ဦးဘရန်ရှောင်အမှု တရားခွင် ကြားနာမှု အများပြည်သူ နားထောင်ခွင့် မပြု

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲကာ တရားရင်ဆိုင်နေရသော ဦးလထော်ဘရန်ရှောင်၏ အမှုအား ကြားနာစစ်ဆေးသည့် တနင်္လာနေ့ တရားခွင်သို့ တရားသူကြီး ဦးမြင့်ထူးက အများပြည်သူများအား နားထောင်ခွင့် မပြုခဲ့ကြောင်း ရုံးချိန်းတွင် သွားရောက်လေ့လာခဲ့သူ တဦးက ပြောသည်။

ယနေ့ရုံးချိန်းတွင် တရားလို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့-စရဖ ဗိုလ်ကြီး ကျော်စွာလင်းအား စစ်ဆေးခဲ့ခြင်း ဖြစ်သော် လည်း တရားခွင်သို့ ဦးဘရန်ရှောင်၏ ရှေ့နေဦးမာခါး၊ ဥပဒေအရာရှိနှင့် တရားလိုတို့သာ ဝင်ခွင့်ရပြီး တခြား မည်သူ့ကိုမျှ နားထောင်ခွင့် မပြုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က တယောက်မှ မဝင်ခိုင်းဘူး။ ရှေ့နေရော၊ တရားလိုရော၊ ဥပဒေအရာရှိရော သုံးယောက်ပဲ အဝင်ခိုင်းတယ်။
ရှေ့နေရဲ့ မှတ်တမ်းတင်ရေးပေးဖို့ လူလည်း မဝင်ခိုင်းဘူး။ ရှေ့နေ စစ်ဆေးပြီးတော့ ဘာမှ ရေးမှတ်လို့ မရဘူး။ သူတို့ ရေးမှတ်ထားတာပဲ ယူရမယ်။ အရင်တခေါက်တော့ ရှေ့နေရဲ့ မှတ်တမ်းရေးမယ့်လူလည်း ပါတယ်” ဟု တရားရုံးသို့ လိုက်ပါခဲ့သူ တဦးက ပြောသည်။

ယခင် ရုံးချိန်းမှ စစ်ဆေးချက်များကို ကချင်ဘလော့တခုဖြစ်သည့် Jinghpaw kasa စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ခြင်း
ကြောင့် ဖြစ်နိုင်သည်ဟု ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးက ယူဆသည်။

“သူတို့ပြောတာက jinghpaw kasa မှာ တရားစစ်ဆေးတာ အကုန်လုံး ပါလာလို့ တမင်လုပ်တာ” ဟု ဆိုသည်။

တရားလို ဗိုလ်ကြီးကျော်စွာလင်း က ဦးဘရန်ရှောင်သည် ၂၀၀၄ ခုနှစ်လယ်မှ ၂၀၁၁ ခုနှစ်ထိ KIO ဝန်ထမ်းတဦးဖြစ်ပြီး တရုတ်နိုင်ငံသို့ လက်နက်များ သယ်ဆောင်ခြင်းနှင့် KIO အရာရှိ ဦးလဂျောင်ခေါင်လွမ်း၏ လုံခြုံရေး တာဝန်ယူခဲ့သူ ဖြစ်
ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။       

ဇူလိုင်လ ၁၁ ရက်နေ့ ပထမဆုံး ရုံးချိန်းတွင် တရားလိုသက်သေ ဒုစရိုက်နိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် အောင်မြသန်း က ဦးဘရန်ရှောင်သည် ဗုံးဖောက်ခွဲမှုနှင့် မသက်ဆိုင်သော်လည်း KIO ဘက်မှ တပ်ကြပ်ကြီးအဆင့် တာဝန် ထမ်းဆောင်ခဲ့ ပြီး တရုတ်နိုင်ငံထိ လက်နက်များ သယ်ယူခဲ့ဖူးသည်ဟု ထွက်ဆိုသွားခဲ့သည်။

ယနေ့ အမှုစစ်ဆေးမှုကို မွန်လွဲ ၁၂ နာရီမှ ညနေ ၅ နာရီခန့်ထိ ကြာမြင့်ခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၇ ရက်နေ့က ဦးဘရန်ရှောင်ကို အမှတ် (၁) ရဲစခန်းမှ ဒု-ရဲအုပ် ကျော်မျိုးနိုင် ဖမ်းဆီးခဲ့ပြီးနောက် စရဖ လက်ထဲ လွှဲပြောင်းခဲ့သည်။ ထို့နောက် KIO ဝန်ထမ်းဖြစ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ဆိုခံထားရသည်။

ဇူလိုင်လ ၁၂ ရက်နေ့က ဦးဘရန်ရှောင်အား တရားစွဲဆိုထားမှုမှ ကင်းလွှတ်ခွင့်ပြုပါရန်နှင့် တရားစွဲဆိုခြင်းမှ ရပ်တန့်ပေး ပါရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC တွင် ပါဝင်သော အသင်းတော်ပေါင်း ၃၈၀ က စစ်မှန်၍ တရားမျှတသော တရားစီရင် ဆုံးဖြတ်မှုကို လိုလားကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားပေးပို့ခဲ့သည်။

ဦးဘရန်ရှောင် KIO ဝန်ထမ်းမဟုတ်မှန်း သိသော်လည်း သူ့ကို ညှင်းပန်းနှိပ်စက်မှုများ ရှိနေသဖြင့် လွှတ်ပေးပါက
ပြဿနာ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ အာဏာပိုင်များက ထောင်ချလိုခြင်း ဖြစ်နိုင်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန့်အောင်က သုံးသပ်သည်။

“သူတို့ အရမ်းနှိပ်စက်ထားတော့ အပြင်ရောက်ရင် ပြဿနာ ပြန်ဖြစ်မှာ စိုးရိမ်လို့ ထောင်ချချင်တဲ့ သဘောပဲ။ အခုက သူ့ကို နှိပ်စက်လွန်းလို့ လူဖြစ်ဖို့တောင် ခက်နေပြီ။ ပုံမှန် အနေအထားပြန်ဖြစ်ဖို့ ခက်သွားပြီ” ဟု မဇ္စျိမကို ပြောဆိုသွား သည်။



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: