ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီးပွားရေးပညာရပ်က ပညာရေးကို ကုန်ပစ္စည်းတခုအနေနဲ့ ရှူမြင်သုံးသပ်ပါတယ်။ ကုန်ပစ္စည်းတိုင်းမှာ သက်ဆိုင်ရာသွင်ပြင်လက္ခဏာရပ်တွေရှိသလို ပညာရေးဆိုတဲ့ ကုန်ပစ္စည်းမှာလဲ သီးခြားသွင်ပြင်လက္ခဏာရပ်တွေဖြစ်တဲ့ consumption (ဥပမာ- ပညာတတ်ခြင်းအားဖြင့် ဘ၀အာမခံချက်ရှိခြင်း)၊ direct investment (ပညာတတ်တွေကို လုပ်ငန်းတွေမှာ လစာငွေတိုးပေးခြင်းအားဖြင့် သူတို့ရဲ့စွမ်းရည်တွေကို အသုံးချပြီး ထုတ်လုပ်မှုစွမ်းအားတက်စေခြင်း) စတာတွေပါရှိပါတယ်။ အချို့သောပညာရှင်များကတော့ ဒီလက္ခဏာရပ်တွေအပြင် ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ economic system နဲ့ social system ကို functioning လုပ်ပေးနိုင်တဲ့အရေးကြီးဆုံးသွင်ပြင်တရပ်ကို ပိုင်ဆိုင်ထားတယ်လို့လဲ အဆိုရှိကြပါတယ်။
consumption အနေနဲ့တခါထပ်ကြည့်မယ်ဆိုရင်လဲ ပညာရေးဟာ စားသုံးသူများကို လက်ရှိတွင်သာမက အနာဂတ်အတွက်ပါ ကျေနပ်နှစ်သိမ့်မှုပေးနိုင်ပါတယ်။ ကျောင်းနေပျော်ခြင်းဆိုတဲ့ current consumption သာမက ဘ၀အာမခံချက်ရှိခြင်း ဆိုတဲ့ future consumption ကိုပါဖြစ်စေနိုင်ပါတယ်။ ဒီလိုအနာဂတ်မှာပါ ပညာရေးရဲ့အသီးအပွင့်ကို ခံစားနိုင်တာဖြစ်တဲ့အတွက် ပညာရေးဟာ ရေရှည်ခံတဲ့ကုန်ပစ္စည်းအမျိုးအစား (durable good) ဖြစ်လာပါတယ်။ ဒါကြောင့်လဲ ပညာရေးဆီမှာ investment feature ရှိတယ်လို့ဆိုရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးအနေနဲ့ကြည့်မယ်ဆိုရင် ပညာရေးရဲ့ consumption နဲ့ investment ဆိုင်ရာသွင်ပြင်တွေကို ခွဲခြားနေခြင်းက အရေးသိပ်မကြီးလှပါဘူး။ ဒါဆိုဘာကအရေးကြီးတာလဲ။
ပညာရေးရင်းနှီးမြှုပ်နှံမှုကနေ ဘာတွေကို generate လုပ်ပေးနိုင်သလဲ
အရေးကြီးဆုံး ခွဲခြားကြည့်ရမယ့်အရာကတော့ ပညာရေးရင်းနှီးမြှုပ်နှံမှုကနေ generate လုပ်ပေးနိုင်မယ့် imputed income (နောင်တချိန်ဘ၀အာမခံချက်ရရှိခြင်း) နဲ့ ပညာတတ်တယောက်ရဲ့လုပ်အားကြောင့် ထွက်ပေါ်လာနိုင်မယ့် factor earnings တိုးမြင့်ခြင်းပါပဲ။ဒီနှစ်ချက်ဟာ education programme တွေရဲ့ pattern ပေါ်မှာ လာပြီး reflect ဖြစ်တာအတွက်ကြောင့် ပေါ်လစီများရေးဆွဲရမှာ နှစ်ခုကြားမှာ weighted လုပ်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် education capital stock ဟာ အလျင်အမြန်ပြောင်းလဲစေနိုင်တာတော့ မဟုတ်တဲ့အတွက် investment planning ချတဲ့အခါမှာ long-term development ရှူထောင့်ကနေ ကြည့်နိုင်ဖို့တော့ အလွန်ပဲအရေးကြီးပါတယ်။ဒီနေရာမှာ education asset ရဲ့ ရေရှည်အသုံးဝင်မှုသက်တမ်းကို ကြည့်ရမှာ ဖြစ်တဲ့အတွက် အနာဂတ်မှာ တောင်းဆိုလာမယ့် skills တွေကို ပြည့်မှီစေမယ့် education အမျိုးအစားတွေကို စနစ်တကျကြိုတင် ရွေးချယ်နိုင်ဖို့ လိုအပ်လာပါတယ်။
ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုရဲ့တန်ဖိုး
တန်ဖိုးကို တွက်ချက်ရာမှာ လုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းကတော့ ကျောင်းသားတယောက်ရဲ့ အနာဂတ်မှာ ရရှိလာနိုင်တဲ့ earnings ကို တွက်ချက်ပြီး၊ လက်ရှိတန်ဖိုးရရှိဖို့ discount လုပ်တဲ့နည်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လက်ရှိတန်ဖိုးဟာ တချိန်မှာပြန်ရဖို့ ရင်းနှီးမြှုပ်နှံထားရတဲ့ cost နဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒီနည်းဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွက်ချက်ခြင်းအတွက် အသုံးအများဆုံးပါ။ ဒါပေမယ့် ဒီနည်းက ပညာတတ်တယောက်အတွက်အကျိုးကျေးဇူးကိုပဲ တွက်ချက်တာဖြစ်ပြီး၊ ပညာရည်မြင့်မားခြင်းဖြင့် အများအတွက် ရလာနိုင်မယ့် တန်ဖိုးများကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။
ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုရဲ့ အခြားသောတန်ဖိုးတခုကတော့ social climate နဲ့ cultural climate ကို ပြုပြင်ပြောင်းလဲနိုင်ခြင်းပါပဲ။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မရှိမဖြစ်အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်ဖြစ်ပါတယ်။ ဒီအတွက် ပညာရေးရဲ့ အမျိုးအစား၊ အဆင့်အတန်း၊ ပညာတတ်အရေအတွက်ဆိုတာတွေက အရေးပါလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့အရည်အချင်းတွေကို အနာဂတ်သင့်လျော်ရာနေရာမှာ ထုတ်ယူအသုံးမပြုနိုင်တဲ့ ပညာတတ်များ မွေးထုတ်ထားရပြန်တာ ဆိုရင်လဲ ဒါဟာ external dis-economy သာဖြစ်ပြီး၊ instability ဖြစ်ရခြင်းရဲ့ source တခုသာ ဖြစ်ပါတယ်။
ဥပမာ- မြန်မာနိုင်ငံမှာဆိုရင် ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဆရာဝန်အရေအတွက်များလာဖို့ရည်ရွယ်ပြီး ဆေးကျောင်းတက်ရောက်နိုင်သူ အရေအတွက်ကို တိုးမြှင့်ပေးလိုက်ပါတယ်။ ဒီအတွက် costs of investment တက်လာပါတယ်။ ဒါပေမယ့် “ဆရာဝန်ဘွဲ့ရရင်ပြီးရော၊အမြင့်ဆုံးတက္ကသိုလ်ကို တက်ရရင်ပြီးရော၊ ၀ါသနာပါပါမပါပါ၊ လုပ်စားဖို့မရည်ရွယ်ပါ” ဆိုပြီးတက်ရောက်သူတွေများလာတဲ့အခါ rate of return မရှိတော့ပါဘူး။ တခြားပညာရပ်များတွေမှာလဲ ဒီလိုပါပဲ။ ဘွဲ့ရရင်ပြီးရောဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အကြောင်းမဟုတ်လှပေမယ့် ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအတွက်ကျတော့ development ရဲ့ early stages တွေကို ထိခိုက်စေပါတယ်။ ဒီလို individual investment လုပ်ခြင်းအားဖြင့် ရှိစေနိုင်တဲ့ risks တွေကို ဘယ်လို လျှော့ချမလဲ။
ရင်းနှီးမြှုပ်နှံမည့်ပညာရေးအမျိုးအစားနှင့် capital equipment ကို complement ဖြစ်စေခြင်း
individual investment လုပ်ခြင်းအားဖြင့် ရှိနေနိုင်တဲ့ risks တွေကို လျှော့ချနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်ပညာရေးအမျိုးအစားနဲ့ capital equipment တွေကို complement ဖြစ်စေရပါမယ်။ နှစ်မျိုးစလုံးမှာ စနစ်တကျရင်းနှီးမြှုပ်နှံရပါမယ်။ ဆရာဝန်အရေအတွက်များလာသလို ကျန်းမာရေးစောင့်ရှောက်မှုများကလဲ များလာရပါမယ်။ တခါဘွဲ့ရပညာတတ်တွေထွက်လာပြီဆိုရင်လည်း သူတို့ရဲ့ educated manpower ကို absorption လုပ်နိုင်မယ့် capacity rate ရှိရပါမယ်။ မြင်သာအောင်ဆိုရရင် စက်မှုလယ်ယာလုပ်မယ်ဆိုရင် လယ်ထွန်စက်မောင်းဖို့ trained driver တွေလိုပါတယ်။ driver တွေ trained ထားရင်လဲ မောင်းရမယ့် လယ်ထွန်စက်တွေ ရှိနေဖို့လိုအပ်ပါတယ်။
ဒီလို sensible education target တွေချတဲ့အခါ economy ရဲ့ လိုအပ်ချက်၊ စီမံချက်တွေပြည့်မှီအောင်မြင်စေမယ့် တောင်းဆိုချက်၊ absorption capacity rate မြင့်မားစေမယ့်စနစ်ရဲ့ လိုအပ်ချက်စတာ တွေကို သေချာစဉ်းစားဖို့လိုအပ်ပါတယ်။ ဖွံဖြိုးဆဲတိုင်းပြည်တော်တော်များများမှာ ပညာတတ်တွေမရှိခြင်း၊ ရှိတဲ့ပညာတတ်တွေကို အသုံးမပြုနိုင်ခြင်း၊ လွဲမှားသော attitudes များဖြင့် ပညာရပ်ကိုချဉ်းကပ်ပြီး၊ rate of return ပြန်မလုပ်ပေးနိုင်မည့် ပညာတတ်တွေကို မွေးထုတ်မှုများနေခြင်း၊ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုများကြောင့် ဦးနှောက်ယိုစီးမှု ပြဿနာဖြစ်နေခြင်း စတဲ့အကြောင်းရင်း မျိုးစုံကြောင့် Human capital ဟာ shortage ဖြစ်နေတတ်ပါတယ်။ ဒီလို manpower shortage ကို မဖြေရှင်းနိုင်ရင် economic modernization ဘယ်လိုမှ မဖြစ်လာနိုင်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှောင့်နှေးနေဦးမှာပါပဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ထိရောက်တဲ့ လူစွမ်းအားအရင်းအမြစ်တိုးတက်ရေးမဟာဗျူဟာ (Strategy of Human Resources Development) လိုအပ်လာပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာပြဿနာများ
ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ အများအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပြဿနာနှစ်မျိုးကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ပထမတမျိုးကတော့ လိုအပ်သော critical skills ရှိတဲ့လူတွေရှားပါးမှုဖြစ်ပြီး၊ နောက်တမျိုးကတော့ လုပ်အားပေါများမှုဖြစ်ပါတယ်။ ဒီနှစ်ရပ်လုံးကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာများ ချမှတ်တဲ့အခါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ တဘက်ကနေ skills တွေ တိုးတက်အောင် လုပ်သလို အခြားတဘက်ကနေလဲ အသုံးမချရတဲ့ လူ့စွမ်းအားတွေကို အသုံးပြုနိုင်မယ့် အလုပ်တွေ ပံ့ပိုးပေးနိုင်ရပါမယ်။ ဒီပြဿနာနှစ်ရပ်လုံးဟာ နိုင်ငံတနိုင်ငံရဲ့ ပညာရေးနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ပြဿနာအတိမ်အနက် မတူပေမယ့် နိုင်ငံတိုင်းမှာတော့ ဒီပြဿနာတွေ ရှိနေနိုင်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ် ရှားပါးမှု
ဖွံ့ဖြိုးဆဲနိုင်ငံတွေများဖြစ်ပွားလေ့ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ရှားပါးမှုများကို အမျိုးအစားခွဲပြီး ဆက်လက်ဖော်ပြပါမယ်။
(၁) ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ပညာရည်မြင့်မားတဲ့ professional တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ တိရစ္ဆာန်ကုဆရာဝန်၊ သိပ္ပံပညာရှင်တွေ ရှားပါးမှု (သို့) အသုံးမ၀င်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ပညာရှင်တွေရှိတယ်ဆိုရင်လည်း များသောအားဖြင့် ဒီပညာရှင်တွေဟာ မြို့ကြီးပြကြီးများမှာသာ နေလေ့ရှိတာမို့ တကယ်လိုအပ်တဲ့ ကျေးလက်ဒေသတွေမှာ ရှားပါးမှုဖြစ်တတ်ပါတယ်။ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကနိုင်ငံတော်တော်များများမှာ အတတ်ပညာနဲ့ လုပ်ငန်းခွင် သီးခြားစီဖြစ်နေတဲ့ ပညာရှင်တွေ အများအပြားရှိနေပါတယ်။
(၂) နောက်တမျိုးကတော့ sub- professional personnel တွေဖြစ်တဲ့ technician တွေ၊ သူနာပြုတွေ ရှားပါးမှုဖြစ်ပါတယ်။ ဒီလိုရှားပါးမှုမဖြစ်အောင် တက္ကသိုလ်ပညာရေးမဟုတ်တဲ့ ပိုလီတက်နစ် institution တွေ ဖွင့်လှစ်ပေးဖို့ လိုအပ်ပါတယ်။
(၃) နောက်ထပ်ရှားပါးမှုတမျိုးကတော့ အဆင့်မြင့်စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်မှုဆိုင်ရာ ၀န်ထမ်းများရှားပါးမှု ဖြစ်ပါတယ်။ private sector မှာရော၊ public sector မှာပါ အရည်အချင်းပြည့်ဝတဲ့အုပ်ချုပ်ရေး ၀န်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။
(၄) နောက်တမျိုးကတော့ အခြေခံပညာရေးနဲ့ အဆင့်မြင့် ပညာရေး ဆရာ၊ ဆရာမများပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမများ ရှားပါးမှုဟာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဖြစ်စဉ် တရပ်လုံးအတွက် 'master bottleneck' ဖြစ်တာမို့ အထူးဂရုစိုက်ရမယ့် ကဏ္ဍတရပ်ဖြစ်ပါတယ်။
(၅) နောက်တမျိုးကတော့ craftsmen of all kind လို့ဆိုနိုင်တဲ့ စာရေးစာချီတွေ၊ machine operator စသူတွေရှားပါးမှုဖြစ်ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာလေ့ကျင့်သင်ကြားပေးမှုတွေနဲ့ သင်တန်းပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၆) နောက်ဆုံးတမျိုးကတော့ အထွေထွေ လိုအပ်သော ပညာရှင်တွေဖြစ်တဲ့ လေကြောင်းလိုင်း ပိုက်လော့တွေ၊ စီးပွားရေးပညာရှင်တွေ၊ စာရင်းအင်းဆိုင်ရာပညာရှင် စတာတွေဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာက အထက်မှာဖော်ပြခဲ့တဲ့ အတတ်ပညာရှင်၊ အသိပညာရှင်၊ ပညာသည်တွေအားလုံးအပေါ်မှာ မူတည်နေပါတယ်။ သူတို့တွေရဲ့အရေအတွက်၊ အရည်အချင်းတွေ တိုးတက်လာတာနဲ့အမျှ၊ သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးချလာနိုင်တာနဲ့အမျှ human capital တက်လာနိုင်ပါတယ်။ ဒီလို Human capital formation ဖြစ်စဉ်ကို လည်ပတ်နိုင်စေဖို့အတွက် နိုင်ငံအုပ်ချုပ်သူများမှ manpower ဆန်းစစ်မှုဆိုတာကို ပြုလုပ်သင့်ပါတယ်။
manpower ဆန်းစစ်ချက်
manpowerဆန်းစစ်ချက်များ ပြုလုပ်တဲ့အခါမှာ ရည်မှန်းချက် သုံးရပ် ရှိရပါမယ်။
ပထမရည်မှန်းချက်ကတော့ economic sector တခုချင်းဆီမှာ ရှိနေတဲ့ skilled manpower ရှားပါးမှုကို ဖော်ထုတ်ပြီး၊ ဘာကြောင့်ရှားပါးတယ်ဆိုတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။
ဒုတိယရည်မှန်းချက်ကတော့ ဖြစ်နေမှုတွေနဲ့ ဖြစ်ရခြင်းအကြောင်းရင်းတွေကို ဖော်ထုတ်ရပါမယ်။
တတိယရည်မှန်းချက်ကတော့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုင်ရာ targets များကို သင့်လျော်တဲ့ expected growth rate ပေါ် မူတည်ပြီး ချမှတ်ရပါမယ်။
ဒီဆန်းစစ်ချက်ကို စနစ်တကျလုပ်ပြီးမှသာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုင်ရာ မဟာဗျူဟာ တရပ်ကို ရေးဆွဲရပါမယ်။ ဒီမဟာဗျူဟာမှာ မျက်နှာစာ သုံးမျိုးပါဝင်ဖို့ လိုအပ်ပါတယ်။
ပထမတမျိုးက သင့်တော်တဲ့ incentives များပေးခြင်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေကို လိုအပ်တဲ့ နည်းပညာတွေ သင်ယူချင်စိတ်ရှိလာအောင် တွန်းအားပေးရမှာဖြစ်ပါတယ်။ နောက်တမျိုးကတော့ လုပ်ငန်းခွင် ၀န်ထမ်းတွေကို ထိရောက်စွာ ပြုလုပ်နိုင်မယ့် အရည်အချင်းမြှင့်တင်ရေး သင်တန်းများ ပေးခြင်းဖြစ်ပါတယ်။ နောက်ဆုံးတမျိုးကတော့ formal education ကို rational development ဖြစ်အောင် လုပ်ပေးခြင်းဖြစ်ပါတယ်။
ဒီမျက်နှာစာသုံးမျိုးလုံးဟာ တခုနဲ့တခု အပြန်အလှန်အမှီသဟဲ ပြုနေတာဖြစ်တဲ့အတွက် သုံးမျိုးစလုံးကို တပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ တပြိုင်တည်းမှာပဲ formal education နဲ့ in-service training ကို ပေါင်းကူးပေးနိုင်အောင်လဲ ကြိုးပမ်းရမှာဖြစ်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုပြုလုပ်ရာမှာ အရေးကြီးဆုံးလိုအပ်ချက်တရပ်ဖြစ်တဲ့ education planning နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါမယ်။
ပညာရေးစီမံချက်နှင့်ပေါ်လစီများ
ပညာရေးစီမံချက်နှင့် ပေါ်လစီများချမှတ်ရာမှာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပြုလုပ်ရမယ့် စီမံချက်များ၊ ပေါ်လစီများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာ ချမှတ်ရမည့် ပေါ်လစီများမှာ များစွာသော ကွဲပြားမှုတွေ ရှိပါတယ်။
ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးက (၂၀၀၇)ခုနှစ်က ထုတ်ဝေတဲ့ Building Knowledge economies စာတမ်းမှာ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ချမှတ်သင့်တဲ့ ပညာရေးမူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။
(၁) မူလတန်း၊ပညာရေး
* လူတိုင်းအတွက် ပညာရေး စီမံချက်များတွင် အာရုံစိုက်ရန်
* ကျောင်းအပ်နှုန်းတိုးမြှင့်လာရေး ဆောင်ရွက်ရန်
* အမျိုးသမီးငယ်များ၏ ပညာရေးနှင့်အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတိုးတက်လာစေရန်
* အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက်ရန်
(၂) အလယ်တန်း၊ အထက်တန်းပညာရေး
* အလယ်တန်းကျောင်းအပ်နှုန်းတိုးမြင့်လာရေးဆောင်ရွက်ရန်
* အထက်တန်းပညာရေးအား တက္ကသိုလ်ကောလိပ်ပညာရေးများအတွက် ပြင်ဆင်ပေးရုံသာမက လုပ်ငန်းခွင်ဘ၀နှင့်ပါ သင့်လျော်နိုင်စေမည့် ပညာရေးအစီအစဉ်များ ဖော်ဆောင်ရန်
(၃) တက္ကသိုလ်၊ ကောလိပ်ပညာရေး
* တက္ကသိုလ်၊ ကောလိပ်ပညာရေးအဆင့်အတန်းမြင့်မားလာစေရန်
* Economy တွင် လိုအပ်သော အရည်အချင်းများနှင့် တွဲစပ်ဖော်ဆောင်ရန်
* ပရိုဂရမ်နှင့် လိုအပ်သောအရည်အချင်းများကို ဖော်ထုတ်ရန် လုပ်ငန်းရှင်များထံမှ အကြံဥာဏ်ရယူရန်
* အချိန်ကာလပိုမိုတိုတောင်းသော နည်းပညာပိုင်းဆိုင်ရာသင်တန်းများ (ဥပမာ- ပိုလီတက်နစ်များ) ဖွင့်လှစ်ရန်
(၄) စဉ်ဆက်မပြတ်ပညာရေး
* စာတတ်မြောက်မှုနှုန်းမြင့်မားလာရေး ဆောင်ရွက်ရန်
* economy မှ လိုအပ်သော အရည်အချင်းများကို ဖော်ထုတ်ပေးနိုင်မည့် သင်တန်းများပေးရန်
* အရည်အချင်းမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ရန်
စသည်တို့ဖြစ်ပါတယ်။
များသောအားဖြင့်..
ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ပညာရေးစနစ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ပြဿနာများကို ရင်ဆိုင်နေကြရပါတယ်။ ပညာတတ်များနည်းပါးမှု၊ မထိရောက်သော ပညာရေးမူဝါဒများချမှတ်ထားမှု၊ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှုနည်းစနစ်များ economy လိုအပ်ချက်နှင့်မကိုက်ညီမှု၊ သိပ္ပံနဲ့နည်းပညာသင်တန်းများ ဖွင့်လှစ်ရန်အားနည်းမှု စတာတွေဖြစ်ပါတယ်။
ဘာသာစကားအနေနဲ့ကတော့ ပထမပိုင်းနှစ်များမှာ မိခင်ဘာသာစကားနဲ့ သင်ကြားရာက တစတစ နိုင်ငံရပ်ခြားဘာသာစကားများကို တိုးချဲ့သင်ပေးသွားခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အာဖရိကတိုက်နိုင်ငံများမှာ ကျင့်သုံးရာမှာ ကြီးစွာသော အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ လူငယ်တွေကို ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးနဲ့ မိတ်မဆက်ပေးခင်မှာ solid language base နဲ့ သင်ယူလေ့လာရေးဖြစ်စဉ်ကို အခြေပြုတဲ့ approach ဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် အရေးကြီးတဲ့ပညာရေးရည်မှန်းချက်ကတော့ အရည်အသွေးမြင့်မားတဲ့ ဘွဲ့ရပညာတတ်များ အရေအတွက် တိုးတက်မြင့်မားလာခြင်းပဲဖြစ်သင့်ပါတယ်။ အရေအတွက်များပြားလာခြင်း တခုတည်းနဲ့ ပညာရေးရည်မှန်းချက် အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။
ပညာရေးမူဝါဒနဲ့ပတ်သက်ပြီး ယူနက်စကိုက ဖော်ထုတ်ထားတဲ့ generic simulation model, EPSSim နဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို နောက်ဆောင်းပါးများမှာ ဆက်လက်ဖော်ပြပါမယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၈၊ ၉၊ ၂၀၀၈)
No comments:
Post a Comment