ရန်ကုန်တက္ကသိုလ်နှင့် တကသအဆောက်အဦပြန်လည်တည်ဆောက်ရေး

 (မောင်ဝံသ)

by Maung Wuntha on Sunday, May 20, 2012 at 5:16am ·(Facebook မှ)
မနေ့က ရန်ကုန်မြို့ Micasa Hotel မှာပြုလုပ်တဲ့ အမျိုးသား စိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြားပွဲမှာ စာတမ်းရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ရန်ကုန်တက္ကသိုလ်ရဲ့
အစဉ်အလာဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူထံအိတ်ဖွင့်ပေးစာကို့ ဖြန့်ဝေလိုက်ပါတယ်။ ဒေါက်တာဦးမြင့်ရဲ့ ပြည်သူထံအိတ်ဖွင့်ပေးစာ စာတမ်းကို
 https://www.facebook.com/#!/media/set/?set=a.462180547131079.125612.287336421282160&type=1
 http://www.irrawaddyblog.com/2012/05/blog-post_7237.html တို့မှာ ဖတ်ရှုနိုင်ပါတယ်။

ကျွန်တော်ကတော့ ဆရာမြင့်ရဲ့ စာတမ်းကို ဖတ်ပြီး ကျေနပ်ပီတိဖြစ်လွန်းလို့ မျက်ရည်တောင်လည်မိပါတယ်။
ဆရာမြင့် ပြောထားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး သုံးသပ်တင်ပြချက်အားလုံးကို အပြည့်အ၀ထောက်ခံပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးကို တန်ဖိုးထားရကောင်းမှန်းမသိသူတွေက ဖျက်ဆီးဖို့ကြိုးစားခဲ့ပေမယ့် လုံးဝတော့ မပျက်စီးသွားသေးပါဘူး။ ပြန်လည်တည်ဆောက်ရင် ရနိုင်သေးတယ်လို့ ယူဆပါတယ်။ 
လောလောဆယ် ကြောက်ဖို့ကောင်းတာက နိုင်ငံခြားစီးပွားရေး လက်ဝါးကြီးအုပ်သမားတွေက ပြည်တွင်း သစ္စာဖောက်တွေနဲ့ပေါင်းပြီး ရန်ကုန်တက္ကသိုလ်လို နေရာမျိုးကိုပါ မျက်စောင်းထိုး မျက်စိကျလာရင် ဘယ်လို လုပ်ကြမလဲ။
ဆရာမြင့်က ရနိကုန်တက္ကသိုလ်ကြီးကို ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းပြီး ရေးထားတာ အင်မတန် သရုပ်ပေါ်ပါတယ်။ ဧရာဝတီကို ကျွန်တော်တို့ ကာကွယ်သလို ရန်ကုန်တက္ကသိုလ်ကြီးကို အန္တရာယ်ကင်းအောင်ကာကွယ်ရပါမယ်။ ဒါတင်မက နဂိုမူလအတိုင်း အစဉ်အလာကြီးမား၊ ဂုဏ်သိက္ခာမြင့်မားတဲ့ တက္ကသိုလ်ကြီး အဖြစ် ပြန်လည်တည်ဆောက်ရပါလိမ့်မယ်။

ဆရာမြင့်စာတမ်းထဲပါတဲ့ နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ပြန်လည်တည်ဆောက်ဖို့နှိုးဆော်ချက်ဖြစ်ပါတယ်။ ၁၉၆၁မှာ ကျောင်းသားနံပါတ် Number of Student - NS 39162 နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ပြီး ၁၉၆၇ ကျမှ ဘီအေဘွဲ့ရခဲ့တဲ့ ကျွန်တော့်အနေနဲ့ ဆရာမြင့်ရဲ့ အဆိုအားလုံးကို ချွင်းချက်မရှိ ထောက်ခံပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သည်ကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် ပြောဆိုခဲ့ပြီး ဖြစ်လို့ပါပဲ။

မနှစ်က ဇူလိုင် ၇ နဲ့ ဇူလိုင် ၈ နှစ်ရက်မှာ RFA အသံလွှင့်ဌာနက ကျွန်တော်နဲ့ အင်တာဗျူးကို နှစ်ရက် ဆက်လွှင့်ခဲ့ပါတယ်။
ပထမတစ်ခုက ဇူလိုင် ၇ ရက် အရေးအခင်းအကြောင်း ကျွန်တော် သိသမျှ ပြန်ပြောပြတာပါ။
ဒုတိယ အင်တာဗျူးက တကသ အဆောက်အဦကြီး မိုင်းခွဲ ဖျက်ဆီးခံရတာရယ်၊  ထိုစဉ်က တော်လှန်ရေးကောင်စီကိုယ်စားလှယ်အချို့က တကသကြီးကို ပြန်ဆောက်ပေးပါ့မယ်လို့ ကတိပြုတာရယ်အကြောင်း ပြောခဲ့တာပါ။ ကျွန်တော်က လာမည့်နှစ် ၂၀၁၂ ဟာ တကသကြီးဖြိုဖျက်ခံရတာ နှစ် ၅၀ ပြည့်တဲ့နှစ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တကသကြီးကို ပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားကြပါစို့လို့ RFA အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

နောက်ခံအကြောင်းကတော့ ဒီလိုပါ။
ဇူလိုင် ၇ ရက်ပြီးတော့ ကျောင်းတွေ ပိတ်ချလိုက်ပြီး စက်တင်ဘာမှာ ကျောင်းပြန်ဖွင့်တယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေ ပေါ်လာတော့ ဒီတစ်ကြိမ်မှာ တော်လှန်ရေးကောင်စီက အင်အားသုံး မနှိမ်နင်းဘဲ ဆွေးနွေးရအောင်ဆိုပြီး ကျောင်းသားကိုယ်စားလှယ် လေးဦးကော်မတီကို ၁၉၆၂ နိုဝင်ဘာလထဲမှာ ဖိတ်ခေါ်ဆွေးနွေးတယ်။ လေးဦးကော်မတီထဲက ကိုတင်ထွန်းတစ်ယောက်ပဲ ကွယ်လွန်ပါသေးတယ်။ ကိုချစ်ဆောင်(ကသာ)၊ ကိုတင်အေး ( မြင်းခြံ)နဲ့ အဲဒီတုန်းက ပဲခူးစိုးသိမ်းလို့ သိကြတဲ့ ကျွန်တော်ပါဝင်ပါတယ်။ တော်လှန်ရေးကောင်စီကိုယ်စားလှယ်များအဖြစ် ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီးသန်းစိန်၊ ဗိုလ်မှူးကြီး ဒေါက်တာမောင်လွင်တို့ပါဝင်ပါတယ်။
ဆွေးနွေးတဲ့အကြောင်းအရာ များစွာထဲက လောလောဆယ် သက်ဆိုင်တာကို ပြောရရင် တကသ အဆောက်အဦကြီးကို ပြန်ဆောက်ပေးပါ့မယ်၊ ကျောင်းသားတွေ စိတ်ကြိုက် ဗိသုကာလက်ရာ ပေးရင် ပေးတဲ့အတိုင်းဆောက်ပေးမယ်၊ ယခင်မူလပုံစံအတိုင်း ပြန်လိုချင်ရင်လဲ အရင်အတိုင်း ဆောက်ပေးပါမယ်လို့ သူတို့က ပြောလာပါတယ်။
ကျွန်တော်တို့က တကသအဆောက်အဦကို သင့်တော်တဲ့အချိန်မှာ ကျွန်တော်တို့ဘာသာ ပြန်ဆောက်မယ်၊ မိဘ ပြည်သူတွေက ကျွန်တော်တို့ကို ကူမှာပါလို့ ပြန်ပြောခဲ့ပါတယ်။ နောက်နှစ်လလောက်ကြာတော့ ကျွန်တော်တို့ဘာသာ တဲတန်းလျားကြီးတစ်လုံးဆောက်ပြီး တကသ အဆောက်အဦလို့ သမုတ်ခဲ့ပါတယ်။ အဲဒီအဆောက်အဦလဲ ၁၉၆၃ ဒီဇင်ဘာလမှာ ဖြိုဖျက်ခံလိုက်ရတာပါပဲဗျာ။ ဒီနေရာမှာ မှတ်သားဖို့ကတော့ တကသ အဆောက်အဦးကို နှစ်ကြိမ်အဖျက်ခံရတယ်ဆိုတာပါပဲ။

၁၉၈၈ အရေးတော်ပုံအတွင်း  သမ္မတ ဒေါက်တာမောင်မောင်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ၃လအတွင်း ကျင်းပပေးပါမယ်လို့ ကတိပေးတဲ့ မိန့်ခွန်းအဆုံးမှာ တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးကိုလဲ ပျော်ပျော်ပါးပါးအုတ်မြစ်ချကြရအောင်လို့ ကတိပေးသွားပါသေးတယ်။ ဘာပဲပြောပြော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ လုပ်ရပ်အတွက် ဆင်ခြင်တုံတရား ရှိသူတိုင်းဟာ အပြစ်ရှိတယ်လို့ ခံစားမိကြမှာပါပဲ။

ဆရာဒေါက်တာဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာနဲ့ ဒီကိစ္စတွေကို နှိုးဆော်လိုက်တာ အင်မတန်မှ ကျေးဇူးတင်ဖို့ကောင်းပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးကို ကယ်တင် ဆယ်မရေးနဲ့ တကသ အဆောက်အဦကြီး ပြန်လည်တည်ဆောက်ရေးကို ပြည်သူအားလုံးက စိတ်ဓာတ်ရေးရာ တာဝန်သိမှုဖြင့် ၀ိုင်းဝန်းကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါကြောင်း။

maungwuntha@gmail.com

    • Maung Wuntha 
      ဗိုလ်မှူးကြီးသန်းစိန်၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီးဒေါက်တာ မောင်လွင်လို့ ပြင်ဖတ်ပေးပါရန်။

    • Thu Yein Win  
      ဗိုလ်မှူးကြီး ကျော်စိုး ထင်ပါတယ်။

    • Sein Soe 
       နောက်ပိုင်း တက္ကသိုလ်တက်နေကြရတဲ့ ကလေးတွေဟာ၊ တက္ကသိုလ်နဲ့မတူတဲ့ ပုံစံမျိုးတက္ကသိုလ်တွေမှာတက်နေကြရတာ စိတ်မကောင်းစရာပါ၊ အခုလိုမျိုး ရေးသားတင်ပြကြတာ တအားဝမ်းသာပါတယ်ဗျား။

    • Thuriya Myo
      အမျိုးသားပညာရေးတိုးတက်မြင့်မားဖို့အတွက် လုပ်ငန်းစဉ်တစ်ခုအနေနဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်မွမ်းမံပြီး ဖွင့်လှစ်သင့်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာ လုယူခံထားရတဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အိပ်မက်တစ်ခုပါ။ အဲဒီအိပ်မက်လေး ကျွန်တော်တို့ဆီပြန်လည်.ရောက်ရှိလာမယ်ဆိုရင် သိပ်ကျေးဇူးတင်စရာပါပဲ။ အဲဒီအတွက်အစိုးရရဲ့ဘတ်ဂျက်ကိုတောင် သုံးစရာမလိုဘူးထင်ပါတယ်။ လုပ်ခွင့်သာပေးရင် ပြည်တွင်းပြည်ပက အလှူငွေတွေအများကြီးရလာမှာပါ။ သမဂ္ဂကြီးပြန်ဆောက်ဖို့ဆိုရင်လည်း ဒီအတိုင်းပဲ။ ပန်းရံဘာညာ ငှါးစရာမလိုဘဲ အုတ်သဲကျောက်ကအစ ပခုံးနဲ့တွန်းတင်လုပ်အားပေးမယ့် ကျောင်းသားတွေအများကြီးရှိတယ်။


    • Kyawnaing Oo 
       ပြန်ဆောက်ရဘို့ပါ ကျောင်းသား ဟောင်းအား လုံး တရက် လုပ်ခ လှုဒါနဲ့ ဆောက်လို့ရပါတယ် ကျောင်းသားတွေ တကယ်ပိုင် တဲ့ တကသ အဆောက် အဦး လို့ ခံစားချင်ပါတယ်

    • Ye Htut 
      ဆရာမောင်ဝံသခင်ဗျား၊ ဗိုလ်မှူးကြီးကျော်စိုးဖြစ်မယ်ထင်တယ်။ သူက ဗဟိုလုံခြုံရေးကောင်စီမှာပါတယ်။ ဗိုလ်မှူးကြီးတင်စိုးက စီးပွားရေးဘက်မှာလို့ ထင်ပါတယ်။ သူက ဗိုလ်ချုပ်တင်ဖေတပည့်ပါ။ လုံခြုံရေးဘက်မှာမဟုတ်ပါဘူး

    • Maung Wuntha 
      ဗိုလ်မှူးကြီးကျော်စိုး မဟုတ်ပါ။ သေချာပါတယ်။ ဗိုလ်မှူးကြီးတင်စိုး ဖြစ်ပါတယ်။ သူက အတော် စကားပြောကောင်းတာ မှတ်မိပါတယ်။ ဗိုလ်မှူးကြီးကျော်စိုးက UNICEF ဒေါက်တာလွင်လွင်စိုး အဖေဆိုတာ တစ်နေ့က သိလိုက်ရတယ်။ ဒေါက်တာ လှဟန်က ဆွေးနွေးပွဲတစ်ကြိမ်လောက်ပဲ လာထိုင်ဖူးပါတယ်။

    • Maung Wuntha 
       ကျွန်တော်က ``ခွပ်ဒေါင်းနှင့်အတူ´´ ၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ် အရေးတော်ပုံမှတ်တမ်း ဆိုတဲ့ စာအုပ်ကလေး ရေးထုတ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဝေါမြို့ကလာခဲ့တယ် လုံးချင်းစာအုပ်မှာ အဲဒီစာအုပ်ကလေး ရေးခဲ့ပုံရယ်၊ self service စနစ်နဲ့ ပထမဆုံး စမ်းသပ်ရောင်းချခဲ့ပုံရယ် ဖော်ပြခဲ့ဖူးပါတယ်။

    • Ye Htut 
      ဒါဆိုရင် တော်လှန်ရေးကောင်စီဝင်မဖြစ်နိုင်ပါ။ ပထမဆုံးတော်လှန်ရေးကောင်စီ ၀င်များထဲမှာ ဗိုလ်မှူးကြီးကျော်စိုး ပါပြီး ပြည်ထဲရေးကိုတာဝန်ယူရပါတယ်။ ဗိုလ်မှူးကြီးတင်စိုးက တော်လှန်ရေးကောင်စီဝင်မဟုတ်ပါ။ လေ့လာမိသလောက် အထူးအရာရှိအဖြစ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှာတွဲတယ်ထင်ပါတယ်။ ပြည်သူပိုင် သိမ်းရေးကိစ္စများမှာ ဗိုလ်မှူးချုပ်တင်ဖေရဲ့ မူဝါဒတွေကိုထောက်ခံသူဖြစ်ပါတယ်။

    • Maung Wuntha 
       ဗိုလ်မှူးကြီးတင်စိုးဟာ ထိုစဉ်က အတွင်းဝန် အဆင့် ဖြစ်မယ်ထင်ပါတယ်။

    • Maung Wuntha 
      ထောက်ပြ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ဆရာရေ။

    • Ye Win Htut
       ၁၉၉၆ က ပိတ်လိုက်တဲ့ ကျောင်းအားလုံး အဆောင်အားလုံး မူလအတိုင်း ပြန်ဖွင့်စေချင်ပါတယ်

    • Win Mgthant 
      ကျနော့(၆၄) ဗဟုသုတအရ---ဗမကတင်စိုး မှန်တယ်ထင်ပါတယ်။

    • Win Mgthant 
      ၆၄ စက်မှုတက္ကသိုလ် မောင်မယ်သစ်လွင်နေ့ မှာ--နောက်ထပ်ဆူရင် ထပ်ပစ်ဦးမယ်လို့ ကြိမ်းသွားဖူးပါတယ်။ ဒါပေမဲ့ လူကြီးလူကောင်း အတော်ဆန်တဲ့ပုဂ္ဂိလ် မှန်း ပြုတ်သွာမှ ကြားဖူးပါတယ်။

    • Win Mgthant 
       ဦးရဲထွဋ် ပြောတာမှန်ပါတယ်။ တော်လှန်ရေး ကောင်စီဝင် မဟုတ်ပါ။

    • Win Mgthant  
      ဘာပြောပြော ဆရာကြီးဒေါက်တာ ဦးမြင့် ကိုတော့ အထူးဘဲ ကျေးဇူးကြီးကြောင်း လေးစားစွာ ဖော်ပြအပ်ပါတယ်။

    • Thu Yein Win 
       ပြုတ်သွားမှ လူကြီးလူကောင်း ဆန်တာလို့ ပြောတာလား။ နားမလည်လို့ မေးတာပါ။ :D

    • Win Mgthant 
      မဟုတ်ပါဘူး။ အစ က စစ်ဗိုလ် ဆိုတော့။၊ပီး ကြိမ်းသံ လဲ ကြားဖူးထားတော့ သူလိုငါလို စစ်ဗိုလ်ဘဲ ထင်မိတာပေါ့ဗျာ။ နောက် သူနားသွားပီး မှ လူကြီးလူကောင်းဆန်တဲ့ အချက်တွေ (လူကြီးတချို့ ဆီက) ပြန်ကြားရလို ရေးလိုက်တာပါ။ ကျနော်ရေးတာ မရှင်းတဲ့အတွက် တောင်းပန်ပါတယ်။

    • Thu Yein Win 
      ကျွန်တော်တို့ ဆီမှာက နားပီ သွားပီဆို ကောင်းတဲ့ဘက်ကိုဘဲ ရွေးပြောကြသဗျ။ အဲဒီအကြောင်းကို ဦးသိန်းဖေမြင့် သူ့ အဖေ အသုဘနဲ့ ဆက်စပ်ပြီး ရေးတာတောင် ဖတ်ဘူးပါသေးတယ်။ ဗမက တင်စိုးရယ်လို့ ပြောတာ မဟုတ်ပါဘူး။ ကြုံဘူး ကြားဘူးတာလေးတွေ ပြောတာပါ။

    • Win Mgthant 
      နားပီ၊သွားပီဆိုတိုင်း အကောင်းပြောမခံရတဲ့လူတွေ ဒု နဲ့ ဒေပါဗျာ။ တချို့ ဆို နားပီ၊သွားပီ မသေချာခင် ကတောင်---ဆက်တွေးကြည့် ပါလေ။

    • Win Mgthant 
      ခု ကျနော်ဝင်ရေးနေတာ က ဆရာမောင်ဝံသ ပြောတဲ့အချက်အလက်အချို့ ကို ထောက်ခံ နေတာ၊ ပီး ဆရာကြီး ဦးမြင့် ရဲ့ သတ္တိ ကို ဂုဏ်ပြုချင်လို့ သာ ဖြစ်ပါတယ်။ ကျန်ကိစ္စများ သီးခြားဆွေးနွေး ဖို့  သပ်သပ် လုပ်ကြရအောင်လား ခင်ဗျာ။

    • Ye Ni
      ဆရာမြင့်ရဲ့စာတမ်းဟာ တိုင်းပြည်တည်ထောင်ရေးမှာ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး ပညာရေးကဏ္ဍ ပြန်လည်ထူထောင်ကြဖို့နဲ့ သမိုင်းမှာလည်း အရေးပါခဲ့သလို အနာဂါတ်အတွက်လည်း အရေးကြီးတဲ့ ကျောင်းသားတွေကို အခြေပြု ချည်းကပ်ထားတာလို့ ခံစားမိပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကို ပညာရေးနဲ့အစပြုဆောင်ရွက်ကြဖို့ ကျောင်းဆရာတယောက်အနေနဲ့ တိုက်တွန်းလို့လည်း သဘောခွေ့သွားပါတယ်။ တချိန်က ဒေသတွင်းမှာ မော်ကြွားနိုင်ခဲ့တဲ့ အမျိုးသားပညာရေးအဆင့်ကို ပြန်ရယူဖို့ ရည်ရွယ်ပြီး အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲတွေ မကြာခင် ကျင်းပလာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျောင်းထုတ်ခံထားရသူတွေ ကျောင်းပြန်တက်မယ့် အထဲမှာ ကျနော် ပါပရစေ


    • Min Khin
      ဆရာဦးမြင့်ရဲ့ စာတမ်းကို တက္ကသိုလ်မှာ ဆယ့်ငါးနှစ်ကျော် ကျင်လည်ခဲ့သူတဦး အနေနဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်။ ရင်တွင်းမှာလဲ ဆရာမောင်ဝံသနဲ့ ထပ်တူ ခံစားရပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်မှာ တကသအဆောက်အဦကြီး မရှိတော့ပေမယ့် လက်ဆင့်ကမ်းခဲ...See More


    • Ko Myo
      ဆရာများခင်ဗျာ...မဝေးသေးတဲ့သမိုင်းဒုတ်ဓါးမထမ်းရသေးခင် အဖြေထွက်အောင်ကြိုးစားပေးကြပါ...သွားလေသူကြီးအသံလွှင့်မိန့် ခွန်း၊ ဦးအောင်ကြီး၄၁မျက်နှာနဲ့ဖိတ်ဖွင့်ပေးစာစတဲ့စတဲ့...ထဲကOKဆိုတာရယ် တော်လှန်ရေးကောင်စီ ၀င်ဗိုလ်မှူးကြီးကျော်စိုးဆိုတာရယ်... စတဲ့စတဲ့မုန့် လုံးကိုပတ်ထားတဲ့စက္ကူကိုဆရာတို့ အထူးသဖြင့် ဆရာYe Htut နဲ့ဆရာMaung Wuntha တို့ ဟန်ချက်ညီညီခွါချပေးနိုင်မယ်ထင်ပါရဲ့ ခင်ဗျာ.... ပြီးမှပျော်ပျော်ပါးပါးအုတ်မြစ်ချကြရအောင်လား (စစ်သားတစ်ပိုင်းပညာရှင်တစ်ပိုင်းDrမောင်မောင်ကို“မဆလမင်းဆက်” အဖြစ်လက်မခံလိုခဲ့ပေမဲ့သူရေးခဲ့တဲ့စာတွေနဲ့  အဲ့ဒီစကားပြောကြားခဲ့မူ့ အပေါ်တော့သဘောခွေ့ ခဲ့တာမငြင်းလိုပါခင်ဗျာ)


    • သော် ဇင် အုန်း 
       ဆ၇ာမောင်ဝံသကိုသမိုင်းအမှန်ဖြစ်ဖိုကကူညီစေချင်ပါတယ်....အသက်သိပ်မပြီးသေးတော့မှတ်ဥာဏ်ကောင်းနေမှပါ..တိတိကျကျပြောစေလိုပါတယ်

    • Lwin Aung Soe
      နှစ်ပေါင်း ၅ဝ တိုင်တော့မယ့် 7 July အရေးအခင်း သမိုင်းကြွေး ဆပ်နေကြတာဟာ အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အတော်ကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ သမ္မတအကြံပေး ဦးမြင့် တွက်ပြသလို ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ပြန်လည်တည်ဆောက်တာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အစိုးရအပေါ် နားလည်ယုံကြည်မှု ရှိလာစေတဲ့ ခြေလှမ်းကောင်းတရပ်ပါပဲ။ ကျောင်းသားသမဂ္ဂ ပြန်လည် ပေါ်ထွန်းလာဖို့ လမ်းစလည်း ဖြစ်ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက်အတွင်း ဘယ်အစိုးရတက်တက် ကျောင်းသားတွေအပေါ် အမြင်မကြည်လင်ဘဲ နှိမ့်ချဆက်ဆံ နှိပ်ကွပ်ခဲ့တာတွေ အဆုံးသတ်သွားစေမယ့် သမိုင်းဝင် လုပ်ရပ်လည်း ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ မျိုးဆက်သစ်တွေထဲက ထူးချွန်တဲ့ နိုင်ငံခေါင်းဆောင်လောင်းတွေကို အခြေခံကောင်းကောင်းနဲ့ ပြုစုပျိုးထောင်နိုင်မယ့် ခေတ်သစ်တခုကို အမြော်အမြင်ရှိရှိ ဝိုင်းဝန်း ဖန်တီးဖို့ ဖြစ်လာတယ်လို့ ဆိုလိုက်ပါရစေ။