟာ
လူထုထဲမှာ အခြေခံပြီး တပ်ဖျောက်ထားခြင်း ဖြစ်တဲ့အတွက် အထိအရှ အဖမ်းအဆီးကြုံရမှု နည်းပါတတ်ပါတယ်။။
လူထုနှင့် ထိတွေ့မှု ပိုများနိုင်ပါတယ်။ လိုအပ်တဲ့ ၀ပ်ကျင်းတွေနဲ့ လူမှုရေးရာ ထောက်ခံမှုတွေကိုသာ
ရရှိနိုင်မယ်ဆိုရင် လူထုတိုက်ပွဲများ ဖော်ဆောင် နိုင်ရေးအတွက် အသင့်တော်ဆုံး မဟာဗျူဟာဖြစ်ပါတယ်။
အင်အားကြီးသူက အင်အားနည်းသူကို တိုက်ရိုက်ထိုးစစ်နဲ့ တိုက်ခိုက်တဲ့အခါမှာ အင်အားနည်းသူက
လူထုထဲမှာ တပ်ဖျောက်ပြီး မြေအောက် လှုပ်ရှားမှုအသွင်နဲ့ သွယ်ဝိုက်ခံစစ် ပြုလုပ်နိုင်ပြီး၊
လူထုကလဲ ထောက်ခံမယ်ဆိုလျှင် အင်အားနည်း သူများဘက်မှ အနိုင်ရနိုင်ပါတယ်။ ဒါကြောင့်လဲ
အာဏာရှင်အစိုးရများက မြေအောက်အဖွဲ့အစည်းများကို မြေပေါ်အဖွဲ့များထက် ပိုပြီး ကြောက်လေ့ရှိကြပါတယ်။
(၃) သွယ်ဝိုက်ထိုးစစ်နှင့်
တိုက်ရိုက်ခံစစ်
အင်အားကြီးသူဘက်မှ
သွယ်ဝိုက်ထိုးစစ်အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ တိုက်ရိုက်ခံစစ် အသုံးပြုတဲ့ မဟာဗျူဟာ
အပြန်အလှန် တုန့်ပြန်မှု သဏ္ဍာန်လဲ ရှိပါတယ်။ အင်အားနည်းသူများကို တိုက်ရိုက် တိုက်ခိုက်ခြင်း
မပြုပဲ သပ်လျှိုဖြိုခွဲခြင်း၊ လူထုနှင့် တသားတည်းမဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဒီလို ပြုလုပ်ရာမှာ ၀ါဒဖြန့်ချိရေးက အသက်သွေးကြောဖြစ်ပါတယ်။ အင်အားနည်းသူများ ဘက်က
ဒီလိုဝါဒ ဖြန့်ချိမှုများကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အားနည်းသူများဘက်မှ
တိုက်ရိုက် ခံစစ်သုံးနေချိန်မှာ အားကြီးသူများအတွက် အခါကောင်းအခွင့်ကောင်း အချိန်ဖြစ်သွားတတ်ပါတယ်။
ဒီလို အခြေအနေမှာ တိုက်ရိုက်ထိုးစစ်မလုပ်ပဲ သွယ်ဝိုက်ထိုးစစ်များနှင့်သာအချိန်ဖြုန်းနေခဲ့မယ်ဆိုရင်တော့
အားကြီးသူများ ဘက်က ရှုံးတတ်လေ့ရှိပါတယ်။
(၄) သွယ်ဝိုက်ထိုးစစ်နှင့်
သွယ်ဝိုက်ခံစစ်
နှစ်ဘက်စလုံးမှ
ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပဲ သွယ်ဝိုက်တိုက်ခိုက်ကြတာတွေလဲ ရှိပါတယ်။ ဒီမဟာဗျူဟာ
တုန့်ပြန်မှုမှာတော့ အားကြီးသူများဘက်မှာ လူအင်အား၊ ငွေအင်အား၊ နည်းပညာ အားများ အစစအရာရာ
သာလွန်လေ့ရှိတာကြောင့်၊ ရေရှည်မှာ အားကြီးသူများဘက်ကသာ အနိုင်ရ သွားလေ့ရှိပါတယ်။
ဘယ်လို ပဋိပက္ခတွေမှာမဆို
နှစ်ဘက်စလုံးမှာ စီမံချက်များ၊ လူအင်အား၊ ငွေအင်အား၊ နိုင်ငံတကာ ထောက်ခံမှု ဆိုင်ရာ
မျှော်မှန်းချက်များ ရှိလေ့ရှိပါတယ်။ အင်အားကြီးသူနဲ့ အင်အားနည်းသူတို့ အကြားက ယှဉ်ပြိုင်မှုများမှာ
လူအင်အား၊ ငွေအင်အား သာလွန်သည့်ဘက်က အနိုင်ရမည်ဟု ယူဆတတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တော်လှန်စစ်ရဲ့
အနိုင်အရှုံးမှာ နှစ်ဘက်စလုံးက ချမှတ်တဲ့ မဟာဗျူဟာများရဲ့ မဟာဗျူဟာတုန့်ပြန်မှု များအပေါ်မှာသာ
မူတည်နေပါတယ်။
နိဂုံး
နိုင်ငံတနိုင်ငံမှာ
အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတွေ ရောထွေးပြီး အာဏာခွဲခြားသတ်မှတ်မှု
(separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုတွေဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်)
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု
မရှိချိန် (သို့မဟုတ်) ပြည်သူ့အာဏာကို မတရား ရယူခံထားရချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက်လာတတ်ပါတယ်။
တော်လှန်ရေးရဲ့ အဆုံးသတ် ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့်
ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစားထိုးနိုင်ရေး ဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ
အတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကိုစည်းရုံးနိုင်မှု၊ နိုင်ငံရေးဦးဆောင်
အစုအဖွဲ့ တည်ရှိမှုနဲ့ မဟာဗျူဟာ တုန့်ပြန်မှုတို့ အပေါ်မှာ မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ရည်ညွှန်းကိုးကား
Applegate,
Melissa (2002) Preparing for Asymmetry: As Seen Through the Lens of Joint
Vision 2020. Carlisle, PA: Strategic Studies Institute.
Bell, J.
B. (1989) 'Aspects of the Dragonworld: Covert Communications and the Rebel
Ecosystem', International Journal of Intelligence and Counterintelligence, 3
(1)
Goldstone,
J. (1991) Ideology, Cultural Frameworks and the Process of Revolution, Theory
and Society, Vol.20, pp. 405-53
Klandermans,
B. (1904) 'Mobilization and Participation: Social-Psychological Expansions of
Resource Mobilization Theory, American Sociological Review, Vol. 49, pp.
583-600
Kuran,
T. (1989) 'Sparks and Prairie Fires: A Theory of Unanticipated Political
Revolution', Public Choice, Vol. 61, pp. 41-74
Marwell,
G. & Pamela, O. (1993) The Critical Mass in Collective Action: A
Micro-social theory, Cambridge, UK: Cambridge University Press.
McAdam,
D. (1982) Political Process and the Development of Black Insurgency, 1980-1970,
Chicago, IL: University of Chicago Press.
Nkrumah,
K. (1968) Handbook of Revolutionary Warfare: A Guide to the Armed Phase of the
African Revolution, New York: International Publishers.
Tarrow,
S. (1994) Power in Movement: Social Movements, Collective Action and Politics,
Cambridge, UK: Cambridge University Press.
Tilly,
C. (1978) From Mobilization to Revolution, New York, McGraw Hill.
Tse-Tung,
Mao. (1961) On Guerilla Warfare. New York, NY: Fredrick A. Praeger Inc.
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment