၈၈ မျိုးဆက်ကျောင်းသား/သူများ၏ တိုးတက်ပြောင်းလဲလာသော နိုင်ငံရေးအမြင်နှင့် အတွေးအခေါ်အယူအဆ


ခေတ်အဆက်ဆက် ပြောင်းမလဲလိုသော အာဏာရှင်လူတစုကြောင့် နိုင်ငံရေး- စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင် မှုတွေဖြစ်ပေါ်လာခဲ့ရပြီး၊ ပြည်သူအများသည် ဆင်းရဲဒုက္ခမျိုးစုံတို့ကို ရင်ဆိုင်ခဲ့ရကာ တိုင်ပြည်သည်လည်း ထို-ထိပ့်တိုက်ရင်ဆိုင်မှုကြောင့် မွဲပြာကျခဲ့ရသည်။
နှစ်ပေါင်းများစွာနိုင်ငံရေးအရ ထိပ့်တိုက်ရင်ဆိုင်မှုကိုကျင့်သုံးလာပြီးသည့်နောက်၊ ခြေကုန်လက်ပန်းကျကာ ကနေ့မြန်မာ့နိုင်ငံရေးသည်
ပြုပြင်ပြောင်းလဲရေးလောကဆီသို့ ချည်းနှင်းဝင်ရောက်လာခဲ့ချေပြီး။  ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ဟုတ်သည်ဖြစ်စေ
ဟုတ်သည်ဖြစ်စေ လက်ရှိ- နိုင်ငံရေးခရီးလမ်းကိုတော့ ကျနော်ဆို့တတွေ ခရီးဆုံးပန်းတိုင်ရောက်ရန် ဆက်လျှောက်လှမ်းရပါလိမ့်မည်။

ကနေ့ ဖြစ်ပေါ်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ပတိအနေထားအရကြည့်လျှင် ပြောင်း
လဲမှုများဖြစ်ပေါ်နေသည်မှာ ငြင်းချက်ထုတ်၍မရ၊ မိမိလိုချင်သည့် ပန်းတိုင်ခရီးဆီရောက်ရှိဖို့အတွက် အရင်စလို ပန်းတိုင်ကိုလျှောက်
လှမ်းမိလျှင် နိုင်ငံရေးအရ မလိုလားအပ်တဲ့ပြဿနာတွေပေါ်လာနိုင်သလို၊ မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် မြန်မာ့နိုင်ငံရေး
သည် လာရာလမ်းကိုပြန်လည်လျှောက်လှမ်းသွားနိုင်သည်ကို ပြည်တွင်း/ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် အပြောင်းလဲကိုလိုလား သည့် နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းများက စိုးရိမ်ပူပန်နေကြပါသည်။ ထိုသို့ဆိုလျှင် လက်ရှိ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအားကောင်းလာအောင် အပြုသဘောဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးလုပ်ဆောင်ပေးသွားရန်လိုပါသည်။

ဒါကြောင့် ယ္ခုဆိုလျှင် ၈၈ ကျောင်းသားမျိုးဆက်ခေါင်းဆောင်များနှင့် ပြည်တွင်းဒီမိုကရေစီအင်အားစုများသည် အစိုးရတစ်ရပ်ပြုတ် ကျရေးကိုရှေးရှူသည့်  ထိပ့်တိုက်ရင်ဆိုင်သည့် နိုင်ငံရေးလမ်းကြောင်းပေါ်ကိုမလျှောက်လှမ်းကြတော့ပဲ၊ အစိုးရနှင့်အတူတူ ပူးပေါင်း
လက်တွဲ၍မိမိတို့လုပ်နိုင်မည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြပြီး၊ တဖက်မှာလည်း ပွင့်လင်းလူ့အဖွဲ့အစည်းကြီးဖြစ်ပေါ်
လာဖို့  လွှတ်တော်ပြင်ပကနေ ၈၈ မျိုးဆက်များက မနားမနေဆောင်ရွက်ကြိုးပမ်းနေသည်ကို လက်တွေ့ကျကျတွေ့မြင်နေရပါ
သည်။ ထိုလုပ်ရပ်တွေအပေါ် ကျနော်တို့တတွေ ဝိုင်းဝန်းထောက်ခံ ကူညီပံ့ပိုးမှုပြုသွားရန်လိုအပ်ပါသည်။

(((( ဒီနေရာမှာ ကျနော်တခုပြောလိုတာက လူဆိုတာ နိုင်ငံရေးအတွေးအခေါ်အယူအဆအမြင်တွေ မတူညီကြပေမယ့်၊  နိုင်ငံ
ရေး- တော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ့်သမိုင်းကြောင်းကောင်းဖို့လုပ်ခြင်းမဟုတ်၊ ရန်ကိုရန်ချင်းတုန့်ပြန်ဖို့မဟုတ်ပါ။ နိုင်ငံရေး-
တော်လှန်ရေးလုပ်တယ်ဆိုတာ  နိုင်ငံနဲ့ လူမျိုးကောင်းစားရေးအတွက် စွန့်လွှတ်အနစ်နာခံပေးဆပ်၍ လုပ်ဆောင်ခြင်းသာဖြစ်သည်။ မိမိလုပ်နေသည့် နိုင်ငံရေး- တော်လှန်ရေးလမ်းကြောင်းဟာ နှစ်ပေါင်းများစွာ ပြည်သူတွေအတွက် အဆိုးတွေနဲ့သာရင်ဆိုင်နေ
ရပြီး ပြည်သူအများ ထိခိုက်နစ်နာနေမည်ဆိုလျှင် မိမိရဲ့ တော်လှန်ရေး- နိုင်ငံရေး လမ်းစဉ်ကို ပြန်လည်သုံးသပ်ပြီး ပြည်သူ
အများ ထိခိုက်မနစ်နာစေရန် နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲဖို့တော့လိုပါတယ်။ အကျိုးမရှိသည့် တရားသေမူဝါဒကို ကျားခဲ-
ခဲပြီး မဆုပ်ကိုင် ထားသင့်၊ အဓိကကတော့ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား
ပြည်သူများနှင့် နိုင်ငံသူ/ သားများ အေးတူပူအမျှ ဥမကွဲသိုက်မပျက်ပဲ အေးအေးချမ်းချမ်းနဲ့ အတူတကွလက်တွဲနေထိုင်သွားကြ ဖို့ပဲဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးတာကို ဒူးထောက်အညံ့ခံတယ်လို့မယူဆသင့်သလို...လွှတ်တော်ထဲဝင်ရောက်သွားတာကို
လည်း သစ္စာဖောက်သွားတယ်လို့ မယူဆသင့်ပေ။ )))

ဒီနေရာမှာ ကျနော်တို့တတွေ လက်ရှိပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်သည့် လုပ်ငန်းကိစ္စရပ်များကိုလည်း သတိကြီးကြီးထားပြီး
ကိုင်တွယ်ဖြေ ရှင်းတတ်ရန် လည်းလိုအပ်ပါသည်။ အခုဆိုလျှင် ၈၈ မျိုးဆက်ကျောင်းသား/သူများသည် ကချင်ပြည်နယ် တွင်ဖြစ်
ပွါးနေသည့် ပြည် တွင်းစစ် ရပ်စဲရေး၊ ရခိုင်ပြည်တွင်ဖြစ်ပွါးနေသည့် ပဋိပက္ခအဆုံးသတ်ရေး၊ အလုပ်သမား- လယ်သမားအရေး စတဲ့ရှုထောင့်ပေါင်း စုံကနေ ထောင်ကလွတ်လာပြီးကတည်းက မအားမနေ မိမိတတ်နိုင် သည့်ဘက်ကနေ ဝိုင်းဝန်းကူညီ ကြိုး
ပမ်းဆောင်ရွက်ဖြေ ရှင်းဆောင်ရွက်နေသည့်အပြင်- ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာဖို့အတွက် အားသွန်ခွန်စိုက် မနားမနေကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ကြားသိနေရတဲ့အတွက် အတိုင်းဆမဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါသည်။

တချိန်တခါ ငယ်ရွယ်စဉ်ခါက အာဏာရှင်စစ်အစိုးရပြုတ်ကျရေးအတွက် အသက်ကိုပဓာနမထားပဲ ထိပ့်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြ
သည့် ၈၈ မျိုးဆက်ကျောင်းသား/သူများသည်၊ ယ္ခုအခါ အစိုးရတစ်ရပ်ဖြုတ်ချရေးကိုဦးမတည်တော့ပဲ၊ နိုင်ငံကောင်းကျိုးအတွက် မည်
သူနှင့်မဆို အလုပ်လုပ်ကိုင်လိုသော နိုင်ငံရေးအတွေးအခေါ်အယူအဆများဖြစ်ပေါ်လာခဲ့ရခြင်းသည် ဘဝနှင့်ရင်း၍ ပေးဆပ်ရင်းနှီး လာခဲ့ရသည့် အကျိုးရလဒ်များဖြစ်သည်ဟု ကျနော်ယုံကြည်ပါသည်။ ကျနော်သည်လည်း ထောင်ကျနိုင်ငံရေးသမားတစ်ယောက်ဖြစ် လာခဲ့ဘူးတဲ့အတွက် ထောင်ကျနိုင်ငံရေးသမားတွေဟာ သူတို့လွတ်မြောက်လာတဲ့အခါ သူတို့တတွေရဲ့ နိုင်ငံရေးအတွေးအခေါ် အယူ
အဆအမြင်တွေဟာ ရင့်ကျက်ပြောင်းလဲလာကြပါတယ်။ အရင်ဟိုတချိန်အခါက သခင်ပေါက်စ ထောင် ဆိုရိုးစကားအ
တိုင်း၊ ကနေ့ သခင်များသည် ထောင် လထက်မကနှစ်ပေါင်းများစွာ ဘဝကိုပေးဆပ်ရင်းနှီး၍ ရရှိလာသည့် ရင့်ကျက်သည့်နိုင်ငံရေး
အတွေးအခေါ်အယူအဆများကို ၈၈ မျိုးဆက်များလက်ဝယ်ပိုင်ဆိုင်ထားနိုင်ကြပြီး၊ ကနေ့တိုင်းပြည်ပြန်လည်ထူထောင်ရေး
အတွက် လက်တွေ့ကျကျအသုံးချနိုင်ခဲ့ခြင်းသည် တိုးတက်ပြောင်းလဲလာသော ၈၈ မျိုးဆက်ကျောင်းသား/သူများ၏ တိုးတက်ပြောင်း
လဲလာသော နိုင်ငံရေးအမြင်နှင့် အတွေးအခေါ်အယူအဆများပင်မဟုတ်လော..

( ကိုဗလိုင် )
မှတ်ချက်။   ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားနေကြသည့် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်များအပေါ်သာ တင်ပြရေးသးခြင်းဖြစ်ပါသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: