လမ်းလည်း လမ်း၊ ပန်းလည်း ပန်းတိုင်

 ဘာဝါဒ အကြောင်း ပြောနေတာလဲ လို့ ခင်ဗျားက မေးတဲ့ အခါ – ကျနော် ပြန်ဖြေရမှာက ~ ဝါဒ၊ ဒဿန အကြောင်း ပြောနေတာ မဟုတ်ဘူး။ နည်းလမ်း ကို ပြောနေတာ သာ ဖြစ်ပါတယ်။ အဲ့ဒါကို ရှင်းအောင် ထပ် ဖြေဖို့ က နည်းနည်း လျာရှည်ရမယ်။
ဝါဒ၊ ဒဿန၊ စနစ် တစ်ရပ် အတွက် က – သူ့ ကို ဝေဖန် နိုင် တယ်။ ဝေဖန် လို့ လည်း ရတယ်။ လေ့လာ ဖို့ အချိန် နည်းနည်းနဲ့ ဆင်ခြေ မေးခွန်း အချို့ လိုမယ်။ အကြောင်း အကျိုး သင့် မသင့် ကိုလည်း ယုတ္တိ အစဉ် အတွေးအမြင် နဲ့ ခြုံယူနိုင်တယ်။ တွေးခေါ် ကြည့် နိုင် တယ်။ တွေးခေါ် ကြည့် လို့ လည်း ရတယ်။ ဒါပေမယ့် “နည်းလမ်း” အတွက် ကတော့ အဲ့လို မဟုတ် ဘူး ။ သူ့ကို တန်း ဝေဖန် လို့ မရဘူး ။ နည်းလမ်း တစ်ခုကို ဝေဖန်ဖို့ အရင်ဆုံး အဲ့ဒီ လူ ဟာ ဒီ နည်းလမ်း ကို လုပ်ကြည့်ဖို့၊ စမ်းကြည့်ဖို့ လိုလာ ပါတယ်။ မလုပ်ကြည့် ဘဲ ဝေဖန်ဖို့ ရာတော့ ခက်ခဲနေလိမ့်မယ်။
စင်စစ် ဝါဒ၊ ဒဿန တစ်ရပ် ဟာ စိတ်ကူးထည် ရဲ့ နယ်ပယ် သာ ဖြစ်တယ်။ ပိုမို ဆီလျော်တဲ့ အဆို (Argument)၊ တွေးဆချက် (hypothesis) တွေ ရှိရင် တစ်ခုပြီး တစ်ခု ထပ်ကာ ထပ်ကာ တည်ဆောက် မယ်။ မေးခွန်း တွေ အထပ်ထပ် မေးမယ်။ အဲ့လိုနဲ့ ဝါဒ၊ ဒဿန ဟာ အဖြေနဲ့ အမေး ကြား အုံနဲ့ ကျင်းနဲ့ တည်ထောင် သွားကြတယ်။ ကမ္ဘာ့ ဒဿန စနစ် အများစု ရဲ့ တဝဲ လည်လည် ဖြစ်ရခြင်း အကြောင်း ဟာ – အဲ့ အတော မသတ်တဲ့ အမေး အဖြေတွေ ကြောင့် ပဲ ဖြစ်ပါတယ်။ မေးခွန်း တစ်ခု အတွက် ဖြေတဲ့ အဖြေရဲ့ နောက်မှာ – နောက်မေးခွန်း တစ်ခုက အဆင်သင့် စောင့်နေတယ်။
ချမ်းမြေ့မှု ဆီ သွားမယ့် လမ်း ဟာ – အမေးအဖြေ နဲ့ တည်ဆောက်တာ မဟုတ်ဘူး။ ဝါဒ၊ ဒဿန – လိုအပ် မနေဘူး။ လိုအပ်တာ ဟာ နည်းလမ်း (ဝါ) လမ်း သာ ဖြစ်ပါတယ်။ တကယ်က ဥပမာ ပေး ထားတဲ့ လမ်း ဆိုတာလည်း မမှန်သေးဘူး။ မမှန် သော်ငြားလည်း ဒီ လမ်း နဲ့ ခရီး ဥပမာ သာ အကောင်းဆုံး ပေးစရာ ရှိတယ်။
ဘာလို့ မမှန်ရလဲ ဆို – လမ်း လို့ ပြော တာနဲ့ အများစု အမြင်က – လမ်းရဲ့ အဆုံးမှာ ပန်းတိုင် ရှိပါတယ်။ တစ်နေရာရာ မှာ နိဂုံးကမ္ပတ် အဆုံးသတ် ရလိမ့် မယ်။ ဒါ့အပြင် အဲ့ နိဂုံးကို ရောက် ဖို့ လျောက်ရမယ့် ဒီခရီးဟာ အချိန်ကာလ တစ်ခု လိုအပ်တယ်။ ကာလ အတိုင်း အတာ တစ်ခု နဲ့ လျောက်လှမ်း ရလိမ့်မယ်။ လမ်း ခရီးမှာ – အမှတ်အသား အဖြစ် – မိုင်တိုင် မှတ်တိုင် တွေ ဖြတ်သန်း ရ လိမ့်ဦးမယ်။
ဒါပေမယ့် – သစ္စာတရား အတွက် သုံးတဲ့ လမ်း ကတော့ အဲ့လို မဟုတ်ဘူး။ လမ်း ဟုတ်ပေမယ့် အခြားက ပန်းတိုင် မဟုတ်ဘူး။ ပန်းတိုင် က အဝေးမှာ၊ တစ်နေရာမှာ မဟုတ်ဘူး။ ဇင်မှာ သုံးတဲ့ စကားနဲ့ ဆိုရရင် – “လမ်း ကိုယ်တိုင် က ပန်းတိုင် ဖြစ်ပါတယ်။” ဒါ့ကြောင့် – ဒီ လမ်း အတွက် လမ်းသာ လျှင် အဆုံး ရှိတယ်။ အချိန် ကာလ နဲ့ အဆုံးမသတ် ဘူး။ လမ်း ဆိုတာ – အခြားသူ လျောက် ရုံ နဲ့ မိမိ မရောက်သွားနိုင် ဘူး မဟုတ်လား။ မိမိ ကိုယ်တိုင် သာ လျောက်ရ တယ်။ မိမိသာလျှင် အထီးတည်း ဖြစ်တယ်။
မိမိ ဒီမှာ ဖြေလိုတဲ့ – ဘာဝနာ/ သတိပဋ္ဌာန်/ ဝိပဿနာ ဟာ အထက်က ဆိုခဲ့သလို၊ လမ်း လည်း ဖြစ်တယ်။ ပန်းတိုင် လည်း ဖြစ် ပါတယ်။ (တစ်နည်း) ဘာဝနာ ဟာ ဝါဒ လည်း မဟုတ်ဘူး။ ဒဿန လည်း မဟုတ်ဘူး။ ဒါ့ကြောင့် “ဘာဝနာ” အတွက် မျက်ကန်း ယုံ၊ ယုံကြည်နေ စရာ သီးခြား မလိုဘူး။၊ စိန္တာမယ တွေးဆ နေစရာ သီးခြား မလိုအပ် ဘူး။ နည်းလမ်း ဖြစ်တာကြောင့် စမ်းကြည့် မှသာ သိပါတယ်။ ပါဠိ အားဖြင့် ဧဟိပဿိက လို့ ခေါ်မယ်။ ကိုယ်နှိုက်က ပန်းတိုင် ဖြစ်တဲ့ ဒီလမ်း အတွက် – အခု စမ်း၊ အခု သိရတာ မို့လည်း – အကာလိက – လို့ ခေါ်ဆို ပါတယ်။ အဲ့ဒီ အဖြစ် ကို ဝါဒ လို၊ ဒဿန လို တွေးဆ နေရင်၊ စာအုပ် ပိုက်၊ မြေပုံကိုင်ပြီး လမ်းမလျောက်တဲ့ သူလိုပဲ။ ကိုယ်တိုင် မလျောက်ရင် ဘယ်မှ မရောက်ဘူး။ သန္ဒိဋ္ဌိက – ကိုယ်ကိုယ်တိုင် လျှောက်မှသာ ရောက်တယ်။
 ZAYA မှ



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: