လိုရင်းလုပ်ဆောင်ခြင်းသည် အရေးကြီးသည်

စာရေးသူ လိုက်စားခဲ့သော တရားဓမ္မတွင် လိုရင်းကျင့်မိခြင်းသည် လွန်စွာ အကျိုးရှိပြီး ထိရောက် သက်ရောက်သည်ကို တွေ့ခဲ့ရသည်။ အမှန် ၀န်ခံရလျှင်မူ စာရေးသူထက် ပိုမိုကျင့်ကြံ အားထုတ်သော ပုဂ္ဂိုလ်များ ရှိနိုင်သည်၊ (သို့မဟုတ်) အလားတူ ကျင့်သော ပုဂ္ဂိုလ်များ ရှိနိုင်သည်။ သို့သော် စာရေးသူသည် အောင်မြင်သူတစ်ယောက် ဖြစ်နေသည်မှာ လိုရင်းကို ကျင့်မိခဲ့သောကြောင့် ဖြစ်သည်။ ၍ကား ဆရာကောင်း သမားကောင်း၏ ညွှန်ကြားချက်ပင် ဖြစ်သည်။
တရား၏ အနှစ်သာရပိုင်းတွင် ပေါ်သောစိတ်အား အနိစ္စရှုခြင်းသည် လိုရင်းထဲ၌ ပါသည်။ စာရေးသူသည် ထိုလိုရင်းကို ကျင့်ခဲ့သည်။ ထိုအခါ မိမိစိတ်ပေါ်တိုင်း အနိစ္စ ရှုတတ်ဖန် များသောအခါ အကြိမ်ပေါင်း သိန်းသန်းကုဋေ မြောက်များစွာ ကျင့်ကြံ အားထုတ်လာသောအခါ ပေါ်သောတရားများအား အနိစ္စ ရှုခြင်း၌ လွယ်ကူသည်၊ သက်သာသည်၊ ကျွမ်းကျင်သည်၊ နိုင်နင်းသည်၊ အောင်မြင်သူ ဖြစ်လာသည်။ ထို့ကြောင့် မိမိယောဂီများကိုလည်း ပေါ်စိတ် အနိစ္စရှုပါဟု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
လိုရင်းသည် အဓိကပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အကျိုးထိရောက် များပြားလှသည်။ သာသနာ၌ အနိစ္စရှုခြင်းသည် လိုရင်းပင် ဖြစ်သည်။ အနိစ္စရှုတတ်သူသည် အောင်မြင်သူ ဖြစ်ရမည်သာ ဖြစ်သည်။ မိမိသည် အနိစ္စ ရှုခဲ့သည်သာ ဖြစ်သည်။
အမှန်တော့မူ လောကီသည် ကျယ်ဝန်းသည်၊ လောကုတ္တရာသည် နက်ရှိုင်းသည် ဟူသောစကား ရှိသည်။ လောကုတ္တရာ၌ အနိစ္စတစ်လုံးကို နက်နက်ရှိုင်း ရှုနိုင်လျှင် လက်မထောင်နိုင်သည်၊ အောင်ပွဲ ၀င်နိုင်သည်။ မိမိဘ၀နှင့် ပြန်လည် နှိုင်းယှဉ် သုံးသပ်ကြည့်သောအခါ လိုရင်းကို ရှုခဲ့ခြင်း၊ အနိစ္စရှုခဲ့ခြင်းနှင့် ပေါ်စိတ်ကို ရှုခဲ့ခြင်းတို့သည် လွန်စွာ ကျေးဇူးများကြောင်း သတင်းကောင်းပေးပါသည်။
မိမိသည် ဘာလာလာ ယခုအခါ အနိစ္စရှုလိုက်သဖြင့် အောင်မြင်နေသည်။ မည့်သည့်နေရာ၌ရှုရှု အနိစ္စရှုသဖြင့် အောင်မြင်ခဲ့သည်သာ ဖြစ်သည်။ အောင်မြင်ခြင်း၏ ဟိုဖက်တွင် ပေါ့ပါးခြင်း၊ လွတ်မြောက်ခြင်း၊ ချမ်းသာခြင်း၊ ငြိမ်းအေးခြင်းနှင့် တည်ငြိမ်ခြင်းများကို ရရှိခံစားသည်မှာ ကိုယ်တွေ့ မငြင်းသာ အတတ်သာအောင် ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စ၌ စာရေးသူသည် ယုံကြည်မှု အပြည့်ရှိသည်။ ကိုယ်တိုင်ကျင့်သဖြင့် ကိုယ်တိုင် ခံစားရသော အချက်အလက်ကို မည်သူမဆို ယုံကြမည်သာ ဖြစ်သည်။ မလွှဲသာ မတတ်သာ လက်ခံရမည် ဖြစ်သော အခြေအနေများ ဖြစ်သည်။ ထို့ကြောင့် အနိစ္စတစ်လုံးကို ရှုပါဟု ယောဂီများအား တိုက်တွန်းခဲ့သည်။
လိုရင်းကို အားထုတ်ခြင်းသည် ထိရောက် နက်ရှိုင်းသည်။ သာသနာ့ အာဇာနည်များသည် အကျိုးရှိရာ၊ ဟုတ်မှန်ရာ၌ တက်တက်ကြွကြွ လုပ်ဆောင်လေ့ ရှိတော်မူကြသည်။ ငိုညည်းခြင်း အသနားခံခြင်း ထို့ထက် စိတ်ဓာတ်ဆုတ်နစ် ဖွယ်ရာများအား တင်ပြခြင်းများကို လုပ်ဆောင်တော်မူသည်ကို မတွေ့ရချေ။ ထို့ကြောင့်
အာဇာနည်ဖစ်လိုသူတို့သည် ငိုညည်းပြလိုမှုများအား ပယ်စွန့်နိုင်ရမည်။
အာဇာနည် ဖြစ်လိုသူများသည် ပရိသတ်၏ ဂရုဏာသက်ခြင်း ခံရအောင် စွမ်းဆောင်မှုများကို စွန့်လွှတ်နိုင်ရမည်။
အာဇာနည် ဖြစ်လိုသူများသည် အကျိုးရှိရာ၊ ဟုတ်မှန်ရာကို တက်တက်ကြွကြွ စွမ်းဆောင်နိုင်ရန် ဦးဆောင်ရမည်၊ စုစည်းရမည်၊ တိုက်တွန်းရမည်၊ နှိုးဆော်ရမည်၊ ကိုယ်တိုင် လုပ်ဆောင်ရမည်။
ဤကိစ္စများကိုသာ ဆောင်ရွက်မှ လိုရင်းစခန်း ပြီးမည်။
ငိုညည်းစရာ အတိတ်မှ ခံစားချက်များ အချို့ကတော့ ရှိုင်းရှိုင်းစိုင်းစိုင်း သုံးနှုန်းကြသည်၊ (မစင်ခြောက် ရေနှုးမှုများကို) ဦးစားပေး၍ လုပ်ဆောင်နေလျှင် ရှေ့တိုးတက်ရာ လုပ်ငန်း၌ အင်အားနည်းသွားမည်။ အများသူငါလည်း ဆုတ်နစ်စိတ်ဓာတ် ၀င်လာနိုင်သည်။ တက်ကြွစေရန် အချိန်အခါ၌ ဆုတ်နစ်စေမှုများ ပေါ်လာလျှင် သမိုင်းလှည်းဘီး၌ တိုးတက်မှု နှေးကွေးသွားမည်။
ထို့ကြောင့် အာဇာနည် ဖြစ်လိုသူများသည် (သို့မဟုတ်) မိမိကိုယ်ကိုယ် အာဇာနည်ဟု ယူဆလိုသူ များသည် ငိုညည်းပြခြင်း အလျှင်းမရှိမူ၍ ဟုတ်ရာမှန်ရာ အကျိုးရှိရာကို တက်တက်ကြွကြွ စွမ်းဆောင်ရန် လိုအပ်ကြောင်း သုံးသပ်မိပေသည်။ ဤကား သာသနာ၌ ၀ိပဿနာ ကျင့်ရာ၌ အမှန်တကယ် တွေ့ရှိ ဖြတ်သန်းခဲ့ရသော လက်တွေ့ဖြစ်စဉ်နှင့် အောင်မြင်မှုကို ကိုးကား၍ တင်ပြခြင်း ဖြစ်သည်။
စာရေးသူတို့၏ သာသနာ ဘာသာ အလေ့အကျင့်တွင်
ငိုညည်းမပြကြစတမ်း၊
ကိုယ့်ကိုယ်ကိုယ် သနား မပြကြစတမ်း၊
ကိုယ့်ကို အများက သနားအောင် လုပ်ဆောင် မပြကြစတမ်း၊
ကိုယ်ကို ကြည်ညိုအောင်၊ ကိုယ့်ကို လေးစားအောင်၊ ကိုယ့်ကို အထင်ကြီးအောင်၊ ကိုယ့်ကို စွမ်းဆောင်နိုင်သည်ဟု သတ်မှတ်ရန်သာ ကြိုးစားထိုက်သည်ဟု အစဉ်အလာအားဖြင့် အဆုံးမခံ၍ ဖြတ်သန်း ကျော်လွှားရသည်။
ထို့ကြောင့် အောင်မြင် ကြော်ကြားလိုသူတို့သည်၊ အကျိုးရှိလိုသူတို့သည် ထိရောက်စွာ သက်ရောက်စေမှု ပြုလိုသူတို့သည် လိုရင်းကို လုပ်ဆောင်ရန်ပင် ဖြစ်သည်။ တနည်းအားဖြင့် ရှည်ဝေးသော သမိုင်း၏ ၀ါးတားတား အမြင်များအား ဦးစားပေးရန် မကြိုးစားမူ၍ လက်တွေ့ အကျိုးရှိရာ လုပ်ငန်းခွင်၌သာ တက်တက်ကြွကြွ ကျင့်ကြံ အားထုတ် အလုပ်လုပ်ခြင်းသည်၊ အောင်မြင်မှုနှင့် လွန်စွာ ထိရောက် နက်ရှိုင်းနိုင်မည် ဖြစ်ကြောင်း ဘာသာ သာသနာ၏ အောင်မြင်မှုကို အမှီသဟဲပြု၍ အကြံဉာဏ် ပြုလိုခြင်း ဖြစ်ပါသည်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန) မှ

No comments: