Published on Wednesday, 25 January 2012 09:27
Written by လှရွှေ
“ဖြေသိမ့်လိုက် သူငယ်ချင်း ရှေ့ဆက် မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ ဟိုအရင်အချိန်ကကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ”
ကျောင်းသူ၊ ကျောင်းသား တရာကျော်ရဲ့ သံပြိုင်ဆိုလိုက်တဲ့ အသံက လူမနီး သူမနီးမှာ တည်ရှိတဲ့ စီဒီစီ ကျောင်းက ထွက်ပေါ်လာတဲ့ သီချင်းသံဖြစ်ပါတယ်။ အဆိုတော် ၀ိုင်းဝိုင်းရဲ့ “ဖြေသိမ့်လိုက်” သီချင်းကို ဆရာ ဒေါက်တာဘသိန်းဝင်းနှင့် ကျောင်းသားတွေက တယောလေး တစ်လုံးနဲ့ ခံစားမှုအပြည့်နဲ့ သီဆိုလိုက်ခြင်း ဖြစ်ပါတယ်။
အဲဒီနေ့က ကျနော့်အတွက် အမှတ်ရစရာလေး ဖြစ်ခဲ့ပါတယ်။ အိမ်မပြန်ဘဲ ကျောင်းအောက်မှာ အလုပ်လုပ်နေတဲ့ ဆရာတွေလည်း အဲဒီသီချင်းသံကို ကြားတာနဲ့ ကျောင်းအပေါ်ထပ်ကို အပြေးအလွှား တက်လာပြီး အားပေးကြပါတော့တယ်။ အဲဒီသီချင်းလေးကို ကျောင်းသားတွေနဲ့ ရောပြီး သံပြိုင်ဆိုလိုက်ကြပါတော့တယ်။ ကျောင်းသားတွေရော ဆရာတွေပါ ဘ၀တူတွေမို့လားမသိ ဒီသီချင်းလေးကို တော်တော့ကို သဘောကျကြပါတယ်။
ကျနော် စိဒီစီ ကျောင်းမှာ ဆရာလုပ်လာတာ တနှစ်နီးပါးရှိနေပါပြီ။ ကျနော်သင်ရတဲ့ အတန်းက Grade 11 နှင့် Grade 12 တွေဖြစ်ပါတယ်။ အဲဒီနေ့က ကျနော်နဲ့ဆရာ ဦးဝင်းမြင့် နှစ်ယောက်တွဲပြီး သင်ရမယ့် နိုင်ငံရေးသိပ္ပံ အချိန်ကို တယောဆရာ ဒေါက်တာဘသိန်းဝင်းက သူ့ရဲ့ကိုယ်ပွား တယောလေးနဲ့ ပျော်ရွင်မှုတွေ ကင်းဝေပြီး အနိဌာရုံနဲ့သာ အမြဲတွေ့ခဲ့ရတဲ့ ကလေးတွေကို မိတ်ဆက်ပေးလိုက်တာပါ။
ဒေါက်တာဘသိန်းဝင်းကလည်း ဘယ်အချိန်ကတည်းက ပြင်ဆင်ထားမှန်းမသိတဲ့ “ဖြေသိမ့်လိုက်” သီချင်းက ကလေးတွေရဲ့ ကြေမွနေတဲ့ ဘ၀ကို အားပေးလိုက်တဲ့ သီချင်းလေး ဖြစ်နေပြန်တယ်။ ကလေးတွေရဲ့ ပျော်ရွင်မှုက ကျနော်ဆီကို ကူးစက်ပြီး မျက်ရည်စို့ခဲ့ရပါတယ်။
ကျနော်နဲ့ ဆရာဘသိန်းဝင်းရဲ့ အမြင်က တထပ်တည်းကျနေပြန်တယ်။ ကျနော်တို့ရဲ့ နေ့စဉ်သင်ကြားမှုက ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ဘောဂဗေဒ၊ သမိုင်း စတဲ့ အမှန်တကယ် ငြီးငွေ့ဖွယ်ရာ အတိတွေပါပဲ။ အဲဒီလို ငြီးေွေ့ဖွယ်ရာတွေ ကြားမှာ တယောသင်တန်းလေး တခုပေးရင် ပိုကောင်းမယ် ပြောတော့ ဒေါက်တာ ဘသိန်းဝင်းက ကောင်းတာပေါ့ဗျာတဲ့။ အဲဒီတော့ ဒီသင်တန်းလေး စဖြစ်ဖို့ ကျေင်းသားတွေကို စည်းရုံးတဲ့ အနေနဲ့ တယောရဲ့ ရာဇ၀င်၊ တယောဆိုတာ ဂီတ အားလုံးရဲ့ ဘုရင်ဖြစ်ပုံတွေကို မိတ်ဆက်ပြီးတော့ “ဖြေသိမ့်လိုက်” နဲ့စည်းရုံးလိုက်ပါတော့တယ်။
ကျနော် သင်နေတဲ့ စီဒီိစီ ကျောင်းက မဲဆောက်မြို့ အနီးတ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာရွေ့ပြောင်းကလေးတွေ အတွက် ဖွင့်ထားတဲ့ အထက်တန်းကျောင်း ဖြစ်ပါတယ်။ ကျောင်းသားစုစုပေါင်း ၁၃၀၀ ရှိတဲ့ အထက်တန်းကျောင်းပါ။ မြန်မာပြည်က တိုင်းရင်းသား ပေါင်းစုံကို ကြည့်ချင်တယ် ဆိုရင် စီဒီဒီ ကိုသာလာခဲ့ပါ။ တိုင်းရင်းသား ပေါင်းစုံ ဖြစ်သလို ဘ၀နောက်ခံတွေကလည်း ရင်နာစရာတွေ၊ ၀မ်းနည်းစရာတွေနဲ့ ပြည့်နေတတ်ပါတယ်။
အချို့ကလေးတွေက မိဘနှစ်ပါးလုံး ဘယ်ဆီဘယ်ဝယ် မသိတဲ့ကလေးတွေ၊ အချို့ကလေးတွေက အမိမြန်မာပြည်ရဲ့ စီးပွားရေး အခက်ခဲကြောင့် ရေကြည်ရာ မြက်နုရာ လှည့်လည်လာတဲ့သူတွေရဲ့ ကလေးတွေ၊ အချို့ကလေးတွေက ပြည်တွင်းစစ်မီးကြောင့် ပြေးလာကြတဲ့ ကလေးတွေ စုံလို့ပါပဲ။
ရေရာ သေချာမှု မရှိတဲ့ သူတို့လေးတွေရဲ့ ဘ၀ကလည်း ဖြေသိမ့်တတ်တဲ့ အကျင့်မရှိရင် ရူးချင်စရာ ကောင်းတဲ့ အဖြစ်မျိုးပါ။ အဲဒီလို ကလေးတွေကို ဒေါက်တာ ဘသိန်းဝင်းရဲ့ တယောလေးက လက်ရှိဘ၀ရဲ့ အခြားတဘက်ဆီကို ခေါ်သွားနိုင်ခဲ့ပါတယ်။
ကျနော်တို့ရဲ့ မြန်မာ့ ပညာရေး ယဉ်ကျေးမှုမှာ ကျောင်းသားတွေ အနုရသနဲ့ အထိအတွေ့မရှိခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပါပြီး။ မျိုးဆက် သုံးဆက်လောက်က ကျောင်းပညာရေးမှာ အနုရသနဲ့ထိတွေ့ခံစားမှု မရှိတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အင်မတန်မှ နုနယ်လှတဲ့ ကလေးဘ၀မှာ ဂီတအနုပညာကို ခံစားခွင့် မရရှိခဲ့တာ ရင်နာစရာကောင်းလှပါတယ်။
ကျောင်းတွေမှာ စစ်သူကြီးတွေရဲ့ အောင်မြင်မှုတွေ၊ ဘယ်စစ်ပွဲမှာ ရဲမက်စစ်သည် ဘယ်လောက်ပါခဲ့တယ်၊ ဘယ်လောက် ကျဆုံးတယ် စတဲ့အရာတွေကသာ ကလေးတွေရဲ့ ဘ၀ကို လွမ်းမိုးခဲ့တယ်။ အခုအချိန်မှာ မြန်မာ့နိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ ဦးဆောင်ဦးရွက် ပြုနေတဲ့ အသက်ခြောက်ဆယ်တန်း တွေက ကျောင်းသားဘ၀တွေတုန်းက ဂီတအနုပညာနဲ့ ဝေးခဲ့တဲ့သူတွေပါ။ ဂီတ အနုပညာနဲ့ဝေးခဲ့တဲ့ ဒီပုဂ္ဂိုလ်တွေက အင်မတန်မှ သာယာကြည်နူးဖွယ် ကောင်းတဲ့ ငြိမ်းချမ်းတေးသံကို ခံစားတတ်ပါလေစ လို့တွေးမိတယ်။
ဒေါက်တာဘသိန်းဝင်းရဲ့ တယောသင်တန်း စည်းရုံးရေးက မှန်းထားတာထက် အောင်မြင်ပါတယ်။ ကျောင်းသား၂၀ ကျော် တယောသင်တန်းတက်ဖို့ စာရင်းပေးခဲ့ကြတယ်။ သင်တန်းသား အရေအတွက်နဲ့ တယောအရေ အတွက်က ၁း ၂၀ ဖြစ်ပေမယ့် သင်တန်းလေးကို စလိုက်ပါတော့တယ်။ အခုအချိန်မှာတော့ ဆရာရဲ့ တယောသင်တန်းလေးက အတော်လေး ခရီး ပေါက်နေပါပြီ။
တယောလေး တစ်လုံးနဲ့ စခဲ့တဲ့သင်တန်းဟာ ခုတော့ ဒေါက်တာကြီးက ဘယ်ကနေ မလာမှန်းမသိတဲ့ တယောငါးလုံးနဲ့ တော်တော်လေး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေပါပြီ။ “ အေးဗျာ ကျနော်ကြိုးစားအုံးမယ် မစ်ရှင်တွေလာရင် တယောဆယ်လုံးလောက် ရအောင် အလှူခံအုံးမယ်” လို့ပြောပါတယ်။
ကျောင်းသားတွေရဲ့ ဘ၀တွေနဲ့ အပြိုင် ဆရာဘသိန်းဝင်းရဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆရာက အမေရိကားက ပင်စင်ယူပြီး ထိုင်းမြန်မာနယ်စပ် တလျှောက်က ပညာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ စေတနာ့ ၀န်ထမ်း လုပ်နေတာ ရှစ်နှစ်နီးပါးလောက်ကြာနေပါပြီ။ “ ဆရာလှရွှေရေ့ ကျနော်ကတော့ နေရာမှန်နေပြီဗျာ” တဲ့။ ဆရာသင်တာက Biology၊ အခုတော့ “တယောအဘိုး”လို့ ကလေးတွေက ချစ်ခင်လေးစားတဲ့ စိတ်နဲ့ ခေါ်နေကြပါပြီ။
တယောသင်တန်းစည်းရုံးရေး ပြီးကတည်းက ဆရာရဲ့ ဂီတသင်တန်းလေးကို မရောက်ဖြစ်တာ တလလောက် ရှိမယ်ထင်တယ်။ ဒီနေ့တော့ ဆရာ့ရဲ့ တယောသံလေးကိုနားထောင်အုံးမှာဘဲလို့ စိတ်ပိုင်းဖြတ်ပြီး အောက်ထပ်မှာရှိတဲ့ ဆရာတွေ ရုံးခန်းကနေ စာလေးဖတ်ပြီးနားထောင်ဖြစ်ခဲ့ပါတယ်။ ဆရာက သူရဲ့ အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ တယောသံလေးကို နားထောင်ချင်ရင် မျက်စိမှိတ်၊ စိတ်ကိုတည်ငြိမ်စွာထားပြီး နားထောင်ပါသတဲ့။
သင်တန်းပြီးခါနီး အပေါ်ထပ် သင်တန်းခန်းလေးဆီသွားပြီး ကြည့်လိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျောင်းအပေါ်ထပ်ကိုတက်ခဲ့ပါတယ်။ အခန်းကို ကြည့်လိုက်ချိန်မှာတော့ တယောအစစ်က ငါးလုံး၊ တုတ်ချောင်းလေးကို တယောအဖြစ် ထိုးနေကြတဲ့ ကျောင်းသူလေး ငါးဦးကို တဒင်္ကမြင်ရတဲ့ မြင်ကွင်းက အဆိုတော် ၀ိုင်းဝိုင်းရဲ့ သီချင်းလို “ဖြေသိမ့်လိုက်” ပေါ့ကလေးတို့ရယ်လို့ စိတ်ထဲမှာ ရေရွတ်မိပါတယ်။
ကျနော်တို့တွေ ဘယ်အချိန်ထိ ဖြေသိမ့်ပြီး နေထိုင်ကြရတော့မှာလဲ တွေးရင်း သီချင်းရဲ့ နောက်ဆုံးအပိုဒ်လို “အားတင်းကာ လျှောက်လိုက်ပေါ့” လို့ စိတ်ထဲက သီဆိုမိပါတော့တယ်။
လေးစားရသော ဒေါက်တာဘသိန်းဝင်းနှင့် ကျနော်ချစ်ရသော သင်တန်းသားများသို့
လှရွှေ
(မောက္ခ မဂ္ဂဇင်းမှ ယူပါတယ်)
No comments:
Post a Comment