ဆန္ဒပြလုပ်သားများ ရေ မီး ဖြတ်တောက်မှုခံထားရ

Hi Mo ဆံပင်တုစက်ရုံမှ အဆောင်နေ ဆန္ဒပြလုပ်သားများ ရေ မီး ဖြတ်တောက်မှုခံထားရပြီး အဆောင်တွင်း၌လည်း လုပ်သား ၄၀ ကျော် ဖျားနာမှုများရှိနေကြောင်း သတင်းရရှိသည်။
''ဒီရက်ပိုင်းမှာ မီး၊ ရေ ဖြတ်ထားလို့ ရေတွေ ၀ယ်သုံးနေရပါတယ်။ ဆန္ဒပြရက်တွေအတွင်းမှာ မိုးရွာတော့ အအေးမိတဲ့သူမိပြီး ဖျားနေသူက ၄၀ လောက်ရှိတယ်။ မီးက မလာ၊ ရေမရှိ၊ ဖျားသူက ဖျားနဲ့။ မီးရော၊ ရေရော စက်ရုံက ဖြတ်ထားတာပါ။ မီးကတော့ ပေးချင်တဲ့အချိန် ကျရင် ပေးပါတယ်။ ညဘက်ဆိုရင်လည်း စက်ရုံ လုံခြုံရေးရှိပေမယ့် မိန်းကလေးတွေပဲရှိပြီး ဘယ်အချိန်၊ ဘယ်သူဝင်လာမယ်ဆိုတာ မသိနိုင်လို့ အလှည့်ကျ ကင်းစောင့်နေရပါတယ်။ လုံခြုံစိတ်ချရမှု မရှိပါဘူး။ အလုပ်သမားရုံးကရော၊ စက်ရုံဘက်ကရော တာဝန်ယူ ညှိနှိုင်းမယ့်သူ မရှိတဲ့အတွက် အလုပ်သမားတွေအားလုံး ဒီအတိုင်း လုပ်ငန်းခွင်ပြင်ပမှာ ရှိနေပါတယ်'' ဟု Hi Mo ဆံပင်တုစက်ရုံမှ အလုပ်သမားများက မေလ (၂၁) ရက်နေ့၌ ပြောကြားခဲ့သည်။
Hi Mo ဆံပင်တုစက်ရုံသည် လက်ရှိဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုန် အလုပ်သမား ဆန္ဒပြမှုများအနက် စတင်ဆန္ဒပြမှုဖြစ်ပွားသည့် စက်ရုံဖြစ်ပြီး ဆန္ဒပြရက် ရှည်ကြာခြင်းကြောင့် အလုပ်သမားများ နေထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲများအပြင် အလုပ်သမား များ၏ တောင်းဆိုချက်များအား ညိနှိုင်းဖြေရှင်းရန် စက်ရုံမှ တာဝန်ရှိသူများ မရှိခြင်းနှင့်လည်း ကြုံ့တွေ့နေရကြောင်း သိရှိရသည်။
Ref : Eleven