ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..
ကိုသက်နွယ်(ခ)ညိမ်းလူဟာ ၂၀၀၂ခုနှစ်  မှာဗုံးဖောက်ခွဲမှုဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း  ကျခံခဲ့ရပါတယ်..။ ထောင်တွင်းမှာ သွားများတချောင်းမှ မကျန်အောင် အပြင်းအထန်  နှိပ်စက်ခံခဲရပါတယ်...။ အာဏာရှင် ဗိုလ်သန်းရွှေ အာဏာတည်တံ့ခိုင်မြဲဘို့အတွက်  အဓိက ဒေါက်တိုင်ဟာ ဗိုလ်ခင်ညွှန့်ပါ..။ မိမိသားသမီးတွေနဲ့  ခွဲခွါနေရတာကိုကြတော့ ကိုယ်တိုင်ခံစားတတ်တယ်..။ ပြီးခဲ့တဲ့ သတင်းတွေမှာ  ထောင်ကထွက်လာမယ့် သားကို မျှော်ပြီး လွတ်မလာတဲ့ အတွက်  မျှော်လင့်ချက်မဲ့ပြီး သေဆုံးခဲ့ရတဲ့ မိခင်တွေ၊ သားဖြစ်သူ လွတ်လာတဲ့နေ့မှာ  ဝမ်းသာလုံးစို့ပြီး သေဆုံးခဲ့ရတဲ့မိခင်တွေကို ဗိုလ်ခင်ညွှန့်  ကိုယ်ချင်းစာကြည့်ပါ။
၁၉၈၈ကနေ ၂၀၁၁ခုနှစ်အထိ ထောင်ထဲမှာ  သေဆုံးခဲ့ရတဲ့ သူတွေ သေရာပါ ဒဏ်ရာနဲ့ ဒုက္ခိတဖြစ်ခဲ့ရတဲ့သူတွေ၊  နိုင်ငံရေးအကျဉ်းသား သား၊သမီးတွေကို တွေ့မြင်ခွင့် မရလိုက်ပဲ  အသေမဖြောင့်ခဲ့ရတဲ့ မိခင်၊ ဖခင်တွေအတွက်.. သားသမီးချင်း၊ မိဘချင်း  ဗိုလ်ခင်ညွန့် ကိုယ်ချင်းစာကြည့်ပါ..။
ပြန်ထွက်လာတဲ့အချိန်မှာ  ခေတ်ကာလအကြိုက်ကို ကြိုသိနေပြီး ထောက်လှမ်းရေး အကွက်အတိုင်း  ဒေါ်အောင်ဆန်းကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ စကားတခုထဲနဲ့  အမြင်မှန်ရသွားပြီဆိုပြီး ခွင့်လွှတ် လွယ်ကြတဲ့သူတွေ စဉ်းစားကြည့်ကြပါ...။  နာစရာကို လွမ်းစရာနဲ့ ဖြေစရာ တကွက်မှ မရှိသလို.. လွမ်းလောက်လို့လားဗျာ..  ဘုရား၊ တရားပဲလုပ်မယ်ဆိုပြီး တရားသိနေတယ် ဆိုလည်း ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ  အကုသိုလ်တွေကို နောင်ဘဝအတွက် မပါအောင် ယောင်္ကျားပီပီ ဝန်ခံတောင်းပန်ပေါ့..။
ပေဖြစ်လည်းခံ တူဖြစ်လည်းခံနေရတဲ့  ကျွန်တော်တို့ မြန်မာတွေ တခြားနေရာမှာခွင့်လွှတ်လွယ်တာ မပြောလိုပေမယ့်..  ကျားက သက်သက်လွတ် စားပြီဆိုပြီး ခွင့်လွှတ် လွယ်လွန်းတာကတော့  ခံခဲ့ရတဲ့သူတွေကို မညှာတာရာ ရောက်ပါတယ်..။ တောင်းပန်ပါတယ်ဆိုတဲ့  နောင်တတရားရတဲ့ စကားတလုံး မထွက်လာသ၍ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိလို့  မြင်ပါတယ်။ ထောင်ထဲမှာ ပေးဆပ်ခဲ့ရတဲ့သူတွေနဲ့ အာဏာစာခွက်လုရင်း  မြောင်းထဲရောက်ခဲ့တဲသူ နှိုင်းယှဉ်စရာမရှိပါ..။ မစင်ပုံထဲက လောက်ကို  ကျွန်တော်တို့ ဆင်းမဆယ်မိဖို့ ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ်လွယ် သူများအား  လွမ်းလောက်လို့လားလို့  မေးပါရစေ၊ ပြောပါရစေဗျာ။
ဒီမိုဝေယံ
ပြုသူအသစ် ဖြစ်သူအဟောင်းလို့ ဆိုပေမယ့် ဗိုလ်ခင်ညွန့်လက်ထက်မှာ မတရားခံရသူ အတွက်ကတော့ အသစ်တွေပါပဲဗျာ..
နဝတ၊ နအဖလက်ထက် မြန်မာပြည်ရဲ့  ဗုံးပေါက်ကွဲမှုတွေမှာ တရားခံကို ဖမ်းမိရိုးထုံးစံရှိလား..။ နဝတ၊ နအဖလက်ထက်  တန်ခိုးလက်စောင်းထက်ခဲ့တာ ဗိုလ်ခင်ညွန့်နဲ့ အပေါင်းအပါတွေပါ..  နအဖအတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးကို အချင်းချင်း ခွက်စောင်းခုတ်  ဖြုတ်ထုတ်သတ် ဗုံးခွဲလုပ်ကြံကြတာ မှတ်မိကြမှာပါ..။  အမှုမှန်ပေါ်ပေါက်ရဲ့လား... နောက်ဆုံးခံရတာတော့ တက်ကြွတဲ့နိုင်ငံရေး  လှုပ်ရှားသူတွေလေ..။ တံတွေးလက်ညှိုးဆွတ် ခါးထိုးပြီး မကောင်းသူ  ထိပ်ကောင်းသူထိပ်ပေါ့.. အခုတော့ တရားခံက အပြုံးမပျက် ပြည်တွင်းဂျာနယ်တွေမှာ  သူရဲကောင်း ယောင်ယောင် နေရာဝင်ယူ နေပါတယ်..။
ခံခဲ့ရတဲ့ ကိုသက်နွယ်(ခ) ကိုညိမ်းလူ  ကတော့ ကိုယ်မလုပ်ခဲ့ရတဲ့ ကျူးလွန်ခြင်းမရှိတဲ့ ပြစ်မှုအတွက်  နောက်ဆုံးအချိန်မှာ ဒုက္ခမျိုးစုံ ခံစားရင်း အခန်းကျဉ်းလေး တခုထဲက  ဖျာကြမ်းပေါ်မှာ ခေါင်းအုံးတလုံး၊ ဆောင်လေး တစ်ထည်.. ပတ်ဝန်းကျင်က ကူညီသူ  အနည်းငယ်နဲ့ လောကကြီးကို ကျောခိုင်း ထွက်ခွာသွားပါပြီ..။
အောက်မှာတော့  ယခုသတင်း ဆောင်းပါးမှာ လာရောက်ကွန်မာန့်ပေးသွားတဲ့ ကိုငယ်ရဲ့ ကွန်မာန့်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်..
ကိုသက်နွယ်(ခ)ညိမ်းလူ  အနှိပ်စက်ခံခဲ့ရတဲ့နည်းတွေထဲက တခုကိုတော့ ကျွန်တော်ပြောပြချင်တယ်၊  ရိုင်းသွာရင်ခွင့်လွှတ်ပါ၊ အမှန်တရားကို သိစေချင်တာကြောင့်ပါ၊  ဗုံးခွဲတယ်ဆိုပြီးစွပ်စွဲပြီးတော့ လူ့ရဲ့မစင်ကိုအတင်းအကြပ် ကျွေးပါတယ်၊  မစားလို့စေ့ထားတဲ့ သွားကိုရိုက်ချိုးပြီး လူ့မစင်ကိုပါးစပ်ထဲ အဓမ္မ  သိပ်ထည့်ပြီး မျိုချခိုင်းပါတယ်၊ နောက်ထပ်အလုပ်မခံချင်ရင်  ပြစ်မှုကိုကျူးလွန် မိခဲ့ပါတယ်ဆိုပြီး မမှန်မကန်တဲ့ဖြောင့်ချက်ကိုယူဘို့  ချိန်းခြောက်ပါတယ်၊ အစပိုင်း တော့အဲဒီလို အမှန်အတိုင်း မလုပ်ဘူးကြီး  ဖြေနေလိုက်တာ လေးခါလောက်လဲ စစ်လိုက်ရော ပါးစပ်မှာ အံသွားလောက်ဘဲကျန်တဲ့  အခြေအနေ ဖြစ်သွားပါတယ်၊ နောက်ဆုံး စစ်ဆေးရေးအလိုကျ ပြောပါ့မယ်လို့ ကတိပေးမှ  ယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးတဲ့ပုံစံကို ဗီဒီယိုရိုက်ထားပါတယ်၊  ထုံးစံအတိုင်း ဘယ်သူ့ချိန်းခြောက်မှုမှ မပါဘဲ မိမိသဘောအတိုင်း အဖြစ်မှန်ကို  ထွက်ဆိုခဲ့တဲ့ ပုံစံဖြစ်အောင် သက်သေအဖြစ် မှတ်တမ်းတင်ထားပါတယ်၊  နောက်ဆုံးတော့ ဝန်ခံဖြောင်ချက်ပေးတဲ့အတွက် သေဒါဏ်အစား ထောင်ဒါဏ်  တသက်တကျွန်း တံခါးပိတ် အမိန့်ချလိုက်တယ်။ သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး  ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့ သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး ပါးစပ်ထဲမှာ  အနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို  ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ သဘောထားကြပါလို့  ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင်  စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ သွေးတွေ ဆူလာပါတယ်ဗျာ။  ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့  ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။
 ကိုယ်မကျူးလွန်တဲ့ ပြစ်ဒဏ်အတွက်  ဗိုလ်ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေရဲ့ မြေဇာပင်ဖြစ်ခဲ့ရတဲ့  ကိုသက်နွယ်(ခ)ညိမ်းလူ ကောင်းရာ သုဂတိလားပါစေ...။
No comments:
Post a Comment