မီဒီယာ ခေတ်ပြောင်းချိန်ရောက်ပြီလား

ထက်အာင်ကျော်  (၃၁-၀၁-၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ဒေသ စည်းရုံးရေးခရီးစဉ်အပေါ် သတင်းဌာနအသီးသီးရဲ့ သတင်းတင်ပြပုံတွေကိုကြည့်ရင်း နားထောင်ရင်းနဲ့ လွန်ခဲ့တဲ့ ၁၀-နှစ်နီးပါးခန့်က ကျနော်တို့ တင်ပြခဲ့ဖူး တဲ့ ဒီပဲယင်းခရီးစဉ်တင်ပြပုံနဲ့ အတော်ကွာခြားသွားပီဆိုတာကို သတိထားလိုက် မိပါတယ်။

 
၂၀၀၃ မေလ ဒီပဲယင်းခရီးစဉ်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဘယ်နေ့ ဘယ်ကို သွားမယ်။ ဘယ်နေရာမှ ဟောပြောပွဲလုပ်မယ်။ ဒေသခံလူထုအခြေနေက ဘယ်လိုရှိတယ် စသဖြင့် ကြို သိနိုင်ဖို့ တယ်လီဖုန်းကိုဘဲ့အားကိုးပီး တချိန်လုံးဆက်နေရပါတယ်။ နော်ဝေး ကနေ မြန်မာနိုင်ငံဆီဖုန်းခေါ်ရ တာကလဲ ခက်သလားမမေးနဲ့။ ဆယ်ခါခေါ် တခါလောက်ဘဲ့ ၀င်ပီး ဈေးကလဲ အင်မတန်ကြီးပါတယ်။

အဲဒီလိုခဲရာခဲဆစ်မေးထားရတဲ့သတင်းတွေကို ည ၈-နာရီ ၉-နာရီဝန်းကျင်မှာ ကျနော်တို့ ပြည် ပအခြေစိုက် ရေဒီယိုတွေက ပြန်လွင့်တော့မှ တပြည်လုံးက လူထုက သိခွင့်ရတဲ့အခြေနေ မျီုးပါ။ တယ် လီဖုန်းဆက်လို့မရတဲ့နေ့ဆိုရင် ကျနော်တို့လဲ ဘာမှကိုလွင့်စရာမရှိတော့ သလိုဖြစ်နေတတ်ပါတယ်။


ဒါပေမဲ့ အခုတော့ သတင်းလိုက်ရတာက ဒီပဲယင်းခေတ်ကလိုမဟုတ်တော့။ တယ်လီဖုန်းခ ကုန်စရာမလိုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဘယ်နေ့ ထားဝယ်ကိုရောက်မယ်။ ဘယ်နေရာတွေ ကိုသွားမယ်။ ဒေသခံလူထုက ကြိုဆိုဖို့ဘယ်လိုပြင်ဆင်နေတယ် ဆိုတဲ့သတင်းတွေ။ အထူးသဖြင့် ဓါတ်ပုံ တွေကို Face book မှာ မီနစ်ပိုင်းအလိုက်  တက်လာနေတာကို တွေ့နေရပါတယ်။


နည်းပညာက မီဒီယာကို ခေတ်ပြောင်းစေသလား

ဒီမေးခွန်းက မေးစရမလိုလောက်အောင် ရှင်းနေတဲ့မေးခွန်းဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် ဒီပဲယင်းခေတ်နဲ့ ဒီနေ့ခေတ် သတင်းတင်ပြပုံကွာတဲ့ အပြင် ၂၀၀၇-ရွေဝါရောင် တော်လှန်ရေးကာ လနဲ့ ဒီနေ့ကာလ ကြားမှာတောင် သတင်းတင်ပြပုံတွေ က အတော်ကွာခြားသွားလို့ဖြစ်ပါတယ်။


၂၀၀၇ ၀န်းကျင်က မြန်မာနိုင်ငံမှာ အင်တာနက်ဖွင့်ပေးကာစဖြစ်ပီး သတင်းဓါတ်ပုံတွေ အင်တာနက်ပေါ်တင် ရင် အီလက်ထရောနစ်ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချနေဆဲဖြစ်ပါတယ်။ အီးမေးလ်ပိုမှုနဲ့ ထောင်ဒဏ် ၆၅-နှစ်စီကျသွားခဲ့တဲ့ မင်းကိုနိုင် အပါဝင် ၈၈-မျိုးဆက်ကျောင်း သားတွေ။ ဘလော့ဂါ နေဘုန်းလတ်လို ပုဂိုလ်တွေကိုကြည့်ရင် သိသာနိုင်ပါတယ်။

ဒါပေမဲ့ အခုတော့ အခြေနေက ဒီလိုမဟုတ်တော့။ အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံရသူတွေ အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံးနီးပါးကို ပြန်လွတ်ပေးထားတဲ့အချိန်။ အင်တာနက်တွေကို အ ယင်လိုသိပ်မထိမ်းချုပ်ဘဲ အတိုင်းတာတခုအထိ လွတ်ပေးထားတဲ့အချိန်ဆိုတော့ အင်တာနက်သုံးသူ တွေဟာ ကြောက်ရွံ့စရာမလိုဘဲ အမည်ရင်းတွေနဲ့ကို Face book ပေါ် ပေါ်တင် တင်နေကြတာဟာ တ ကယ့်အားရစရာ အပြောင်းလဲတခုအဖြစ် ကျနော်မြင်မိပါတယ်။

ဒါက Social media အပိုင်းပါ။ ဂျာနယ်တွေကိုကြည့်မယ်ဆိုရင်လဲ ၂၀၀၃။ ၂၀၀၇ နဲ့ အခု ၂၀၁၂ အကြား လုံးဝ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ၂၀၀၃ ဒီပဲယင်းဖြစ်စဉ်တုန်းကဆိုရင် ဘယ် ဂျာနယ်ကမှ မရေးရဲတဲ့အပြင် ရေးခွင့်လဲမရှိပါဘူး။ ၂၀၀၇ မှာလဲ အလားတူ ခပ်ဆင်ဆင်ပါဘဲ့။ ထူးထူး ခြားခြား ဂျာနယ်တွေရဲ့အခန်းကန်ဒကို ကျနော်မတွေ့မိပါဘူး။

ဒါပေမဲ့ အခု ၂၀၁၁ နှောင်းပိုင်း နိုင်ငံရေး အကျဉ်းသားတွေလွတ်ပေးတဲ့သတင်းကနေစ ဂျာနယ်တွေရဲ့အခန်းကန်ဒ အတော်အရေးပါလာပီး သူတို့ရဲ့ အင်တာနက် ၀က်ဆိုက်ပေါ်မှာ ထူးခြားသတင်းတွေကို မီနစ်ပိုင်းအလိုက်ဖေါ်ပြလာနိုင်တာဟာ ဒီနေ ဂျာနယ်မီဒီယာခေါတ်ရဲ့ထူးခြားမှုဖြစ်ပါတယ်။

ပြည်ပမီဒီယာတွေကိုကြည့်မယ်ဆိုရင်လဲ ၂၀၀၃ ဒီပဲယင်းခေါတ်ကနဲ့ ဘာမှမဆိုင်တော့။ တယ် လီဖုန်းအခြေခံ မီဒီယာကနေ သတင်းထောက်ကိုယ်တိုင် ကွင်းဆင်းပေးပို့တဲ့သတင်းတွေအဖြစ်သို့ အ သွင်ပြောင်းလာနိုင်ခဲ့ပါတယ်။ နည်းပညာပိုင်းပြောင်းလဲမှုရဲ့ နောက်ထပ်ထူးခြားချက်ကတော့ DVB, VOA, RFA TV တွေပေါ်လာတဲ့အချက်ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀-နှစ်ဝန်းကျင် ၂၀၀၃- ဒီပဲယင်း ကာလတုန်းက ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေဖြစ်ပါတယ်။


နိုင်ငံရေးအမြင်။ သဘောတရားအယူအဆအပြောင်းအလဲနဲ့ မီဒီယာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ဒေသခရီးစဉ် သတင်းတင်ပြပုံ အပြောင်းလဲနဲ့ပါတ်သက်ပီး ကျနော်စဉ်းစားနေစဉ်မှာ တိုက်ဆိုင်စွာထွက်ပေါ်လာတဲ့သတင်းတပုဒ်ကတော့ ပြည်ပက မီဒီယာသမား တွေပါ ပါဝင်တဲ့ မီဒီယာ စီမီနာကြီးတခု ရန်ကုန်မှာ ကျင်းပနေတယ်ဆိုတဲ့သတင်းပါ။


ဒီ စီမီနာ ဘယ် လောက်အလုပ်ဖြစ်မလဲဆိုပီး စောဒကတက်သူတွေရှိကောင်းရှိနေ နိုင်ပေမဲ့ ပြည်ပမီဒီယာနဲ့ ပြည်တွင်း မီဒီယာသမားတွေ။ အစိုးရအရာရှိတွေအပါဝင် အားလုံးစားပွဲတခုတည်းထိုင်ပီး မီဒီယာအကြောင်း ဆွေးနွေးနိုင်တာကိုက မီဒီယာ ခေတ် အပြောင်းလဲတခုအဖြစ် ကျနော်က မြင်ပါတယ်။

"ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ"
"BBC, VOA ရန်တိုက်ပေးနေသည်။"
"RFA, DVB သွေးထိုးနေသည်။"
"ခလောက်ဆံ အကောက်ကြံ။ လေလှိုင်းသံ လူသတ်သမား။ နားမယောင်လေနဲ့ သတိထား"


ဆိုတဲ့ ကြွေးကြော်သံတွေကို နေ့စဉ်ထုတ် အစိုးရသတင်းစာနောက်ကျောဖုံးကနေ ဖယ်ပီးလို့ သိပ်မကြာ သေး ခင်မှာ အဲဒီသတင်းဌာနက ဌာနမှုးတွေကိုယ်တိုင် ရန်ကုန်က မီဒီယာ စီမီနာမှာ အစိုးရပြန်ကြားရေး အရာရှိတွေနဲ့ စကားတခုတည်းထိုင်ပီး ဆွေးနွေးနေတယ်ဆိုတာဟာ လွန်ခဲ့တဲ့ လပိုင်းတွေအထိ ဘယ် လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေဖြစ်ပါတယ်။

ဒါဟာ လက်ရှိအစိုးရအပါဝင် နိုင်ငံရေးနယ်ပယ်အသီးသီးမှာပါဝင်ပါတ်သက်နေသူတွေရဲ့ နိုင်ငံ ရေးအမြင်။ သဘောတရားအမြင်တွေပြောင်းလဲလာတာကြောင့်လို့ ကျနော်ကမြင်ပါတယ်။ လက်ရှိ အစိုးရကသွားနေတဲ့ လွတ်တော်အခင်းအကျင်းသစ်။ နိုင်ငံရေးပါတီတွေနဲ့ဆက်ဆံမှုပုံစံသစ်။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးမှုပုံစံသစ်။ နိုင်ငံတကာဆက်ဆံရေးပုံစံသစ်တွေပြောင်းလာရာကနေ Sate Holder တွေရဲ့ စဉ်းစားပုံတွေ။ Mindset တွေ။ သဘောတရားခံယူချက်တွေပြောင်းလဲလာတယ် လို့ ယူဆမိပါတယ်။

ဆရာကြီး ဒဂုံတာရာရဲ့ စကားလုံးကို ငှားသုံးရမယ်ဆိုရင်တော့ "ရန်သူမရှိ မိတ်ဆွေသာရှိ။ နိုင်ငံ ရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်ခြင်းဖြစ်တယ်" ဆိုတဲ့ ဒသာနသစ်ကို မြန်မာနိုင် ငံသားတွေလက်ခံလာတဲ့သဘော။ အမြင်မတူ တို့ရန်သူဆိုပြီး နှစ် ၆၀။ နှစ် ၄၀။ နှစ် ၂၀- တိုက်လာတာ တွေကိုရပ်တန့်ပီး အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှ ငါတို့တိုင်းပြည်နဲ့လူမျိုး သူများတိုင်းပြည်တွေ သူများနိုင်ငံတွေနောက် အမှိလိုက်နိုင်လိမ့်မယ်လို့ အမြင်မှန်ရလာတဲ့သဘောလို့ ကျနော်က မြင်မိပါ တယ်။


အရေတွက်မှ အရည်ချင်းသို့ မီဒီယာသမားတွေကိုယ်တိုင်ပြောင်းလဲရေး

နည်းပညာအရအပြောင်းအလဲ။ သဘောတရားအရ အပြောင်းလဲတွေပီးတဲ့အခါမှာတော့ မီဒီ ယာ သမားတွေကိုယ်တိုင်အပြောင်းအလဲလုပ်ဖို့လိုနေပီဆိုတာကို ဆွေးနွေးချင်ပါတယ်။ ဆိုလိုတာက တော့ ၂၀၀၃ ဒီပဲယင်းခေါတ်ကလို တယ်လီဖုန်းဆက်မရလို့။ တယ်လီဖုန်းလိုင်းမကြည်လို့ "သီးခံပါခင် ဗျား" ဆိုပီး ကျနော်တို့ ဆက်လက် ဆင်ခြေပေးနေလို့မရတော့။ "ဒီသတင်းနဲ့ပါတ်သက်ပီး အစိုးရတာ ၀န်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူးခင်ဗျား" ဆိုပီးလဲ ကျနော်တို့ ဆက်လက် ဆင်ခြေပေးမနေသင့်တော့ပါ။


နောက်တခါ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးခေါတ် ကလို လုံခြုံရေးအကြောင်းပြပီး "လုံခြုံရေး အခြေနေအရ ပုံတွေကိုခိုးရိုက်ရလို့ တုန်-မှုန်ခြင်း သီးခံပါခင်ဗျား" ဆိုပီး ကျနော်တို့ ဆက်လက် ဆင် ခြေပေးနေရင်လဲ ပရိတ်သတ်က လက်ခံမှာမဟုတ်တော့။ အင်တာနက်နှေးလို့ပါလို့ အကြောင်းပြပီး ကိုယ်သတင်းထောက်ဆီကပုံမရဘဲ့ Face book ပေါ်က ပုံတွေချည်းစွတ်တင်ပြသနေတာမျိုးကိုလဲ ပရိ သတ်က လက်ခံမှာမဟုတ်တော့။ ကျနော်တို့အားလုံး သတင်းထောက်ပီပီ ကွင်းထဲဆင်းပီး အလုပ်လုပ် ကြ ရပါတော့မယ်။

ပြည်တွင်း ပြည်ပ ဝေးကွာမှု။ ဆက်သွယ်ရေးအားနဲမှု။ နည်းပညာအားနဲမှု။ လုံခြုံရေးစိတ်မချရမှု စသဖြင့် စသဖြင့် အယင်ကရှိခဲ့ဖူးတဲ့ အကန့်အသတ်တွေကို ကျနော်တို့ ကျော်ဖြတ်ဖို့အချိန်ရောက်နေပါ ပီ။ ဒီအတွက် ကျနော်တို့ မီဒီယာ သမားတွေအားလုံး အလုပ်ကျိုးစားရပါလိမ့်မယ်။

တနာရီစာ သတင်းပြည့်ရေး။ နာရီဝက်စာ သတင်းပြည့်ရေးကို ဦးစားပေးခဲ့တဲ့ ခေတ်က နေ အဲ ဒီတနာရီစာလွင့်တဲ့သတင်းတွေက ပရိတ်သတ်အတွက် ဘယ်လောက်အကျိုးရှိနိုင်သလဲ။ လွင့်တဲ့သ တင်းတွေအားလုံး စံချိန-စံညွန်းမှီရဲ့လား။ သတင်းကျင့်ဝတ်နဲ့ညီရဲ့လား။ စသဖြင့် အရေတွက်ခေတ်က အရည်ချင်းခေတ်ကို ကျနော်တို့ပြောင်းရပါလိမ့်မယ်။ တက်လှမ်းရပါလိမ့်မယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက လွတ်လပ်တဲ့ မီဒီယာတွေလိုမျီုးဖြစ်လာအောင် ကျနော်တို့ မီဒီယာသမားတွေ ကြိုးစားရပါလိမ့်မယ်။ နိုင် ငံတကာနဲ့ယှဉ်နိုင်တဲ့သတင်းတင်ပြမှုတွေဖြစ်လာအောင် ကျနော်တို့ ကျိုးစားရပါလိမ့်မယ်။

ဒါတွေ ဒါတွေဟာ ဒီနေ့ပြောင်းလဲဖြစ်ပေါ်နေတဲ့ မီဒီယာ ရေစီးကြောင်းအပေါ် ရှုမြင်ချက်ဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ့ လက်ရှိတိုးတက်ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးလမ်းကြောင်းကနေ နောက်ပြန်ကျ မသွားအောင်။ လူသုံးများနေတဲ့စကားလုံအရဆိုရင်တော့ "နောက်ပြန်ဆုတ်လို့မရတော့တဲ့ ခိုင်မာတဲ့ အ ပြောင်းလဲ" ဖြစ်သွားအောင် ကျနော်တို့အားလုံး ၀ိုင်းဝန်းကျိုးပန်းဖို့ အချိန်ရောက်နေပီဖြစ်ကြောင်း တင် ပြလိုက်ရပါတယ်။
 http://www.thithtoolwin.com/2012/01/blog-post_1607.html

No comments: