Published on January 18, 2012 by အေးနိုင် DVB
ဗကသများ အဖွဲ့ချုပ် တရားဝင်ရပ်တည်နိုင်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီကို လွန်ခဲ့တဲ့ရက်ပိုင်းက ထောင်ကနေ လွတ်မြောက်လာတဲ့ ဗကသ ခေါင်းဆေင် ကိုကျော်ကိုကို၊ ဒီငြိမ်းလင်းအပါအဝင် ကျောင်းသားခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။
ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို မေးမြန်းထားပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးတယ်၊ ဘာတွေ ဆုံးဖြတ်တယ် ဆိုတာကို ရှင်းပြပါလား။“ဒီနေ့ ကျနော်တို့ ဆွေးနွေးတဲ့ ပွဲမှာ ဗကသများအဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေးအတွက် ဗဟိုစည်းရုံးရေးကော်မတီ ဖွဲ့စည်းခြင်းကို ဆုံးဖြတ်ကြပါတယ်။ ဖွဲ့စည်းခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင်များနဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းသား ခေါင်းဆောင်များ ပူးပေါင်းပြီး ဗကသများအဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေးအတွက် ဆက်လက်ရပ်ခံဖို့အတွက် တတိုင်းပြည်လုံး စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဗဟိုစည်းရုံးရေး ကော်မတီကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
“ဗဟိုစည်း ရုံးရေး ကော်မတီရဲ့ လတ်တလော တာဝန်တွေကတော့ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးနဲ့ ကိုအေးအောင် အပါအဝင် မလွတ်မြောက်သေးသော နိုင်ငံရေးကျဉ်းသားများ အားလုံး ပြန်လည် လွတ်မြောက်လာစေရန် ကြိုးပမ်းခြင်းတို့ ဖြစ်ပါတယ်။ ဗဟိုစည်းရုံးရေး ကော်မတီရဲ့ ရေရှည်တာဝန်တွေကတော့ ဒေသဆိုင်ရာ ကျောင်းသားသမဂ္ဂများ၊ လူမျိုးစု ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်ရေးနဲ့ ကျောင်းသားထု ညီလာခံမှာ ရွေးကောက်တင်မြှောက်တဲ့ ဗကသများ အဖွဲ့ချုပ် ပေါ်ပေါက်ရေးတို့ ဖြစ်ပါတယ်။
“အခု ဖွဲ့စည်းလိုက်တဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီရဲ့ ဖွဲ့စည်းပုံမှာ အဖွဲ့ဝင် ၁၂ ဦးပါဝင်ပြီးတော့ ဥက္ကဋ္ဌအဖြစ် ကျနော်က တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒု-ဥက္ကဋ္ဌ ၁ အဖြစ် ကိုလင်းထက်နိုင်က တာဝန်ယူပြီး၊ ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ကိုဒီငြိမ်းလင်းက တာဝန်ယူမှာ ဖြစ်ပါတယ်။ အထွေထွေအတွင်းရေးမှူးအဖြစ် မဖြိုးဖြိုးအောင်က တာဝန်ယူမှာ ဖြစ်ပြီး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ကိုအောင်အောင်ကျော်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၂ အဖြစ် ကိုမင်းသွေးသစ်တို့က တာဝန်ယူမှာ ဖြစ်ပါတယ်။ သတင်းနဲ့ ပြန်ကြားရေး ကော်မတီကို ကိုသီဟဝင်းတင်၊ နိုင်ငံခြားဆက်သွယ်ရေး ကော်မတီကို ကိုဘုန်းပြည့်ကြွယ်၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီကို ကိုစည်သူမောင်၊ သုတေသနနဲ့ဖွံ့ဖြိုးရေး ကော်မတီကို ကိုရဲမင်းဦး၊ ဘဏ္ဍာရေးကော်မတီကို မဟန်နီဦး၊ တိုင်းရင်းသား ကျောင်းသားရေးရာ ကော်မတီကို ကိုနန္ဒဆက် အောင်တို့က တာဝန်ယူမှာ ဖြစ်ပါတယ်။”
ဒီနေ့ ဆွေးနွေးပွဲမှာ ဘယ်သူတွေ လာလဲ။“ကျနော်တို့ ထောင်က လွတ်မြောက်လာတဲ့ လက်ရှိ ကျောင်းသားခေါင်းဆောင် လက်ရှိ ကျောင်းတက်နေတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ ပြီးတော့ ထောင်မကျပေမယ့် တာဝန်ဆက်လက် ထမ်းဆောင်နေတဲ့ ကျောင်းသား ခေါင်းဆောင်တွေရော ပူးပေါင်းပြီးတော့ ဆွေးနွေးပွဲ ကျင်းပတာ ဖြစ်ပါတယ်။ ၉၆၊ ၉၇၊ ၉၈ နဲ့ ၂၀၀၃ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်းတွေလည်း ပါဝင်ပါတယ်။”
ဒီနေ့ ဆွေးနွေးပွဲလေးမှာ လက်ရှိအစိုးရပေါ် ဘယ်လို သုံးသပ်ကြလဲ။ ဒီလိုမျိုး ပေါ်ပေါ်တင်တင် လုပ်လို့ ရပါ့မလား။“ကျနော်တို့ က ဒီနေ့ ဆွေးနွေးပွဲမှာ သမဂ္ဂဗဟိုစည်းရုံးရေး ကော်မတီ ဖွဲ့စည်းခြင်း ကိစ္စကိုပဲ ဆွေးနွေးတာဖြစ်ပြီး လက်ရှိ အစိုးရအပေါ် သုံးသပ်ချက်တွေနဲ့ ကျနော်တို့ ထုတ်ပြန်ကြေညာမှု မရှိပါဘူး။ အဲဒီ သုံးသပ်ချက်တွေကိုလည်း ကျနော်တို့ မဆွေးနွေးကြပါဘူး။ ကျနော်တို့ လောလောဆယ် အလုပ်ဖြစ်မြောက်ရေးအတွက် ဒီကျောင်းသားသမဂ္ဂ တရားဝင် ရပ်တည်ရေးအတွက် လက်တလော ရပ်ခံနိုင်တဲ့ လူတွေကို ရွေးချယ်ပြီးတော့ ကျနော်တို့ တာဝန် ပေးအပ်ခြင်းပဲ ဖြစ်ပါတယ်။”
လက်ရှိကာလက စပြီးတော့ ဘယ်တော့ လုပ်ငန်းတွေ စမယ်၊ ဘာတွေလုပ်မယ် ဆိုတာ ပြောပြပါလား။“လုပ်ငန်းစဉ် စဖို့ကတော့ ကျနော်တို့ ကော်မတီ ဖွဲ့ပြီးပြီ ဆိုပေမယ့် ကျနော်တို့ စည်းမျဉ်းဥပဒေတွေ၊ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ မသတ်မှတ်ရသေးပါဘူး။ ကော်မတီ ဖွဲ့ပြီးတာနဲ့ တပြိုင်နက် တပတ်အတွင်းမှာ စည်းရုံးရေး လုပ်ငန်းစဉ်များ၊ လုပ်ပိုင်ခွင့်နဲ့ တာဝန်များ အသီးသီးကို ခွဲခြားသတ်မှတ်ဖို့ အစည်းအဝေးတွေ ထပ်မံ ကျင်းပမှာ ဖြစ်ပါတယ်။ ပြင်ပ လှုပ်ရှားမှုအနေနဲ့ကတော့ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်တဲ့ နေရာတိုင်းမှာ ကျနော်တို့ ကျောင်းသားတွေ ရှိနေမှာ ဖြစ်ပါတယ်။”
နိုင်ငံ ရေးရာသီဥတုက အပြောင်းအလဲ ဖြစ်နေတဲ့အချိန်မှာ ကိုကျော်ကိုကိုတို့ ဒီ ကော်မတီကရော ပေါ်ပေါ်တင်တင် လုပ်ကိုင် ဆောင်ရွက်မှာလား။ ဘယ်လို လုပ်မှာလဲ။“ကျနော်တို့ ကော်မတီက ပေါ်ပေါ်တင်တင်ပဲ လုပ်ကိုင်ဆောင်ရွက်ခဲ့တာ ကြာပါပြီ။ ကျနော်တို့ ထောင်က လွတ်လာပြီးကတည်းက ပေါ်ပေါ်တင်တင် ဆောင်ရွက်နေပါတယ်။ လက်ရှိလည်းပဲ။ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိရမယ်၊ ပါလီမန်ရှိရင် သမဂ္ဂရှိရမယ်၊ သမဂ္ဂရှိရင် သမဂ္ဂအဆောက်အုံ ရှိရမယ်။ ကျောင်းသားသမဂ္ဂက ခေတ်အဆက်ဆက် ကျောင်းသားထုတွေကြားမှာ တရားဝင်တယ် ဆိုတဲ့ မူတွေကို ဆွဲကိုင်ပြီးတော့ ကျနော်တို့ ဆက်လက် လှုပ်ရှားနေပါတယ်။”
No comments:
Post a Comment