ပါဂါစာကျွန်းပေါ်တွင် လေယာဉ်စခန်း၊ စစ်တပ်နှင့် မြို့တော်ခန်းမငယ်ရှိသည်။
ဖိလစ်ပိုင် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် တောင်တရုတ်ပင်လယ် (South China Sea) အတွင်းရှိ ပိုင်နက် အငြင်းပွားနေသော ကျွန်းထဲမှ ကျွန်းတစ်ကျွန်းပေါ်သို့ ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံနှင့် အငြင်းပွားမှုအား ပြန်လည်တိုးပွား လာစေသည်။
ပါဂါစာကျွန်းပေါ်တွင် လေယာဉ်စခန်း၊ စစ်တပ်နှင့် မြို့တော်ခန်းမငယ်ရှိသည်။
လွှတ်တော်အမတ်များသည် ပါဂါစာ (Pagasa) ကျွန်းပေါ်သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာပြီး ကျွန်းသူကျွန်းသား များနှင့်အတူ ဖိလစ်ပိုင်နိုင်ငံတော်သီချင်း (National Anthem) အား သီဆိုကြသည်။ ၎င်း ကျွန်းမှာ အငြင်းပွားနေသော စပရက်တလီစ် (Spratlys) ကျွန်းများထဲမှ ဖိလစ်ပိုင်နိုင်ငံသားများ နေထိုင်သော တစ်ခုတည်းသော ကျွန်းဖြစ်သည်။
ပါဂါစာ (Pagasa) ကျွန်းအား တရုတ်နိုင်ငံ၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကပါ မိမိတို့ပိုင် ကျွန်းဟု အခိုင်အမာ တောင်းဆိုနေကြသော ကျွန်းဖြစ်သည်။ ၎င်းကျွန်းသည် တောင်တရုတ် ပင်လယ်ထဲတွင် ပိုင်ဆိုင်မှု အငြင်းပွားနေကြသော ကျွန်းများထဲမှ ကျွန်းတစ်ကျွန်း ဖြစ်သည်။
ကျွန်းပေါ်သို့ ရောက်ရှိပြီး နောက်တွင် ကွန်ဂရက်လွှတ်တော် အမတ် (Congressman) ဝေါ်လ်ဒဲန် ဘေးယို (Walden Bello)က ယခု မိမိတို့ ကျွန်းပေါ်သို့ ရောက်ရှိခြင်းသည် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ကြောင်း ပြောပြီးနောက် ပါဂါစာကျွန်းသည် ဖိလစ်ပိုင် ပိုင်နက်ဖြစ်ကြောင်း ကြေငြာသည်။
ဖိလစ်ပိုင်လွှတ်တော်အမတ် ဝေါ်လ်ဒဲန် ဘေးယိုသည် ကျွန်းပေါ်တွင် ရဲရဲတောက်မိန့်ခွန်းပြောခဲ့သည်။
မိမိတို့ ဤကျွန်းသို့ ငြိမ်းချမ်းစွာလာခဲ့ကြောင်း သံတမန်ရေးရာ ဖြေရှင်းချက်များအား ထောက်ခံကြောင်း သို့သော် ဤကျွန်းမှ မိမိတို့အား နှင်ထုတ်ခြင်းကိုမူ ဖိလစ်ပိုင် နိုင်ငံသားများ ခေါင်းငုံ့ခံမည်မဟုတ်သည်အား နိုင်ငံခြား အစိုးရများက သံသယမရှိစေရဟု ပြောသည်။ ယခု ခရီးစဉ်သည် မည်သည့် အကျိုးမှ ဖြစ်ထွန်းမည်မဟုတ်ဘဲ တရုတ်နှင့် ဖိလစ်ပိုင် ဆက်ဆံရေးအား အကျိုးယုတ်စေပြီး ဒေသတွင်း တည်ငြိမ်ရေးအား ကသိကအောက် ဖြစ်စေမည်ဟု မနီလာရှိ တရုတ်နိုင်ငံ သံရုံးက ပြောသည်။
နှစ်နိုင်ငံ အစိုးရများ စကားစစ်ထိုးနေစဉ်တွင် ပါဂါစာကျွန်းပေါ်ရှိ လူများ၏ ဘဝမှာ သာမန်အတိုင်းရှိနေကြသည်။ ငါးဖမ်းထွက်သော သူများသည် တရုတ်ငါးဖမ်းသမားများနှင့် လက်ဝှေ့ယမ်းနှုတ်ဆက်ရုံသာမက ယခင်ကဲ့သို့ပင် စီးကရက်စသော လူသုံးကုန်များ အလဲအလှယ်ပြုလုပ်နေကြသည်။
ပါဂါစာ (Pagasa)ကျွန်းအား တီသူ (Tithu) ကျွန်းဟုလည်း ခေါ်သည်။ တရုတ်အက္ခရာဖြင့် (ပြည်မသုံးအက္ခရာ 中业岛/ ထိုင်ဝမ်သုံးအက္ခရာ 中業島)ဟုရေးသည်။ ၎င်းသည် ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်းန် စီရင်စုနယ် (Palawan Province) အနောက်ဘက် ကီလိုမီတာ ၄၈၀ (မိုင် ၃၀၀) တွင် ရှိသည်။
ကျွန်းပေါ်တွင် လေယာဉ်စခန်း (Airstrip)၊ စစ်တပ်နှင့် မြို့တော်ခန်းမငယ်တစ်ခုရှိသည်။ အရပ်သား ၆၀ ခန့် ကျွန်းပေါ်တွင် ရှိနေသည်။ အာဆီယံ (ASEAN – Association of South East Asian Nations) သည် အင်ဒိုနီးရှားနိုင်ငံတွင် အစည်းအဝေး ကျင်းပနေရာ တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုများသည် အရေးကြီးကဏ္ဍမှ ပါဝင်နိုင်သည်။
ဗုဒ္ဓဟူးနေ့ (၂၀-၇-၂၀၁၁) တွင် အာဆီယံ သံတမန်များက အငြင်းပွားမှုအား ဖြေရှင်းခွင့် လမ်းညွှန်ချက်များအား တရုတ်နိုင်ငံနှင့် ညှိနှိုင်းခဲ့သည် ဟုပြောသည်။
ဝေဖန်သုံးသပ်သူများကမူ ထိုလမ်းညွှန်ချက်များသည် ပြဿနာ၏ အခြေခံအား ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအားလည်း တိုက်ရိုက် ဖြေရှင်းမည့် အနေအထားတွင် မရှိဟု သုံးသပ်သည်။
အငြင်းပွားနေသော စပရက်ထလီကျွန်းများသည် တောင်တရုတ်ပင်လယ် အတွင်းတွင် ရှိသည်။
စပရက်ထလီ (Spratlys) ကျွန်းများရှိသည့် ဒေသသည် သဘာဝဓာတ်ငွေ့နှင့် ရေနံ အလားအလာများရှိသည်ဟု ယုံကြည်ရပြီး အရေးကြီး ရေကြောင်းပို့ဆောင်ရေး လမ်းကြောင်းပေါ်တွင်လည်းရှိသည်။
Tuesday, 02 August 2011 06:11
Ref: Internet
South China Sea dispute: Philippine MPs visit Spratlys (BBC News)
ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)
South China Sea dispute: Philippine MPs visit Spratlys (BBC News)
ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)