ဥရုဂွေးနိုင်ငံဟာ
တောင်အမေရိကဒေသမှာ တည်ရှိတဲ့ နိုင်ငံငယ်လေး တခုဖြစ်ပါတယ်။
ဥရုဂွေးနိုင်ငံအဖြစ် မပေါ်ပေါက်ခင်တုန်းက ပေါ်တူဂီနဲ့ စပိန်ကိုလိုနီ
နယ်မြေဒေသတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိုလိုနီဆန့်ကျင်ရေးနဲ့
လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပြီး၊ (၁၈၂၈) ခုနှစ်မှာ
လွတ်လပ်ရေးရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွေမှာ
ပြည်တွင်းစစ်တွေ၊ စစ်အာဏာသိမ်းမှုတွေ၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး
နှောင့်နှေးမှုတွေစတဲ့ ပြဿနာအခက်အခဲတွေ နှစ်ပေါင်းရာနဲ့ချီ
ဖြစ်ပွားနေခဲ့ပြီး၊ (၁၉၉၀) နောက်ပိုင်းကာလတွေမှာကျမှ
နိုင်ငံရေး တည်ငြိမ်မှု စရှိလာခဲ့တဲ့ နိုင်ငံငယ်လေးတခု ဖြစ်ပါတယ်။ ဥရုဂွေး
အမျိုးသမီး လှုပ်ရှားမှုတွေဟာလဲ ဒီလိုပြည်တွင်းစစ်ကာလတွေ၊ နိုင်ငံရေး
မတည်ငြိမ်မှု၊ စီးပွားရေး မတည်ငြိမ်မှုဖြစ်နေတဲ့ ကာလတွေထဲမှာပဲ
ပေါ်ပေါက်လာခဲ့ပါတယ်။
ဥရုဂွေး အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုတွေဟာ ၂၀ ရာစု အစောပိုင်း ကာလတွေမှာ စတင် ပေါ်ထွက်လာခဲ့ပါတယ်။ (၁၉၀၉) ခုနှစ် နှောင်းပိုင်းမှာ Paulina Luisi ဆိုတဲ့
အမျိုးသမီးဟာ ကမ္ဘာတ၀ှမ်းက နိုင်ငံတကာ အမျိုးသမီး ကွန်ဖရင့်တွေကို
တက်ရောက်ရင်းနဲ့ ဥရောပလေ့လာရေး ခရီးစဉ်တွေ အများအပြား ထွက်ခဲ့ပါတယ်။
ဒီကွန်ဖရင့်တွေနဲ့ ခရီးသွားအတွေ့အကြုံတွေကနေ တဆင့် ကမ္ဘာတ၀ှမ်းမှာ
အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေ စတင်နေတာတွေကို
လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ ဥရုဂွေးအမျိုးသမီးကောင်စီ၊
စာတိုက်ဝန်ထမ်း အမျိုးသမီးသမဂ္ဂ၊ အမျိုးသမီး စက်ချုပ်အလုပ်သမား သမဂ္ဂ၊
အမျိုးသမီး အခွင့်အလမ်း ကွန်ယက် စတဲ့ အဖွဲ့အစည်းတွေကို
ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ စာပေလှုပ်ရှားမှု အသွင်နဲ့ စာဖတ်ဝိုင်းတွေ၊
ကဗျာလေ့လာရေး အစုအဖွဲ့တွေ၊ စာစောင် ထုတ်ဝေရေးအစုအဖွဲ့တွေကို
ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးအခွင့်အလမ်းနဲ့ ဆိုင်တဲ့ ဆောင်းပါးတွေ၊ ကဗျာတွေ၊
ရသစာပေတွေကို လူထုထဲ ရောက်အောင် ရေးသားဖြန့်ဝေခဲ့ပါတယ်။
နိုင်ငံရေးနဲ့
လူု့အခွင့်အရေး လှုပ်ရှားမှုတွေမှာ အဖွဲ့အစည်းတွေ၊ အသင်းအပင်းတွေ၊ သမဂ္ဂတွေ
အများအပြား ရှိနေတာဟာ စည်းရုံးရေး ပြိုကွဲနေတာ မဟုတ်ပါဘူး။
လူ့အဖွဲ့အစည်းထဲမှာ မတူညီတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊
လူတန်းစားကွဲပြားမှုတွေ ဆိုတာ ရှိနေစမြဲပါပဲ။ ဒါတွေအားလုံးကို
လိုက်လံစုစည်းပြီး အဖွဲ့အစည်းတခုတည်းဖြစ်အောင် တည်ဆောက်ဖို့ ဆိုတာ
မလွယ်ကူပါဘူး။ သမင်မွေးရင်း၊ ကျားစားရင်း ဆိုသလိုပဲ တည်ဆောက်လိုက်၊
ပြိုကွဲလိုက် ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ဒီလို ကွဲပြားခြားနားသူတွေကို
သူ့အစုနဲ့သူ တူရာ စုစည်းပေးပြီး၊ လှုပ်ရှားမှု လမ်းကြောင်း တခုပေါ်ကို
တင်ပေးနိုင်မှသာ အောင်မြင်တဲ့ လူထုလှုပ်ရှားမှုကြီးတွေကို
အကောင်အထည်ဖော်ပေးနိုင်မှာဖြစ် ပါတယ်။ အစုအဖွဲ့လေးတွေ ဆိုတာက
ပုလဲလုံးလေးတွေနဲ့ တူပါတယ်။ ဒီပုလဲလုံးလေးတွေကို
လှုပ်ရှားမှုလမ်းကြောင်းဖြစ်တဲ့ ကြိုးလေးနဲ့ သီပေးလိုက်တဲ့အခါ ပုလဲသွယ်ကြီး
ဖြစ်လာနိုင်ပါတယ်။ ဒီပုလဲသွယ် တော်လှန်ရေး လှုပ်ရှားမှုကြီးကို ဟန်ချက်ညီ
ချိတ်ဆက် အကောင်အထည် ဖော်နိုင်လာတဲ့အခါ ဘယ်လို လှုပ်ရှားမှုမဆို
အောင်မြင်မှာ အသေအချာပဲ ဖြစ်ပါတယ်။
ဥရုဂွေး အမျိုးသမီးခေါင်းဆောင် Paulina Luisi က
ဒီလိုလှုပ်ရှားမှု သဘောတရားတွေကို နားလည် သဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့်
ပုလဲလုံးလေးတွေနဲ့ တူတဲ့ အစုအဖွဲ့လေးတွေကို အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့
ဖွဲ့စည်းပေးခဲ့ပြီး၊ တိုက်ပွဲဝင် လမ်းကြောင်းဖြစ်တဲ့ အမျိုးသမီးအခွင့်အလမ်း
လှုပ်ရှားမှုကြီးကို ချမှတ်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို
လူ့အဖွဲ့အစည်းနဲ့ သင့်လျော်တဲ့ လှုပ်ရှားမှု သဘောတရားတွေကြောင့် (၁၉၃၂) ခုနှစ်ရောက်တဲ့
အခါကျတော့ လှုပ်ရှားမှုကြီး အောင်မြင် သွားပါတယ်။ အမျိုးသမီးတွေဆိုတာ
စဉ်းစားဆင်ခြင်ဥာဏ် မရှိသူတွေ ဖြစ်တဲ့အတွက် အမျိုးသားတွေက
ထိန်းကျောင်းပေးရမယ်လို့ သတ်မှတ်ထားခဲ့တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ
အမျိုးသမီးတွေရဲ့ မဲပေးခွင့်တွေ စတင် ရရှိသွားပါတော့တယ်။
ဒီလိုနဲ့ (၁၉၅၀) နှောင်းပိုင်းကာလရောက်တော့
ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။
ကမ္ဘာ့စီးပွားရေး ဈေးကွက်ထဲမှာ လယ်ယာထွက် ကုန်ပစ္စည်း ၀ယ်လိုအားက
ကျဆင်းလာပါတယ်။ ဥရုဂွေးနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံ
တနိုင်ငံဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေး အခြေအနေ ပြောင်းလဲမှု ဂယက်ကို
ဆိုးဆိုးရွားရွားခံစားခဲ့ရပါတယ် ။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ
ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒတွေကို ထိထိရောက်ရောက်
အကောင်အထည် မဖော်နိုင်ပါဘူး။ အဲဒီအခါ ပြည်သူအများမှာ ဒုက္ခဆင်းရဲတွေ
ပင်လယ်ဝေနေသလို ခံစားကြရပါတယ်။ တိုင်းပြည်တခုကို အုပ်ချုပ်နေတဲ့
အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် မဆောင်ကျဉ်း
ပေးနိုင်တဲ့အခါ ပုန်ကန် လှုပ်ရှားမှုတွေ ပေါ်ပေါက်လာစမြဲပါပဲ။ ၁၉၆၀
အစောပိုင်းကာလတွေမှာ မြို့ပြတော်လှန်ရေး လှုပ်ရှားမှုတွေ နိုင်ငံတ၀ှမ်းမှာ
ပေါ်ထွက်လာပါတယ်။ တော်လှန်ရေးနဲ့ ပြည်သူလူထုက တသားတည်း ဖြစ်လာပါတယ်။
ဒီအခြေအနေကို အုပ်ချုပ်တဲ့ အစိုးရက ကြောက်ရွံ့လာတဲ့အတွက် တော်လှန်ရေး
လှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို
မြှင့်တင်လိုက်ပါတယ်။ ဒီအခါမှာ စစ်တပ်က တော်လှန်ရေး လှုပ်ရှားမှုတွေကိုတင်
နှိမ်နင်းတာ မဟုတ်တော့ပဲ နိုင်ငံတော်အာဏာကိုပါ သိမ်းယူလိုက်ပါတော့တယ်။
အာဏာသိမ်းပြီး
တက်လာတဲ့ စစ်အာဏာရှင်တွေဟာ တိုင်းသူပြည်သားတွေကို နည်းမျိုးစုံနဲ့
ဖိနှိပ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး အဆက်ပြတ်အောင် တော်လှန်ရေးသမားတွေကို
ဖမ်းဆီး နှိပ်စက်ကြပါတယ်။ (၁၉၇၀) ကာလတွေမှာ
ဥရုဂွေးနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသမား အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ
ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံ ပြည်သူတွေရဲ့ တော်လှန်ရေး
စိတ်ဓာတ်တွေကတော့ အရှိန်မသေသွားခဲ့ပါဘူး။ (၁၉၈၀) ကာလတွေရောက်တော့
စစ်အာဏာရှင်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အာဏာရှင်စနစ်
သက်ဆိုးရှည်စေမယ့် ဥပေဒေ တရပ် ဖြစ်လာစေဖို့အတွက် ပြုပြင်ပြောင်းလဲဖို့
ကြိုးပမ်းပါတော့တယ်။ ဒါကို ဥရုဂွေးပြည်သူလူထုက တခဲနက် ဆန့်ကျင်ခဲ့ကြပါတယ်။ (၁၉၈၄) ခုနှစ်မှာ
တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုတိုက်ပွဲတွေ စတင်လာပါတယ်။ ပြည်သူလူထု
တရပ်လုံးက တက်ညီလက်ညီနဲ့ စစ်အာဏာရှင်စနစ်ကို ၀ိုင်းဝန်းဆန့်ကျင်လာတဲ့အခါ
အာဏာရှင်စနစ်ကြီး ယိမ်းယိုင် ပြိုကွဲသွားစမြဲပါပဲ။ ဥရုဂွေး
လူထုတိုက်ပွဲတွေမှာလဲ အာဏာရှင်တွေက အရှုံးပေးလိုက်ကြရပါတယ်။
တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်လာကြရပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲကို
ကျင်းပပေးလိုက်ရပါတယ်။
ဥရုဂွေးအမျိုးသမီးတွေဟာ
တိုင်းပြည်ကြီး တခုလုံး စစ်အာဏာရှင် စနစ်လက်အောက် ကျရောက်နေခဲ့ရတဲ့
ကာလတလျှောက်မှာ အမျိုးသားတွေနဲ့အတူ လက်တွဲပြီး မြေပေါ်မြေအောက်
လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။
အာဏာရှင်စနစ်ကိုဖြိုဖျက်ပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို
စတင်ဆောင်ရွက်ချိန်ကာလတွေမှာလဲ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ အမျိုးသမီး
တက်ကြွလှုပ်ရှားသူများဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းချိန်မှာ အရေးကြီးတဲ့
ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေးမူဝါဒ ပြောင်းလဲရေး၊ ဆင်းရဲနွမ်းပါးမှု
လျှော့ချရေး၊ ကျားမ တန်းတူညီမျှရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံတကာ ကုန်သွယ်ရေး၊
ပဋ္ဋိပက္ခ ဖြေရှင်းရေး၊ အရပ်ဘက်- စစ်ဘက်
ဆက်ဆံရေး စတဲ့ ကဏ္ဍတွေမှာ လိုအပ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် အရပ်ဘက် အစုအဖွဲ့ပေါင်းများကို
ဖွဲ့စည်းခဲ့ကြပါတယ်။
အစဉ်အလာ
ကျားမခွဲခြားသတ်မှတ်မှုတွေအရ သတ်မှတ်ထားတဲ့ ဥပဒေရေးရာ ခွဲခြားမှုတွေကို
တိုက်ဖျက်ရေးအတွက်လဲ လူထုကိုယ်စား လျှောက်လဲချက်ပေးသောနည်းလမ်း၊
ကန့်ကွက်ဆန္ဒပြ နည်းလမ်း၊ အုပ်ချုပ်ရေးကဏ္ဍထဲ ၀င်ရောက်ပြီး
ပြုပြင်ပြောင်းလဲရေး နည်းလမ်းနဲ့ နိုင်ငံတကာ ဖိအားပေးမှု နည်းလမ်းတွေကို
အသုံးပြုပြီး ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြပါ တယ်။ ဥရုဂွေးအမျိုးသမီး
ပညာရှင်များစွာကလဲ တိုင်းပြည်ရဲ့ ကျားမ တန်းတူ ညီမျှမှု အခြေအနေတွေကို
စဉ်ဆက်မပြတ် သုံးသပ် လေ့လာနေကြပြီး၊ အမျိုးသမီးတွေရဲ့
နိုင်ငံရေးအခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်း၊ လူမှုရေး အခွင့်အလမ်း၊
မိသားစုအခွင့်အလမ်းတွေကို တိုးမြှင့်ပေးနိုင်မယ့် နည်းလမ်းတွေကို
ပံ့ပိုးပေးနေ ကြပါတယ်။
ဥရုဂွေးနိုင်ငံဟာ နှစ်ပေါင်း တရာကျော်လုံးလုံး ပြည်တွင်းစစ်တွေ၊
နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ စစ်အာဏာရှင်စနစ်ရဲ့
ဖိနှိပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံငယ်လေးတခုပါ။ ဒါပေမယ့်လဲ
ဥရုဂွေးအမျိုးသမီးတွေဟာ ညာဘက်လက်သီးဆုပ်မှာ စစ်အာဏာရှင်စနစ်အောက်က
လွတ်မြောက်ရေး ကြွေးကြော်သံ၊ ဗက်ဘက်လက်သီးဆုပ်မှာ အမျိုးသမီး အခွင့်အလမ်း
ရရှိရေးဆိုတဲ့ ကြွေးကြော်သံတွေကို ကိုင်စွဲရင်း တက်ညီလက်ညီ
တိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာဆိုရင်လဲ အလွှာပေါင်းစုံက
ဥရုဂွေးအမျိုးသမီးတွေဟာ ညာဘက်လက်သီးဆုပ်မှာ
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ဗယ်ဘက်လက်သီးဆုပ်မှာ
ကျားမတန်းတူညီမျှမှုဆိုတဲ့ ကြွေးကြော်သံတွေကို ပြိုင်တူဆုပ်ကိုင်ရင်း
နိုင်ငံတော်သစ်ကို တည်ဆောက်နေကြပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
ခင်မမမျိုး (၂၀၁၀)