နိဒါန်း
စစ်အေးတိုက်ပွဲလွန်ကာလရဲ့
အဆိုးဝါးဆုံးသွင်ပြင်လက္ခဏာတရပ်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များနဲ့
မဟာဗျူဟာများ ချမှတ်ရေးဆွဲမှုတွေကို စစ်အေးတိုက်ပွဲကာလမှာတုန်းကထက်
ပိုပြီးခက်ခဲနက်နဲစေတဲ့ မရေရာမသေချာမှုများ (uncertainties) နဲ့ ရှုပ်ထွေးမှုများ (complexities)
ရောပြွန်းနေသော လုံခြုံရေးဝန်းကျင် (security environment) ဖြစ်ကြောင်း
အမျိုးသားလုံခြုံရေးဆိုင်ရာ ပညာရှင်များက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။
နိုင်ငံများအကြားမှာ စစ်အင်အားသုံးကျူးကျော်မှုတွေက လျော့နည်းသွားပေမယ့်
လက်နက်အင်အားပြိုင်ဆိုင်တိုးချဲ့တပ်ဆင်မှုတွေက ရပ်တန့်သွားခြင်း မရှိပါဘူး။
မြေပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ၊
စစ်အင်အားပြိုင်ဆိုင်မှုတွေနဲ့ ခေတ်မှီလက်နက်များ တိုးချဲ့တပ်ဆင်မှုတွေက
နိုင်ငံအများစုရဲ့ အမျိုးသားလုံခြုံရေးမူဝါဒတွေမှာ ထိပ်ဆုံးကနေ နေရာယူထားဆဲပဲ
ဖြစ်ပါတယ်။
နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေဖြစ်တဲ့
အကြမ်းဖက်မှု (terrorism)၊ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ် ဖောက်ကားမှု (illicit
drug production and trade)၊ လူကုန်ကူးမှု (human trafficking) နဲ့
လက်နက်ကုန်ကူးမှု (arms trafficking) ပြဿနာတွေကလဲ နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးကို
ခြိမ်းချောက်လျက်ရှိပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု (political instability)၊
ပြည်တွင်းစစ် (civil wars)၊ လူဦးရေအဆမတန်တိုးပွားမှု၊ ဆင်းရဲနွမ်းပါးမှု (poverty
reduction)၊ အဂတိလိုက်စားမှု (corruption) နဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး
အားနည်းမှု (lack of good governance) စတဲ့ ပြဿနာတွေကလဲ တိုင်းပြည်အများစုရဲ့
နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း (state and society) ကို တိုက်ရိုက်
ခြိမ်းချောက်လျက်ရှိပါတယ်။
အမျိုးသားလုံခြုံရေး
(National Security) ဆိုရာဝယ်
John Schlesser
ဆိုသူက အမျိုးသားလုံခြုံရေးဆိုတာ အစိုးရတရပ်အနေနဲ့ ပြည်သူလူထုကို
ဝန်ဆောင်မှုပေးရမယ့် ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ပြည်သူ့ဝန်ဆောင်မှုဖြစ်တယ်လို့
သတ်မှတ် ပြောဆိုခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးဆိုတဲ့ သဘောတရားကို ကျဉ်းမြောင်းသော
ရှုထောင့်နဲ့ ကျယ်ပြန့်သော ရှုထောင့်နှစ်မျိုးနဲ့ ရှုမြင်သုံးသပ်ကြပါတယ်။
စစ်အေးတိုက်ပွဲကာလ တလျှောက်မှာ နိုင်ငံ တော်တော်များများဟာ
ကျဉ်းမြောင်းသောရှုထောင့်ကို အသုံးပြုခဲ့ကြပြီး၊ စစ်အေးတိုက်ပွဲလွန်ကာလ မှာတော့
ကျယ်ပြန့်သော ရှုထောင့်ကို အသုံးများလာပါတယ်။
ကျဉ်းမြောင်းသော
ရှုထောင့်အရ အမျိုးသားလုံခြုံရေးဆိုတာ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို
ပြည်တွင်း၊ ပြည်ပ ထိပါး ခြိမ်းချောက်ခံရခြင်းမှ ကင်းဝေးစေရန် စစ်တပ်၊ ရဲ၊
ထောက်လှမ်းရေး အဖွဲ့အစည်းများမှ ကာကွယ်ပေးခြင်းနဲ့ ဆက်စပ်ပါတယ်။ နိုင်ငံရေးပညာရှင်
Edmonds ဆိုသူက အမျိုးသားလုံခြုံရေးကို ပြည်တွင်း (သို့မဟုတ်)
ပြည်ပခြိမ်းချောက်မှုများကို ဖော်ထုတ်ခြင်း၊ သင့်လျော်သော လုပ်ငန်းစဉ်များ
ချမှတ်ရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အကောင်အထည်
ဖော်ဆောင်ခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။
ဒါကြောင့်
အမျိုးသားလုံခြုံရေးဆိုတာ coercion (ဥပမာ- The use of force) နဲ့ intrusion (ဥပမာ-
The use of secret intelligence) ပါဝါများနဲ့ ဆက်စပ်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့
အဓိပ္ပာယ် ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေး ဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ
ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းမှု ရရှိအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပြီး၊
ဒီလိုဆောင်ရွက်ရာမှာ အင်အားသုံးဖြေရှင်းမှုနဲ့ တခြား power instruments များကို
မျှတအောင် ချိန်ဆဖို့ လိုအပ်ပါတယ်။
ကျယ်ပြန့်သောရှုထောင့်အရ
အမျိုးသားလုံခြုံရေးကို အဓိပ္ပာယ်ဖွင့်ဆိုကြရာမှာ လုံခြုံရေးရာနဲ့ ဆက်စပ် နေတဲ့
နိုင်ငံသားခံယူခွင့် (citizenship)၊ စီးပွားရေးရာလုံခြုံရေး (economic security)၊
ပတ်ဝန်းကျင် လုံခြုံရေး (environmental security)၊ လူသားလုံခြုံရေး (human
security) စတာတွေကိုပါ ထည့်သွင်းဖော်ပြကြပါတယ်။ Stephen Krasner က
အမျိုးသားလုံခြုံရေး ဆိုရာမှာ မူလရည်မှန်းချက် ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး
ကိစ္စတွေ တင်မကပဲ၊ စီးပွားရေးလုံခြုံရေး စတဲ့ တန်ဖိုးတွေပါ
ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနှေးကွေးနေတဲ့
နိုင်ငံတွေ မှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတော်ရဲ့
အမျိုးသားလုံခြုံရေး ရည်မှန်းချက် ဖြစ်သင့် ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
အချို့သော
ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတော့ တဦးချင်းလုံခြုံရေး၊
သဘာဝပတ်ဝန်းကျင်လုံခြုံရေးနဲ့ လူသားလုံခြုံရေးတွေနဲ့ ဆက်စပ်တဲ့
မြေဆီလွှာခြောက်ခန်းမှု၊ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှု၊ အိမ်နီးချင်း နိုင်ငံများမှ
ရေကြီးမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ပညာရေးအဆင့်အတန်း၊
ကူးစက်ရောဂါများ စတာတွေကိုပါ အမျိုးသားလုံခြုံရေးမဟာဗျူဟာများ ရေးဆွဲရာမှာ
ထည့်သွင်း ဖော်ပြကြပါတယ်။
၂၁ ရာစုကာလ၊
အမျိုးသားလုံခြုံရေးမဟာဗျူဟာများကို လေ့လာသူပညာရှင်များကတော့ နိုင်ငံအများစုရဲ့
အမျိုးသားလုံခြုံရေးမှာ ထည့်သွင်းစဉ်းစားရမယ့် ပဓာနကျသော အခြေခံ အချက်လေးချက်
ရှိကြောင်း ရေးသားခဲ့ကြပါတယ်။ ဒီအချက်လေးချက်ကတော့ အန္တရာယ်ကင်းရှင်းရေး (Safety)၊
ကိုယ်ပိုင် ပြဌာန်းခွင့် (autonomy)၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး (Development)
နဲ့ အုပ်စိုးမှု (rule) တို့ပဲ ဖြစ်ပါတယ်။
အန္တရာယ်ကင်းရှင်းရေး
ဆိုရာမှာ တိုက်ခိုက်ခံရမှုမှ ကင်းဝေးရေး ဖြစ်ပါတယ်။ နိုင်ငံသားများ အနေနဲ့ အန္တရာယ်
ကင်းရှင်းစွာနဲ့ မိမိတို့ဘ၀ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ရေးဖြစ်ပါတယ်။
ဒီအတွက် နိုင်ငံတော်ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ရာဇ၀တ်မှုများ
လျော့ပါးစေဖို့ ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင် တွေရှိရပါတယ်။ ဒုတိယအချက်ဖြစ်တဲ့
အော်တိုနော်မီဆိုရာမှာ နိုင်ငံတော်အစိုးရဟာ ပြည်ပ သြဇာလွှမ်းမိုးမှုကင်းတဲ့
အစိုးရတရပ်ဖြစ်ရပါမယ်။
နောက်တချက်ဖြစ်တဲ့
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေး
တိုးတက်မှုများကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။
အစိုးရတရပ်မှာ နိုင်ငံတော် အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိရမှာဖြစ်ပါတယ်။
အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာသုံးရပ်ကို စနစ်တကျ
ကျင့်သုံးဆောင်ရွက်မှု ရှိရမှာ ဖြစ်ပါတယ်။ ဒီအချက် လေးချက်ကို ၂၁ ရာစု
အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ရေးဆွဲရာမှာ နိုင်ငံအများစုက ထည့်သွင်း
စဉ်းစားလာကြပါတယ်။
အမျိုးသားလုံခြုံရေး
မဟာဗျူဟာ
နိုင်ငံတကာစစ်ရေးနဲ့
ကာကွယ်ရေးဆိုင်ရာ စွယ်စုံကျမ်းမှ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေး
မဟာဗျူဟာဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနဲ့
မြှင့်တင်ရေး ဆိုင်ရာ ဦးတည်ချက်၊ ရည်မှန်းချက်များကို
အကောင်အထည်ဖော်ဆောင်ရေးအတွက် နိုင်ငံတော်အာဏာ (state power) ယန္တရားများကို စနစ်တကျ
ပေါင်းစပ်အသုံးပြုရန် ရေးဆွဲထားသော စီမံချက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့
နိုင်ငံအားလုံးမှာ အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ကိုင်စွဲထားကြပါတယ်။ အချို့
မဟာဗျူဟာများက implicit strategies များဖြစ်ပြီး၊ အချို့ကတော့ explicit strategies
များ ဖြစ်ပါတယ်။
Implicit strategy
ဆိုတာက အခြားနိုင်ငံများရဲ့ နိုင်ငံတကာလုံခြုံရေးဝန်းကျင်မှာ ပတ်သက်ဆက်စပ်ပုံ
(ဥပမာ- ခြိမ်းချောက်မှုများ၊ နိုင်ငံတော်ရည်မှန်းချက်များမှာ
ဝင်ရောက်စွက်ဖက်မှုများ စသည်) ကို လေ့လာစောင့်ကြည့်ပြီး၊ သင့်လျော်တဲ့
မဟာဗျူဟာများကို အခြေအနေ၊ အချိန်အခါနဲ့တပြေးညီ ချမှတ်ခြင်းဖြစ်ပါတယ်။ ဥပမာ-
စစ်အေးတိုက်ပွဲကာလမှာတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ Implicit strategy ဟာ
ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံများရဲ့ deterrence ပေါ်မှာ ဗဟိုပြုထားပါတယ်။ ဒါပေမယ့်
စစ်အေးတိုက်ပွဲလွန်ကာလတွေမှာတော့ ဒီလိုဗဟိုပြုမှု နည်းပါးလာပါတယ်။
Explicit strategy
ဆိုတာကတော့ နိုင်ငံတကာလုံခြုံရေးဝန်းကျင်မှာ တိုင်းပြည်ရဲ့ အမျိုးသား
လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီအောင် မည်သို့မည်ပုံ
ကြိုးပမ်းသွားမယ်ဆိုတာကို အများသို့ အသိပေး ကြေငြာ ထားချက်များ ဖြစ်ပါတယ်။
အချို့အစိုးရများကတော့ အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ချမှတ် ရေးဆွဲပြီးတဲ့အခါ
အများပြည်သူနဲ့ နိုင်ငံတကာကို တရားဝင် အသိပေးကြေုငာ ထားတတ်ကြပါတယ်။
အမျိုးသားလုံခြုံရေး
မဟာဗျူဟာများကို ယေဘုယျအားဖြင့် အမျိုးသားလုံခြုံရေးကောင်စီများက
ရေးဆွဲလေ့ရှိကြပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီများကိုတော့
သက်ဆိုင်ရာနိုင်ငံများရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေများနဲ့ အခြား
အစိုးရအမိန့်ကြော်ငြာစာများအရ ဖွဲ့စည်းတည်ထောင်ထားကြပြီး၊ ပါဝင်လေ့ရှိတဲ့
အဖွဲ့ဝင်များကတော့ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊
နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ
သမ္မတလက်ထောက် စတဲ့ ထိပ်တန်းနိုင်ငံ ခေါင်းဆောင်များ ဖြစ်ပါတယ်။
အကြံပေးအဖွဲ့ကိုတော့
အမျိုးသားထောက်လှမ်းရေးနှင့် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အကြီး အကဲများ၊
ပညာရှင်များနဲ့ ဖွဲ့စည်းလေ့ရှိပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာ အရေးပေါ်
ပြဿနာများ (အခြားနိုင်ငံများမှ စစ်ကြေငြာခံရခြင်း၊ အရှိန်အဟုန်ကြီးသော
ပြည်တွင်းစစ် ဖြစ်ပွားလာခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်း) စတာတွေ
ဖြစ်ပွားလာတဲ့အခါ
အမျိုးသားလုံခြုံရေး
ကောင်စီက နိုင်ငံတော်အဆင့် ကွပ်ကဲတာဝန်ပေးမှုများ ပြုလုပ်လေ့ ရှိကြပါတယ်။
မဟာဗျူဟာရေးဆွဲရာမှာ
အမျိုးသားလုံခြုံရေး မဟာဗျူဟာ (National Security Strategy) ကို ကနဦး ရေးဆွဲပြီး၊
အမျိုးသားကာကွယ်ရေး မဟာဗျူဟာ (National Defence Strategy) နဲ့ အမျိုးသား
စစ်ရေးမဟာဗျူဟာ (National Military Strategy) များကို ဆင့်ပွားရေးဆွဲကြပါတယ်။
အခြား sub-strategies များဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်နှိမ်နင်းရေးမဟာဗျူဟာ
(National Strategy for Combating Terrorism) စသည်များကိုလဲ လိုအပ်ချက်နဲ့အညီ
ထပ်မံရေးဆွဲလေ့ရှိကြပါတယ်။
အမျိုးသားလုံခြုံရေး
မဟာဗျူဟာမှာ အဓိက အချက်ကြီး လေးချက်ကို အခြေခံရေးဆွဲလေ့ရှိပါတယ်။ ပထမတချက်ကတော့
နိုင်ငံရေးဦးဆောင်မှုနဲ့ တိုင်းပြည်ရဲ့ ရည်မှန်းချက်များကနေ ဆင်းသက်လာတဲ့
တိုင်းပြည်တခုရဲ့ vision ဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ နိုင်ငံတော်ရဲ့
အမျိုးသားအကျိုးစီးပွား (National Interests) များပဲ ဖြစ်ပါတယ်။
ဒီအမျိုးသားအကျိုးစီးပွားတွေက vision ကို ထင်ဟပ်နေရမှာ ဖြစ်ပါတယ်။
ဒီအကျိုးစီးပွားတွေဟာ တိကျပြီး၊ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ ကဏ္ဍများ (အရင်းအမြစ်
လုံခြုံရေး၊ တန်ဖိုးထားမှု စံနှုန်းများ ထိန်းသိမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး
စသည်များ) ကို ခြုံငုံမိဖို့ လိုအပ်ပါတယ်။
တတိယအချက်ကတော့
အမျိုးသားအကျိုးစီးပွားများကို မြှင့်တင်ရေးနဲ့ တိုင်းပြည်ရဲ့ power instruments
(သံတမန်၊ သတင်းအချက်အလက်၊ စစ်တပ်နှင့် စီးပွားရေး စသည်များ) ကို
သတ်မှတ်ရွေးချယ်ရာမှာ အတားအဆီး၊ ခြိမ်းချောက်မှု ဖြစ်စေနိုင်တဲ့ အရာများကို
ဆန်းစစ်ချက် ဖြစ်ပါတယ်။ စတုတ္ထအချက်ကတော့ power instruments များကို
စုစည်းသုံးပြုပြီး၊ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကို
ကာကွယ်စောင့်ရှောက်နိုင်မယ့် မဟာဗျူဟာ ချဉ်းကပ်မှု (strategic approach) ကို
ရွေးချယ်သတ်မှတ်ခြင်း ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေး
မဟာဗျူဟာဟာ တိုင်းနိုင်ငံတခုအတွက် အရေးကြီးဆုံး မဟာဗျူဟာပဲ ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ချမှတ်ရာမှာ မှားယွင်းမှု တစုံတရာဖြစ်သွားခဲ့ရင်
တိုင်းပြည်ရဲ့ စစ်ရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး လုပ်ငန်းတာဝန်များအားလုံးကို
သက်ရောက်မှုတွေ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေး မဟာဗျူဟာနဲ့
ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ချက်များကို စဉ်ဆက်မပြတ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ဒီလိုဆန်းစစ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များ ကတော့
အစိုးရအဖွဲ့အတွင်းမှ
မည်သည့် အဖွဲ့အစည်းများမှ အမျိုးသားလုံခြုံရေးမဟာဗျူဟာ ရေးဆွဲရန် တာဝန်ရှိသနည်း။
အစိုးရမဟုတ်သော မည်သည့် အဖွဲ့အစည်းများမှ အမျိုးသားလုံခြုံရေး မဟာဗျူဟာ
ရေးဆွဲခြင်းတွင် ပါဝင်ပတ်သက်သနည်း။
ဥပဒေပြုအာဏာရှိသူများမှ
အသိအမှတ်ပြုလက်ခံထားခြင်း ရှိပါသလား။
မဟာဗျူဟာမှာ
အမျိုးသားလုံခြုံရေးကို ခြိမ်းချောက်နေသော အချက်များကို ဖော်ပြထားခြင်း ရှိပါသလား။
မည်သည့်အတိုင်းအတာအထိ ဖော်ပြထားသနည်း။
မဟာဗျူဟာမှာ
စစ်တပ်ဖွဲ့စည်းပုံများကို ရည်ညွှန်းထားချက် ရှိပါသလား။
မဟာဗျူဟာမှာ
အင်အားသုံးဖြေရှင်းခြင်းဆိုင်ရာ မူဝါဒများ ပါရှိပါသလား။
မဟာဗျူဟာရေးဆွဲရာမှာ
သင့်လျော်သော ရည်ညွန်းကိုးကား စာအုပ်စာတမ်းများကို အသုံးပြုခဲ့ခြင်း ရှိပါသလား။
စတာတွေပဲ ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေး
မူဝါဒများ
အမျိုးသားလုံခြုံရေး
မဟာဗျူဟာကို ချမှတ်ရေးဆွဲပြီးတဲ့အခါ၊ ဒီမဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်ရမယ့်
မူဝါဒများ ဆက်လက်ရေးဆွဲဖို့ လိုအပ်ပါတယ်။ အမျိုးသားလုံခြုံရေး မူဝါဒများမှာ
ကာကွယ်ရေး မူဝါဒ (defence policy)၊ လုံခြုံရေး မူဝါဒ (security policy)၊
နိုင်ငံခြားရေးမူဝါဒ (foreign policy)၊ စီးပွားရေး မူဝါဒ (economic policy)
စသည်များ ပါဝင်ပြီး၊ မူဝါဒများအကြားမှာ နီးစပ်စွာ ဆက်နွယ်မှု ရှိပါတယ်။
ကာကွယ်ရေးမူဝါဒတွေက
နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။
ဘယ်လိုပဲကွဲပြားပေမယ့် ကာကွယ်ရေးမူဝါဒ ရေးဆွဲခြင်းကိုတော့ ပထမဦးစွာ ပြုလုပ်ရမှာ
ဖြစ်ပါတယ်။ ကာကွယ်ရေး မူဝါဒများ ရေးဆွဲခြင်းက အစပြုလို့၊
အကောင်အထည်ဖော်ဆောင်ခြင်းများ ပြုလုပ်ခြင်း အဆင့်အထိ အစိုးရနဲ့ စစ်တပ်တို့အကြားမှာ
နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
အရေးကိစ္စတခု
ဖြစ်ပွားလာချိန်မှာ လိုအပ်တဲ့ မဟာဗျူဟာ လုပ်ငန်းတာဝန်များ (strategic functions)
ကို ကာကွယ်ရေး မူဝါဒထဲမှာ တိကျစွာ ရေးဆွဲပြဌာန်းထားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့်
ပြင်သစ်နိုင်ငံရဲ့ ကာကွယ်ရေး မူဝါဒဟာ အစိုးရရဲ့ စက္ကူဖြူစာတမ်း (white paper) ထဲမှာ
ပါဝင်ပြီး၊ ဖြစ်ပွားနိုင်ချေရှိတဲ့ အရေးကိစ္စများအတွက် လိုအပ်တဲ့ မဟာဗျူဟာ
လုပ်ငန်းတာဝန်များကို ဖော်ပြထားရာမှာ၊ ကျူးကျော်တိုက်ခိုက်ခံရခြင်းနဲ့ ပတ်သက်တဲ့
scenarios ခြောက်ခုကို ထည့်သွင်း ဖော်ပြထားပါတယ်။
ကာကွယ်ရေးမူဝါများရေးဆွဲရာမှာ
နိုင်ငံတော်ကာကွယ်ရေးကို သက်ရောက်မှုရှိစေတဲ့ အချက်များကို စုံလင်အောင်
ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဓိက သက်ရောက်စေတဲ့ အချက်များကတော့
နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်သူ့ဝန်ဆောင်မှုရေးရာ ထိရောက်မှု၊ လူမျိုးစုရေးရာနှင့်
ဘာသာရေးရာပဋိပက္ခများနှင့် တင်းမာမှုများ၊ သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာများ၊
ပထ၀ီနိုင်ငံရေးအခြေအနေ၊ သံတမန်ရေးရာ၊ အိမ်နီးချင်းနိုင်ငံများ၏ စစ်အင်အား၊
ဒေသတွင်း စစ်ရေးပူးတွဲဆောင်ရွက်မှုများ စတာတွေ ဖြစ်ပါတယ်။
ကာကွယ်ရေးမူဝါဒဟာ
နိုင်ငံတော်ရဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု အခြေအနေတွေအပေါ်မှာ
တိုက်ရိုက် အချိုးကျစွာ မူတည်ပါတယ်။ တည်ငြိမ်သော နိုင်ငံရေး ရာသီဥတု (stable
political climate) ကို ဖန်တီးနိုင်ရေးအတွက် ကာကွယ်ရေးအင်အားစုများရဲ့ အခန်းကဏ္ဍက
အရေးပါတဲ့အတွက် ကာကွယ်ရေးမူဝါဒများ ရေးဆွဲရာမှာ တည်ငြိမ်သော နိုင်ငံရေးရာသီဥတု
ဖန်တီးနိုင်ရေးနဲ့ တည်ငြိမ်မှုကို ထိပါးစေသော အရာများကို တုန့်ပြန်ရေးဆိုင်ရာ
မဟာဗျူဟာ လုပ်ငန်းတာဝန်များ ထည့်သွင်း စဉ်းစားထားဖို့ လိုအပ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့
ပြည်သူ့ရေးရာဝန်ဆောင်မှု ကဏ္ဍများ (ရေပေးဝေမှု၊ လျှပ်စစ်ပေးဝေမှု၊ ကျန်းမာရေး၊
ပညာရေး စသည်များ) မှာ ထိရောက်မှုရှိခြင်းဟာ အစိုးရဲ့ စွမ်းပကားကို
မီးမောင်းထိုးပြနေတဲ့ အချက်ဖြစ်ပါတယ်။ ဒီကဏ္ဍများမှာ ထိရောက်မှုမရှိတဲ့အခါ
အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုက ယုံကြည်မှုကင်းမဲ့လာပြီး၊ အစိုးရဆန့်ကျင်ရေး
လှုပ်ရှားမှုတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီအခြေ အနေတွေမှာ ကာကွယ်ရေးမူဝါဒနဲ့
ပတ်သက်တဲ့ မဟာဗျူဟာ လုပ်ငန်းတာဝန်များလဲ ရှိလာ တတ်ပါတယ်။ ဒါကြောင့် ပြည်သူ့ရေးရာ
ဝန်ဆောင်မှုကဏ္ဍများရဲ့ ထိရောက်မှု အခြေအနေကို ကာကွယ်ရေးမူဝါဒများ ရေးဆွဲရာမှာ
ထည့်သွင်းသုံးသပ်ဖို့ လိုအပ်ပါတယ်။
လူမျိုးစုရေးနဲ့
ဘာသာရေးဆိုင်ရာ တင်းမာမှုများကနေတဆင့် ပဋိပက္ခတွေ ကြီးထွားလာတတ်ပါတယ်။ ဒါကြောင့်
ကာကွယ်ရေးမူဝါဒများ ရေးဆွဲရာမှာ လူမျိုးစုရေး ဒိုင်မင်းရှင်း (ethnic dimension)
နဲ့ ဘာသာရေး ဒိုင်မင်းရှင်း (religious dimension) တွေကို ထည့်သွင်းစဉ်းစားဖို့
လိုအပ်ပါတယ်။
သဘာဝပတ်ဝန်းကျင်အရေးကလဲ
၂၁ ရာစုရဲ့ ကာကွယ်ရေး မူဝါဒများမှာ မရှိမဖြစ် ထည့်သွင်း စဉ်းစားရမယ့် အချက်တချက်
ဖြစ်လာပါတယ်။ မြေဆီလွှာပျက်သုဉ်းမှု၊ မိုးခေါင်ရေရှားမှု၊ သဘာဝ ဘေးအန္တရာယ်
သက်ရောက်မှု၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု စတာတွေ ဖြစ်ပွားရာမှာ
နိုင်ငံတော်ကာကွယ်ရေးအင်အားစုများက အရေးပေါ်အခြေအနေ ပါဝင်ဆောင်ရွက်ရမယ့် လုပ်ငန်း
တာဝန်များ ရှိတဲ့အတွက် ကာကွယ်ရေး မူဝါဒများမှာ ဖြစ်နိုင်ချေရှိတဲ့ scenario
များကို လေ့လာသုံးသပ်ထားဖို့ လိုအပ်ပါတယ်။
ဒေသတွင်း
စစ်ရေးပူးတွဲဆောင်ရွက်မှုများကလဲ collective peace and security အတွက်
အရေးကြီးတဲ့အတွက် ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေများနဲ့
ကာကွယ်ရေးအင်အားစုများရဲ့ ပါဝင်ပတ်သက်နိုင်မှုအခန်းကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို
ကြိုတင် သုံးသပ်ထားဖို့ လိုအပ်ပါတယ်။ဒီလိုအချက်များကို ထည့်သွင်းစဉ်းစားထားတဲ့
ကာကွယ်ရေးမူဝါဒများကို များသောအားဖြင့် ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများနဲ့
ပညာရှင်များ ပူးတွဲရေးဆွဲလေ့ရှိပြီး၊ လုံခြုံရေးကောင်စီက အတည်ပြုချမှတ်လေ့ရှိပါတယ်။
ဒီလိုချမှတ်ထားတဲ့
Defence Policy Framework ကိုလဲ အခြေအနေ ပြောင်းလဲမှုများနှင့်တပြေးညီ စဉ်ဆက်မပြတ်
လေ့လာသုံးသပ်မှုများ ပြုလုပ်ဖို့ လိုအပ်ပြီး၊ strategic diagnosis of the defence
sector ကို အကောင်အထည်ဖော်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို
ထာဝစဉ် ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ကာကွယ်ရေးမူဝါဒကို အချိန်နဲ့ တပြေးညီ
အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
လုံခြုံရေး မူဝါဒများ ရေးဆွဲရာမှာ
ပြည်သူလူထုရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေး၊ အုပ်ချုပ်ရေး
လုပ်ငန်းတာဝန်များ ချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရေး၊
နိုင်ငံတော်အရေးပေါ်ကာလဖြစ်ပွားလာပါက အုပ်ချုပ်ရေးအာဏာပြိုလဲမှု မဖြစ်ပွားစေရန်
လိုအပ်သော ယန္တရားများ ထားရှိရေး၊ နိုင်ငံတော်လုံခြုံရေးကို အခြားစစ်ရေးမဟုတ်သော
ခြိမ်းချောက်မှုများမှ ကာကွယ်ရေး စတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
ဒါတင်မကပဲ ၂၁ ရာစု
နိုင်ငံတော်ခြိမ်းချောက်မှုများဖြစ်တဲ့ အကြမ်းဖက်မှု၊ သဘာဝဘေး အန္တရာယ်
ကျရောက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားလာချိန်မှာ ပြည်တွင်း ပြည်ပ လုံခြုံရေး
စွမ်းပကားများကို ပေါင်းစပ်အသုံးပြုနိုင်ရေးဆိုင်ရာ လိုအပ်ချက်များကိုလဲ ကြိုတင်
လေ့လာသုံးသပ်ထားဖို့ လိုအပ်ပါတယ်။ အခြား နိုင်ငံတော်မူဝါဒများဖြစ်တဲ့
နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေး မူဝါဒများကလဲ အမျိုးသားလုံခြုံရေးနဲ့
တိုက်ရိုက်ဆက်စပ်နေတာ ဖြစ်တဲ့အတွက် အမျိုးသား အကျိုးစီးပွားကို ကာကွယ်
စောင့်ရှောက်ရေး အပေါ်မှာ အခြေခံပြီး ရေးဆွဲဖို့ လိုအပ်ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ
အန္တရာယ်ဖြစ်နိုင်ချေ ဆန်းစစ်ချက်
အန္တရာယ်ဖြစ်နိုင်ချေ
ဆန်းစစ်ချက်များ ပြုလုပ်ရာမှာ အန္တရာယ်ဖြစ်နိုင်ချေရှိတဲ့ အချက်တခုချင်းဆီရဲ့
ဖြစ်နိုင်ချေရှိတဲ့ အတိုင်းအဆနဲ့ သက်ရောက်မှု ပဏာမတွေကို သုံးသပ်ဖို့ လိုအပ်ပါတယ်။
အမျိုးသား လုံခြုံရေးဆိုင်ရာ အန္တရာယ် ဖြစ်နိုင်ချေ ဆန်းစစ်ချက်မှာ
ဖြစ်ရပ်သက်ရောက်မှုများကို စီးပွားရေးရာ နောက်ဆက်တွဲ အကျိုးဆက်များ၊
ထိခိုက်ဒဏ်ရာရမှုများ၊ လူမှုရေးရာ အခြေအနေများ အပေါ် မူတည်ပြီး
ထည့်သွင်းစဉ်းချက်တွေနဲ့ ဆန်းစစ်ချက်ပြုလုပ်ရန် သတ်မှတ်ထားတဲ့
အချိန်ကာလတခုအတွင်းမှာ ဖြစ်ရပ် ဖြစ်ပွားနိုင်ချေတွေကို သုံးသပ်ချက်များ
ပါဝင်ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ
အန္တရာယ် ဖြစ်နိုင်ချေ ဆန်းစစ်ချက်များကို ပြုလုပ်ကြရာမှာ နိုင်ငံတခုချင်းစီ အလိုက်
အသုံးပြုတဲ့ methodology တွေ ကွဲပြားခြားနားပါတယ်။ ဗြိတိန်နိုင်ငံအပါအ၀င်
ကမ္ဘာ့နိုင်ငံကြီး အများစုကတော့ သက်ရောက်မှု အတိုင်းအတာ (impact) နဲ့ ဖြစ်နိုင်ချေ
အတိုင်းအဆ (Likelihood) တို့အပေါ်မှာ အခြေခံထားတဲ့ methodology (ပုံ- ၁) ကို
အသုံးပြုထားကြပါတယ်။
ပုံ (၁) ရဲ့ ညာဘက်ထိပ်ဆုံးမှာ
ဖော်ပြထားတဲ့ အန္တရာယ်ဖြစ်နိုင်ချေများဟာ ဖြစ်နိုင်ချေ အတိုင်းအဆများ သာမက၊
သက်ရောက်မှု အတိုင်းအတာလဲ ကြီးမားပါတယ်။ ဒီလို အန္တရာယ်ဖြစ်နိုင်ချေများကို
အမျိုးသားလုံခြုံရေးမဟာဗျူဟာရဲ့ high priorities စာရင်းမှာ ထည့်သွင်းသုံးသပ်ဖို့
လိုအပ်ပါတယ်။ ဖြစ်နိုင်ချေအတိုင်းအဆများနဲ့ သက်ရောက်မှု အတိုင်းအတာ နည်းပါးတဲ့
အန္တရာယ်ဖြစ်နိုင်ချေများ ကိုတော့ low priorities စာရင်းမှာ ထည့်သွင်းလေ့ရှိပါတယ်။
အန္တရာယ်ဖြစ်နိုင်ချေများကို ဖော်ထုတ်ခြင်း၊ ဆန်းစစ်ခြင်းနဲ့ ဦးစားပေးစာရင်း
ထည့်သွင်းသုံးသပ်ခြင်း တွေဟာ အနာဂတ်ခြိမ်းချောက်မှုများနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ
သတိပေးချက် (strategic notice) ကို လုပ်ဆောင်ပေးနိုင်တဲ့အတွက်
အမျိုးသားလုံခြုံရေးရဲ့ ရေတို၊ ရေရှည် ရည်မှန်းချက်များကို ပြည့်မှီစေနိုင်ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ
အန္တရာယ်ဖြစ်နိုင်ချေ ဆန်းစစ်ချက်ဟာ မဟာဗျူဟာ သုံးသပ်ချက်ဖြစ်ပါတယ်။
အနာဂတ်ဟောစာတမ်းတော့ မဟုတ်ပါဘူး။ နောင်တချိန် ဖြစ်လာမယ့်
အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်တရပ်ဟာ ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်ပွားလာမယ်
ဆိုတာကို ဘယ်သူမှ သေချာ သိနိုင်မှာ မဟုတ်ပါဘူး။ သို့ပေမယ့်
အန္တရာယ်ဖြစ်နိုင်ချေများကို ကြိုတင်သုံးသပ်လေ့လာဖော်ထုတ်ထားခြင်း၊
ဦးစားပေးသတ်မှတ်ခြင်းနဲ့ တုန့်ပြန်နိုင်မယ့် နည်းလမ်းတွေကို
ရှာဖွေထားခြင်းအားဖြင့် အမျိုးသား လုံခြုံရေးကို တစုံတရာအတိုင်းအတာတခုအထိ
ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။
နိဂုံး
နိုင်ငံတနိုင်ငံရဲ့
ရှင်သန်ရပ်တည်ရေးအတွက် သက်ဆိုင်ရာ အမျိုးသားအကျိုးစီးပွားတွေကို အစိုးရ၊ စစ်တပ်၊
ပြည်သူ ဆိုတဲ့ “eternal trinity” သုံးရပ်စလုံးက ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပြီး၊
အစိုးရတရပ်အနေနဲ့ ပြည်သူလူထုကို ၀န်ဆောင်မှုပေးရမယ့် ပထမဦးဆုံးနဲ့ အရေးကြီးဆုံး
ပြည်သူ့ဝန်ဆောင်မှုဟာ အမျိုးသားလုံခြုံရေးပဲ ဖြစ်ပါတယ်။ ဒီလိုဝန်ဆောင်မှုပေးရာမှာ
နိုင်ငံတော် အာဏာ (state power) ယန္တရားများကို စနစ်တကျ
ပေါင်းစပ်အသုံးပြုနိုင်ရေးအတွက် အမျိုးသားလုံခြုံရေး မဟာဗျူဟာ (National Security
Strategy) ကို အမျိုးသားလုံခြုံရေးကောင်စီက ချမှတ်ရေးဆွဲဖို့ လိုအပ်ပါတယ်။
ဒီမဟာဗျူဟာကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး အတွက်
ရှုပ်ထွေးေ၀၀ါးမှုများ မရှိသော တိကျသေချာတဲ့ ကာကွယ်ရေးမူဝါဒ၊ လုံခြုံရေးမူဝါဒ၊
နိုင်ငံခြားရေး မူဝါဒနဲ့ စီးပွားရေး မူဝါဒတွေကိုလဲ ပြဌာန်းဖို့ လိုအပ်ပါတယ်။
ဒီမူဝါဒများမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ချေများကို
မည်သို့မည်ပုံ တုန့်ပြန်ဆောင်ရွက်ရန် မဟာဗျူဟာ လုပ်ငန်းတာဝန်များကို တိကျစွာ
ဖော်ပြလမ်းညွှန်ထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာ ဆန်းစစ်ခြင်း၊
အမျိုးသားလုံခြုံရေးအတွက် အစိုးရ၊ စစ်တပ်၊ ပြည်သူများရဲ့ အခန်းကဏ္ဍများကို
လူအများသို့ အသိပေးပြောကြားခြင်း စသည်တို့ကို လုပ်ဆောင်ရန် အရေးကြီးလှပါကြောင်း
ရေးသား တင်ပြအပ်ပါတယ်။
ရည်ညွန်းကိုးကား-
Barnett, Thomas
P.M. (2004) The Pentagon’s New Map: War and Peace in the Twenty-First Century. New York: G.P. Putnam’s
Sons
Baylis, J. et. Al
(2002) Strategy in the Contemporary World, Oxford, OUP
Betts, R. (2000)”
Is Strategy an illusion?” International Security, Vol. 25, No.2, Fall 2000
Campbell, KurtM.,
andMichael E. O’Hanlon. Hard Power: The New Politics of National Security, New York: Basic Books
Drew, Dennis M.,
and Donald M. Snow (2006) Making Twenty-First-Century Strategy: An Introduction
to Modern National Security Processes and Problems. Maxwell Air Force Base: Air University
Press
Edmonds, M. (1971) “Armed
Forces and the National Security System: The meaning and basics of compliance”,
in ed. Holloway, D., European Military Institutions, USSG, Edinburgh
Erica-Irene, A. (1990)
Freedom of the individual under Law: An analysis of Article 29 of the Universal
Declaration of Human Rights, Human Rights Study Series No.3, UN publications
Karesner, S. (1983)
“National security and Economics”, in Trout, T., Herf, J. (eds) National
Security Affairs, New Brunswick:
Transaction Books
International
Military and Defense Encyclopedia (1993), pp. 2577-78. NY: Brassey’s (US)
Luttwak, E. (1987)
Strategy : The Logic of War and Peace, Harvard, Belknap
Liddell Hart, B. H.
(1967) Strategy: The Indirect approach, London,
Faber & Faber
Murray, W. et. al. (1994) The
Making of Strategy: Rulers, States & Wars, Cambridge,
Cambridge University Press
Paret, P. (ed)
(1986) Makers of modern strategy from Machiavelli to the Nuclear age, Princeton
University Press
Pearce &
Robinson (1997) Strategic Management: Formulation, Implementation and Control, London, IRWIN
Remark by John Schllesser,
Quoted in Fitz-Gerald, A. (2007) Developing in a Comprehensive approach to
national security, Chatham House Debate, 21 Feb 2007
No comments:
Post a Comment