*** ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ဆောက်ကြပါစို့ ***



ဇူလိုင်ဟာ
ငါတို့ဘဝအတွက်
အစားထိုးလို့ ဘယ်လိုရနိုင်...ပ ။
ဖြေမသာတဲ့
အဲဒီ- အဖြစ်သနစ်ဆိုးမျိုး
ကျူးလွန်သူ အကုန်လုံး
သွေးကြွေးတွေ ဆပ်ကြရမယ် ။
အမှောင်ကုလာကာ ဘယ်လိုဖုံးဖုံး
သမိုင်းအစစ်မှာ
ငါတို့ဟာ ဘယ်တော့မှမရှူံးဘူး ။
ကံကြမ္မာနဲ့ ထုဆစ်မထားတဲ့
ငါတို့ဘဝကို ငါတို့ပိုင်တယ်၊
ငါတို့ရဲ့ ကြမ္မာ ငါတို့နဲ့ဆိုင်တယ်၊
ဒါကြောင့်...ငါတို့ရဲ့ကြမ္မာ ငါတို့ ဖန်တီးခွင့်ရှိရမယ် ။
ကဲ...တွေဝေငေးမောခြင်းကိုစွန့်ကြ
ငါတို့အားလုံး
ကျောင်းသားသမဂ္ဂသီချင်းကို သီဆိုမယ်၊
ကမ္ဘာမကြေသီချင်းတွေ သီဆိုမယ်၊
ဒါ-တို့ပြည် ဒါ-တို့မြေ
တို့ပိုင်တဲ့ မြေကနေ အာဏာရှူးတွေကို
ဒို့အရေးတွေ ဟစ်ကြွေးပြီး
ကျူပင်ခုတ် ကျူငုတ်မကျန်
အပြီးတိုင် တိုက်ထုတ်ပစ်ရမယ် ။
သမိုင်းတခေတ် အကောင်းအမှန်ပြောင်းဖို့
ငါတို့အားလုံး လမ်းမထက်ကနေ
လက်ရုံးဆန့်တန်းပြီး ညီညီညာညာနဲ့
ခေတ်သစ်ဆီရောက်ဖို့
ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေး.....ဒို့- အရေး ဒို့- အရေး။
ဒီမိုကရေစီရရှိရေး....................ဒို့- အရေး ဒို့- အရေး။
လူ့အခွင့်အရေး ရရှိရေး..............ဒို့- အရေး ဒို့- အရေး ဆိုတဲ့
ကြွေးကျော်သံတွေနဲ့ အတူ ငါတို့အားလုံး
ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ဆောက်ကြပါစို့ ။
ဤကဗျာဖြင့် ဆဲဗင်းဂျူလိုင်တွင် ကျဆုံးသွားသည့်
ကျောင်းသားများအား နှစ် ၅၀ ပြည့် ရွှေရတုအထိမ်း
အမှတ်နေ့မှာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်..။
သိမိုင်းတခေတ် အကောင်းအမှန်ပြောင်းဖို့ ငါတို့ရဲ့
သမိုင်းကို ငါတို့ရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းပြီး
ပေးဆပ်တိုက်ပွဲဝင်ကြပါစို့..။
( လက်ရှိ- အစိုးရအားသိစေလိုသည်မှာ ကျောင်းသားသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး
လိုအပ်ချက်ကြောင့်သာ နိုင်ငံရေးလောကထဲမှာ ဝင်ရောက်ပါဝင်ပတ်သက်နေရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းနေရင် ဘယ်ကျောင်းသားမှ နိုင်ငံရေးလောကထဲမှာ
ဝင်ရောက်စွတ်ဖက် ပါတ်သက်မှာမဟုတ်ပါဘူး။ ကျောင်းသားအရေးသာ ကျောင်းသားလုပ်
မှာဖြစ်တယ်ဆိုတာကို သိစေလိုပါတယ် )
ကိုဗလိုင်




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: