ဘဝမှန်ကို ရင်ဆိုင်ချိန်တန်ပြီ

သောကြာနေ့၊ မေလ ၄၊ ၂၀၁၂

လွှတ်တော်ဆိုသည်မှာ အတိုက်အခံများနှင့် တိုင်းရင်းသားလူမျိုးများအတွက် သတ်ကွင်းဖြစ်ကြောင်း ၂၀၀၉ ခုကတည်းက ရေးခဲ့သည်။ ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၁၀-ခုဂီရိရွေးကောက်ပွဲကို ဝင်ဖို့ အခွင့်အရေး မရခဲ့။ နာဂစ်ဥပဒေကို အသက်သွင်းမည့် ဂီရိရွေးကောက်ပွဲကို ဒီချုပ် ဝင်မပြိုင်သဖြင့် အတုအယောင်သိန်းစိန်အစိုးရနှင့် ပါလီမာန်တို့မှာ ကမ္ဘာ့အလည်တွင် မျက်နှာငယ်ခဲ့ရသည်။

သမ္မတသိန်းစိန်သည် နအဖခေတ်တွင် မှတ်တမ်းကောင်းသူ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး စိတ်ချလက်ချ အနားယူသွားနိုင်အောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။ မြန်မာပြည်သူပြည်သားများကိုသာ အံ့အားသင့်စေ သည်မဟုတ်ဘဲ နိုင်ငံတကာကိုပင် သူ၏ စွမ်းဆောင်မှုကို ပြသခဲ့ပြီဖြစ်သည်။ နိုင်ငံရေးအရည်ဝသူ ဖြစ်ခဲ့ပါပြီ။

ယနေ့သည် လေးနှစ်ပြည့်နာဂစ်နှစ်ပတ်လည် ဖြစ်သည်။ မြန်မာနိုင်ငံသားပေါင်း များစွာ သေဆုံး ပျောက်ကွယ် ခဲ့ရသောနေ့ ဖြစ်သည်။ ခင်မင်ရသူ ငပုတောဘုန်းကြီးတစ်ပါးဆိုလျှင် မိသားစုပင်မက ရွာပါ ပျောက်ရသည့်အခြေအနေ၊ စိတ်နှလုံး ပူပန်မှုကြောင့် ကျန်းမာရေးချို့ယွင်းခဲ့ရသည့်အခြေအနေကို ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းလအနည်းငယ်တွင် ပျံလွန်တော်မူခဲ့သည်။ နာဂစ်နှစ်ပတ်လည်နေ့ကို စာရေးသူတို့က မေ့နေခဲ့ပါသည်။

ဤနေ့မှာပင် ကချင်ဒေသတွင် မြန်မာဒီမိုကရေစီတပ်မတော်သားများက ကချင်ရွာကို မီးရှို့နေကြသည်ကို တွေ့ရသည်။ ကချင်တွင် တစ်နှစ်ပတ်လုံးလုံး နှိပ်စက်ပွဲ ကျင်းပနေခဲ့သော်လည်း ကချင်တွေ ဘယ်လောက်ပဲ အော်သည်ဖြစ်စေ ကမ္ဘာက ကြားသင့်သလောက် မကြားခဲ့။ လူသတ်ပွဲကို အမှောင်ချထားနိုင်ခဲ့သည်။ လူသတ်မှုကို တာဝန်ခံရမည့်အစား သူကောင်းဘွဲ့ကိုပင် ဘန်ကီမွန်းဆီက ရခဲ့သေးသည်။

စာရေးသူတို့သည် အဘယ်ကြောင့် ဤမျှ မေ့လျော့ခဲ့ရသလဲ။ မေလဆိုသည်မှာ ကမ္ဘာ့အလုပ်သမားနေ့ မဟုတ်လား။ ဤမျှအရေးကြီးသည့် နေ့ထူးနေ့မြတ်ကိုလည်း သတိမထားမိလောက်အောင် မည်သည့်အရာ က ဆွဲဆောင်ခဲ့သလဲ။ အဖြေကား ရှင်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အာရုံရောက်နေ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို များစွာ မျှော်လင့်ထားသည်။ သူ့လှုပ်ရှားမှုကိုပဲ သတိထားနေမိသည်။

ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်က နာဂစ်ဖွဲ့စည်းပုံကို တပ်မတော်သားကိုယ်စားလှယ်များနှင့်အတူ ကာကွယ်စောင့်ရှောက်တော့မည် ဖြစ်သည်။ ဂီရိရွေးကောက်ပွဲကို မမီလိုက်သဖြင့် နာဂစ်နှစ်ပတ်လည်ကို အမိအရယူကာ စစ်တပ်အုပ်ချုပ်ရေးအတွက် ကျမ်းကျိန်ခဲ့ပြီဖြစ်သည်။ ရဟန်းသံဃာများကို သတ်မိန့်ပေးသူနှင့် လက်ဆွဲနှုတ်ဆက်တော့မည်ဖြစ်သည်။ ရန်သူတော်ဟောင်း ဖြစ်သော စစ်အစိုးရများအနေဖြင့် လုံးဝအံ့အားသင့်ရသည့်အဖြစ် ဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံးက တခဏတာ ရပ်၍ ဤတဒင်္ဂပြောင်းလဲမှုကို ရှုကြည့်ဖို့ ထိုက်တန်လှသည်။

ဒေါ်အောင်ဆန်းစုကြည်ကား တာဝန်ကျေခဲ့ပြီ။ တာဝန်မကျေသေးသူများမှာ သမ္မတသိန်းစိန်တို့ ဖြစ်သည်။ လွှတ်တော်သည် တစ်ခုတည်းသောထွက်ပေါက်ဟု ယုံကြည်၍ ဝင်လာသူကို မည်သို့သဘောထားမည်နည်း။ အနော်ရထာရှေ့မှောက်သို့ မနုဟာမင်းကို ဆောင်ယူချိန်တွင် မနုဟာမင်းဂုဏ်ရှိန်ကို မခံနိုင်၍ အနော်ရထာက တုန်လှုပ်ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ရောက်နေချိန်ဝယ် မျက်နှာပျက်နေသူတစ်ယောက် ရှိသည်။ ထိုသူကား သူရရွှေမန်းပင်တည်း။

သို့သော် ရေရှည်အားဖြင့် မနုဟာမင်း ဘယ်ခံနိုင်မလဲ။ ကျရှုံးရသည်ပင် ဖြစ်သည်။ သူ့နေရာ သူ့နိုင်ငံ သူ့ဝန်းကျင် ရောက်နေသည်မို့ အစွမ်းအစဘုန်းကံ မည်မျှပင် ရှိစေကာမူ ကာလံဒေသံ ဝေဖန်ကာ ဆင်မချင့် မင်းပေါ်နှင့်ဦးဆိုသလို လွှတ်တော်ဆိုသည်မှာ မိမိနေရာမှ မဟုတ်တာပဲ။ ၂၀၁၀-တုန်းက ရောက်လာသည့် သူခိုးဓားပြတွေ ကြီးစိုးရာနေရာသာ ဖြစ်သည်။ ဒီမိုကရေစီင်္မြို့တော်မှာ ကျူးကျော်ရပ်ကွက်တစ်ခုသာ ဖြစ်သည်။ လွှတ်တော်ဆိုသည်မှာ နိုင်ငံရေးသံဇကာတစ်ခုသာ ဖြစ်သည်။ ဝင်ရောက်သူသည် ပြန်ထွက်ဖို့ ခက်လှသည်။ တံလျပ်ကို ရေထင် ရွှေသမင်အလား ရေသာရှား၍ အသက်ပါ ဆုံးနိုင်သည်။

ဆိုလိုရင်းမှာ လွှတ်တော်နိုင်ငံရေးတွင် ဝင်မပါသည့် ၈၈-မျိုးဆက်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဤနေရာတွင် ဂုဏ်ပြုပါသည်။ ဒီချုပ်နှင့် ရန်တိုက်ပေးသည်ဟု မစွပ်စွဲစေချင်ပါ။ သို့သော် သူတို့သည် လက်ရှိအစိုးရ၏ နိုင်ငံရေးအခင်းအကျင်းကို ခြေစုံပစ်ဝင်မည့်သူများ မဟုတ်သည်ကို ထောက်ကြည့်ပြီး အမြော်အမြင်ရှိရှိ ချင့်ချင့်ချိန်ချိန်ဖြင့် လှုပ်ရှားနေကြပုံ ရသည်ဟု မြင်သည်။

စာရေးသူသည် လက်ရှိလွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်သည့်တိုင်အောင် အယုံအကြည်မရှိပါ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွဲ့ဖြိုးရေးကောင်စီတဖြစ်လဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မှာသာ အာဏာရှိသည်မို့ ကာလုံ၏ ရွှေ့ကွက်ကိုသာ သတိထားလေ့လာသွားမည်ဖြစ်သည်။ လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ်များ မပပျောက်သေးသရွေ့ ဒီမိုကရေစီကျသည့်လွှတ်တော်ဟု မထင်ပါ။ ထောက်လည်း မထောက်ခံနိုင်ပါ။

ယခုအခါ၌ ကြားဖြတ်လည်း ပြီးခဲ့ပြီ။ ဒီချုပ်လည်း ကျမ်းကျိန်ခဲ့ပြီ။ ဇူလိုင်လအထိ စောင့်ကြည့်ဦးမလား။ လွှတ်တော်အမတ်ဖြစ်ပြီဖြစ်သဖြင့် အမတ်လုပ်ငန်းကို ဆက်လုပ်ဖို့ပါပဲ။ စာရေးသူတို့ပြည်သူပြည်သားများအနေဖြင့် ဘုရားပွဲကို အာရုံထားနေ၍မရ။ စားဝတ်နေရေးက ရှိသေးသည်။ တိုင်းရင်းသားများအနေဖြင့် ဘဝလုံခြုံရေးအတွက် လုပ်ရဦးမည်။ ရုပ်ရှင်ပြကွက်ကို ကြည့်ခဲ့ပြီ။ မင်းသားကိုလည်း ကြိုက်ခဲ့ပြီ။ မင်းသမီးကိုလည်း သနားခဲ့ပြီ။ လူကြမ်းများကိုလည်း မကျေမနပ်ဖြစ်ခဲ့ပြီ။

ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်ရောက်လျှင် ချက်ဖို့ ဆန်ကြမ်းရှိမရှိ ဆန်အိုးကို ဖွင့်ကြည့်ရတော့မည်။ အိမ်တံခါးလုံမလုံ စစ်ကြည့်ရမည်။ အိမ်ရှေ့မှာ တပ်ပိုင်မြေဟု ဆိုင်ပုဒ်ရှိမရှိ မနက်ဖြန်တိုင်း ထကြည့်ရဦးမည်။ ကချင်တိုင်းရင်းသားများအနေဖြင့် မိမိအမျိုးထက် မည်သူကိုမျှ မယုံဖို့ လိုပါပြီ။ အခြားတိုင်းရင်းသားများ အနေ ဖြင့် လည်း မိမိဘဝလုံခြုံရေးအတွက် မည်သူကိုမျှ အားမထားဘဲ ကိုယ်ထူးကိုယ်ထ လုပ်ကြဖို့ လိုပါပြီ။ အသင်တို့သည် နှစ်ပေါင်း(၂၀)ကြာသည့်တိုင်အောင် စစ်အစိုးရကိုလည်း စောင့်ခဲ့ကြပြီ။ ဒီချုပ်ကိုလည်း စောင့်ခဲ့ကြပြီ။ ယခုလည်း အသင်တို့ စောင့်ကြဦးမည်လော။ သင်တို့နည်းသင်တို့ဟန်ဖြင့် အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။

ဇူလိုင်လရောက်၍ လွှတ်တော်ပြန်ခေါ်ခဲ့လျှင်လည်း အဆိုပါလွှတ်တော်သည် တရုတ်လွှတ်တော်လောက်ပင် သင်တို့အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်။ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ စီးပွားရေးသမားများ၊ ခရိုနီများအတွက်သာ ဥပဒေများကို ရှေးဦးစွာ ပြုပေးပါမည်။ ယင်းဥပဒေများကိုလည်း ပြည်သူ့ဆန္ဒနှင့်အညီ ပြုစုပေးသည်ဟု ကျေညာပါဦးမည်။ ပညာရေးတွင် ပြုပြင်ပြောင်းလဲမှုအနည်းငယ်ခွင့်ပြုမည်။ စီးပွားရေးတွင်သာ အားတက်သရော ပြုပြင်ကြပါမည်။ မယုံလျှင် စောင့်ကြည့်ကြပါကုန်။

ပြောပြီးလျှင် ပြောရင်းနှင့် ဆက်ပြောရပါဦးမည်။ စစ်အစိုးရသည်လည်းကောင်း၊ ပြည်ခိုင်ဖြိုးအစိုးရသည် လည်းကောင်း၊ တပ်မတော်ခေါင်းဆောင်များသည်လည်းကောင်း ၂၀၄၀ ခုအထိ အာဏာကို ဆွဲဆန့်ပြီး ကိုင်သွားဖို့ ရှိကြောင်း သိရသည်။ ထိုအချိန်အထိ လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ်များ ပပျောက်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီရရှိရေး ရနိုင်မည်မဟုတ်။ တိုင်းရင်းသားလူမျိုးများအနေဖြင့် တော်လှန်ရေးစိတ်ဓာတ် ပျောက်ပြီး စစ်မှန်သည့် ပြည်ထောင်စုကိုလည်း တောင်းဆိုတော့မည်မဟုတ်ဘဲ တရုတ်အဆင့်ပြည်နယ်များဖြင့်သာ ကျေနပ်ကြတော့မည်ဖြစ်သည်။

သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထား၍ မရ။ သူ့ကို အချိန်အနည်းငယ် ပေးသင့်မပေးသင့် စဉ်းစားချင်သူများ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူမဟုတ်၊ မိတ်ဆွေသာ ဖြစ်သည်ဟု ဆိုလျှင် သူ့ကို ကူညီသင့်သည်။ သူ့ကို ဆန့်ကျင်ခြင်းသည် ဒီမိုကရေစီတိုက်ပွဲအတွက် မလိမ္မာရာ ရောက်သည်။ မိမိလူကို ရန်သူက မြူဆွယ်သွားလျှင် မိမိတို့သည်လည်း ရန်သူအားရအောင် မမိုက်မဲသင့်။ ထို့ကြောင့်

၁။ ၈၈-မျိုးဆက်များသည် ယခုလိုပဲ လွှတ်တော်ပြင်ပကနေ ဒီချုပ်ကို အားပေးနေသင့်သည်။

၂။ တပ်မတော်သားကိုယ်စားလှယ်များကို အရေးဆို၍ လွယ်အောင် တိုင်းရင်းသားဒေသများတွင် အပစ်ရပ်နေဖို့ လိုသည်။

၃။ အတိုက်အခံပါတီများ၊ ၈၈ မျိုးဆက်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အချိန်ကန့်သတ်ချက်ဖြင့် လွှတ်တော်ရောက် ဒီချုပ်ကို ထောက်ခံကြဖို့ လိုသည်။ (အစိုးရက အကန့်အသတ်မပြုသဖြင့် ဤအတိုင်း မျောပါသွားမည်စိုး၍ ဖြစ်သည်)

လွှတ်တော်ပြင်ပနိုင်ငံရေး အင်အားကြီးအောင် ဒီချုပ်ကလည်း တဖက်တလမ်းက ကူညီဆောင်ရွက်ပေးရမည်။ လွှတ်တော်ကို ကာလုံက အမှောင်ကနေ ကိုင်နေသည်ဖြစ်၍ လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းနေဖို့ လိုပုံကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သိရှိနားလည်သင့်သည်။ ထို့ကြောင့်

၁။ ပြည်တွင်းပြည်ပအင်အားစုများကို စုစည်းပြီး ကွန်ယက်တစ်ခု ဖွဲ့စည်းသင့်သည်။ ဤကွန်ယက်ကို ဒီချုပ်လက်အောင်တွင် မထားရ။ သို့သော် ဒီချုပ်နှင့် ဆက်သွယ်နေရမည်။

၂။ ၈၈ မျိုးဆက်များသည် နိုင်ငံတကာ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သင့်သည်။ ဤအဖွဲ့ကိုလည်း ဒီချုပ်လက်အောင်တွင် မထားရ။ သို့သော် ဒီချုပ်ကို ပံ့ပိုးနေရမည်။

၃။ တိုင်းရင်းသားလူမျိုးများသည် မည်သည့်အဖွဲ့အစည်းကိုမျှ အားမကိုးဘဲ တိုင်းရင်းသားပေါင်းစုံအဖွဲ့အစည်းတစ်ခု ထူထောင်သင့်သည်။ ဤအဖွဲ့အစည်းသည်လည်း ဒီချုပ် လက်အောက်ခံမဟုတ်။ သို့သော် ဒီချုပ်နှင့် မဟာမိတ်ဖြစ်သည်။

၂၀၁၅ အထိ ဒီချုပ်က လွှတ်တော်နိုင်ငံရေးအရ တစ်စုံတစ်ရာပြောင်းလဲအောင် မလုပ်နိုင်လျှင် ဒီအဖွဲ့များ ရှေ့တိုးသင့်သည်။ ဤလွှတ်တော်ပြင်ပနိုင်ငံရေးကို ပုံဖော်ထားခြင်းဖြင့် လက်ရှိအစိုးရကို တစ်စုံတရာဖိအားတစ်ခု ပေးထားနိုင်သည်။ စာရေးသူအမြင်မှာ လက်ရှိသွားနေသည့်လမ်းကြောင်းသည် အစိုးရအမြတ်ထွက်မည့်လမ်းကြောင်းဖြစ်သည်။ ဤလမ်းကြောင်းကို ဒီချုပ် အယုံအကြည် ရှိသော်လည်း ကျန်အဖွဲ့များက မယုံကြည်နိုင်ခွင့် ရှိသင့်ကြသည်။

၁။ လွှတ်တော်တွင် တပ်မတော်သားကိုယ်စာလှယ်များ ရှိနေသေးသရွေ့

၂။ အမျိုးသားလွှတ်တော်တွင် ပြည်နယ်များကို ဦးရေတူကိုယ်စားလှယ်များ ကိုယ်စားမပြုနိုင်သရွေ့

၃။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေးကို ကိုယ်စားပြုသော ဖွဲ့စည်းပုံ မပေါ်သေးသရွေ့

ဒီမိုကရေစီတိုက်ပွဲ မပြီးသေးပါ။

Ven Ravika