အချိန်က (၂၀၁၂) ခုနှစ်၊ ဇွန်လ(၄) ရက်နေ့။
ဗြိတိသျှဘုရင်မကြီးရဲ့ Diamond Jubilee ဖြစ်တာကြောင့်
အဲဒီနေ့က ယူကေတနိုင်ငံလုံးမှာ ဗြိတိသျှယူနီယံဂျက်အလံတွေ တလူလူလွင့်ပျံနေခဲ့တယ်။
အဲဒီနေ့က ကျွန်မသားလေးကို ကျောင်းမလွှတ်ဖြစ်ခဲ့ဘူး။
နောက်ဆက်တွဲအနေနဲ့ သူ့ကို ထိန်းကျောင်းဖို့အတွက် ကျွန်မပါ အလုပ်ကနေ
ခွင့်ယူဖြစ်ခဲ့တယ်။
ကလေးရဲ့ ပညာရေးကို အလေးထားတဲ့ ကျွန်မ၊ နေမကောင်းရင်တောင်
အလုပ်က အနားမယူလို့ အထက်လူကြီးတွေက အတင်းတောင်းပန်ပြီး အိမ်ပြန်လွှတ်ရလေ့ရှိတဲ့ ကျွန်မ။
ဒီလိုလူတယောက်ကို ကလေးကျောင်းမလွှတ်၊ အလုပ်က ခွင့်ယူစေအောင်
ဘယ်အရာက တွန်းအားပေးခဲ့သလဲ။
အဲဒီအဖြေကို ကျွန်မ မသိဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းကို
ဖြစ်စေခဲ့တာကတော့ အလံ တလက်ကနေ စခဲ့ပါတယ်။
အဲဒီနေ့မတိုင်ခင် တပတ်အလိုမှာ သားလေးရဲ့ ကျောင်းက
စာတစောင်ကို လက်ခံရရှိခဲ့ပါတယ်။ အထိမ်းအမှတ်နေ့မှာ ကလေးကို ကျောင်းပို့တဲ့အခါ ဗြိတိသျှအလံမှာပါတဲ့
အရောင်တရောင်ပါတဲ့ အ၀တ်ဖြစ်စေ၊ ဦးထုပ်ဖြစ်စေ၊ ဒါမှမဟုတ် အလံစတစ်ကာတီရှပ်ကို
ဖြစ်စေ ၀တ်ပေးဖို့ အဆိုပြုထားပါတယ်။
ဘာကြောင့်ရယ်မသိဘူး။
အမျိုးအမည် မသိတဲ့ ဝေဒနာတရပ်ကို ကျွန်မ ခံစားလိုက်ရတယ်။
အခြေအနေအရ ကျွန်မပြည်ပမှာ နှစ်ပေါင်းများစွာနေခဲ့တယ်။
ကျွန်မရဲ့ သားလေးကို ပြည်ပမှာ မွေးခဲ့တယ်။ အသက်မွေးဝမ်းကျောင်းအတွက် ကျွန်မအလုပ်လုပ်တယ်။
အလုပ်တာဝန်တွေကိုလဲ ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်။
အခြေအနေအရ ကိုယ့်နိုင်ငံကို မပြန်ဖြစ်ခဲ့သေးပေမယ့်
ကျွန်မမှာ သစ္စာစောင့်သိရမယ့် နိုင်ငံရှိတယ်၊ လူမျိုးရှိတယ်။ ကျွန်မသားလေးဟာလဲ
ကျွန်မရဲ့ သွေး၊ ကျွန်မရဲ့ မျိုးဆက်၊ မြန်မာ့သွေးဖြစ်တယ်လို့ ကျွန်မခံယူထားခဲ့တယ်။
တချိန်တည်းမှာပဲ သူတပါးတိုင်းပြည်မှာ နေထိုင်စဉ်ကာလမို့
သူတို့လူမျိုးတွေရဲ့ ဘာသာစကား၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို လေးစားအသိအမှတ်ခဲ့တယ်။ သားလေးကိုလဲ
flexible ဖြစ်အောင် လေ့ကျင့်ထားပေးခဲ့တယ်။
ဒါပေမယ့် အလံဆိုတာနဲ့ ပတ်သက်လာတဲ့အချိန်မှာတော့ ကျွန်မရဲ့
ရင်ထဲကို ပုစ္ဆာတွေ အလိုအလျောက် ရောက်လာခဲ့ပါတော့တယ်။
ကျွန်မရဲ့ နားလည်မှုအရ နိုင်ငံတော် အလံဆိုတာ
တိုင်းပြည်တပြည်ရဲ့ ကိုယ်စားပြုပြယုဂ်။ ပြည်ပ အချုပ်အခြာအာဏာရဲ့ အမှတ်သင်္ကေတ။ ကိုယ့်တိုင်းပြည်အလံ
မြင့်မြင့်မားမား လွှင့်ထူထားနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေးဟာ နိုင်ငံသူ၊
နိုင်ငံသားတိုင်းရဲ့ တာဝန်။ တိုင်းတပါးကျူးကျော်ချိန်မှာ တိုင်းပြည်ရဲ့ အလံ
အလှဲခံရရင် ဒီတိုင်းပြည် ကျွန်ဖြစ်ပြီ။
ဒါကြောင့် ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်မြတ်နိုးစိတ်၊
သစ္စာစောင့်သိမှု စတာတွေဟာ နိုင်ငံတနိုင်ငံရဲ့ အလံ ဆိုတာနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့
ကျွန်မ ယုံကြည်လက်ခံထားပါတယ်။
နိုင်ငံတော်အလံနဲ့ ပတ်သက်ပြီး၊ ဘယ်သူက သတ်မှတ်တယ်၊
ဘယ်သူက တီထွင်တယ်၊ ဘယ်သူက ပြောင်းလဲတယ်၊ ဘယ်သူက လက်ခံတယ်၊ ဘယ်သူက လက်မခံဘူး ဆိုတဲ့
အပိုင်းတွေက ပြည်တွင်းမှာ နိုင်ငံသူ၊ နိုင်ငံသားများ အချင်းချင်း
ဆွေးနွေးညှိနှိုင်းရမယ့် ကိစ္စတရပ်သာ ဖြစ်ပြီး၊ ပြည်ပမှာ ဆိုရင်တော့ ဒီဇိုင်းကို လက်ခံသည်ဖြစ်စေ၊
လက်မခံသည်ဖြစ်စေ၊ အချုပ်အခြာအာဏာရဲ့ သင်္ကေတ တခုအဖြစ်နဲ့
တန်ဖိုးထားသစ္စာစောင့်သိရမယ့် အရာတခုလို့ ယူဆထားခဲ့ပါတယ်။
ဒီလို သစ္စာစောင့်သိရမယ့် ကိုယ်ပိုင်အလံတခု
ရှိပါရဲ့နဲ့ ကျွန်မရဲ့ သားငယ်လေးဟာ တိုင်းတပါးအလံ တခုကို ဂုဏ်ပြုတဲ့ အ၀တ်အစားတွေ
ဝတ်ရမယ် ဆိုတဲ့အခြေအနေတခုကို ကျွန်မ ဘယ်လိုမှ လက်မခံနိုင်အောင် ဖြစ်နေခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သစ္စာခံရမှုတခုလို့ ယူဆလိုက်တာကြောင့် သားလေးကို ကျောင်းမလွှတ်ဖို့
ဆုံးဖြတ်လိုက်တာပါ။
ဒါပေမယ့် ဒီကိစ္စက အဲဒီတနေ့တည်းနဲ့
မပြီးသွားခဲ့ပြန်ဘူး။ နောက်တနေ့ကျတော့ ကျောင်းမှာ ရောင်စုံခဲတံတွေနဲ့ အလံတွေ ခြယ်သပြီး၊
ဒါကို ကန့်တော့ချွန်ပုံနဲ့ ဦးထုပ်လုပ်ဆောင်းကြပါသတဲ့။ ဗြိတိသျှယူနီယံဂျက်အလံကြီး ခေါင်းပေါ်မှာ
ဆောင်းပြီး၊ ပျော်ရွှင်
စွာ ကျောင်းထဲက ထွက်လာတဲ့ သားလေးရဲ့ ပုံရိပ်ကို ကျွန်မ
မျက်စိထဲက ခုချိန်ထိ မထုတ်နိုင်သေးဘူး။
ဘာတွေမှားခဲ့သလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။
ကျွန်မရဲ့ မျိုးဆက်ကို ကျွန်မ ဆုံးရှုံးလိုက်ရပြီလား။
စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးဝတ္တရားအတိုင်း မျိုးချစ်စိတ်အမွေကို သူမထိန်းနိုင်ခဲ့ရင်
ဒါဟာ သူ့အပြစ်လား၊ ကျွန်မရဲ့ တာဝန်မကျေမှုလား။
သေချာတာ တခုကတော့ အလံပုစ္ဆာတပုဒ်ဟာ ကျွန်မရဲ့ ရင်ထဲမှာ
နေရာယူထားဆဲ။
ခင်မမမျိုး (၂၅၊ ၄၊ ၂၀၁၃)
No comments:
Post a Comment