ရိုးသား ၊ အမုန်မပွား ၊ အမှန်တရားကို မြတ်နိုးစေချင်ပါတယ်

မိတ္ထီလာမြို့
ပြည်သူ့အကျိုးဆောင်ကွန်ယက်


သတင်းထုတ်ပြန်ခြင်း
၁၃၇၄-ခုနှစ် ပထမ၀ါဆိုလပြည့်ကျော် (၄)ရက်
၂၀၁၂-ခုနှစ် ဇူလိုင်လ(၇)ရက်

ရိုးသား ၊ အမုန်မပွား ၊ အမှန်တရားကို မြတ်နိုးစေချင်ပါတယ်
မိုးထိမိုးမိ ရွှေလုပ်ကွက်က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရယ်

မြန်မာနိုင်ငံ အလယ်ခေါင်တဲ့တဲ့က မြန်မာ့ရတနာရွှေသိုက်ကြီးဖြစ်တဲ့ ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေလုပ်ကွက်မှာ လေလံအောင်ထားသော “အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ” နဲ့ အင်းပိုင် ၊ အင်းလုပ်သားတွေကြားမှာ ပြဿနာတက်ခဲ့ရပါတယ်။

ငါးနှစ်သက်တမ်းအတူတူတွဲလုပ်ကြတာပေါ့လို့ ပွဲဦးစ - တာထွက်မှာ ကုမ္ပဏီရဲ့ကမ်းလှမ်းချက်ကိုယုံပြီး တောင်ပေါ်မှာ သိန်းရာနဲ့ချီ ၊ လယ်ရောင်း-နွားရောင်း ၊ ရင်းနှီးမြှပ်နှံခဲ့ကြတဲ့ အင်းပိုင်တွေနဲ့ သူတို့ရဲ့ အင်းသားတွေကို စလုပ်ပြီး ၇-လကြာတာနဲ့ ကုမ္ပဏီဘက်က “အသေးစားထုတ်လုပ်မှုကနေ အကြီးစား ထုတ်လုပ်မယ်” ဆိုပြီး လေးပေအင်းများ လုပ်စားခွင့်မပေး ၊ ပိတ်သိမ်းတယ်လို့ ဆိုခဲ့ပါတယ်။

ဇွန်လဆန်း ၁-ရက်နေ့ကစပြီး ရွှေလုပ်သားထုကြီးဟာ စခန်းကြီးမှာ စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။     ၁၁-၆-၂၀၁၂ ရက်နေ့မှာတော့ တောင်ပေါ်ကနေ လူအင်အား ၃၀၀၀-ကျော်နဲ့ နေပြည်တော် သမ္မတ အိမ်တော်ထိ ချီတက်ဆန္ဒပြမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး မိုးတွေရွာနေတဲ့ကြားက ဆင်းလာကြတယ်။ ခြေလျှင်နဲ့၊ နောက် - ကားနဲ့ကဲ့သယ်ပေးတာကြောင့် ညနေ နဲ့ ညဦးပိုင်းမှာ ရမည်းသင်းမြို့နဲ့ ၇-မိုင်ဝေး  တဲ့ ရွှေမြင်တင်တောင်မှာ စခန်းချရပ်နားတယ်။ ည ၁၀နာရီခွဲလောက်မှာ လက်နက်အပြည့်အစုံနဲ့ ရဲ-၅၀လောက်က စတင်ပိတ်ဆို့တယ်။ နောက် ၁၂-ရက်နေ့မှာ ရဲအင်အားပိုချပြီး အစားအသောက်နဲ့ သောက်ရေ သွင်းခွင့်မပေးဘူး။ နောက် ၀န်ကြီးနဲ့ ညွှန်ချုပ်တွေရောက်လာပြီး ညှိနှိုင်းကြပါတယ်။ နောက်ဆုံးတော့ ၁၄-၆-၂၀၁၂ နေ့လည် ၁၂နာရီခွဲမှာ အပြီးသတ်ညှိနှိုင်းလို့ရခဲ့ပါတယ်။ ရွှေလုပ်သား တွေဘက်ကတောင်းဆိုတဲ့ အချက် ၆-ချက်ကို ၉၀%လောက် လိုက်လျောမှုရပြီး ရွှေလုပ်သားတွေရဲ့ တောင်းဆိုတိုက်ပွဲဝင်မှု အောင်မြင်ခဲ့တယ်လို့ ထင်ခဲ့ကြပါတယ်။
အမှန်တကယ်ဘဲ အောင်မြင်ခဲ့ကြပါသလား ။ အမှန်တကယ်ဘဲ ပြဿနာတွေပြီးဆုံးအေးချမ်းပြီး ကိုယ့်အလုပ်တွေကိုယ် လုပ်နိုင်ကြပါရဲ့လား။
ရွှေလုပ်သားထုကြီးရဲ့ ထိပ်ဆုံးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသက်လွင်ပြောကြားချက်အရ
-      ဇွန်လ(၁၄)ရက်နေ့မှာ  ကုမ္ပဏီနဲ့ သဘောတူညီချက်ရတယ်ဆိုပြီး စာချုပ်ချုပ်ဆိုတဲ့အချိန်မှာ
-      အင်းတွေ ပြန်လုပ်ခွင့်ပေးမယ်။
-      တနိုင်တပိုင် အသေးစားဗြုံးကြိတ်စက်တွေကိုလည်း ပြန်လုပ်ခွင့်ပေးမယ်။
-      ပေးမယ်လို့ပြောခဲ့ပေမဲ့ စာချုပ်ထဲမှာဘဲပေးတာ။ တကယ့်လက်တွေ့မှာ ဒီကနေ့ထိဘာမှလုပ် ခွင့် မရဘူးလို့ ပြောပါတယ်။ --- ဘာမှ လုပ်ခွင့်မရဘူးဆိုတာက
-      အင်း အက်တာတွေ ပြန်လုပ်ရန် အင်းသားအလုပ်သ္မားတွေလိုပါတယ်။ စက်ကရိယာတွေလို မယ်။ စက်နဲ့ပါတ်သက်တဲ့ ဆီလိုမယ်။ ရိုက်ပြား ဇကာ စတာတွေလိုပါမယ်။ ဒါတွေ သယ်ယူ ပို့ဆောင်ရေးအတွက် လိုအပ်တဲ့ ဆိုင်ကယ်နဲ့ကားတွေကို တောင်ပေါ်တက်ရောက်ခွင့်မပေး ၊ ပိတ်ပင်ထားပါတယ်။
-      ရွှေလုပ်သား ဆန္ဒပြတောင်းဆိုမှုကြောင့် အင်းတွေပြန်လုပ်ခွင့်ပေးမယ်ပြောပြီး ကား၊ ဆိုင်ကယ် တက်ခွင့် ပိတ်ပင်ထားတာဟာ အင်းလုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားတာနဲ့ အတူတူပါဘဲလို့ ဦးသက်လွင်က ပြောပါတယ်။
-      ဒီအမျိုးသားကုမ္ပဏီ တောင်ပေါ်စရောက်ကတည်းက သူတို့လေလံအောင်ထားတဲ့ သူတို့ပိုင် နက်ဆိုတော့ တောင်ပေါ်တက်တဲ့ကားတွေကို ၂-သိန်း ၊ ဆိုင်ကယ်တစီးကို ၃၀၀၀ိ/ နှုံးနဲ့ တောင်ပေါ်တက်ခွင့် စာရွက်-ကဒ်ပြားတွေ လုပ်ထားကြရတာပါ။ တကယ်ဆိုရင် ဒီကဒ်ပြားတွေ လုပ်တာ တနှစ်မပြည့်သေးပါဘူး။ အခု အဲဒီကဒ်တွေ အကျုံးမ၀င်တော့ဘူးလို့ ပြောပါတယ်။
-      အခုတက်ခွင့်မပြုဘူးဆိုတဲ့ မတရားတဲ့ ချုပ်ကိုင်မှုကတော့ သိက္ခာရှိရမယ့် ကုမ္ပဏီကြီးတခု အနေနဲ့ အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ ကားတွေ ဆိုင်ကယ်တွေဟာ တက်လာပြီး အပေါ်ဂိတ်လို့ခေါ်တဲ့ သူတို့ရဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဂိတ်မှာ နောက်ရင်း ပြန်လှည့်ကြရပါတယ်။ ဒါဟာ လူတွေရဲ့ဒေါသကို အုံကြွပေါက်ကွဲစေမှာဖြစ်ပါတယ်။
-      အညှာကိုင်လိုက်ပြီး ကားတွေ ဆိုင်ကယ်တွေ တက်ခွင့်မရဘူးဆိုတော့ အသား၊ ငါး အသီးအ ရွက်ဈေးသည်လေးတွေ အခက်ကြုံရပါတယ်။ ဒါပေမဲ့ ဈေးသည်တွေကတော့ ဒေသခံရွာသား တွေမို့ သူတို့ကျွမ်းကျင်ရာ ခြေလျှင်လမ်းနဲ့ ရောက်အောင်တက်လာကြပါတယ်။ လူနဲ့ထမ်းပြီး တင်လာရတဲ့ပစ္စည်းမို့ ယ္ခင်က ၁၀၀ိ/ နဲ့ဝယ်ရတဲ့ပစ္စည်းကို အခု ၁၅၀ိ/ နဲ့ဝယ်စားရတယ်လို့ ဦးသက်လွင်က ပြောပါတယ်။
-      နောက် တစ်ချက်က - စေတနာအမှန်နဲ့ ကိုယ်ချင်းစာတရားနဲ့ ရွှေလုပ်သားတွေအလုပ်ဖြစ် အောင် လုပ်ပိုင်ခွင့်ပေးတာမဟုတ်ဘူး။ ဗြုံးကြိတ်စက်ကို တောင်ခြမ်း မြောက်ခြမ်း  ၂-နေရာ သတ်မှတ်ပေးမယ်ဆိုပေမဲ့ ဒီနေ့(၆.၇.၂၀၁၂) မှ တောင်ခြမ်းအတွက် အောင်တိုးတက်-လျှိုမှာ ဘက်ဟိုးနဲ့ထိုးပေးတယ်။ ပြီးအောင်ဆိုရင် အဝေးကြီးလိုပါသေးတယ်။ ဗြုံးတအိပ်မှ ကြိတ်ခွင့် မရသေးတဲ့အတွက် ဘယ်လိုမှ အဆင်မပြေသေးဘူး။ တချို့ကလည်း လျော်ကြေးငွေ ယူပြီးဆင်းသွားကြပြီ။ လျော်ငွေဆိုတာဟာလည်း ကုမ္ပဏီတချို့ကသာ ရှောရှောရှူရှူ ပေးတာဖြစ်ပြီး တချို့ကုမ္ပဏီကျတော့ ယ္ခင် အင်းလိုင်စင်ချပေးတုံးက ကြုံသလိုနာမည်နဲ့ ချပေးခဲ့တာဖြစ်ပြီး အခု မိမိနာမည်နဲ့ မကိုက်ညီတဲ့သူတွေကို ငွေပြန်မလျော်တဲ့ ပြဿနာ တွေလည်း ရှိနေပါတယ်။ လူတွေ လူစုကွဲအောင် အင်အားချိနဲ့အောင် လုပ်သလိုလည်း ဖြစ်နေပါတယ်။အောက်တွင်ဖော်ပြထားသော ဒုတိယဗိုလ်မှုးကြီးရွှေမိုး (ငြိမ်း) လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဒီစာကိုကြည့်ရင်သိနိုင်ပါတယ် ဦးရွှေမိုးကိုယ်တိုင်က ဥပဒေတွေထုတ်ပြီး နည်းမျိုးစုံနဲ့ နှင်နေတာဖြစ်တယ်လို့ ရွှေလုပ်သားတွေက မြင်ကြပါတယ်။
   လျော်ငွေနဲ့ပါတ်သက်လို့ ဥပမာပေးပြီးပြောရရင် ၅ရက်နေ့က ဇုန်(၆)က ဆရာမဒေါ်သန္တာအောင် သူ့ရဲ့လုပ်ကွက်က စံချန်မီတဲ့ အက်တာတွေပါဘဲတဲ့ ၊ အက်တာ နံပါတ် ၁၉၁ ၊ ၅၆၁ ။ သူ့ဇုန်(၆)က ခေါင်းဆောင်က လျော်ငွေယူပြီးဆင်းသွားပြီဖြစ်လို့ သူ့အနေနဲ့ လျော်ငွေဘဲယူရတော့မယ့် အခြေအနေမှာ သူတောင်းတဲ့ လျော်ငွေ ၃၃၇-သိန်းကို ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကိုယ်တိုင်က ၅-သိန်းဘဲပေးလို့ ဆရာမက လျော်ငွေမယူဘဲ လက်မှတ်မထိုးဘဲ အတော်လေးစိတ်ပျက်လက် ပျက်နဲ့ ပြန်လာခဲ့ပါတယ်တဲ့ ။
မနေ့ည(၆-၇-၂၀၁၂)ကတော့ ရွှေအင်းလုပ်သားတွေဟာ သူတို့ဖာသာအောက်ပါ ကြွေးကြော် စာတမ်းတွေကို  သစ်ပင်တွေမှာလိုက်ကပ်တယ်လို့ သိရပါတယ်။
၁။ စားဝတ်နေရေး ကြပ်တည်းအောင်ပြုလုပ်နေသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို အလိုမရှိ -- အလိုမရှိ ။
၂။ စာချုပ်ပါ နစ်နာကြေးများ ပေးမည်ကို ငြင်းဆိုနေသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို အလိုမရှိ -- အလိုမရှိ ။
၃။ ၂ဦး ၂ဖက် အကျိုးကိုသာ ဒို့လိုလား ။ ရွှေအင်းလုပ်သားများ ။
၎။ လွှတ်တော်အသံ ၊ ပြည်သူ့အသံ ။. လွှတ်တော်ဆန္ဒ ၊ ပြည်သူ့ဆန္ဒ ။ လို့ဖြစ်ပါတယ်။
ကိုသက်လွင်ဦးဆောင်တဲ့ ရွှေလုပ်သားတွေက လာမယ့်(၁၀)ရက်နေ့အတွင်းအပြီးဖြေရှင်းပေးဖို့ ၃၀-၆-၂၀၁၂ ရက်နေ့မှာ ကြေငြာချက်(၄)ကိုထုတ်ပြီးတောင်းဆိုခဲ့တာကို ကုမ္ပဏီလူကြီးတွေက ၁၈ရက်နေ့အထိ အချိန်ဆွဲထားကြတာဖြစ်တယ်။ ၁၈ ရက်နေ့မှာ အားလုံးပြေလည်အောင်ဖြေရှင်း ပေးပါ့မယ်လို့ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကိုယ်တိုင်က ကတိပေးခဲ့ပေမယ့် ၎င်း ၁၈-ရက်မှာမှ အဆင်မပြေခဲ့ရင၊် တောင်းထားတဲ့ အလုပ်ြဖစ်ရေးအခြေခံလိုအပ်ချက် အတိုင်းမရခဲ့ရင် အဲဒီဟိုဘက်ကို ဘယ်သူမှတာဝန်မယူနိုင်ဘူး။ လည်ပတ်ခွင့်ပိတ်ထားလို့ လုံးဝငုတ်တုတ်မေ့ ထမင်းငတ်နေကြတာ ဖြစ်သောကြောင့် ယခုပြဿနာအားငြိမ်းချမ်းစွာ မပြေလည်ခဲ့ပါက ယခင်ထက်ဆိုးဝါးသောအလုပ်သမားထုကြီး၏ လှုပ်ရှားတောင်းဆိုမှုများဖြင့် အဆိုးဆုံးအခြေ အနေကို ရင်ဆိုင်ကြုံတွေ့လာဖွယ်ရှိသည်ဟု အင်းပိုင်တယောက်က ပြောပါတယ်။
လောကမှာ လူတွေရဲ့ အထွဋ်အမြတ်ထားရာ တန်ဖိုးအရှိဆုံးအရာဖြစ်တဲ့ ရွှေစင်ထုတ် လုပ်ရေးလုပ်ငန်းမှာတော့ ရိုးသားဖို့နဲ့ အမှန်တရားဟာ အင်မတန်အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ကံအကျိုးပေးလည်းပါသလို ထိုက်မှစံရတာလို့လည်း ယုံကြည်ပါတယ်။ မမှန်ကန်ဘဲ မရိုးသားဘဲ ရတနာက ကိုယ့်ဆီမလာပါ။ လာခဲ့ရင်လည်း မမြဲနိုင်ပါ။ မိမိ၏လုပ်ဆောင်မှုသည် မှန်မှန်ကန်ကန် ရိုးရိုးသားသားနှင့် မိမိအတွက် ၊ မိမိအဖွဲ့အစည်းအတွက် ၊ မိမိတိုင်းပြည်အတွက် ကိုယ်ချင်းစာတရား နှင့် ပြုလုပ်နိုင်မှသာ ပစ္စုပ္ပန် အနာဂတ် တော် တည့် မှန်ကန်သော လမ်းကြောင်းကို ရောက်နိုင်မှာဖြစ် ကြောင်း သတိပေးသော သတင်းကို ထုတ်ပြန်လိုက်ပါတယ်။
မှတ်ချက်။   ။မိုးထိမိုးမိ ဒေသရှိ ရွှေတွင်းလုပ်သားများနှင့် လုပ်သားခေါင်းဆောင် ဦးသက်လွင်မှ ပြည်သူလူထုကြီးသိရှိစေရန် မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ တစ်ဆင့် ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၇.၇.၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ

09-2059904
09-43155796

09-444012426

 
ဒုတိယဗိုလ်မှုးကြီးရွှေမိုး (ငြိမ်း) လက်မှတ်ထိုး ထုတ်ပြန်ထားသောစာ



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: