ကျွန်မရဲ့ ရင်ထဲမှာ
လှိုင်း ပျောက်နေတယ်
ရင်ထဲမှာ လှိုင်းပျောက်နေတာ၊တည်ငြိမ်အေးချမ်းနေပေမယ့် တစုံတရာ
ပျောက်ဆုံးနေသလို ခံစားနေရတာ၊ဆုံးရှုံးမှုတွေပဲ ကြုံကြုံ၊ အောင်မြင်မှုတွေပဲ ကြုံကြုံ
ဒါတွေကို အလုပ်တခုလိုပဲ သဘောထားမိပြီး ခံစားမှုမဲ့နေတာ၊လူက တနေရာမှာ ရှိနေပေမယ့် စိတ်ကတော့ တနေရာကိုပဲ
ရောက်နေတာ။
ဒီလို စိတ်ခံစားမှုတွေကို ကျွန်မကိုယ်တိုင်တောင် ဘာမှန်းနားမလည်တာကြောင့်
လူအများကို နားလည်အောင် ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့်
ကျွန်မရဲ့ ရင်ထဲမှာ ဒီလို ခံစားနေခဲ့ရတာ ဆယ်နှစ်ကျော် ရှိနေခဲ့ပါပြီ။
တိတိကျကျ ဆိုရရင် မင်္ဂလာဒုံလေဆိပ်ကနေ လေထဲကို လေယာဉ်ပျံကြီး
စတက်သွားစဉ်ကတည်းက။ တကယ်ဆိုရင် အသက်နှစ်ဆယ်ကျော် လူငယ်တယောက်အတွက် နိုင်ငံရပ်ခြား ခရီးစဉ်တခုဟာ
စိတ်လှုပ်ရှားမှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ဖို့ ကောင်းပါတယ်။ ဒါပေမယ့်
ဘာကြောင့်ရယ် မသိဘူး။ ကျွန်မရဲ့ စိတ်ထဲမှာ အရာရာကို ဆုံးရှုံးသွားသလို
ခံစားခဲ့ရတယ်။
ကျွန်မဘ၀မှာ ရေခြား၊ မြေခြားဆိုတာကို အလည်သက်သက်လောက်ကလွဲလို့
စဉ်းစားဖူးခြင်း မရှိခဲ့ပါဘူး။ ဆယ်တန်းအောင်ပြီးစ (၁၉၉၆) ခုနှစ်မှာ သက်တူရွယ်တူတွေ
တော်တော်များများ စင်ကာပူကို ရင်ခုန်နေကြချိန်၊ မေမေက သွားမလား မေးတော့လဲ ကျွန်မ
ငြင်းခဲ့ပါတယ်။ (၁၉၉၇) ခုနှစ်မှာ ဘန်ကောက်မှာ စကောလားရှစ်တွေ ပေးသံကြားလို့ မေမေက
မေးတော့လဲ ကျွန်မ ငြင်းခဲ့ပါတယ်။ (၁၉၉၈) မှာ အင်္ဂလန်က ခေတ်စမ်းလာတော့လဲ ငြင်းရပြန်ရော။
(၁၉၉၉) မှာ မောင်လေးက သြစတြေးလျထွက်တော့လဲ မောင်နှမနှစ်ယောက် အတူမသွားဖြစ်ခဲ့ပါဘူး။
ဘာရယ်ကြောင့်မှန်း မသိပေမယ့် ကျွန်မ မြန်မာပြည်ကနေ
မခွာချင်ခဲ့ဘူး။ ဆေးကျောင်းတက်ဖြစ်တော့လဲ ဆေးကုတာ ၀ါသနာမပါပေမယ့် နောက်ဆုံးနှစ်
အပိုင်း (က)မှာ ကာကွယ်ရေးနဲ့ လူမှုရေးဆေးပညာကို ဂုဏ်ထူးထွက်အောင်လုပ်ပြီး၊ ပြည်သူ့ကျန်းမာရေး
ဘွဲ့လွန်ဆက်တက်မယ်၊ ရုံးတခုခုမှာ အလုပ်ဆက် လုပ်မယ်လို့ပဲ ရည်ရွယ်ခဲ့မိဘူးပါတယ်။ အခြေအနေတခုကြောင့်
ကျောင်းအပြောင်းအလွှဲတွေ လုပ်ခံရတော့လဲ စိတ်ဝင်စားတဲ့ ဘာသာရပ်ဖြစ်တဲ့
နိုင်ငံတကာဆက်ဆံရေးကို ဆက်တက်၊ မာစတာလေး ဆက်တက်ပြီး ဆရာမလုပ်ဖို့လောက်ပဲ ရည်ရွယ်ခဲ့ပါတယ်။
နောက်ဆုံးမှာ လူငယ်တယောက်ရဲ့ ပညာရေးခရီးလမ်းတခုကို
အစီအစဉ်တကျနဲ့ အဆုံးသတ်ခံလိုက်ရပြီ ဆိုတာ သေချာသွားချိန်ကျမှသာ ပညာရေးဘဝ
အသက်ဆက်ဖို့ ကျွန်မ သိပ်ချစ်တဲ့ ဒီမြေ၊ ဒီရေကနေ မျက်ရည်စက်နဲ့ ခွဲခဲ့ရတာပါ။
အနိမ့်အမြင့် လောကဓံတွေကို အန်တုရင်း ကျွန်မတန်ဖိုးထားတဲ့
ပညာရေးဘ၀ကို တစုံတရာအထိ အသက်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခက်တာက ကျွန်မရဲ့ ရင်ထဲမှာ
လှိုင်းပျောက်နေခဲ့တယ်။ တကယ်ဆိုရင် အခု ကျွန်မရဲ့ အသက်အရွယ် ၃၀ ကျော်ကာလကနေ အသက် (၅၀)
လောက်အထိ နှစ်နှစ်ဆယ်ကာလဆိုတာ ဘ၀တက်လမ်းတွေ၊ အောင်မြင်မှုတွေ၊ ဥစ္စာဓနတွေကို
မက်မက်မောမော ရှာဖွေပြီး၊ မိသားစုဘ၀တွေ၊ ရုပ်ဝတ္ထု စည်းစိမ်တွေ၊ ကမ္ဘာလှည့်ခရီးတွေနဲ့
သာယာမှု လိုက်ရှာလေ့ရှိကြတဲ့ ကာလ တခုပါ။ ဒီအခြေအနေတွေ ဖန်တီးခွင့်ကို ရနေရဲ့သားနဲ့
ကျွန်မ ဘာဖြစ်နေတာလဲ ဆိုတာကို ကျွန်မကိုယ်တိုင်တောင် တကယ်ကို နားမလည်တော့ပါဘူး။
ပြည်ပမှာ ခြေစချလိုက်တဲ့ နေ့က စပြီး၊ ကျွန်မရဲ့
လူနဲ့စိတ်က တနေရာစီ ကွဲသွားခဲ့ပါတယ်။ လူက ပညာရှာချိန်မှာရှာ၊ အလုပ်လုပ်ချိန်မှာလုပ်၊
သားလေးကို ထိန်းချိန်မှာထိန်းနေပေမယ့် စက်ရုပ်တခုလို ဖြစ်နေပြီး၊ စိတ်ကတော့
မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ဒေသကိုပဲ ခရီးနှင်နေခဲ့တယ်။ ဒါကြောင့် တစုံတရာ
လုပ်ဖြစ်အောင်ဆိုပြီး ကျွန်မစာရေးတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေ လုပ်တယ်။
မြန်မာနဲ့ ပတ်သက်ပြီး တခုခု မလုပ်ဖြစ်ပဲ ကျွန်မ အိပ်ယာဝင်ဖို့
တုန့်ဆိုင်းနေဖြစ်ခဲ့တယ်။
နောက်ဆုံး သားလေးကို မွေးဖွားချိန်မှာတောင် မွေးဖွားပြီး
ပထမဆုံးညမှာ ကွန်ပျူတာတလုံးနဲ့ နောက်တနေ့ ထုတ်ရမယ့် အပတ်စဉ်စာစောင်တခုအတွက် အယ်ဒီတာ့အာဘော်
ထိုင်ရေးနေဖြစ် ခဲ့ပါတယ်။ ဒါတွေလုပ်ဖို့ ကျွန်မကို ဘယ်သူကမှ မတိုက်တွန်းခဲ့ဘူး။ ခြိမ်းချောက်ဖိအား
မပေးခဲ့ဘူး။ ငွေကြေးတစုံတရာလဲ မရရှိခဲ့ဘူး။ မလုပ်လို့လဲ ဘာမှ မဖြစ်သလို၊ လုပ်လို့လဲ
ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး။
ဒါပေမယ့် တစုံတရာ မလုပ်ဖြစ်ရင်ကို အိပ်ယာမ၀င်နိုင်အောင်
ကျွန်မဖြစ်နေခဲ့ရတယ်။ ည (၂) နာရီမှာ အွန်လိုင်းကနေလုပ်တဲ့ အစည်းအဝေးပေါင်းများစွာကိုလဲ
နို့စို့ကလေး ရင်မှာ ပိုက်ပြီး၊ ကျွန်မ တက်ဖြစ်ခဲ့တယ်။ အလုပ်တွေ နေ့မနား၊ ညမအိပ် လုပ်ဖြစ်ခဲ့တဲ့
ကာလတွေလဲ အများကြီးပဲ။ ဒါကိုလဲ ပြည့်စုံတယ်လို့ ကျွန်မ မခံစားရဘူး။ ကျွန်မ အလုပ်တွေအများကြီး
လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်မ ရောက်နေတဲ့ နေရာကနေ ဒီထက်ပိုပြီး ဘာလုပ်ပေးရမယ်မှန်းလဲ
မသိတော့ဘူး။
ဒီလို စိတ်ခံစားမှုတွေကို အရမ်းရင်းနှီးတဲ့ အမေရိကန်နိုင်ငံသူ
မိတ်ဆွေတယောက်ကို ပြောပြဖြစ်တော့ သူကဝေဖန်တယ်။ ကျွန်မဟာ ရေလယ်ခေါင်မှာ ကူးခတ်နေသူတယောက်တဲ့။
ဒီအတိုင်း ဆက်သွားနေလို့တော့ မဖြစ်ဘူး။ ကမ်းတခုခုကို ကပ်ရလိမ့်မယ်။ ရာနှုန်းပြည့်နီးပါးသေချာနေတဲ့
နောင်သုံးနှစ်မှာ လက်ထောက်ပါမောက္ခ ဘ၀ကို ဖန်တီးပေးမယ့် ကမ်းကို ကပ်မလား၊ မရေရာ
မသေချာမှုတွေ ပြည့်နှက်နေတဲ့ ကမ်းကို ကပ်မလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်သင့်ပြီတဲ့။
ကျွန်မတွေးကြည့်မိတယ်။ ဒီလိုအခြေအနေတွေဟာ
ဆရာတော်တပါး ဟောကြားဖူးတဲ့ ဘ၀နဲ့ ဆန္ဒတထပ်တည်း မကျတာကြောင့်များ ဖြစ်နေသလားလို့ပါ။ စဉ်းစားကြည့်မိတဲ့
မေးခွန်းတွေ အများကြီးပဲ။ ဘ၀နဲ့ ဆန္ဒ ထပ်တူမကျလာတဲ့အခါ လူတွေဟာ ဘ၀ကို
ဦးစားပေးကြသလား။ ဆန္ဒကို ဦးစားပေးကြသလား။ ဘ၀ကို ဦးစားပေးသူတွေကကော သူတို့ရဲ့
ဘ၀မှာ ပျော်ရွှင်ပြည့်စုံမှု ရကြသလား။ ဆန္ဒကို ဦးစားပေးသူတွေကကော ဆန္ဒရဲ့
အလိုကိုလိုက်ရင်း၊ ရွေးချယ်ခဲ့မှုအတွက် နောင်တရမှုတွေ တချိန်မှာ ဖြစ်လာကြသလား။
လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုတော့လဲ ဒီအဖြေတွေကတော့ ကွဲပြားမယ် ထင်ပါရဲ့။
ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ ကျွန်မရဲ့ ရင်ထဲမှာ
လှိုင်းပျောက်နေတယ်။
ခင်မမမျိုး (၁၅၊ ၄၊ ၂၀၁၃)
No comments:
Post a Comment