အပိုင်း ၁ ကိုဒီမှာယူပါ
Myanmar Institute of Peace and Security Studies (MIPSS)
လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၂)
အောက်တိုဘာလ၊ ၂၀၁၂ ခုနှစ်
နိဒါန်း
အကြမ်းဖက်မှု
(Terrorism) ဆိုတဲ့ စကားလုံးဟာ နှစ်ဆယ်ရာစု နှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ
ရေပန်းအတော်စားလာတဲ့ စကားလုံးတခု ဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး
ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကိုလဲ လေ့လာသူတွေက လေ့လာ သုံးသပ်ခဲ့ကြတယ်။
အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ
လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time
series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှု
ချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်းစစ်ခဲ့ကြပါတယ်။
လူမှုရေးစိတ်ပညာဆိုင်ရာ
ပညာရှင်တွေကလဲ သူတို့တတ်ကျွမ်းတဲ့ နည်းပညာတွေကို အသုံးပြုပြီး အကြမ်းဖက်သမားတွေရဲ့
စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ၊ သွင်ပြင်လက္ခဏာတွေကိုပါ လေ့လာခဲ့ ကြပါတယ်။ နိုင်ငံပေါင်းစုံက
အစိုးရတွေရဲ့ မဟာဗျူဟာ လေ့လာရေးဌာနတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့အစည်းတွေမှာလဲ အကြမ်းဖက်မှု
လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ အများအပြား ခန့်အပ် ဆောင်ရွက်ကြရတယ်။ အချို့သော တက္ကသိုလ်တွေအနေနဲ့ကလဲ
လိုအပ်လာတဲ့ ပညာရှင် အရေ အတွက်နှုန်းကို ပံ့ပိုးပေးနိုင်ဖို့ အကြမ်းဖက်မှု လေ့လာရေးဆိုင်ရာ
ဘွဲ့လွန်အောင်လက်မှတ်နဲ့ အထူး သင်တန်းတွေ ဖွင့်လှစ်ကြရပြန်ပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊
ဥပဒေရေးရာ စတဲ့ ဘာသာရပ် တော်တော်များများနဲ့ ဆက်စပ်နေတဲ့ multidisciplinary
subject တခုဖြစ်တဲ့ အကြမ်းဖက်မှု လေ့လာရေးဟာ ယနေ့ခေတ်ကမ္ဘာရဲ့ အရေးအကြီးတဲ့ ပညာရပ်တခု
အနေနဲ့ တစတစ နေရာယူ စိုးမိုးလာခဲ့ပါတယ်။ ပညာရပ်အနေနဲ့တင်မကပဲ နိုင်ငံတိုင်းရဲ့ အမျိုးသားလုံခြုံရေး
ရည်မှန်းချက် (National security objectives) တွေအထဲမှာလဲ အကြမ်းဖက်မှု နှိမ်နင်းရေးက
ထိပ်ဆုံးက နေရာယူ လာခဲ့ပါတယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အကြမ်းဖက်မှု
(Terrorism) ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေ၊ သတင်းနဲ့ စာနယ်ဇင်း သမားတွေ၊
အစိုးရတွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြပါတယ်။ အကြမ်းဖက်မှုလေ့လာရေး (Terrorism
Studies) ဆိုင်ရာမှာ နာမည်ကြီး ပညာရှင်တယောက်ဖြစ်တဲ့ Walter Laquer က အကြမ်းဖက်မှု
ဆိုတာကို နိုင်ငံရေး၊ ဘာသာရေး၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီဖို့အတွက်
တရားမ၀င် လက်နက်အင်အား အသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုလို့
အနက်ဖွင့်ဆိုခဲ့တယ်။ Terrorism Studies သင်တန်းအားလုံးမှာ မရှိမဖြစ် သင်ရိုးညွှန်းတမ်းဖြစ်တဲ့
'Inside Terrorism' ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ Bruce Hoffman ကလဲ အကြမ်းဖက်မှုဆိုတာမှာ
နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ လှုံ့ဆော်ချက်တွေ၊ Terrorism ရဲ့ သားကောင်တွေ (သို့)
ပစ်မှတ်တွေကို သာမပဲ အများပြည်သူကိုပါ ထိတ်လန့်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေ၊
အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းမှုတွေ ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။
အကြမ်းဖက်မှုများ
ပြုလုပ်ရာမှာ ပြည်တွင်းရေး ပဋိပက္ခကနေ ဘောင်ကျော်ပြီး နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်မှု
ခံလာရစေရေး အတွက် ကျူးလွန်တဲ့ အကြမ်းဖက်မှုအမျိုးအစားကိုတော့ Media Terrorism လို့
ခေါ်ဆိုပါတယ်။ ၁၉၆၈ ခုနှစ်တုန်းက E1 A1 လေကြောင်းလိုင်းတွေကို ပါလက်စတိုင်း တော်လှန်ရေးသမားတွေက
ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပါလက်စတိုင်း တော်လှန်ရေးသမားတွေဘက်က ကြည့်ရင်
နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်ခံရအောင်ပြုလုပ်တဲ့ နည်းလမ်းတခု ဖြစ်ပေမယ့် ဒီလိုပြန်ပေးဆွဲမှုတွေမှာ
အပြစ်မဲ့ ပြည်သူ တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ
ထိခိုက်ရမှုတွေ ပါဝင်လာတဲ့အတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းက တော်လှန်ရေးသမားတွေအနေနဲ့
အသိအမှတ်မပြုခဲ့ပဲ အကြမ်းဖက်သမားတွေ အဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေထဲမှာ
ဘာသာရေး အစွန်းရောက်မှု၊ နိုင်ငံရေး အတွေးအခေါ် အစွန်းရောက်မှုတွေကနေ ထွက်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေလဲ
အများအပြား ရှိပါသေးတယ်။
အကြမ်းဖက်မှု
(Terrorism) ဆိုတာမှာ လက်နက်အင်အားသုံးဖြေရှင်းတဲ့ အခြေခံသဘောတရား ပါဝင်ပြီး အကြမ်းဖက်သမားများ
(Terrorists) ကိုင်စွဲတဲ့ လက်နက်တွေဟာလဲ အမျိုးမျိုး ကွဲပြားခြားနားပါတယ်။ ခေတ်သစ်အကြမ်းဖက်မှု
(Modern Terrorism)ကို လေ့လာတဲ့ လက်နက် ကျွမ်းကျင် ပညာရှင်များ ကတော့ ဒါတွေကို စစ်သုံးလက်နက်အမျိုးအစားတွေ၊
ပေါက်ကွဲစေနိုင်တဲ့ဗုံးတွေ၊ အများအပြား သေကျေ ပျက်စီးစေတဲ့ လက်နက်တွေနဲ့ အသေခံဗုံးဖောက်ခွဲသူတွေဆိုပြီး
ခွဲခြားဖော်ပြခဲ့ကြပါတယ်။ စစ်သုံး လက်နက်တွေ ဖြစ်တဲ့ ပစ္စတိုတွေ၊ အေကေ- ၄၇၊ အမ်- ၁၆
တို့လို ချေမှုန်းရေး ရိုင်ဖယ်သေနတ်တွေ၊ အစ္စရေးလုပ်အူဇီ၊ အမေရိကန်လုပ် Ingramလို စက်သေနတ်တွေ၊
အာရ်ပီဂျီလို့ အတိုကောက်ခေါ်ကြတဲ့ Rocket-propelled Grenades တွေ၊ အမေရိကန်လုပ်
Stingerနဲ့ ဆိုဗီယက်လုပ် Grail တို့လို Precision Guided Munitions လက်နက်မျိုးစုံက်ု
အကြမ်းဖက် တိုက်ခိုက်မှုများ (Terrorist attacks) မှာ အသုံးပြုကြပါတယ်။ ပေါက်ကွဲစေတတ်တဲ့
ဗုံးတွေမှာလဲ စီဇက်က တီထွင်ခဲ့တဲ့ Semtex, အမေရိကန်က တီထွင်ခဲ့တဲ့ Composite-4
(C-4) တို့လို ပလပ်စတစ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ချိန်ကိုက်ဗုံး၊ ဆွဲမိုင်းစတဲ့
triggers တွေ၊ မိုလိုတော့ဗ်လို့အများက ခေါ်တတ်ကြတဲ့ ဓာတ်ဆီဗုံးတွေ၊ ပိုက်ဗုံးတွေ၊ ကားဗုံးတွေ၊
လေထုဖိအားသုံးပြီး ပေါက်ကွဲစေတတ်တဲ့ ဘာရိုမက်ထရစ်ဗုံးတွေ စသည်ဖြင့် ပါဝင်ပါတယ်။
နောက်တမျိုးကတော့
WMD လို့အတိုကောက်ခေါ်ကြတဲ့ Weapons of Mass Destruction ပါ။ ဒီအထဲမှာ ဓာတုဆိုင်ရာအေးဂျင့်တွေ၊
ဇီဝဆိုင်ရာအေးဂျင့်တွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အေးဂျင့်တွေ ကနေ နယူးကလီးယား လက်နက်တွေအထိ
ပါဝင်ပါတယ်။ 9/11 ဖြစ်ရပ်ပြီးကတည်းက ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများမှာ ဒီလက်နက်တွေနဲ့
တိုက်ခိုက်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်လာခဲ့ပြီး၊ CBRNE လို့ အတိုကောက်ခေါ်ကြတဲ့
chemical, biological, radiological, nuclear explosives တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်လာခဲ့ရင်
ပြုလုပ်ရမယ့် စီမံချက်တွေကို ရေးဆွဲလာကြရပါတယ်။
ဒီလို
နိုင်ငံတော်လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေကြစဉ်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပေါ်လစီ
ရေးဆွဲနေသူတွေ
အတွက် အချက်ကြီးတချက်ကို ထည့်သွင်းစဉ်းစားလာကြရပြန်ပါတယ်။ ဘာလဲဆိုတော့
အကြမ်းဖက်မှုကို ကျူးလွန်သူတွေထဲမှာ non-state actors တွေ ပါဝင်သလို state actors တွေလဲ
ပါဝင်နေတဲ့အချက်ပါပဲ။
လူအများ သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းတွေဟာ အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်တတ်တဲ့
လူတစုလက်ထဲကို ရောက်သွားတာနဲ့တောင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်စေတယ်ဆိုရင်
နိုင်ငံတော်အကြမ်းဖက်မှု (State Terrorism) ကျူးလွန်နေတဲ့ အာဏာရှင်အစိုးရတွေလက်ထဲ ဒီလက်နက်ပစ္စည်းတွေ
ရောက်သွားတဲ့အခါ ဒေသဆိုင်ရာလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာ ဘယ်လောက်ထိခိုက်သွားစေနိုင်မလဲ
ဆိုတာက အရေးကြီးတဲ့ အချက်တချက်ဖြစ်လာပါတော့တယ်။
နိုင်ငံတော်အကြမ်းဖက်မှု ဆိုရာဝယ်
နိုင်ငံတနိုင်ရဲ့
state authority ကို နိုင်ငံရေးပညာရှင်တွေက typology လေးမျိုးခွဲပြီး လေ့လာ သုံးသပ်ကြပါတယ်။
ပထမအမျိုးအစားကတော့ ဒီမိုကရေစီ အမျိုးအစားပါ။ ဒီမိုကရေစီ state authority ရှိတဲ့နိုင်ငံမှာ
စစ်တပ်၊ ရဲစတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ security institutions တွေဟာ ဒုတိယနေရာမှာပဲ
ရှိပါတယ်။ နိုင်ငံတော်မှာ တရားမျှတမှု ရှိတာအတွက်ကြောင့် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။
အစိုးရဆိုတာဟာ ပြည်သူက ရွေးကောက်တာဖြစ်တဲ့အတွက် အာဏာဟာ လူထုဆီကပဲ သက်ဆင်းပါတယ်။ နောက်ပြီး
နိုင်ငံတခုဟာ ဒီမိုကရေစီကျင့်သုံးနေလား၊ မကျင့်သုံးဘူးလားဆိုတာ ရွေးကောက်ပွဲ တခုတည်းနဲ့
ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ လုပ်တာနဲ့ ဒီမိုကရေစီရပြီလို့ မသတ်မှတ်နိုင်ပါဘူး။
အာဏာခွဲဝေအသုံးပြုမှု၊ လုံခြုံရေး အဖွဲ့အစည်း တွေကို secondary role မှာ ထားရှိမှု၊
ဘတ်ချက်ခွဲဝေမှု၊ accountability ရှိမှု၊ လူ့အခွင့်အရေးနဲ့ rule of law ကို လေးစားမှု၊
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင်လုပ်နိုင်တဲ့ အစိုးရရဲ့ အုပ်ချုပ်နိုင်မှုစွမ်းရည်၊
အစိုးရပေါ်လစီတွေနဲ့ ပတ်သက်ပြီး လူထုကို သတင်းအချက်အလက်ပေးမှု၊ လူထုက ဝေဖန်ပြောဆိုနိုင်မှု
စတဲ့ အချက်အလက်အများကြီးအပေါ်မှာ မူတည်တာဖြစ်ပါတယ်။
နောက်တမျိုးကတော့
authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ်ပါ။ ဒီလိုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ
လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ အစိုးရရဲ့ အာဏာဟာ
minimal
constraint ပဲ ရှိပါတယ်။ အစိုးရဟာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ခံရတဲ့
အစိုးရဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကကျတော့
ပြည်သူလူထုက လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ မတရားစော်ကားအနိုင်ကျင့်ရင် ကာကွယ်ပေးနိုင်မယ့်
ဥပဒေ မဟုတ်ပါဘူး။ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးထားတဲ့ အခြေခံဥပဒေ
ဖြစ်ပါတယ်။ ဒီလိုစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်မှာ အကန့်အသတ်တွေ
ရှိပါတယ်။ လူအများ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခွင့်၊ စုဝေးဟောပြောခွင့် မရှိပါဘူး။
ဥပဒေကို အစိုးရက သူတို့စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲပြီး၊ ဥပဒေ၀န်ထမ်းတွေကို အစိုးရဒေါက်တိုင်တွေအဖြစ်
အသုံးချလေ့ရှိပါတယ်။
နောက်တမျိုးကတော့
totalitarianism ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင်လဲ စစ်တပ်၊
ရဲစတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အဆုံးစွန်အထိကို မြင့်မားပါတယ်။ အစိုးရအာဏာဟာ
unconstrained authority ဖြစ်သွားပါပြီ။ တရားမျှတမှုတွေ ဆိတ်သုဉ်းနေပါတယ်။ လူထုကို
အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ထားပါတယ်။ အစိုးရဟာ လူ့အဖွဲ့အစည်းကို ထင်ရာစိုင်း အုပ်ချုပ်ပါတယ်။
နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ဟာ အစိုးရဆီကပဲ သက်ဆင်းပါတယ်။ ဥပမာ- အာဖဂန်နစ်စတန်မှာ တာလီဘန်
အုပ်ချုပ်စဉ်က ပုံသဏ္ဍာန်မျိုးပါ။ နောက်ဆုံး တမျိုးကတော့ crazy states ဆိုတဲ့ အမျိုးအစားပါ။
ဒီစနစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍဟာ
အရမ်းမြင့်မားပါတယ်။ နိုင်ငံတော်မှာ central authority မရှိတော့ပါဘူး။ သက်ဆိုင်ရာ ဒေသအလိုက်
စစ်ဘုရင်တွေ၊ စစ်သွေးကြွတွေက အုပ်ချုပ်ကြပါတယ်။ state behaviour ဟာ ပုံမှန်မဟုတ်တောပါဘူး။
ဥပမာ- ယူဂန်ဒါနိုင်ငံမှာ Idi Amin အုပ်ချုပ်စဉ်ကာလက အခြေအနေမျိုးပါ။
totalitarianism
နဲ့ authoritarianism စတဲ့ နိုင်ငံတော်အာဏာ ကျင့်သုံးတဲ့ နိုင်ငံတွေမှာ နိုင်ငံတော်အကြမ်းဖက်မှုတွေ
ဖြစ်ပွားတတ်ပါတယ်။ နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) ဆိုတာကို အချို့က
"terrorism from above” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။ ဘာလို့လဲဆိုတော့
ဒီအကြမ်းဖက်မှု
အမျိုးအစားက နိုင်ငံတနိုင်ငံရဲ့ အာဏာကို ရယူထားတဲ့ အစိုးရတွေ၊ အစိုးရ လက်ကိုင်တုတ်
အဖွဲ့အစည်းတွေက ကျူးလွန်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီလို ကျူးလွန်မှုမှာ ပုံစံနှစ်မျိုးရှိပါတယ်။
ပထမတမျိုးက နိုင်ငံတော်အကြမ်းဖက်မှုကို နိုင်ငံခြားပေါ်လစီဒိုမိန်း (foreign policy
domain) ပုံသဏ္ဍာန်နဲ့ ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒီလိုကျူးလွန်ရာမှာ တချို့ နိုင်ငံများက
sponsors အနေနဲ့ ကူညီပံ့ပိုး ပေးတာရှိသလို၊ တချို့ကလဲ enablers တွေအနေနဲ့ပါ။ ဒီလိုပံ့ပိုးပေးကြရမှာ
အတွေးအခေါ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ငွေကြေးပံ့ပိုးမှု၊ စစ်အင်အားပံ့ပိုးမှု၊ အကြမ်းဖက်
တိုက်ခိုက်မှုကို ကနဦး အစပျိုးပေးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်မှု
ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
နောက်တမျိုးကတော့
ပြည်တွင်းပေါ်လစီဒိုမိန်း (domestic policy domain) ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ပြည်တွင်းပေါ်လစီအနေနဲ့
နိုင်ငံတော်အကြမ်းဖက်မှုပြုလုပ်ရာမှာ အဓိက ပါဝင်လေ့ရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကတော့
အာဏာရှင်များရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့ စစ်တပ်၊ ရဲ၊ အာဏာရှင် စိတ်တိုင်းကျ ရေးဆွဲ ထားတဲ့
ဥပဒေကို အကောင်အထည် ဖော်နေကြရတဲ့ ဥပဒေ ဘက်တော်သားတွေနဲ့ အခြားသော လုံခြုံရေးအဖွဲ့အစည်းများပဲ
ဖြစ်ပါ တယ်။ ဒီနေရာမှာ နိုင်ငံတော်က ပံ့ပိုးကြိုးကိုင်ထားတဲ့ ပြည်သူ့စစ် အဖွဲ့တွေ၊
ချေမှုန်းသုတ်သင်ရေးအဖွဲ့တွေလဲ ပါဝင်ပါတယ်။ ပြည်တွင်း ပေါ်လစီအနေနဲ့ နိုင်ငံတော် အကြမ်းဖက်မှု
ပြုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အစိုးရရဲ့ အာဏာကို ပြသဖို့နဲ့ အတိုက်အခံများကို
အနှောင့်အယှက်ပြုဖို့၊ ဖယ်ရှားဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးပညာရှင်
ပီတ စီဒါဘတ်ခ်က နိုင်ငံတော်အကြမ်းဖက်မှုတွေကို vigilante state terrorism,
official state terrorism နဲ့ genocidal state terrorism ဆိုပြီး သုံးမျိုးခွဲခြားဖော်ပြခဲ့ပါတယ်။
vigilante state terrorism ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို အစိုးရက
နောက်ကွယ်ကနေ ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကျူးလွန်စေခြင်းဖြစ်ပါတယ်။
official state terrorism ဆိုတာမှာကျတော့ overt နဲ့ covert ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရတယ်။
overt official state terrorism ဆိုတာက မြင်သာထင်ရှားတဲ့ စစ်တပ်၊ ရဲ ယူနီဖောင်း ၀တ်တွေကို
အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပါတယ်။ covert official state terrorism ဆိုတာကတော့
လျှို့ဝှက်ရဲ၊
ထောက်လှမ်းရေးစတဲ့
secret services တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပြုလုပ်တာဖြစ်ပါတယ်။
genocidal
state terrorism ဆိုတာကတော့ နိုင်ငံတော်အတွင်းမှာ မှီတင်း နေထိုင်တဲ့ လူမျိုးတမျိုး
(သို့) လူမျိုးနွယ်တစုကို လူမျိုးသုဉ်းစေတဲ့ ရည်ရွယ်ချက်နဲ့ ချေမှုန်း သတ်ဖြတ်တာဖြစ်ပါတယ်။
genocide ဆိုတဲ့ စကားလုံးကို ၁၉၄၃ ခုနှစ်က Dr. Raphale Lemkin ရေးသားထုတ်ဝေခဲ့တဲ့
Axis Rule in Occupied Europe ဆိုတဲ့ စာအုပ်မှာ စတင် အသုံးပြုခဲ့တာဖြစ်ပြီး၊ လက်တင်ဘာသာကနေ
ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ geno ဆိုတာ race (or) tribe ဖြစ်ပြီး၊
cide ဆိုတာကတော့ killing (သတ်ဖြတ်ခြင်း) ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အစွန်းရောက်အစိုးရတွေဟာ
လူမျိုးစု တွေရဲ့ ယဉ်ကျေးမှု တွေကို ဖျက်ဆီးခြင်း၊ စစ်တပ်၊ ရဲအင်အားတွေသုံးပြီး ဒီလူမျိုးစုတွေ
ွနေထိုင်ရာ ရွာတွေကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူမျိုးစုဝင်တွေကို အစုလိုက် အပြုံလိုက်
သတ်ဖြတ်ခြင်း စတာတွေ ပြုလုပ်နေပြီဆိုရင် ဒါကို genocidal state terrorism ကျူးလွန်နေပြီလို့
သတ်မှတ်လို့ရပါတယ်။
Violence နှင့် Terrorism သဘောတရားတို့၏ ကွဲပြားမှုများ
Violence
ဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ကြီးကတော့ Violence ဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကို ဖြစ်စေ၊ အခြားလူအုပ်စု
(သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊
ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့
အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ Violence သဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး လက်သီးနဲ့ထိုးကြိတ်တာ၊
တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေ
အထိ ပါဝင်ပါတယ်။
လူအများက
Violence လို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ်တွေးမိ
သွားတတ်ကြပါတယ်။ ဒါတွေက Violence အမျိုးအစားတမျိုးဖြစ်တဲ့ terrorism နဲ့ သဘောတရား ရောထွေးနေလို့ဖြစ်ပါတယ်။
terrorism က Violence ရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ Violence မှာ မတရားဖိနှိပ်ခံရမှုကို
လက်နက်ကိုင်ပြီး ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့
necessary forms of violence ဆိုတာမျိုးတွေ ရှိသလို၊ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားခြင်းကင်းစွာနဲ့
မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို unnecessary forms of violence တွေလဲ
ရှိပါတယ်။
ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ
violence ဆိုတာကို Direct Violence၊ Structural Violence နဲ့ Cultural Violence ဆိုပြီး
သုံးမျိုးခွဲခြားထားပါတယ်။ Direct Violence က ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊
မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့ သက်ဆိုင်ပါတယ်။ Direct
Violence မှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး
ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု
ပါဝင် ပါတယ်။ Direct Violence ကြောင့် နှစ်စဉ်လူသား (၁.၆) သန်းခန့် သေဆုံးတယ်လို့ သုတေသန
ပညာရှင်တွေက စစ်တမ်း ကောက်ယူဖော်ပြထားခဲ့ကြပါတယ်။ Direct Violence ဟာ ကျူးလွန်သူတွေ၊
သားကောင်တွေ၊ မိသားစုဝင်ကို သာမက လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကိုပါ
ထိခိုက်စေပါတယ်။
ထိုးကြိတ်ရိုက်နှက်မှုတွေ၊
လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ Direct Violence ကသာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို
ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး
သဏ္ဍာန် (socio-economic and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို
ထိခိုက်စေနိုင်ပါတယ်။ Structural violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊
လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့ သက်ဆိုင်ပါတယ်။
လုံခြုံစိတ်ချရမှုကင်းမဲ့ပြီး
ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ Violence
လုပ်ခံရခြင်းပဲ ဖြစ်ပါတယ်။
လူမှုစီးပွားနဲ့
နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို hidden
repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ
ကွာဟချက်ကြီးမှု၊ ကျားမခွဲခြား သတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊
ပညာရေး-ကျန်းမာရေး ၀န်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ
တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ structural
violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့ တိုင်းပြည်မှာ
ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘ၀အနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အသက်ရှင်
ရပ်တည်နေ ရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ
exploitative or repressive structures တွေရဲ့ ဖိနှိပ်မှုတွေကို ခံစားရလို့ဖြစ်ပါတယ်။
နောက်ထပ်
Violence တခုကတော့ cultural violence ဖြစ်ပါတယ်။ cultural violence ဆိုတာ ယဉ်ကျေးမှု
မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့
ဒါက Direct Violence ခေါင်းစီးအောက် ရောက်သွားမှာပါ။ Cultural Violence ဆိုတာက
direct violence နဲ့ structural violence နှစ်မျိုးကို အားပေးထောက်ခံခြင်း (သို့မဟုတ်)
လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊ သိပ္ပံပညာနဲ့
ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစ္ဆာန်တွေ၊ ရောဂါဘယဆိုးတွေနဲ့
နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊
သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊ အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ် ခံရခြင်းကို
မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။
structural
violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို
ဦးတည်သွားစေတဲ့
အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ Direct Violence ဟာ ပြုမူဆောင်ရွက်ပုံ
(Behaviour) တွေကို သက်ရောက်စေနိုင်ပြီး၊ Cultural Violence က အမြင်သဘောထား
(attitudes) တွေကို သက်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ၊ ပြုမူဆောင်ရွက်မှုတွေကို
ပြောင်းလဲပြီး Direct Violence ကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊
မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို
ပြောင်းလဲပြီး cultural violence ကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့
လိုပါတယ်။
Violence
နဲ့ Terrorism ကို မြန်မာလိုဘာသာပြန်ကြရမှာ အကြမ်းဖက်မှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ
အနေနဲ့ ဆင်တူယိုးမှားတွေ ဘာသာပြန်ကြပေမယ့် အခြေခံသဘောတရားတွေမှာတော့ ကွဲပြားမှုတွေ
အများအပြား ရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး Political Violence တွေ ဖြစ်ပွားလာတဲ့အခါ
ဖြစ်ပွားတဲ့ သဏ္ဍာန် အမျိုးမျိုး ရှိပါတယ်။ အဓိကရုဏ်း (Riots)၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခြင်း
(Political Assassinations)၊ သူပုန်ထမှု (Insurgency)၊ Terrorism ဆိုပြီး သဏ္ဍာန်အမျိုးမျိုး
ရှိပါတယ်။ Terrorism ဆိုတာ အစွန်းရောက်ဝါဒ (extremism) ပေါ်မှာ အခြေတည်ပြီး ပေါ်ထွက်လာတဲ့
Political Violence အမျိုးအစားတခုဖြစ်ပါတယ်။ ဒါကြောင့် Violence နဲ့ Terrorism ကို
အတူတူပဲ လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။
လက်နက်ကိုင်တော်လှန်ရေး
(A/S)၊ တော်လှန်ရေးစစ်ပွဲ Guerrillas Warfare (GW)၊ သူပုန်ထမှု Insurgency၊ တော်လှန်ရေး
(Revolution) အမျိုးသားလွတ်မြောက်ရေး (National Liberation) စတာတွေအားလုံးဟာ
Political Violence အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Political Violence ဆိုတာက လူသားသမိုင်းနဲ့
အတူမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ မတရားမှုတွေက ဥပဒေဖြစ်လာတဲ့အခါ တော်လှန် ပုန်ကန်မှုဆိုတာ
လူ့တာဝန်တရပ် ဖြစ်လာပါတယ်။ ဒီတာဝန်ကို ကမ္ဘာတ၀ှမ်းလုံးက ပြည်သူ လူထုကြီးက အသက်နဲ့ရင်းပြီး
ထမ်းဆောင်ခဲ့ကြပါတယ်။ မတရားတဲ့ အာဏာရှင် အစိုးရများစွာဟာ လူထုကြီးရဲ့
Political
Violence တွေကြောင့် အာဏာကို စွန့်လွှတ်ခဲ့ကြရပါတယ်။ Political Violence တွေကြောင့်
အမေရိကန်တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပါတယ်။ Thomas Jefferson က တော်လှန်ပုန်ကန်မှုဆိုတာ
အစိုးရတရပ်ရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအတွက် လိုအပ်တဲ့ဆေးဝါး ဖြစ်တယ်လို့ ဆိုထားခဲ့
ဖူးပါတယ်။
Utilitarianism
နဲ့ ပတ်သက်ရင် ဆရာတဆူဖြစ်တဲ့ John Stuart Mill ကလဲ political violence ဆိုတာကို ဖြစ်ပေါ်လာတဲ့
အခြေအနေတရပ်မှာ ကျင့်ဝတ်အားဖြင့် ဘယ်လောက်မှန်ကန်တယ်ဆိုတဲ့ balance of reason ပေါ်မှာ
မူတည်ပြီး justify လုပ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ တကယ်လို့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့
လွတ်လပ်စွာ ရေးသားထုတ်ဝေခွင်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်နေပြီဆိုရင်၊
လူထုရဲ့အမြင်နဲ့ သဘောထားတွေကို လျစ်လျူပြုနေပြီဆိုရင် ဒီလို အခြေအနေ မျိုးမှာ လူထုအနေနဲ့
political violence ကို အသုံးပြုပြီး တော်လှန်ရမှာဖြစ်တယ်ဆိုတဲ့ သဘောတရားကို ပေါ်လွင်အောင်
ရေးသားထားခဲ့ပါတယ်။ Political Violence ကို အသုံးပြုရာမှာ တရားမျှတမှုရှိမရှိ ဆိုတဲ့
အချက်နဲ့ အောင်ပွဲအတွက် ဖြစ်နိုင်ချေရှိမှု နှစ်ခုကို ကြည့်ပြီး justify လုပ်ဖို့ ဆိုထားခဲ့ပါတယ်။
Robert
Audi ကတော့ တခြားငြိမ်းချမ်းရေးနည်းလမ်းများကို ဘယ်လိုမှ အသုံးပြုလို့ မရနိုင်တော့တဲ့
အဆုံးမှာ Political Violence ကို နောက်ဆုံးနည်းလမ်းအနေနဲ့ အသုံးပြုဖို့ လိုအပ်တယ်လို့
ဆိုထားခဲ့ပါတယ်။ သူက နိုင်ငံရေးအဖွဲ့အစည်းတခုဟာ တောင်းဆိုမှု၊ အသနားခံမှုတွေ ဘာမှကို
ထပ်လုပ်လို့ မရနိုင်တော့တဲ့ အခြေအနေ၊ တောင်းဆိုချက်မှန်သမျှကို လျစ်လျူရှုခံနေရတဲ့
အခြေအနေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခံလိုက်ရတဲ့ အခြေအနေတွေမှာ
လက်နက်ကိုင် တော်လှန်ရေးတွေ၊ ပုန်ကန်တော်လှန်မှုတွေ ပြုလုပ်တဲ့ တော်လှန်ရေး လမ်းကြောင်းတခုပေါ်ကို
တက်ရောက်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုထားခဲ့ပါတယ်။ အာဏာရှင်အစိုးရတွေကို သံတမန်
နည်းလမ်း၊ သာမန်တောင်းဆိုချက် နိုင်ငံရေးနည်းလမ်းတွေနဲ့တော့ အောင်မြင်အောင် ဆန့်ကျင်နိုင်မှာ
မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ဒီလိုတွေးခေါ်ပညာရှင်တွေအပါအ၀င်
ကမ္ဘာ့ပြည်သူလူထုဟာ Political Violence အမျိုးအစားတွေ ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊
သူပုန်ထမှုတွေ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို အဖိနှိပ်ခံပြည်သူတွေက
ဖိနှိပ်တဲ့ အာဏာရှင်တွေကို ပုန်ကန်မှုတွေအနေနဲ့ တခဲနက် ထောက်ခံအားပေးခဲ့ကြပါတယ်။ အဖိနှိပ်ခံရတဲ့
ပြည်သူတွေဘက်က ရပ်တည်တဲ့ Non-State actors တော်လှန်ရေးအဖွဲ့အစည်းတွေကို ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့်လဲ
တော်လှန်ရေးအဖွဲ့အစည်း တချို့ဟာ အစွန်းရောက် အတွေးအခေါ်တွေနဲ့ မကျူးလွန် သင့်တဲ့ ရာဇ၀တ်မှုတွေကို
စတင် ပြုလုပ်လာကြပါတော့တယ်။ မိမိတို့ သက်ဆိုင်ရာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို
တိုက်ရိုက်ထိပါးစေတဲ့ ဗုံးဖောက်ခွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ စစ်ပွဲမှာ တောင် ရှောင်ရှားရမယ့်
ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်းစတာတွေကို စီးနင်းမှုတွေ၊ အများပြည်သူ အသုံးပြုတဲ့
လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေကို တိုက်ခိုက်မှုတွေ
ဖြစ်ပွားလာပါတယ်။ ဒီလို လုပ်ဆောင်လာမှုတွေမှာ Political Frustration ကြောင့် ပေါ်ထွက်သွားတဲ့
တိုက်ခိုက်မှုတွေသာမက အဖွဲ့အစည်းရဲ့ အမည်ကို လူသိထင်ရှားဖြစ်စေလိုမှု၊ ခေါင်းဆောင်အမည်
နာမည်ကျော်ကြားလိုမှုနဲ့ နိုင်ငံတကာပြည်သူတွေက သိသွားစေလိုမှု စတဲ့ ရည်ရွယ်ချက်တွေပါ
ပါဝင်လာကြပါတယ်။
ဒါတွေဟာ
(၁၉၇၀) နှောင်းပိုင်း ကာလတွေမှာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ Terrorist
attacks များစွာနဲ့အတူ လက်နက်ကိုင်တော်လှန်ရေး ရေချိန်နိမ့်တုန်မြင့်တုန် ဖြစ်ကုန်မှုတွေနဲ့
တော်လှန်ရေး လမ်းစဉ်တွေကို လူထုက အပြည့်အ၀ ထောက်ခံပါဝင်မှု လျော့ပါးလာမှုတွေရဲ့ နိဒါန်းအစပါပဲ။
တော်လှန်ရေးနဲ့ Terrorism ကို ဝေေ၀၀ါးဝါး နဲ့ နားလည်မှုတွေ ရှုပ်ထွေးကုန်ကြပါတယ်။ တော်လှန်ရေး
သမားတွေကို
Terrorist တွေလို့ တံဆိပ်ကပ် ချေမှုန်းနိုင်ခွင့်ကို အာဏာရှင်တွေကို သွားပေးလိုက်သလို
ဖြစ်ကုန်ပြီး၊ အာဏာရှင်တွေက ကျူးလွန်နေတဲ့ State Terrorism ကို ထင်သာမြင်သာ မရှိစေပဲ
ရောထွေးသွားစေပါတယ်။ တခါတရံမှာ ဒီလို အခြေအနေတွေဖြစ်အောင် အာဏာရှင်တွေ ကိုယ်တိုင်က
ဗုံးဖောက်ခွဲမှုတွေ လုပ်ပြီး တော်လှန်ရေးသမားတွေကို စွပ်စွဲတာတွေလဲ ဖြစ်လာပါတယ်။
လက်နက်ကိုင်
တော်လှန်ရေးနဲ့ Terrorism အကြားမှာ ခြားထားတဲ့ စည်းဘောင်ဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်း
ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ ချီတက်လာတဲ့ စစ်ကြောင်းတခုကို မိုင်းဆွဲတိုက်ခိုက်မှု၊ မြို့ပြမှာ
စစ်လက်နက်ပစ္စည်း သိုလှောင်ရုံကို ဗုံးခွဲမှု၊ ပြည်သူလူထုကို indiscriminate
killings မဖြစ်စေသော မြို့ပြပြောက်ကျားတိုက်ပွဲများ ဆိုရင် ဒါဟာ လက်နက်ကိုင်တော်လှန်ရေး
ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ indiscriminate killings ကျတော့ Terrorism ဖြစ်သွားပါတယ်။
စစ်ဖြစ်နေတဲ့ အခြေအနေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အများပြည်သူအတွက် ခုခံကာကွယ်ပေးနေရတဲ့
အခြေအနေ စတာတွေပေါ်မှာလဲ မူတည်ပါသေးတယ်။
လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှုတို့အကြားမှ အငြင်းပွားမှုများ
အကြမ်းဖက်မှုကို
ထောက်ခံအားပေးသူတွေနဲ့ ဆန့်ကျင်သူတွေအကြား နိုင်ငံရေး လိုအပ်ချက် ဆိုတာပေါ် အခြေခံတဲ့
အငြင်းပွားမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ လူတယောက်တည်းမှာတင် အသက် သုံးနှစ်အရွယ် ကလေးတယောက်ရဲ့
မီးဆိုတာ ပူတယ်၊ မကိုင်ရဘူး ဆိုတဲ့ အသိနဲ့ အသက် သုံးဆယ်အရွယ် လူတယောက်ရဲ့ မီးဆိုတာ
ဘယ်လို အသုံးချရမယ်၊ မီးဘေးအန္တရာယ်မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်၊ မီးဘေးသင့်လာရင် ဘယ်လို
စီမံဆောင်ရွက်ရမယ် ဆိုတဲ့ အသိတရားတွေ မတူပါဘူး။ ဒီတော့ အတွေးအခေါ်ရေချိန်၊ အယူအဆရေချိန်၊
ပညာအရည်အချင်းရေချိန်၊ အလုပ်အကိုင်
နဲ့ တာဝန်ယူမှု
ရေချိန်၊ ဘ၀ဖြတ်သန်းမှု ရေချိန်တွေမှာ အမျိုးမျိုး ကွဲပြားခြားနားနေတဲ့ လူတွေအတွင်းမှာ
အငြင်းပွားမှုတွေ ဖြစ်တတ်ကြတာ ထုံးစံတခုပါပဲ။ အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး ပါလီမန်တွေ၊
တက္ကသိုလ်ကျောင်းတွေကနေ လမ်းဘေး အရပ်သားစကားဝိုင်းတွေအထိ အငြင်းပွားမှုတွေ ရှိတတ် ပါတယ်။
အငြင်းပွားမှုတွေထဲမှာ
လက်နက်ကိုင်တော်လှန်ရေး (Armed Struggles) ဆိုတာနဲ့ အကြမ်းဖက်မှု (Terrorism) ကို ကွဲကွဲပြားပြား
နားမလည်သူတွေက ဒီနှစ်ခုကို ရောထွေးပြီး ငြင်းခုန်လေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းလုံးမှာ လက်နက်ကိုင်
တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ရောထွေး ပြောဆိုတတ်သူ လူနှစ်မျိုး ရှိပါတယ်။ တမျိုးက
ကွဲပြားခြားနားမှုကို နားမလည်သူတွေဖြစ်ပါတယ်။ တမျိုးကတော့ နိုင်ငံရေးအစွန်းရောက် အတွေးအခေါ်တွေကြောင့်
အကြမ်းဖက်မှုမှန်း သိပါလျက်နဲ့ ဒါကိုထောက်ခံ အားပေးပြီး Terrorist Propaganda of
Justification ကို လုပ်ဆောင်နေသူတွေပါ။ပထမ အမျိုးအစားကိုတော့ ကွဲပြားခြားနားမှုကို
ရှင်းလင်းပြောဆို အသိပညာပေးရပါမယ်။ ဒုတိယ အမျိုးအစားကိုတော့ သူတို့ Justification လုပ်နေတဲ့
အယူအဆတွေဟာ မှားယွင်းကြောင်း အသိပညာပေးခြင်းနဲ့ လိုအပ်လာရင် နှိမ်နင်းအရေးယူခြင်းတွေ
ပြုလုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်မှုကို ထောက်ခံတဲ့ သဘောတရားတွေ
ပျံ့နှံ့သွားပြီး၊ လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security) ကို ထိခိုက်စေပါတယ်။
Global
Terrorism ထွက်ပေါ်လာရခြင်းရဲ့ အခြေခံ source ဟာ intra-state conflicts တွေပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရတွေက state-terrorism ကျူးလွန်မှုတွေ ရှိလာတဲ့အခါ နိုင်ငံတကာက ၀င်ရောက်ဖြေရှင်းပေးဖို့
ကြိုးပမ်းရမှုတွေ ရှိသလို၊ Non-State actors တွေဖြစ်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက
political frustration ဖြစ်ပြီး အကြမ်းဖက်မှုတွေ မလုပ်လာအောင်ကိုလဲ စောင့်ကြည့်အကဲခတ်မှုတွေ၊
အသိပညာပေးမှုတွေ လုပ်လာကြပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်
နေတဲ့
တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စာရင်းတွေကို နိုင်ငံတကာ ပညာရှင်တွေက ရှာဖွေပြုစုပြီး၊
ဒီအဖွဲ့အစည်းတွေကို တော်လှန်ရေး အဖွဲ့အစည်းတွေကနေ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်အောင်
တွန်းအားပေး လှုံ့ဆော်လိုက်တဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုတွေကို
လေ့လာဆန်းစစ်ထားကြပါတယ်။
အကြမ်းဖက်အတွေးအခေါ်ရှိတဲ့
ခေါင်းဆောင်တွေ တော်လှန်ရေးခေါင်းဆောင်တွေ ဖြစ်လာရင် အလွန် အန္တရာယ် ကြီးမားတဲ့အတွက်
ဒီခေါင်းဆောင်တွေကို စုံစမ်းရှာဖွေ ဖော်ထုတ်ပြီး၊ ၄င်းတို့ရဲ့ ငွေကြေး အလွှဲအယူများကို
လေ့လာစောင့်ကြည့်ရေး၊ ၄င်းတို့ ဦးဆောင်တဲ့ အဖွဲ့အစည်းများရဲ့ တော်လှန်ရေး လမ်းစဉ်ကို
ဆန်းစစ်လေ့လာရေး၊ နောက်လိုက် အဖွဲ့ဝင်များအတွင်းမှ အကြမ်းဖက်မှုကို ထောက်ခံ အားပေးနိုင်ဖွယ်ရှိသူများကို
ဖော်ထုတ်ရေး စတဲ့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ဖို့ကိုလဲ နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများက
ကြိုးပမ်းဆောင်ရွက်လာကြပါတယ်။ အကြမ်းဖက်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အမည်တွေဟာ တိုးပွားလာခြင်းသာရှိပြီး၊
လျော့နည်းသွားခြင်း မရှိတဲ့အတွက် အကြမ်းဖက်မှုကို လက်နက်တခုအဖြစ် အသုံးချလိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ
ပိုမိုများပြား လာကြောင်း ယူဆနိုင်ပါတယ်။
Terrorist Propaganda of Justification
နိုင်ငံရေးပညာရှင်
ဒေါက်တာ မောရစ်တာ့ခ်ဝဲလ် ဆိုသူက ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတဲ့
အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေ သုံးလေ့ရှိတဲ့ ၀ါဒဖြန့်ချိရေးတွေကို
လေ့လာကြည့်ရာမှာ အကြမ်းဖက်လုပ်ရပ်တွေအပေါ် justification လုပ်ပြတဲ့ အချက်သုံးချက်ကို
တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအချက် သုံးချက်ကတော့
တို့တတွေဟာ
တော်လှန်ရေးသမားတွေဖြစ်တယ်။ ပြည်သူလူထုရဲ့ လွတ်မြောက်ရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့
ပြည်သူ့ရန်သူတွေကို နှိမ်နင်းနေတာဖြစ်တယ်။ ဒီအတွက် တော်လှန်ရေး လှုပ်ရှားမှုကာလမှာ
ပြည်သူ့ရန်သူတွေကို ချေမှုန်းတဲ့ ဘယ်လို လုပ်ငန်းစဉ်မျိုးကို မဆို လူထုက ထောက်ခံရမှာ
ဖြစ်တယ်။
တို့တတွေဟာ
ပြည်သူ့ရန်သူနဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒီလို တော်လှန်ရေးမှာ
လူထုတရပ်လုံးက ပူးပေါင်းပါဝင်ရမယ်။ ရန်သူတွေကို ပေါင်းသင်းဆက်ဆံရေး မလုပ်ရဘူး။ ရန်သူကို
ချေမှုန်းရင်းနဲ့ ရန်သူ့အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေပါ ထိခိုက်သွားရင် တာဝန်မယူဘူး။
တို့တတွေဟာ
ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်တယ်။ ဒါကြောင့် ကြားနေတာကို လက်မခံနိုင်ဘူး။
ငါတို့နဲ့ ပူးပေါင်းပြီး ရန်သူကို တိုက်ရမယ်။ ငါတို့နဲ့ မပူးပေါင်းရင် ရန်သူ့လူလို့
သတ်မှတ်မယ်။ ရန်သူကို မတိုက်ပဲ ကြားမှာ နေသူတွေကို တော်လှန်ရေးအပေါ် မထောက်ခံသူတွေလို့
သတ်မှတ်မယ်။ ဒီလိုလူတွေ တော်လှန်ရေးအပေါ် ကိုယ်ချင်းစာနာစိတ် ရှိလာအောင်၊ ခံစားနားလည်တတ်လာအောင်
အကြမ်းဖက်နည်းလမ်းတွေနဲ့ နှိုးဆွပေးဖို့ လိုတယ် စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
ဒီအချက်သုံးချက်ဟာ
တော်လှန်ရေးသမားတွေ အကြမ်းဖက်မှုကို လက်ခံကျူးလွန် လာစေတဲ့ အတွေးအခေါ်၊ အယူအဆမှားတွေ
ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Paul Wilkinson ဆိုသူကလဲ တတိယအချက်ဖြစ်တဲ့ ရန်၊ ငါ ပြဿနာဟာ
တော်လှန်ရေးသမားတွေကို လူထုအပေါ် အညှာအတာမရှိ အကြမ်းဖက်မှုကျူးလွန်အောင် လှုံ့ဆော်ပေးလိုက်တဲ့
ပြဿနာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေက
ဒီ ရန်၊ ငါဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးပြုတတ်ကြပါတယ်။
တော်လှန်ရေးသမားတွေက ပြုလုပ်တဲ့ အကြမ်းဖက်မှုတရပ်မှာ ပြည်သူလူထုကို ထိခိုက်စေတာ မှန်ပေမယ့်
တဘက်ရန်သူကို နှိမ်နင်းနိုင်တယ်ဆိုရင် အောင်ပွဲလို့ သတ်မှတ်ရမယ်၊ ပြည်သူလူထုကြီးအနေနဲ့
ဒီလိုထိခိုက်မှုတွေ ဆက်မဖြစ်စေချင်ရင် တော်လှန်ရေးထဲ ပါလာရမယ် ဆိုတဲ့ အယူအဆတရပ်ပါ။
ဒီအယူအဆဟာ အလွန်အန္တရာယ်ကြီးမားပြီး တော်လှန်ရေးလှေကို ၀မ်းဗိုက်ကနေ ထိုးခွဲချ၊ မြှုပ်ပစ်လိုက်နိုင်တဲ့
အယူအဆမျိုးပါ။ တော်လှန်ရေးတရပ်ရဲ့ လူထုထောက်ခံမှု မဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်
နိုင်ပါတယ်။
ရန်၊
ငါ စည်းပြတ်ရမယ်ဆိုတာ တော်လှန်ရေးသမား အချင်းချင်း ကာကွယ်ပေးဖို့ကို ဆိုလိုတာ မဟုတ်ပါ။
ပြည်သူလူထုကို ဒုက္ခပေးမယ့် ရန်သူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရဲတဲ့ တော်လှန်ရေး သစ္စာတရားရှိခြင်းကို
ဆိုလိုပါတယ်။ တော်လှန်ရေး သစ္စာတရားဆိုတာ တော်လှန်ရေး သမား အချင်းချင်း သစ္စာစောင့်သိမှုကို
ဆိုတာမဟုတ်ပါ။ ပြည်သူလူထုအပေါ်မှာ ထားရှိတဲ့ တော်လှန်ရေး သစ္စာတရားကို ဆိုလိုတာ ဖြစ်ပါတယ်။
ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်ဆိုရင် တော်လှန်ရေး သမားတယောက်ဟာ ရန်ငါ စည်းပြတ်ပြီး
ပြတ်ပြတ်သားသား ကန့်ကွက်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်၊ ငါ စည်းဆိုတဲ့ စကားလုံးကို
Terrorist Propaganda of Justification အနေနဲ့ အသုံးချလာတဲ့အခါ ဒါကို လူထုရှေ့က ရပ်တည်တဲ့
တော်လှန်ရေးသမားတွေက ကန့်ကွက်ရှုတ်ဖို့ လိုအပ်ပါတယ်။
အကြမ်းဖက်မှုနဲ့
ပတ်သက်တဲ့ justification တွေမှာ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေး သမားတွေနဲ့ လူထုက
လက်ခံလာအောင် ဒီလိုနည်းတွေနဲ့ justification လုပ်နေတာတွေ ရှိသလို၊ တော်လှန်ရေးသမားတွေ
ကိုယ်တိုင်က အကြမ်းဖက်မှုဆိုတာ တော်လှန်ရေးတရပ်ရဲ့ Political Ends အတွက် အသုံးပြုရမယ့်
Means တရပ်အနေနဲ့ လက်ခံကျင့်သုံးလာစေတဲ့ Justification တွေလဲ ရှိပါသေးတယ်။ ပညာရှင်အများစု
အာရုံစိုက်တာကတော့ Thrasymachan Justification ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေကို
သင်ကြားပို့ချတဲ့ နိုင်ငံရေးသဘောတရားရေးရာ သင်တန်းတွေအထိ ပါဝင်နေတတ်ပါတယ်။
Thrasymachan Justification for Terrorism
နိုင်ငံရေး၊
ဘာသာရေး အစွန်းရောက်နေသူတွေဟာ ဥပဒေကြောင်းအရ၊ ကိုယ်ကျင့်တရားအရ အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်တာတွေကို
လက်ခံစဉ်းစားလေ့မရှိကြပါဘူး။ သူတို့က ဒါတွေကို ရန်သူကို ထောက်ခံနေသူတွေကသာ အကြမ်းဖက်မှုကို
ဆန့်ကျင်တယ်လို့ အထင်ရောက်တတ်ကြပြီး အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်သူတွေကို ရန်သူ့ဘက်တော်သားတွေအနေနဲ့
သတ်မှတ် စွပ်စွဲတတ်ကြပါတယ်။ အကြမ်းဖက်မှုကြောင့် လူအများကြားမှာ climate of fear ပျံ့နှံ့လာပြီး
နိုင်ငံရေးအကျပ်အတည်းတွေကို ဖောက်ထွက်နိုင်မယ့် political outrage ကို ဖန်တီးနိုင်မယ်လို့လဲ
ယူဆထားလေ့ရှိကြပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်တာဟာ ဒီလို political
outrage ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေကို နှောင့်နှေးအောင် လုပ်တာလို့ ထင်မြင်စွပ်စွဲတတ်ကြပါတယ်။
ဒီလို တွေးခေါ်ယူဆချက်တွေ၊ ထင်မြင်စွပ်စွဲမှုတွေဟာ Thrasymachan Justification အပေါ်မှာ
သက်ဝင်ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးသင်တန်းတွေ၊
ခေါင်းဆောင်တွေရဲ့ နှုတ်မြွက်စကားတွေမှာ Thrasymachan Justification သဏ္ဍာန်တွေ ပါဝင်လာပြီဆိုရင်
ကြောက်မက်ဖွယ်ရာ သမိုင်းနိဒါန်းတွေ စလာတော့မယ်လို့ ဆိုနိုင် ပါတယ်။ Thrasymachan
Justification မှာ သဏ္ဍာန်ကြီးနှစ်ခု ရှိပါတယ်။ ပထမသဏ္ဍာန်က " အကြမ်း ဖက်မှုဆိုတာ
တော်လှန်ရေး ရှိနေကြောင်းကို ဖော်ကျူးနေတဲ့ ပြယုဂ်တခုဖြစ်တယ်။ တော်လှန်ရေးကို လူအများက
သိရှိလာဖို့၊ လက်ခံယုံကြည်လာဖို့၊ လူအများရဲ့ စိတ်ဓာတ်တွေ နိုးကြားတက်ကြွ လာဖို့အတွက်
လူအများသတိပြုမိနိုင်မယ့် အချိန်ကာလတွေ၊ နေရာတွေမှာ အကြမ်းဖက် လုပ်ရပ်တွေကို ပြုလုပ်ဖို့
လိုအပ်တယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ရန်သူကို အားပျော့သွားအောင်၊ စိတ်အနှောင့်အယှက်
ဖြစ်အောင်၊ ရန်သူရဲ့ အားနည်းချက်ကို လူအများသိလာအောင် လုပ်နိုင်မယ်။ လူတွေအကြားမှာ
အကြောက်တရားတွေ ပျံ့နှံ့လာပြီး ၊ ဘက်တခုမှာ ရပ်တည်မှ ဖြစ်တော့မယ်လို့ ယူဆချက်တွေ ပေါ်ထွန်းလာမယ်၊
တော်လှန်ရေးနဲ့ ပူးပေါင်းလာကြမယ်" ဆိုတဲ့ သဏ္ဍာန်ပါ။ ရန်သူရဲ့ အုပ်ချုပ်ရေးယန္တရားကို
မဖြိုဖျက်နိုင်ခင်မှာ ရေတိုအနေနဲ့ အကြမ်းဖက်မှုတွေ သုံးဖို့ လိုအပ်တယ်လို့ ဒီသဏ္ဍာန်ကို
လက်ခံသူတွေက ပြောဆိုစည်းရုံးတတ်ပါတယ်။
ဒုတိယသဏ္ဍာန်ကတော့
"အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုခြင်း" ဖြစ်ပါတယ်။
"တဘက်ရန်သူဟာ အားသာပြီး၊ တော်လှန်ရေးသမားတွေက အားနည်း သူတွေဖြစ်တဲ့အတွက် အကြမ်းဖက်မှုကို
စစ်ပွဲရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုရမှာဖြစ်ပြီး၊ ဒီလို အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေဟာလဲ
စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးသာ ဖြစ်တယ်" ဆိုတဲ့ သဏ္ဍာန်တခုပါ။ တော်လှန်ရေးသမားတွေဟာ
ဒီသဏ္ဍာန် တမျိုးမျိုးကို လက်ခံလာပြီဆိုတာနဲ့ အကြမ်းဖက် စည်းဘောင်ကို ကျော်ဖို့ ၀န်မလေးတော့ပဲ
ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ ဒီအတွေးအခေါ်တွေ
လူထုကြားကို ပျံ့နှံ့လာတဲ့အခါ လူထုဟာ သူတို့ဘာသာ သူတို့ သားကောင်ဘ၀ကို ရောက်နေသူတွေလို့
ထင်မြင်ယူဆသွားပါတယ်။ တော်လှန်ရေးသမားတွေကို လူထုအတွက် ရှေ့ကနေ မားမားမတ်မတ်
တိုက်ပွဲဝင်နေသူတွေလို့
မယူဆတော့ပဲ အာဏာရရှိရေးအတွက် နှစ်ဘက်အဖွဲ့အစည်း တိုက်ခိုက်နေကြ တာမှာ လူထုက မြေစာပင်တွေဖြစ်လာတယ်လို့
ထင်မြင်သွားပါတော့တယ်။ အဲဒီအခါမှာ လူထုနဲ့ တော်လှန်ရေး ဝေးကွာသွားပါတယ်။
တော်လှန်ရေးမှာလဲ
အစွန်းရောက် (radicals) တွေနဲ့ moderates တွေ ကွဲထွက်သွားပါတယ်။ radicals တွေက အင်အားကြီးမားနေတဲ့အခါ
moderates တွေ ဘေးထွက်ထိုင်ကြပါတော့တယ်။ တော်လှန်ရေး အင်အားစုတွေ စတင်ပြိုလဲကုန်ပါတယ်။
လူထုစည်းရုံးရေး လုပ်ငန်းစဉ်ကို ထိခိုက်လာပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုကို ရေတိုပြယုဂ်အနေနဲ့
အသုံးပြုလိုက်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ရေရှည် လက်နက်တခုအနေနဲ့ ကိုင်စွဲထားတဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်
မူလတော်လှန်ရေး ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် ဖယ်ရှားရေး (သို့မဟုတ်) ကျူးကျော်တဲ့
အစိုးရ ပြန်ထွက်သွားရေး (သို့မဟုတ်) လူမျိုးရေး၊ ဘာသာရေး တန်းတူညီမျှခွင့် ရရှိရေး
စတာတွေကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ပဲ ဖြစ်သွားကြတော့တာ ဖြစ်ပါတယ်။
Thrasymachan
Justification ရဲ့ အရေးကြီးဆုံး အားနည်းချက်တခုကတော့ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးနဲ့
တွဲစပ်ထားခြင်းပါပဲ။ အကြမ်းဖက်မှုမပါပဲ ဆင်နွှဲနိုင်ခဲ့တဲ့ လူထုတိုက်ပွဲတွေ၊ လက်နက်ကိုင်တော်လှန်ရေးတွေ၊
အထွေထွေသပိတ်ကြီးတွေကြောင့် တော်လှန်ရေး ရည်မှန်းချက်တွေ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ခဲ့တာတွေ
ကမ္ဘာမှာ အများကြီးပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို တွဲစပ်လိုက်မှသာ တော်လှန်ရေးသမားတွေဟာ
hostes humani generis တွေ ဖြစ်ကုန်ကြတာပါ။ ဘယ်လို လူ့အဖွဲ့အစည်းမျိုးကမဆို ဒီလို
scourge ကို ဆန့်ကျင်ကြပါတယ်။
နိဂုံး
ချုပ်၍
ဆိုရရင် အကြမ်းဖက်မှုဆိုတာ အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်ပျက်စီးစေခြင်း၊ တဘက် ရန်သူတွေနဲ့
အပြစ်ရှိသူတွေကို ချေမှုန်းရာမှာ အပြစ်မဲ့ ပြည်သူလူထုကိုပါ ဘေးထွက်ဆိုးကျိုး အဖြစ်
ထိခိုက်စေခြင်း၊ လူထုအကြားမှာ အကြောက်တရား ပျံ့ပွားလာစေပြီး လူ့အဖွဲ့အစည်း လုံခြုံရေး
(Societal Security)ကို ခြိမ်းချောက်ခြင်းစတဲ့ သဘောလက္ခဏာတွေ ဆောင်တာဖြစ်တဲ့အတွက် အကြမ်းဖက်မှုဆိုတာကို
လူတွေရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from fear) လူ့အခွင့်အရေးကို တိုက်ရိုက်ခြိမ်းချောက်မှုလို့
သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုများကို ထောက်ခံအားပေးခြင်း၊
Justification ပြုလုပ်ခြင်းများကို ရှောင်ရှားပြိး၊ လူ့အဖွဲ့အစည်းတရပ်လုံးက ညီညီညွတ်ညွတ်
ကန့်ကွက်ဆန့်ကျင်ကြဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး
(၂၅၊ ၁၀၊ ၂၀၁၂)
ရည်ညွှန်းကိုးကား-
Anderson,
L. (2002) The Evil in Terrorists’ Minds, Chattanooga Times Free Press, Dec. 3,
2002.
Cohan,
J. (2002) Formulation of a State’s Response to Terrorism and State-Sponsored
Terrorism, Pace Intl. L. Rev. 77, 87 n. 48.
Friedlander,
R. (1979) Terrorism, Documents of International and Local Control, Dobbs Ferry,
NY: Oceana Publications.
Hoffman,
B. (1998) Inside Terrorism, London, Indigo.
Hoffman,
B. (2002) The Mind of the Terrorist: Perspectives from Social Psychology, in
Kushner, H. (ed.) Essential Readings on Political Terrorism, Richard Altschuler
& Associates., Inc.
Hammond,
M. (2002) Writing on Sept. 11, St. Petersburg Times, Sept. 8, 2002.
Laqueur,
W. (2003) No End to War: Terrorism in the 21st century, London, Continuum.
Lemkin,
R. (1944) Axis Rule in Occupied Europe: Laws of occupation, Analysis of
government, Proposals for Redress, Washington DC, Carnegie Endowment for
International Peace.
Li,
Q. (2005) “Does democracy promote or reduce transnational terrorist
incidents?”, Journal of Conflict Resolution, 49 (2)
Martin,
G. (2003) Understanding Terrorism: Challenges, Perspectives and issues, London,
Sage.
Mill,
J. (1984) “The Contest in America”, in Robson, J. (ed.) Essays on Equality,
Law, and Education XXI, 137 , University of Toronto Press.
Sederberg,
P. (1989) Terrorist Myths: Illusion, Rhetoric and Reality, Englewood Cliffs,
Prentice Hall.
Tugwell,
M. (1978) 'Revolutionary Propaganda and Possible Counter-Measures', Ph.D.
Thesis, King's College, University of London.
Williams,
G. (1989) J.S. Mill and Political Violence, Utilitas 102-103.
Wikinson,
P. (1989) 'Ethical Defence of Terrorism-Defending the Indefensible', Terrorism
and Political Violence, 1 (1).
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
ကလောင်အမည်-ခင်မမမျိုး
မွေးဖွားရာဇာတိ-တောင်ကြီးမြို့၊ မြန်မာနိုင်ငံ
လက်ရှိနေရပ်-အဘာဒင်းမြို့၊ ယူကေနိုင်ငံ
ပညာအရည်အချင်း-နိုင်ငံရေးနှင့် အစိုးရရေးရာ
ဒီပလိုမာ၊ နိုင်ငံတကာလေ့လာရေး ဘီအေဂုဏ်ထူးဘွဲ့၊
နိုင်ငံရေးဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊
စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊
နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့။
လက်ရှိ-နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသူ၊
ဘုရင့်ကောလိပ်
အဘာဒင်းတက္ကသိုလ်။
တွဲဖက်သုတေသီ၊ ကောဘက်စင်တာ၊
စစ်ဦးစီး တက္ကသိုလ်။
ပရော်ဖက်ရှင်နယ်အဖွဲ့ဝင်-နိုင်ငံတကာ
လုံခြုံရေးအဖွဲ့၊ နိုင်ငံတကာ လေ့လာရေးအသင်း၊ အမေရိကန်ပြည်ထောင်စု။
လုံခြုံရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ
ကျွမ်းကျင် ပညာရှင် အဖွဲ့၊ နိုင်ငံရေးရာ လေ့လာရေးအသင်း၊ ဗြိတိန်နိုင်ငံ။
အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေး
ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အစည်းအရုံး၊ အမေရိကန် ပြည်ထောင်စု။
ယဉ်ကျေးမှုရေးရာသံတမန်သိပ္ပံ၊ ဂျာမဏီ။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment