ရွေးပေးပါ -

ရေးသူ-ဦးခွန်ထွန်းဦး(SNLD)

Burma လို့ရေးမလား၊ Myanmar လို့ စာလုံးပေါင်းမလား ငြင်းခုန်နေကြတဲ့ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီ အပင်လေးတစ်ပင် ရှင်သန်ခွင့် ရလာတာဟာ အချိန်အခါကောင်းတစ်ခုကို ရောက်ရှိနေတာလား၊ ဖြစ်သင့်တဲ့ အနေအထားတစ်ခုကို အချိန်နှောင်းပြီးမှ ရောက်လာတာလားဆိုတာ ကျနော့အနေနဲ့ ဝေခွဲမရ ဖြစ်ခဲ့ရပါတယ်။

အာဏာရှင်စနစ်ရဲ့ သေနတ်ပြောင်းဝအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ အသက် (၆၀) အရွယ် နိုင်ငံသားတစ်ဦးဟာ မွေးကတည်းကရင်း ယခုအချိန်ထိ သူ့ဘဝတစ်လျှောက်လုံးမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်တဲ့ မဲပေးပိုင်ခွင့်၊ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့် စတဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေးမျိုးကို ဘယ်သောအခါကမှ ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ အသက် (၃၈)နှစ် အရွယ်ရောက်နေပြီဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ဦးဟာ သူ့ဘဝ တစ်လျှောက်မှာ လွတ်လပ်စွာ မဲပေးခွင့် တစ်ကြိမ်ကြုံတွေ့ခဲ့ရတာဟာ ဒီမိုကရေစီ အခွင့်အရေးတွေ ခံစားနေရပြီဆိုတဲ့ လုံလောက်တဲ့ သက်သေတစ်ခုလို့ စိတ်ချလက်ချများ သတ်မှတ်နိုင်ပြီလား။

လျှပ်စစ်မီးတွေ ဝင်းထိန်နေတဲ့မြို့တွေ၊ မဲပြောင်နေတဲ့ ကတ္တရာလမ်းမကြီးတွေ ရှိတဲ့နေရာတွေ၊ ခွဲစိတ်ခန်းမှာ ဆရာဝန်တွေ စုပြုံပြီး အလုပ်ရှုပ်နေတဲ့ ဆေးရုံကြီးတွေ၊ ဆရာက ကျောင်းသားတွေကို သေသေချာချာ နားလည်သွားအောင် ရှင်းပြနိုင်တဲ့ တက္ကသိုလ်ကြီးတွေ၊ စက်မှုဇုံကြီးတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုနေကြတဲ့ ဟိုတယ်ကြီးတွေ၊ ပြီးတော့ စစ်ယူနီဖောင်းတွေ ဝတ်ပြီးကင်းလှည့်နေကြတဲ့စစ်သားတွေကိုမတွေ့ရတဲ့မြို့တွေကို တွေ့မြင်နိုင်တဲ့နေရာဟာ ပြည်မလို့ခေါ်တဲ့ နိုင်ငံရဲ့အလယ်ပိုင်းနဲ့ အောက်ပိုင်းမှာပါ။

တစ်ချိန်တည်းမှာပဲ တောင်တွေအထပ်ထပ်နဲ့ အေးမြတဲ့လေတွေ တိုက်ခတ်ပြီး ရိုးသားတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ နေထိုင်ရာ တောင်တန်းဒေသမှာတော့ အာဟာရချို့တဲ့နေရှာတဲ့ ရင်သွေးငယ်တွေ၊ မိခင်ဘာသာစကားနဲ့ စာပေသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ စာသင်ကျောင်းက ကလေးငယ်တွေ၊ သတင်းအချက်အလက်တွေ ပေါကြွယ်ဝတဲ့ ကမ္ဘာကြီးရဲ့ သတင်းနည်းပညာဖွံ့ဖြိုးတိုးတက်မှု အကျိုးတရားကို မခံစားရသေးတဲ့ဒေသတွေ၊ ကျယ်လောင်တဲ့ သေနတ်သံတွေအကြားမှာ ကိုယ့်ရဲ့နေအိမ်တွေကို စွန့်ခွာနေကြရရှာတဲ့ အပြစ်ကင်းမဲ့တဲ့ ပြည်သူတွေ၊ မိသားစုကို လုပ်ကျွေးနေချင်သေးတဲ့ လူကုန်ကူးခံနေရတဲ့ အမျိုးသမီးငယ်တွေရဲ့အရေးဟာ ငြိမ်းသတ်လို့ မရနိုင်သေးတဲ့ တောမီးပမာပါပဲ။

နာကြည်းချက်တွေကို သေနတ်နဲ့လဲလှယ်ပြီး လက်နက်စွဲကိုင် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးသမားတွေ၊ ကိုယ့်ရဲ့ မျိုးရိုးဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် တိုက်ပွဲဆင်နွှဲနေကြတဲ့ အဖွဲ့အစည်းတွေဟာ နှစ်ပေါင်းခြောက်ဆယ် ကြာလာပေမယ့်လည်း သေနတ်ကို ဆုပ်ကိုင်ထားတဲ့ လက်တွေဟာ မြဲမြံနေကြဆဲပါ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် စတဲ့ တိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေမှာ စစ်ဘေးစစ်ဒဏ်တွေကို ကာလရှည်ကြာ ခံစားနေရတာဟာ အဖြေမရှိတဲ့ မေးခွန်းတစ်ခုလား၊ အဖြေမရှာကြသေးတဲ့ ပုစ္ဆာတစ်ပုဒ်လေလား။

စစ်အာဏာရှင်တွေရဲ့ လက်အောက်တစ်လျှောက်လုံး လူမျိုးစုတွေနေထိုင်ရာ ပြည်နယ်တွေမှာ စစ်ပွဲတွေ ဘာကြောင့် ဖြစ်ပွားနေခဲ့ရသလဲ။ စစ်ပွဲတွေက ဘာလို့ အတောမသတ် ဖြစ်နေရသလဲ။ စစ်ပွဲတွေကြောင့် ပြည်သူတွေဟာ အတိဒုက္ခရောက်ရတယ်။ စစ်ပွဲတွေကြောင့် ပြည်သူတွေရဲ့ဘဝ နိမ့်ကျခဲ့ရတယ်။ စစ်ပွဲတွေကြောင့် ကလေးတွေ စာသင်ကျောင်းနဲ့ ဝေးခဲ့ရတယ်။ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေ ဖျက်ဆီးခံခဲ့ရတယ်။ စစ်ပွဲတွေကြောင့် ဝမ်းနည်းစရာတွေ ကြုံတွေ့ခဲ့ရတယ်။ စစ်ပွဲတွေကြောင့်ပဲ အရာအားလုံးကို ဆုံးရှုံးစေခဲ့တယ်။ အဲဒီအထဲမှာ ပြည်သူတွေရဲ့ အသိဥာဏ်တွေ၊ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေ နိမ့်ကျသွားခဲ့ရတာတော့ အဆိုးရွားဆုံး ဆိုးကျိုးတွေပဲပေါ့။

ယနေ့မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ဆီကို ခြေလှမ်းစတင် လှမ်းလာနေတာကို မြင်တွေ့နေရပါပြီ။ ဒီမိုကရေစီ စနစ်ဆီကို ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြပါပြီ။ ဒီပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုးတရားကို တစ်ပြည်လုံး တပြေးညီ သက်ရောက်ပြီး အကျိုးခံစားခွင့် ရနိုင်ပါ့မလားဆိုတာကိုတော့ စိုးရိမ်နေမိပါတယ်။ ပြုပြင်ပြောင်းလဲရေး ကတဆင့် စစ်ပွဲတွေကို အဆုံးသတ်နိုင်စေဖို့၊ ထိပ်တိုက်ရင်ဆိုင်တာတွေကို လျှော့ချပစ်ဖို့၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လေးစားမှုကို တည်ဆောက်ကြဖို့ ကျနော်တို့တတွေ ဘယ်လိုပါဝင် ကူညီလုပ်ဆောင်ကြမလဲ ဆိုတာ စဉ်းစားပြင်ဆင် နေခဲ့မိပါတယ်။

နှစ်ပေါင်းများစွာ လွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းဆုံးရှုံးနေခဲ့ရတဲ့ တိုင်းရင်းသားတွေအဖို့ ဒီမိုကရေစီအခွင့်အရေး ဆိုတာ ဘဝနဲ့ရင်းပြီးခံစားခဲ့ရတဲ့အတွက် တခြားသူတွေထက်စာရင် ပိုပြီး လိုလား မြတ်နိုး မျှော်လင့်နေကြမယ်ဆိုတာ သဘာဝကျပါတယ်။ ဒီမိုကရေစီအလေ့အကျင့် ထွန်းကားစေဖို့၊ ဒီမိုကရေစီအဝန်းအဝိုင်း ကျယ်ပြန့်လာစေဖို့၊ ဒီမိုကရေစီရဲ့ အငွေ့အသက် ပျောက်ကွယ်မသွားစေဖို့အတွက် တိုင်းရင်းသားမျိုးနွယ်စုတွေတင်မက နိုင်ငံသူ နိုင်ငံသား အားလုံးကပါ ဝိုင်းဝန်းလက်တွဲကာ ပြုစုပျိုးထောင်သွားကြရမှာပါ။ အခုအချိန်မှာ ဒီမိုကရေစီစနစ်ကို စနစ်တကျ ထူထောင်သွားနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ တစ်နိုင်ငံလုံးကို အကျိုးသက်ရောက်နေစေဖို့ လိုအပ်နေတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရသစ်ရဲ့ခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန်ဟာ ကောင်းမွန်သော ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို (ဗမာပြည်ကွန်မြူနစ်ပါတီကလွဲလို့) အပစ်အခတ်ရပ်စဲပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ တပြိုင်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်အတွင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်များက မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး ရရှိစေဖို့အရေး တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်းငြိမ်းချမ်းရေး ဆွေးနွေးပြီးသဘောတူလက်မှတ် ရေးထိုးကြတိုင်း နောက်ကွယ်မှာတော့ သေနတ်သံတွေ ပြန်ပြန်ပြီးကြားနေရပါတယ်။

ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ရှေ့တစ်ဆင့်တိုးပြီးငြိမ်းချမ်းရေး ဆွေးနွေးနေတုန်းမှာပဲ အောက်ခြေနယ်မြေခံတပ်တွေက ရန်သူနယ်မြေကို ရှေ့တစ်လှမ်းတိုးဝင်နေတာဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ရပ် မဟုတ်ပါ။

ယနေ့မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ကြရာမှာ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို မဖြတ်သန်းဘဲနှင့် မအောင်မြင်နိုင်ပါ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မရှိဘဲနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတာ ခရီးဝေးနေဦးမှာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကို လက်ခံကျင့်သုံးမယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေးကို ရှောင်လွှဲလို့ မရနိုင်ပါ။ ဒါပေမယ့်လည်း အံ့သြဖွယ်ရာကောင်းတာ တစ်ခုကတော့ အမျိုးသားညီညွတ်ရေးကိုတော့ တွင်တွင်တောင်းဆိုနေပြီး လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ့် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကိုတော့ လက်ရှောင်နေကြခြင်းပါပဲ။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အဓိကကျတဲ့ အင်အားစုကြီးက တွေ့ဆုံဆွေးနွေးရေးကို ဥပက္ခာပြုနေတာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ရင်လေးစရာပါ။

ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်ကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ထို့အတူ အများစုရဲ့ ဆုံးဖြတ်ချက်ကို အနည်းစုက လေးစားလိုက်နာရမှာ ဖြစ်ပြီးအနည်းစုရဲ့အခွင့်အရေးတွေကိုအများစုကကာကွယ်စောင့်ရှောက်သွားကြရမှာ ဖြစ်ပါတယ်။

သဘောထားလမ်းစဉ်မတူညီတဲ့အဖွဲ့အစည်းတွေရှိနေသရွေ့အမျိုးသားညီညွတ်ရေးကိုတည်ဆောက်ချင်တယ်ဆိုရင်အဓိပ္ပာယ်ပြည့်ဝပြီးတာဝန်ယူမှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကို ရှောင်လွှဲပစ်လို့မရနိုင်ဘူးလို့ယုံကြည်ပါတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ရှောင်ထွက်ပြီး ရွေးကောက်ပွဲကျင်းပပေးရုံမျှနဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်သွားနိုင်ပါ့မလား ဆိုတာ မွေးခွန်းထုတ်ရမယ့် ကိစ္စတစ်ခုပါ။ စစ်ရေးနည်းလမ်းကို ကျင့်သုံးတာဟာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ရန်အတွက် ဖြေရှင်းနည်းမဖြစ်နိုင်ပါ။ ဒီမိုကရေစီနည်းလမ်း အတိုင်း တရားမျှတတဲ့အခြေအနေတစ်ရပ်ဖန်တီးပေးပြီးစစ်မှန်တဲ့ ပြည်သူ့ဆန္ဒကို ဖော်ထုတ်လိုက်နာတာဟာ အကောင်းဆုံးအဖြေတစ်ခုလို့ ထင်မြင်မိပါတယ်။

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ။ ထို့အတူ တိုင်းရင်းသားတွေ မျှော်လင့်တောင့်တနေကြတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သမ္မတကြီးက သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်ပြီးပြောသွား ပါတယ်။ တောထဲတောင်ထဲမှာ သေနတ်ကိုင်နေရတဲ့ တော်လှန်ရေး ရဲဘော်တွေကို သေနတ်တွေအစား လက်တော့ပ် တွေကိုပဲ ကိုင်စေချင်မိတယ်တဲ့။ တော်လှန်ရေး ရဲဘော်တွေကလည်း စစ်သီချင်းတွေကို မဆိုချင်ကြတော့ပါဘူး။ ကိုယ့်ရိုးရာ ဘာသာစကားတွေနဲ့ သီကုံးထားတဲ့ အချစ်သီချင်းတွေကိုဘဲ ဆိုချင်နေရှာမှာပါ။ သူတို့လေးတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးကြပါ။

တစ်ခုထဲ ရှိတာကို ယူရမှာထက်စာရင် အများကြီးထဲက ရွေးယူရတာ ပိုပြီးတော့ ကောင်းတာပေါ့။ တစ်မျိုးတည်း ရှိနေတာကို သုံးနေရတာထက်စာရင် လူတိုင်းကြိုက်ရာ ရွေးချယ်ခွင့်ရတာ ပိုပြီး သာယာပျော်ရွှင်စရာပေါ့။ တစ်ယောက်တည်း အထီးကျန်နေရတာထက်စာရင် အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေရတာ အကောင်းဆုံးပေါ့။

ဒါကြောင့် ကျနော်တို့နိုင်ငံက လူငယ်တွေ သူတို့ကို ရွေးချယ်ခွင့်ပေးကြပါ။ ကျနော်တို့နိုင်ငံက ပညာရှင်တွေ သူတို့ကို ရွေးချယ်ခွင့် ပေးကြပါ။ ကျနော်တို့နိုင်ငံက အမျိုးသမီးတွေ သူတို့ကို ရွေးချယ်ခွင့်ပေးကြပါ။ ကျနော်တို့နိုင်ငံက တောင်သူလယ်သမားတွေ ……. အလုပ်သမားတွေ ………. တပ်မတော်သားတွေ …….. သူတို့ ရွေးချယ်ခွင့် ရှိကြပါစေ။

တိုင်းပြည်တစ်ခု ဒါမှမဟုတ် နိုင်ငံတစ်ခုဟာ ဆင်းရဲတွင်းနက်ပြီး ချွတ်ခြုံကျနေတာဟာလည်း စစ်ပွဲတစ်ပွဲ ဖြစ်ပွားနေတာထက် ပိုပြီး ဆိုးဝါးစေပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ဆင်းရဲတဲ့နိုင်ငံ အဖြစ်ကနေ လွတ်မြောက်စေဖို့၊ စစ်ပွဲတွေဆီကနေ လွတ်မြောက်စေဖို့ ရွေးပေးပါ။ လူကြီးမင်းကိုယ်တိုင် ရွေးပေးပါ …။

ခွန်ထွန်းဦး၂၀၁၂





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: