ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်

Saturday, 26 May 2012 13:12

 မင်းကိုနိုင်
                                     သရုပ်ဖေါ်ပန်းချီ မင်းကိုနိုင်
ကမ္ဘာဟောင်းဟာ သေဆုံးခဲ့ပြီ
စာအုပ်အဟောင်းတွေနဲ့ အတူ ကမ္ဘာဟောင်းဟာ သေဆုံးခဲ့ပြီ
အပေါက်အပြဲတွေနဲ့ စုတ်ပြတ်နေတဲ့ ဖိနပ်စုတ်လို မိန့်ခွန်းတွေ မလိုအပ်တော့ပါ
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်


ငါတို့ဟာ ရောင်းစားခံခဲ့ရ ဓာတ်ကြိုးထဲမှာပဲ ဓာတ်အားတွေ သေဆုံးသွားကြ
ပေါင်မုန့်မရှိရင် ကိတ်မုန့်စား
လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်း
၂၁ ရာစု မေရီအင်တွိုင်းနက်လေသံလာမပစ်နဲ့ 

ငါတို့လမ်းပေါ်ထွက်ခဲ့မယ်

မနှစ်သိမ့်ပါနဲ့
ကတိက၀တ်တွေ မပေးပါနဲ့
ငါတို့လမ်းပေါ်ထွက်ခဲ့မယ်


´ဒီမိုကရေစီအရင် မီးလာပေးပါ´ ပြည်သူ့အသံ
နောက်ကွယ်အနက်တွေရှိနေတာ ဘာလို့နားမလည်သလဲ
စနစ်ကိုက မကောင်းတာပါ ပြောရင်း အဲဒီစနစ်ထဲ ပိုးဖလံမီးတိုးတိုးဝင်
ဟုတ်ကို မဟုတ်သေးဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်


ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေလို
မဟုတ်ဟုတ်နဲ့ ဟုတ်မနေတော့ဘူး
ငါတို့လမ်းပေါ်ထွက်ခဲ့မယ်


ငါတို့ထွက်လာမယ့် လမ်းဟာ အခုမှ ဖြစ်လာတာ မဟုတ်ဘူး
အစဉ်အလာနဲ့ လမ်း
အောင်ဆန်းလမ်း
အောင်ကျော်လမ်း
ဗဟိန်းလမ်း
ခွပ်ဒေါင်းအစစ်တွေပျံတဲ့လမ်း
ငါတို့လမ်းပေါ်ထွက်ခဲ့မယ်


ငါတို့လမ်းပေါ်ထွက်ခဲ့မယ်
စကားကတိတွေ
တရားမဲ့အသိတွေဆွဲစုတ်
ငါတို့လမ်းပေါ်ထွက်ခဲ့မယ်

မျိုးတေဇာမောင်
လျှပ်စစ်မီးတိုက်ပွဲသို့  မူရင်း