ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အခန်း ၁၊ အပိုင်း ၅)

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ

အခန်း (၁)။  ။ နိုင်ငံရေးဆိုရာဝယ်

အပိုင်း (၅)

နိုင်ငံရေးသဘောတရား၊ သီအိုရီနှင့် ပါရာဒိုင်းများ
နိုင်ငံရေးသဘောတရား၊ သီအိုရီနဲ့ ပါရာဒိုင်းတွေကို နိုင်ငံရေးလေ့လာဆန်းစစ်ချက်တွေမှာ အသုံးပြု ကြပါတယ်။ သဘောတရားဆိုတာက တစုံတရာနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တခုဖြစ်ပါတယ်။ ဒါပေမယ့် တစုံတရာရဲ့ အမည်နာမတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင် Andrew Heywood က ကြောင်တကောင်နဲ့ ခိုင်းနှိုင်းပြီး ဥပမာပေးထားပါတယ်။ တကယ့်ကြောင်နဲ့ ကြောင်တကောင်နဲ့ ပတ်သက်တဲ့ သဘောတရားနဲ့ ခြားနားမှု ရှိချင်လဲ ရှိနေနိုင်ပါတယ်။ ကြောင်တကောင်နဲ့ ပတ်သက်တဲ့ သဘောတရားဆိုတာ အတွေးအခေါ် (အိုင်ဒီယာ) တခု ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ထဲမှာ ကြောင်တကောင်ရဲ့ ထူးခြားသော လက္ခဏာတွေဖြစ်တဲ့ သေးငယ်တာ၊ အိမ်မွေးတိရစ္ဆာန်ဖြစ်တာ၊ အမွေးအမျှင်ထူတာ၊ ကြွက်ခုတ်တာ စတာတွေ ပေါင်းစပ် ပါဝင်ပါတယ်။ တန်းတူညီမျှမှု (equality) ဆိုတဲ့ သဘောတရားတွေ၊ presidency ဆိုတဲ့ သဘောတရားတွေကလဲ ဒီအတိုင်းပါပဲ။ လူတယောက်၊ အရာဝတ္ထု တခုကို ရည်ညွှန်းခြင်း မဟုတ်ပဲ ၀ိသေသလက္ခဏာတွေ ပါဝင်တဲ့ အတွေးအခေါ်တွေ ဖြစ်ပါတယ်။
လူတွေရဲ့ တွေးခေါ်မှု၊ ဝေဖန်ပိုင်းခြားမှု၊ ဆန်းစစ်မှုတွေကို သဘောတရားတွေက လွှမ်းမိုးထားပါတယ်။ ကလေးဆိုတာကို ကလေးလို့ သတ်မှတ်ဖို့အတွက် အသက်အရွယ် ဘယ်လောက်ရှိရင် သတ်မှတ်မယ် ဆိုတဲ့ သဘောတရားတခု ရှိဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာလဲ ဗမာတွေက ကလေးလို့ သတ်မှတ် ခေါ်ဝေါ်တာကို အခြားလူမျိုးတွေက နောက်ထပ်သဘောတရားတခုအနေနဲ့ သတ်မှတ်ခေါ်တွင်တာလဲ ရှိတာပါပဲ။ ဒါကြောင့် သဘောတရား (concept) ဆိုတာကို စိတ်ပိုင်းဆိုင်ရာ တည်ဆောက်ထားမှု (mental construct) အနေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုကြတာ ဖြစ်ပါတယ်။
လူတယောက် ရှင်သန်ဖြတ်သန်းနေရတဲ့ ကမ္ဘာလောကကြီးမှာ နိုင်ငံရေးသဘောတရား (political concept) များစွာက လွှမ်းမိုးထားပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ကျွန်းတကျွန်းမှာ တယောက်တည်း နေတာ မဟုတ်ဘူးဆိုရင်တော့ နိုင်ငံရေးသဘောတရားတွေရဲ့ လွှမ်းမိုးမှုနဲ့ ကင်းဝေးနေတဲ့ လူဆိုတာ မရှိနိုင်ပါဘူး။ လူမှာမွေးရာပါ အခွင့်အရေးရှိတယ်ဆိုတဲ့ အဆိုတရပ်ကို ကြည့်ခြင်းဖြင့် မွေးကင်းစ လူ့ဘ၀ကစပြီး လူ့အခွင့်အရေးဆိုတဲ့ နိုင်ငံရေးသဘောတရားက လွှမ်းမိုးထားပြီး ဖြစ်ပါတယ်။ မွေးစာရင်းမှတ်ပုံတင်ပြီ ဆိုတဲ့အခါမှာလဲ အုပ်ချုပ်ရေးအာဏာ ယန္တရားတခုမှာ မှတ်ပုံတင်ရတာ ဖြစ်တဲ့အတွက် အာဏာဆိုတဲ့ နိုင်ငံရေးသဘောတရားက လွှမ်းမိုးထားပြီး ဖြစ်ပါတယ်။ ဒီလိုနဲ့ မွေးကင်းစကစပြီး၊ လူ့ဘ၀သက်တမ်းကုန်ချိန်အထိ နိုင်ငံရေးသဘောတရားတခုခုရဲ့ လွှမ်းမိုးမှုတွေကို လူသားတွေ ကြုံတွေ့ကြရပါတယ်။ အချို့နိုင်ငံရေးသဘောတရားတွေက သိသာထင်ရှားခြင်း မရှိပဲ၊ လေးလေးနက်နက် စဉ်းစားတွေးခေါ်ယူရပါတယ်။ အချို့နိုင်ငံရေး သဘောတရားတွေကျတော့ ထင်သာ မြင်သာ ရှိပါတယ်။ လူအများကြားမှာ ရေပန်းစားလေ့ရှိတဲ့ နိုင်ငံရေးသဘောတရားတွေကတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်မြောက်မှု (freedom) စတာတွေ ဖြစ်ပါတယ်။
အချို့သဘောတရားတွေကျတော့လဲ အချိန်အခါနဲ့အညီ ပြောင်းလဲမှုတွေ ရှိနေပြီး၊ ရှုပ်ထွေးမှုတွေ ရှိပါတယ်။ ဥပမာ- ဒီမိုကရေစီဆိုတဲ့ သဘောတရားကို လေ့လာထားတဲ့ စာအုပ်စာပေတွေ၊ ချဲ့ထွင်လေ့လာထားတဲ့ စာတမ်းတွေ၊ သဘောတရားနဲ့ လက်တွေ့အသုံးချမှု နှိုင်းယှဉ်လေ့လာချက် တွေဟာ ထောင်ပေါင်းများစွာ ရှိလာတာကြောင့် တစထက်တစ ကျယ်ပြန့်နက်နဲပြီး ရှုပ်ထွေးလာပါတယ်။ ဒီမိုကရေစီ လိုချင်တယ်လို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။ ဘာဒီမိုကရေစီဆိုတာက ပြန်လည် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အချို့က စစ်မှန်သောဒီမိုကရေစီလို့ ဆိုကြပါတယ်။ ဒီအခါမှာ စစ်မှန်သော ဒီမိုကရေစီဆိုတာ classical democracy ၊ protective democracy ၊ developmental democracy နဲ့ people's democracy တွေထဲက ဘာကို ဆိုလိုတာလဲ၊ ဘာကြောင့် စစ်မှန်တယ်လို့ သတ်မှတ်ရတာလဲဆိုတာ ပြန်လည်မေးခွန်းထုတ်ရမလို ဖြစ်လာပါတယ်။ ဒါက ဘာကို ညွန်ပြနေသလဲ ဆိုရင် နိုင်ငံရေးသဘောတရားတွေဟာ လူအမျိုးမျိုးအတွက် ခြားနားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဖြစ်နေစေတယ် ဆိုတာပါပဲ။
နိုင်ငံရေးသီအိုရီတွေကတော့ သဘောတရားတွေထက် ပိုပြီးကျယ်ပြန့်ပါတယ်။ အိုင်ဒီယာတခုတည်းကို အခြေမခံပဲ အိုင်ဒီယာတွေအများအပြား ပေါင်းစပ်ပါဝင်နေနိုင်ပါတယ်။ သီအိုရီတွေဟာ အချက်အလက် တွေကို စနစ်တကျလေ့လာဆန်းစစ်ပြီး၊ ယုံကြည်စိတ်ချဖွယ်ရာရှိသော ဗဟုသုတ (reliable knowledge) အဖြစ် ပြန်လည်တင်ပြထားချက်တွေ ဖြစ်ပါတယ်။ သီအိုရီဆိုရာမှာလဲ စနစ်များအားလေ့လာဆန်းစစ်ချက် (systems analysis)၊ ပြည်သူ့ရွေးချယ်မှုသီအိုရီ (public choice theory)၊ ဂိမ်းသီအိုရီစတဲ့ mircrotheories တွေ ရှိသလို၊ pluralism, elitism စတဲ့ macrotheories တွေလဲ ရှိပါတယ်။ ဒီသီအိုရီတွေကလဲ ပါရာဒိုင်းတခုခုရဲ့ assumptions နဲ့ beliefs တွေအပေါ်မှာ မြစ်ဖျားခံနေပါတယ်။ အများသိပြီးဖြစ်တဲ့ လစ်ဘရယ်ဝါဒ (liberalism)၊ မတ်စ်ဝါဒ (Marxism)၊ အမျိုးသမီးဝါဒ (Feminism) စတာတွေက ပါရာဒိုင်းတွေပဲ ဖြစ်ပါတယ်။
နိဂုံး
လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်ပါတယ်။ မွေးဖွားစကနေ သေဆုံးချိန်အထိ လူ့ဘ၀ကို နိုင်ငံရေး သဘောတရားတွေက လွှမ်းမိုးထားပါတယ်။ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ ကွဲပြားခြားနားမှု (diversity) နဲ့ ရှားပါးမှု (scarcity) တွေကြောင့် နိုင်ငံရေးဆိုတာဟာ လူသားဖြစ်တည်မှုရဲ့ သွင်ပြင်လက္ခဏာအဖြစ် ဆက်လက်တည်ရှိနေဦးမှာလဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာကို လူအများက သိနားလည်ဖို့ လိုအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ political joke လေးတခုကို တင်ပြလိုပါတယ်။
တခါက ကလေးငယ်တယောက်က သူ့အဖေကို မေးပါတယ်။ " နိုင်ငံရေးဆိုတာ ဘာလဲ" ဆိုပြီးတော့ပါ။ သူ့အဖေက ပြန်ဖြေလိုက်ပါတယ်။
"သားနားလည်အောင် ဒီလိုအဖေရှင်းပြမယ်။ အဖေက မိသားစုကို လုပ်ကိုင်ကျွေးမွေးသူဖြစ်တယ်။ ဒီတော့ အဖေက အရင်းရှင်စနစ် (capitalism) ပေါ့။ မင်းအမေကတော့ ငွေကြေးစီမံခန့်ခွဲသူဖြစ်တယ်။ ဒီတော့ သူ့ကို အစိုးရလို့ သတ်မှတ်ရအောင်။ မင်းရဲ့လိုအပ်ချက်တွေကို တို့က ဖြည့်ဆည်းပေးတယ်။ ဒီတော့ မင်းကို ပြည်သူလို့ သတ်မှတ်ရအောင်။ ကလေးထိန်း အမျိုးသမီးကိုတော့ အလုပ်သမား လူတန်းစား အနေနဲ့ စဉ်းစားကြည့်။ မင်းရဲ့ ညီငယ်လေးကတော့ ဘေဘီလေးဆိုတော့ အနာဂတ် ပေါ့ကွာ။ အဲလိုလေးစဉ်းစားလိုက်ရင် မင်းနားလည်လာမှာပါ" တဲ့။
ကလေးငယ်က သူ့အဖေပြောတာကို စဉ်းစားရင်း အိပ်ယာဝင်သွားခဲ့တယ်။
ညဥ့်နက်ပိုင်းရောက်တော့ သူ့ညီလေး ငိုနေတာကို သူကြားရတယ်။ ဒါနဲ့ သူ့ညီလေးကို သွားကြည့်တော့ ကလေးရဲ့ အနှီးထုပ်ထဲမှာ မစင်တွေအများကြီး ပြည့်နေတယ်။ ဒါကြောင့် သူ့မိဘအခန်းကို သွားကြည့်တော့ သူ့အမေက အိပ်မောကျနေတယ်။ အမေ့ကို မနှိုးချင်တာနဲ့ ကလေးထိန်းအခန်းကို ထပ်သွားပါလေရော။ အခန်းတံခါးက ပိတ်ထားတာကြောင့်၊ တံခါးသော့ပေါက်လေးကနေ ချောင်းကြည့် တော့ သူ့အဖေက ကလေးထိန်းနဲ့ တူတူအိပ်နေတယ်။ ဒါနဲ့ပဲ သူလဲ လက်လျှော့ပြီး၊ အခန်းထဲကို ပြန်လာခဲ့တယ်။

နောက်နေ့ နံနက်ကျတော့ သူ့အဖေကို ပြောရှာတယ်။ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာ သားနားလည်သွားပြီ တဲ့။

အဖေက ချီးကျူးစကားဆိုပြီး၊ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို နားလည်သလို ပြန်ပြောပြခိုင်းတယ်။

အဲဒီမှာ ကလေးငယ် ပြောလိုက်တာက
" အရင်းရှင်စနစ်က အလုပ်သမားလူတန်းစားကို အမြတ်ထုတ်နေတယ်။ အဲဒီအချိန်မှာ အစိုးရက အိပ်ပျော်နေတယ်။ ပြည်သူတွေက လျစ်လျူရှူခံထားရပြီး၊ အနာဂတ်ကတော့ ညစ်ပတ်နေပါတယ်" တဲ့။

ပြီးပါပြီ။



ခင်မမမျိုး (၂၀၊ ၉၊ ၂၀၁၂)


ရည်ညွှန်းကိုးကား။ ။

Aristotle (1962[350BC]) The Politics, Middlesex, Penguin Books

Bentham, J. (1789) An Introduction to the Principles of Morals and Legislation, Oxford, Clarendon Press

Crick, B. (2000) In Defence of Politics, Harmondsworth and New York, Penguin

Ferns, H.S. & Watkins, K. W. (1985) 'Politics is about People' in What Politics is about, London, Sherwood

ံHeywood, A. (2007) Politics, 3rd edition, London, Palgrave Macmillan

Leftwich, A. (ed.) (2004) What is Politics? The Activity and Its Study, Cambridge, Polity Press






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: