၁၉၉၁
ခုနှစ်မှာ ယူဂိုဆလားဗီးယား ပြည်ထောင်စုကြီး ပြိုကွဲပြီးနောက်ပိုင်းမှာ
နိုင်ငံငယ်လေးတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ မက်ဆီဒိုနီးယားနိုင်ငံဟာလဲ
(၁၉၉၁) ခုနှစ်မှာ ယူဂိုဆလားဗီးယားကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့ ဥရောပတောင်ပိုင်း၊ ဘော်လ်ကန်ကျွန်းဆွယ်က နိုင်ငံငယ်လေး တခုပါ။
လူဦးရေနှစ်သန်းကျော်သာရှိတဲ့
မက်ဆီဒိုနီးယားနိုင်ငံငယ်လေးမှာ လွတ်လပ်ရေးကြေငြာပြီးကတည်းက ဒီမိုကရေစီ
အသွင်ကူးပြောင်းမှုကို စတင်ခဲ့တာဖြစ်ပေမယ့် ဒီမိုကရေစီစနစ်
ရှင်သန်ခိုင်မာမှုနဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု
ရလာဖို့အတွက်ကတော့ အလွန်ပဲ ခဲယဉ်းခဲ့ပါတယ်။ အဓိကကတော့ လူမျိုးစုများ အတူတကွ
ယှဉ်တွဲနေထိုင်ရေးမှာ လူမျိုးစုတခုနဲ့ တခု ခွဲခြား ဆက်ဆံမှုတွေပဲ
ဖြစ်ပါတယ်။ မက်ဆီဒိုနီးယားနိုင်ငံမှာ ရိုမာ၊ အယ်လ်ဘေးနီးယား၊ ဆာဗီးယားနဲ့
တားကစ်ခ်ျ လူမျိုးနွယ်စုတွေ နေထိုင်ကြပါတယ်။
ဒီလူမျိုးစုတွေအကြားမှာ
ရှေးနှစ်ပေါင်း များစွာ ကတည်းက အမြစ်တွယ်နေခဲ့တဲ့ အမုန်းတရားတွေ၊
အာဃာတတရားတွေက မျိုးဆက်တခုကနေ တခုဆီကို သယ်ဆောင်လာခဲ့ကြပါတယ်။ ဒါတွေဟာ
နိုင်ငံငယ်လေး တခုအဖြစ် ခွဲထွက်လာပြီး နောက်ပိုင်းမှာ
ပြန်လည်ရှင်သန်လာပါတယ်။ လူမှုရေး၊ နိုင်ငံရေး၊ အဖွဲ့အစည်းရေး၊ အလုပ်
အကိုင်ဝန်းကျင်တွေထဲမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာပါတယ်။
သူ့လူမျိုးနဲ့သူ အုပ်စုဖွဲ့ ရပ်တည်မှုတွေရှိလာပြီး
အချင်းချင်းပူးပေါင်းဆောင်ရွက် မှုတွေ လျော့နည်းတာကြောင့် ၂၀၀၁ ခုနှစ်မှာ
ပြည်တွင်းစစ်ဖြစ်ပွားလာခဲ့ပြီး ဒီမိုကရေစီ
အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ေ တွ နှောင့်နှေးသွားခဲ့ပါတယ်။
မက်ဆီဒိုနီးယား
ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နောက်ထပ်နှောင့်နှေးစေတာကတော့
ကျားမခွဲခြား ဆက်ဆံမှုပဲ ဖြစ်ပါတယ်။ တန်းတူညီမျှမှုဆိုတာက ဒီမိုကရေစီရဲ့
အခြေခံသဘောတရားတခုပါ။ ဒီသဘောတရားကို လက်မခံပဲ ဒီမိုကရေစီ စနစ် ခိုင်မာ
ရှင်သန်လာအောင် တည်ဆောက်လို့ မရပါဘူး။ မက်ဆီဒိုနီးယား လူ့အဖွဲ့အစည်းမှာ
ကျားမတန်းတူညီမျှမှုထက် အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှုက ပိုပြီး
များနေခဲ့ပါတယ်။ အမျိုးသမီးတွေဟာ မိသားစုတွင်းမှာလဲ အမျိုးသားများကို
မှီခိုပြီး၊ အမျိုးသားတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေကိုပဲ
လိုက်နာခဲ့ကြရပါတယ်။ ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းတွေမှာလဲ
ခွဲခြားသတ်မှတ်မှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။
အမျိုးသမီးတွေရဲ့
အမှီအခို ကင်းစွာ ရပ်တည်နိုင်မှုကို ထောက်ကူပေးနိုင်မယ့် လူမှုအစီအစဉ်တွေ
နည်းပါးတာကြောင့် မှီိခိုသူ တွေအဖြစ်ပဲ နေခဲ့ကြရပါတယ်။
မှီခိုရပ်တည်ရတာဖြစ်တဲ့အတွက် မိသားစုတွင်း အကြမ်းဖက်မှု၊
အနိုင်ကျင့်မှုတွေကို ကြုံကြရပြန်ပါတယ်။ ပြင်ပလူနေမှုဘ၀နဲ့ နိုင်ငံရေး
အခွင့်အလမ်းတွေမှာလဲ ညီမျှတဲ့ ကိုယ်စားပြုခွင့် မရှိခဲ့ပါဘူး။
ဒီလိုကျားမခွဲခြားဆက်ဆံမှု ကြီးထွား နေတာနဲ့အမျှ တိုင်းပြည်ရဲ့
စီးပွားရေးကလဲ တစထက်တစ ဆုတ်ယုတ်ယိုယွင်းလာစမြဲ ဖြစ်ပါတယ်။
မက်ဆီဒိုနီးယားနိုင်ငံဟာလဲ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့
စီးပွားရေးပြဿနာမျိုးစုံကို လွတ်လပ်ရေး ကြေငြာပြီးစ ပထမဆယ်နှစ်တာ
ကာလအတွင်းမှာတင် ရင်ဆိုင်ရပါတော့တယ်။
မက်ဆီဒိုနီးယား
အမျိုးသမီးခေါင်းဆောင်တွေဟာ ဒီအခြေအနေတွေကို တွေ့မြင်လာကြပါတယ်။
ကျားမတန်းတူ ညီမျှရေးမရှိသရွေ့ လူ့အဖွဲ့အစည်းရဲ့ ပညာရေး၊ ကျန်းမာရေး၊
လူမှုရေး အဆင့်အတန်းတွေ တိုးမြင့်လာမှာ မဟုတ်တဲ့အတွက် ကျားမတန်းတူညီမျှရေး
လှုပ်ရှားမှုတွေကို စပြီး ပြုလုပ်လာကြပါတယ်။ နိုင်ငံရေးရာ
လုပ်ငန်းဆောင်တာတွေနဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အမျိုးသမီးတွေရဲ့
အခန်းကဏ္ဍ တိုးမြင့်လာမှု မရှိသရွေ့ လူ့အဖွဲ့အစည်းအတွင်းမှာ စစ်မှန်တဲ့
ကိုယ်စားပြုမှု မရှိနိုင်တာကို သိမြင်လာကြတဲ့အတွက်
နိုင်ငံရေးအခွင့်အလမ်းတွေကို တောင်းဆို လာခဲ့ကြပါတယ်။ မိသားစုတွင်း
ဆက်ဆံရေးမှာတင် အနိုင်ကျင့်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အမြစ်တွယ်နေတဲ့
လု့အဖွဲ့အစည်းအတွင်းမှာ လူမျိုးစုတွေအကြား ခွဲခြားဆက်ဆံမှုတွေ
ပပျောက်သွားအောင် လုပ်ဆောင်ဖို့ ခဲယဉ်းနိုင်တယ်ဆိုတာကို သိမြင်လာကြတဲ့အတွက်
ကျားမ တန်းတူညီမျှမှု မိသားစုအခွင့်အလမ်းတွေကို တောင်းဆိုလာခဲ့ကြပါတယ်။
မက်ဆီဒိုနီးယားရဲ့
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု ကာလတွေအားလုံးမှာ အမျိုးသမီးတွေဟာ
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်ရေး၊ တန်းတူညီမျှမှု
စတာတွေအတွက် ပါဝင် လှုပ်ရှားခဲ့ကြပါတယ်။ လွတ်လပ်ရေးကြေငြာပြီးစ ၁၉၉၁
ခုနှစ်ကနေ ၂၀၀၁ ခုနှစ် ပြည်တွင်းစစ် မဖြစ်ခင်အချိန်အထိ ဆယ်နှစ်တာ
ကာလအတွင်းမှာ မက်ဆီဒိုနီးယား နိုင်ငံရဲ့ ပထမဦးဆုံးနဲ့ လှုပ်ရှားမှု
အများဆုံး အရပ်ဘက် လူ့အဖွဲ့အစည်းဟာ အမျိုးသမီးအစုအဖွဲ့တွေပဲ ဖြစ်ပါတယ်။
လူမျိုးစုတွေအကြားက အာဃာတတွေ၊ ကွဲပြားခြားနားမှုတွေနဲ့
ခွဲခြားဆက်ဆံမှုတွေကို တွေ့မြင်နေကြတဲ့ အမျိုးသမီး အစုအဖွဲ့တွေဟာ
အချင်းချင်း ချိတ်ဆက်ပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့
ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့
အကူအညီကို ရယူပြီး ဒိုင်ယာလော့ခ်တွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ
ပေါ်ထွက်လာအောင် ကြိုးပမ်းခဲ့ကြပါတယ်။ အမျိုးသမီး အစုအဖွဲ့တွေအကြား
ညီညွတ်ရေး တည်ဆောက်မှုတွေကနေ တမျိုးသားလုံး ညီညွတ်ရေး ရရှိလာဖို့ကို
ပေါင်းကူးပေးနိုင်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ဒါပေမယ့်လဲ အမျိုးသမီးတွေဟာ
အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) တွေအနေနဲ့သာ
ဆောင်ရွက်နိုင်ပြီး၊ နိုင်ငံရေးရာ ဆုံးဖြတ်လုပ်ကိုင်မှု အခွင့်အလမ်းတွေ
မရှိတဲ့အတွက် ပြည်တွင်းစစ်ကို မတားဆီးနိုင်ခဲ့ကြပါဘူး။
အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာက
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ အရေးကြီးတဲ့ ကဏ္ဍတခုအနေနဲ့
ပါဝင်တာ ဖြစ်ပေမယ့် နိုင်ငံရေးရာ ဆုံးဖြတ်လုပ်ကိုင်မှုတွေကို ဖိအားပေးမှု၊
တွန်းအားပေးမှုသာ ပြုလုပ်နိုင်တာဖြစ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းအတွင်းမှာ
ပါဝင်တဲ့ အန်ဂျီအို တခုဟာ အစိုးရတရပ်ရဲ့ ဆုံးဖြတ်လုပ်ကိုင်မှုတွေအပေါ်မှာ
သြဇာလွှမ်းမိုးနိုင်ဖို့ အလွန်ပဲ ခဲယဉ်းပါတယ်။
မက်ဆီဒိုနီးယား
အမျိုးသမီးခေါင်းဆောင်တွေဟာ ဒီအချက်ကို သိမြင်ခဲ့ကြပေမယ့်
ကျားမခွဲခြားဆက်ဆံမှု အတားအဆီးကြောင့် နိုင်ငံရေးရာ
ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းကို မရယူနိုင်ခဲ့ကြပါဘူး။
ဒီလိုအခြေအနေကြောင့် ပြည်တွင်းစစ် ဖြစ်ပေါ်လာတဲ့ အခါကျတော့ အမျိုးသမီးတွေဟာ
မူဝါဒရေးရာ ချမှတ်လုပ်ဆောင်နေကြတဲ့ အမျိုးသားတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး
နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ဘာကို ဆိုလိုသလဲ
ဆိုတာကို ပြန်လည်စဉ်းစားဖို့ တောင်းဆိုကြပါတော့တယ်။ လူမျိုးစုရေးရာ
ပြဿနာတွေကို စစ်ရေးနည်းနဲ့ မဖြေရှင်းပဲ တခြားနည်းလမ်းတွေနဲ့
ဖြေရှင်းခြင်းအားဖြင့် နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားကို
ကာကွယ်စောင့်ရှောက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပဋ္ဋိပက္ခဖြစ်ပွားရာ နယ်မြေက
အမျိုးသမီးနဲ့ ကလေးတွေကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ
ပေးနိုင်ဖို့ကို ကြိုးပမ်းခဲ့ကြပါတယ်။
ပဋ္ဋိပက္ခတွေ
ပြီးဆုံးပြီး နောက်ပိုင်းကာလရောက်တော့ လူမျိုးစုတွေအကြားမှာ အပြန်အလှန်
နားလည်မှုနဲ့ ခွင့်လွှတ်မှုတွေ ဖြစ်ပေါ်လာရေး၊ ယုံကြည်မှုတည်ဆောင်ရေးနဲ့
ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာရေးတို့အတွက် ဦးတည်ကြိုးပမ်းလာကြပါတယ်။
နိုင်ငံရေးနဲ့ ဥပဒေရေး ပြုပြင် ပြောင်းလဲမှုတွေမှာ အမျိုးသမီးတွေရဲ့
ဦးဆောင်မှု အခန်းကဏ္ဍ တိုးမြင့်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။
ကျားမ
တန်းတူညီမျှရေးရရှိဖို့မှာ အမျိုးသားတဦးချင်းစီရဲ့ အတွေးအခေါ်နဲ့
အမျိုးသမီးတဦးချင်းစီရဲ့ မိမိကိုယ်ကို ယုံကြည်မှုဟာ အရေးကြီးလှပါတယ်။
ဒါကြောင့် မက်ဆီဒိုနီးယား အမျိုးသမီး ခေါင်းဆောင် တွေဟာ အမျိုးသားတွေရဲ့
အတွေးအခေါ်တွေ မြင့်မား တိုးတက်လာစေရေးနဲ့ အမျိုးသမီးတွေရဲ့
အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်မှု ယုံကြည်ချက်များ တည်ဆောက်ပေးနိုင်ရေး
လုပ်ငန်းဆောင်တာ တွေကို ချမှတ် လုပ်ဆောင်လာခဲ့ကြပါတယ်။
လူ့အဖွဲ့အစည်းအတွင်းမှာ ပညာပေးမှုတွေနဲ့ လူထု ကိုယ်စား
လျှောက်လဲချက်ပေးမှုတွေ ပြုလုပ်လာကြပါတယ်။
နိုင်ငံရေးရာ
မူဝါဒတွေ ချမှတ်ရတဲ့ ပါလီမန်အတွင်းမှာ အရည်အချင်းရှိတဲ့ အမျိုးသမီး
ကိုယ်စားလှယ်တွေ ရောက်ရှိသွားနိုင်ရေးအတွက် နိုင်ငံရေးပါတီများအတွင်းကို
ဝင်ရောက်ပြီး၊ အမျိုးသမီးတွေရဲ့ ပါတီတွင်း အခန်းကဏ္ဍ တိုးမြင့်ရေးကို
လုပ်ဆောင်လာခဲ့ကြပါတယ်။ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေအတွင်းမှာ
အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပိတ်ပင်တားဆီးမှုတွေကို
ရပ်တန့်နိုင်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလမှာ ရပ်တည်နေတဲ့ နိုင်ငံရေး
အဖွဲ့အစည်းတွေဆိုတာ နိုင်ငံရဲ့ အနာဂတ်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်လာအောင်
ဦးဆောင်အကောင်အထည်ဖော်ရတာ ဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းတွေအတွင်းက
နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ကိုယ်တိုင်က
ကျားမခွဲခြားဆက်ဆံမှုတွေ ရှိနေမယ်၊ အမျိုးသမီး
အခွင့်အလမ်းတောင်းဆိုမှုတွေကို ဆန့်ကျင်ပြီး၊ နိုင်ငံတော်အနာဂတ်အတွက်
အရေးကြီးတဲ့ ကျားမတန်းတူညီမျှမှုကို လက်ခံကျင့်သုံးမှု မရှိဘူးဆိုရင်
လွတ်လပ်ပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်ကြမှာလဲ ဆိုတာကို
ပြန်လည်စဉ်းစားဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။
မက်ဆီဒိုးနီးယား
အမျိုးသမီးတွေဟာ လွတ်လပ်ရေးရပြီးစကာလ၊ ပြည်တွင်းစစ်ကာလနဲ့ ပဋ္ဋိပက္ခ
နှောင်းပိုင်းကာလတွေအားလုံးဟာ ဒီမိုကရေစီ စနစ် ခိုင်မာရှင်သန်ရေး၊
တရားမျှတပြီး လွတ်လပ်တဲ့ လူ့ဘောင်သစ် တည်ဆောက်ရေး၊ လူမျိုးစုတွေအကြားက
ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး၊ ကျားမ တန်းတူညီမျှရေး စတာတွေအတွက်
အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ အခုဆိုရင်
ဒီလိုဆောင်ရွက်မှုတွေရဲ့ အသီးအပွင့်တွေကို မက်ဆီဒိုးနီးယား ပြည်သူတွေ
စတင်ခံစား လာကြရပါပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ခင်မမမျိုး (၂၀၁၀)