" အားလုံး ခင်ဗျားဘက်က ရှိနေတာ ယုံပါ" (မင်းကိုနိုင်)

ဇေကမ္ဘာကုမ္ပဏီမှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား စက်တင်ဘာလ(၆)ရက်နေ့သို့ ရုံးချိန်း ပြောင်းလဲခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။

ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအား အသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၅၀၀)ဖြင့် တရားစွဲဆိုလိုက်ပြီး ပထမဆုံးရုံးချိန်းအား သြဂုတ်လ (၂၃)ရက်နေ့၌ ခေါ်ယူခဲ့ကြောင်း သိရသည်။

ရုံးချိန်းသို့ တရားလို ဖြစ်သူ ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာဦးမြင့်ဇော်၊ တရားစွဲဆိုခြင်း ခံရသူဦးနေမျိုးဝေ နှင့် ဇေကမ္ဘာကုမ္ပဏီ မှ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်ရန် သိမ်းယူခြင်းခံရသော မင်္ဂလာဒုံစက်မှုဇုန် အပိုင်း(၁၊ ၂၊ ၃၊ ၄) မှ လယ်သမားများ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ လည်း လာရောက်ခဲ့ကြောင်း၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လည်း အဆိုပါအမှုတွင် ဦးနေမျိုးဝေဘက်မှ အမြဲရပ်တည်သွားမည့် အကြောင်း စာပေးပို့ခဲ့ကြောင်း သိရသည်။

“ရွှေနံ့သာလယ်ကိစ္စမှာ ဇေက မ္ဘာကုမ္ပဏီကို အသရေပျက်စေလိုမှု နဲ့ ရည်ရွယ်ရင်းမရှိဘူး။ လယ်သမားတွေဘက်က မျှတမှုရှိအောင် လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ဇေကမ္ဘာမှ မဟုတ်ဘူး။ ဘယ်သူ့ကိုမဆို ဒီလိုမျိုးပွင့်လင်းစွာ ဝေဖန်ပြောဆို ဖော်ထုတ်မှာပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဦးလန်ချောင်က “ဦးနေမျိုးဝေကို တရားစွဲတာအဓိပ္ပါယ် မရှိပါဘူး။ ဒီကိစ္စကဦးနေမျိုးဝေနဲ့ မဆိုင်ပါဘူး။ တရားစွဲခြင်းခံရရင် လယ်သမားတွေကိုပဲ စွဲရမှာပါ။ ဦးနေမျိုးဝေက ကုမ္ပဏီကလိမ်ပြီး လယ်သမားတွေဆီက လယ်သိမ်းတာကို ကူညီပေးရုံပါပဲ။ လယ်သမားတွေက ပြောဆိုလို့မှ မတတ်တော့ ကုမ္ပဏီကို ရင်ဆိုင်ဖို့မလွယ်ပါဘူး။ ကျွန်တော် တို့အကူညီလိုရင် ဦးနေမျိုးဝေက ကူညီနေကြ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရုံးချိန်းကို လာရခြင်းဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။

တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က “အခုကိစ္စက လယ်သမားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ တရားစွဲဆိုတဲ့အထဲ လယ်သမားတွေ မပါပါဘူး။ ကုမ္ပဏီ ကို ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှု အတွက်ကြောင့် ဦးနေမျိုးဝေ တစ်ဦးတည်းကိုပဲ အသရေ ဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆို လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်အား တရားရုံးရှေ့တွင် သတင်းထောက်များက မေးမြန်းနေသည်ကို တွေ့ရစဉ်
တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က “အခုကိစ္စက လယ်သမားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ တရားစွဲဆိုတဲ့အထဲ လယ်သမားတွေ မပါပါဘူး။ ကုမ္ပဏီ ကို ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှု အတွက်ကြောင့် ဦးနေမျိုးဝေ တစ်ဦးတည်းကိုပဲ အသရေ ဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆို လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအမှုတွင် မင်္ဂလာဒုံမြို့နယ် တရားသူကြီး ဦးကိုကိုနိုင်မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အမှုဆောင်ရှေ့နေများအဖြစ် ဇေကမ္ဘာ ကုမ္ပဏီဘက်မှ ရှေ့နေဦးစိန်မြင့်က လည်းကောင်း၊ ဦးနေမျိုးဝေဘက်မှ ဦးသိန်းသန်းဦး(မြန်မာနိုင်ငံရှေ့နေ များ ကွန်ယက်)က လည်းကောင်း လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပြီး အမှုကာလအတွင်း ဦးနေမျိုးဝေအား ငွေကျပ်(၁၀)သိန်းဖြင့် အာမခံထားရှိကြောင်း သိရသည်။
(Eleven Media Group)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: