၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးနှင့် တွေ့ဆုံခြင်း

Tuesday, January 17, 2012

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်ထဲမှာ ထိုင်နေရုံနဲ့ လွှတ်တော်ကိုယ်စားလှယ်လို့ သတ်မှတ်လို့ မရဘူးလို့ မြင်တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးနှင့် တွေ့ဆုံခြင်း

မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများတွင် အတက်ကြွဆုံး ဦးဆောင်သူများထဲမှတဦး အပါအဝင်ဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးသည် ဇန်နဝါရီ ၁၃ ရက်နေ့က မိုင်းဆတ်အကျဉ်းတောင်မှ လွတ်မြောက်ခဲ့ရာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် လတ်တလော သူ၏အမြင်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး ကိုကိုကြီး၏ ဖြေကြားချက်များထဲမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

ကိုကိုကြီး ထောင်က လွတ်လာပြီဆိုတော့ ဒီတကြိမ် ထောင်ကျခဲ့ရတဲ့ အတွေ့အကြုံကို အရင်ဆုံး သိပါရစေ။

ဒီတခေါက်ကတော့ ထောင်စုံသွားတာပေါ့။ ပထမဆုံး စဖမ်းတာတော့ ပြည်ထဲရေးရုံး၊ အဲဒီကနေ အရန်ရဲတပ်ရင်း (၇) ကျောက်တန်း၊ အဲဒီကနေ အင်းစိန်သီးသန့်အကျဉ်းထောင်၊ အင်းစိန်ထောင်မှာ တရားရုံး မထီမဲ့မြင်လုပ်လို့ ခြောက်လချပြီးတော့ မအူပင်ရွှေ့၊ မအူပင်မှာ ၆၉ နှစ်ချပြီးတော့ အင်းစိန်ကို ပြန်ပြောင်း၊ နောက် ကျိုင်းတုံရွှေ့၊ ပြီးတော့ မိုင်းဆတ်ပေါ့။ နောက်ဆုံး မိုင်းဆတ်မှာ သုံးနှစ်နဲ့သုံးလလောက် နေခဲ့ရတယ်။ အားလုံးပေါင်းဆိုရင် လေးနှစ်ခွဲလောက် နေခဲ့ရတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ပါလီမန်ဒီမိုကရေစီစနစ် စတင်ကျင့်သုံးနေပြီး လွှတ်တော်တွေလည်း ကျင်းပနေပါပြီ။ ထောင်ထဲကနေလည်း ဒီအကြောင်းတွေ သိမှာပေါ့။ ဒီလွှတ်တော်ထဲက ကိုယ်စားလှယ်အမတ်တွေကို ဘယ်လိုမြင်မိသလဲ။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်ထဲမှာ ထိုင်နေရုံနဲ့ လွှတ်တော်ကိုယ်စားလှယ်လို့ သတ်မှတ်လို့
မရဘူးလို့ မြင်တယ်။ အဓိကက သူ့မဲဆန္ဒနယ်မြေက မဲဆန္ဒကို ဘယ်လောက် ထင်ဟပ်သလဲ၊ ဘယ်လောက် ကိုယ်စားပြုပြီးတော့ လွှတ်တော်ထဲမှာ ရဲရဲတင်းတင်း တင်ပြနေသလဲ၊ ပြောဆိုနေသလဲ ဆိုတာတွေကို တကယ် မှန်မှန်ကန်ကန် ကိုယ်စားပြုပြီးတော့ ထင်ဟပ်နိုင်မှ၊ ပြောဆိုနိုင်မှ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ကို ထမ်းဆောင်နေတယ်လို့ မြင်တယ်။

“ဟုတ်ပါတယ်။ ပြန်လာနိုင်လောက်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လုံခြုံမှု၊ သူတို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်လောက်တဲ့ အခြေအနေတွေကို လက်ရှိ ဦးဆောင်နေတဲ့သူတွေက အာမခံချက်ပေးနိုင်ဖို့၊ ဖန်တီးပေးဖို့ လိုပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းအဖြစ်နဲ့ ပြန်လာဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် ဥပဒေတရပ် ပြဌာန်းပြီးတော့ မြန်မာနိုင်ငံကို ပြန်လာပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုစေချင်ပါတယ်။ ခိုင်မာတဲ့ ဥပဒေတရပ် ပြဌာန်းမှုမရှိရင်တော့ သူတို့ဘက်က သံသယရှိနေဦးမှာပဲ။”

အခုလွှတ်တော်ထဲကို ကြားဖြတ်ရွေးကောက်ပွဲကနေတဆင့် အန်တီဒေါ်အောင်ဆန်းစုကြည်က
ဝင်ရောက်လာတော့မယ်။ အန်တီ လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင်ရော ဘယ်လောက်ထိ လုပ်နိုင်လိမ့်မယ် ထင်သလဲ။ မျှော်လင့်သလဲ။

ကျနော် မြင်တာကတော့ ဒီမိုကရေစီအစအနနဲ့ လေ့လာမိသလောက် အကြမ်းဖျင်း ပြောရရင် မြို့ပြနိုင်ငံလေးတွေ ခေတ်တုန်းက တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးကြတယ်။ နောက် တဖြည်းဖြည်းနဲ့ လူ့အဖွဲ့အစည်း ကျယ်ပြန့်လာတဲ့အခါမှာ ကိုယ်စားပြုဒီမိုကရေစီနဲ့ သွားနေတယ်။ အခု ကျနော်တို့ သွားနေတာက လွှတ်တော်နိုင်ငံရေးဆိုတာ ကိုယ်စားပြု ဒီမိုကရေစီပုံစံတခုလို့ မြင်တယ်။ ကျနော်တို့နိုင်ငံမှာ လူထုက တိုက်ရိုက်ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်တွေနဲ့ အခါအားလျော်စွာ မပြတ်ထိတွေ့ပြီး လွှတ်တော်တွင်းမှာ ထောက်ခံတာ ကန့်ကွက်တာတို့ဟာ တိုက်ရိုက်ထိတွေ့လာနိုင်တာမို့ တိုက်ရိုက်ဒီမိုကရေစီလိုပုံစံမျိုး ကျင့်သုံးလာနိုင်သလို လူထုကြားမှာ နိုင်ငံရေး အသိအမြင် နိုးကြားလာမယ်လို့ ကျနော် ထင်တယ်။

လက်ရှိ သမ္မတကြီးလက်ထက်မှာ နိုင်ငံတကာက သံတမန်တွေလည်း အဆက်မပြတ် လာနေကြပါတယ်။ သူတို့တွေ လာကြတဲ့အပေါ်မှာရော မြန်မာနိုင်ငံအတွက် ဘယ်လို အလားအလာကောင်းတွေ ဖြစ်လာမလဲလို့ မြင်ပါသလဲ။

တချိန်တုန်းက ကျနော်တို့နိုင်ငံက တံခါးပိတ်ပြီး နေခဲ့တဲ့နိုင်ငံ။ ကျနော်တို့နိုင်ငံထဲက ပြည်သူတွေ ဘယ်လို ခံစားနေရတယ် ဆိုတာကိုလည်း အပြင်ကမ္ဘာက ဘာမှသိခွင့်မရခဲ့ဘူး။ အဲဒီကနေ ၈၈ မှာ အချိုးအကွေ့ တခုအနေနဲ့ ဖြစ်လာတော့ ကျနော်တို့နိုင်ငံထဲက ပြည်သူတွေရဲ့အခြေအနေ၊ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအခြေအနေတွေကို ကမ္ဘာက သိခွင့်ရလာတယ်။ အခု အနှစ်နှစ်ဆယ်ကျော်လာတော့လည်း ဂလိုဘယ်လိုက်ဇေရှင်းရဲ့ သက်ရောက်မှုဟာ ကျနော်တို့နိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာပါတယ်။ ကျနော်တို့ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ကမ္ဘာ့ဘယ်နေရာမှာဖြစ်ဖြစ် တရားမဲ့ဖြစ်နေတာတွေ၊ ဥပဒေမဲ့ဖြစ်နေတာတွေကို ဘာသိဘာသာနေတဲ့ အခြေအနေမျိုး မဟုတ်တော့ဘဲ တိုးတက်လာတဲ့၊ နိုင်ငံတကာနဲ့ ထိတွေ့မှုများလာတဲ့ အခြေအနေလို့ မြင်မိပါတယ်။

မြန်မာနိုင်ငံအရေး ဒီ့ထက်မက ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဘယ်လို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေ လိုဦးမလဲ။

အခြေခံအကျဆုံး ကျနော် နားလည်တာကတော့ တအချက်က စိတ်ကောင်းစေတနာရှိဖို့ လိုတယ်။ တိုင်းပြည်ပေါ်မှာ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်ကောင်းစေတနာ၊ ကိုယ်နဲ့ နိုင်ငံရေးသဘောထား ကွဲလွဲတဲ့သူတွေအပေါ်မှာ နားလည်သည်းခံနိုင်တဲ့ အလေ့အကျင့်၊ နောက်တခုကတော့ စေတနာရှိရုံနဲ့မရဘဲ အတတ်ပညာ၊ ဒီစိတ်ကောင်းစေတနာကို ဖော်ဆောင်ပေးမယ့် အသိပညာ၊ အတတ်ပညာရှိမှလည်းပဲ တကယ် အကောင်အထည်ဖော်နိုင်မယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့အတွက် အတတ်ပညာရှင်တွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာလူမျိုးပညာရှင်တွေ ကျနော်တို့ နိုင်ငံထူထောင်ရေးအတွက် အားလုံးဝိုင်းပြီးတော့ ထူထောင်ကြဖို့ လိုပါတယ်။ နိုင်ငံရေးကို တက်တက်ကြွကြွနဲ့ လှုပ်ရှားသူတွေနဲ့ချည်း တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်လို့မရဘူး။ တကယ် တတ်ကျွမ်းနားလည်တဲ့သူတွေ ကျနော်တို့နိုင်ငံကို ပြန်လာဖို့၊ ပြန်လာရင်လည်း လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ သူတို့အတတ်ပညာတွေ၊ သူတို့စေတနာတွေကို ဖော်ဆောင်ခွင့်ပေးဖို့ လိုပါတယ်။

ပြည်ပက လူတွေကို ပြည်တွင်းက လူတွေနဲ့ ပူးပေါင်းပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပြန်လာစေချင်တဲ့ သဘောပေါ့။

ဟုတ်ပါတယ်။ ပြန်လာနိုင်လောက်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လုံခြုံမှု၊ သူတို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်လောက်တဲ့ အခြေအနေတွေကို လက်ရှိ ဦးဆောင်နေတဲ့သူတွေက အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့ လိုပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းအဖြစ်နဲ့ ပြန်လာဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် ဥပဒေတရပ် ပြဌာန်းပြီးတော့ မြန်မာနိုင်ငံကို ပြန်လာပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုစေချင်ပါတယ်။ ခိုင်မာတဲ့ ဥပဒေတရပ် ပြဌာန်းမှုမရှိရင်တော့ သူတို့ဘက်က သံသယရှိနေဦးမှာပဲ။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
(ရန်ကုန်တိုင်းမ်မှ ...)

No comments: