ဒေါင်းအလံသည်ကား ကျောင်းနံရံတဝိုက်မှာ ပြန်စိုက်ဖို့အရေး ထောင်နံရံတိုက်မှာ သွေးနဲ့ရေးခဲ့ပါပြီ။


ကျဆုံးသွားသော်နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက်ရည်စူးလျှက်
ဒေါင်းအလံသည်ကား ကျောင်းနံရံတဝိုက်မှာ ပြန်စိုက်ဖို့အရေး ထောင်နံရံတိုက်မှာ
 သွေးနဲ့ရေးခဲ့ပါပြီ
စစ်ခွေးတိုက် (သို့မဟုတ်) ဟောင်ကောင် (၄)

ဆိုးဝါးလှတဲ့ စစ်အစိုးရ၏ အကျဉ်းထောင်အသီးသီးမှာ ရပ်တည်ခဲ့ရသော နိုင်ငံရေးအကျဉ်းသားများ၏ ပေးဆပ်မှုများ ဖြစ်ရပ်မှန်များ ကို မသိလိုက်တဲ့ ပြည်သူများနှင့် အနာဂတ်မျိုးဆက်သစ်များ အတွက် ပြန်လည်မျှဝေပါသည်။
ထောင်တွင်းက နှိပ်စက်မှုဒဏ်များစွာ ခံခဲ့ရပြီး လွတ်မြောက် လာတဲ့အခါ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတဲ့ ချစ်သူငယ်ချင်း ရဲဘော်ရဲဖက် နဂါးလေး(ခေါ်) ကိုဝင်းသူရကြွယ်အား ဒီစာပိုဒ်ဖြင့် ဂုဏ်ပြုလိုက်ပါသည်။
အင်းစိန်ထောင်မှာ လိုင်းရှိတယ်

နောက်တနေ့ကို ရောက်လာပါပြီ။ မနက်ခင်း အိပ်ဆောင်ထ နိုးသံတွေနှင့် အတူ ကျနော်လည်း နိုးနေပါပြီ။ စစ်ခွေးတိုက်မှာက အဆောင်လိုတော့ မနက်(၅)နာရီလောက်ထစရာ မလိုပါဘူး။ ရှစ်နာရီ ကျော်ကျော်လောက်မှ စစ်ခွေးတိုက်ထဲ တာဝန်ကျ ၀န်ထမ်း ရောက်လာပါသည်။
အခန်းတံခါးတွေကို သော့လိုက်ဖွင့်နေရာက ကျနော့်အခန်းကို ကျော်သွားပါသည်။ ကျနော် သိလိုက်ပြီ၊ ကျနော်တို့ကို သီးခြားထုတ်တော့မည်။( တနည်းအားဖြင့်ဆိုသော် ရှယ်နှိပ်စက်မည်ပေါ့ဗျာ)။

တံခါးပွင့်လျှင် ထွက်လာကြရသော ခြေကျဉ်းနှင့် ဒေါက်ကားကား နှင့် ကိုးလို့ ကန့်လန့် လမ်းလျှောက်နေရသော အကျဉ်းသားများကို စစ်ခွေးတိုက်တန်း အ၀ သစ်သားတံခါးမှ စောင့်ပြီး ရိုက်နေသူကတော့ဖေါသွပ်သွပ်နဲ့ ကရင်ကြီးဆိုတဲ့ ရာထူးတရစ် အဆင့်ရှိ အကစ ၀န်ထမ်းပါပဲ။
ကျနော့်အခန်းက အခန်းနံပါတ်(၅) ၊ အလယ်တည့်တည့်ဖြစ်နေတော့  သူရိုက်နေတဲ့ သစ်သားတံခါးပေါက် နှင့် ကျနော့် သံတိုင်တံခါးပေါက်က တန်းနေပါသည်။ ထွက်လာတဲ့ အကျဉ်းသားကို စိန်ပြေနပြေ တချက် နှစ်ချက် မိမိရရရိုက်ရင်း တယောက်ကိုတော့ မရိုက်ဘဲ သူ့လက်ထဲက ဆေးလိပ်တို ကမ်းပေးလိုက်သည်။ လိုင်းဝင်ထားတဲ့ အကျဉ်းသားဖြစ်ပေမည်။

အင်းစိန်ထောင်ထဲမှာက........
ငွေပေးရင် အကုန် အဆင်ပြေသည်။ ရိုက်တဲ့နေရာရောက်ရင် အကျဉ်းသား၏ မိသားစုက ရိုက်သည့်တာဝန်ကျသူ ၀န်ထမ်းကို ငွေသွားပေးလိုက်ပါက အရိုက်မခံရတော့ပေ။ အဲဒါကို ဘောင်ချာလို့ ထောင်ထဲက စကားနှင့် ခေါ်သည်။ လိုင်းဝင်သည်လို့လည်း ခေါ်ကြသည်။ လိုင်းမ၀င်နိုင်သူတွေက သေလုမြောပါး အရိုက်ခံပေတော့ပါပဲ။

နောက်တချိန်ကျမှာ သိရတာ ကျနော့်ဖေဖေသည်လည်း ကျနော့်ကို မိန်းဂျေလ်းမှာ ရိုက်နှက်နေတဲ့ နေ့က လိုင်းဝင်ဖို့ အကုန်လိုက်ပြီး ဆွေးနွေးတာ ဘယ်အရာရှိမှ လက်မခံကြောင်း သိရသည်။ သီးသန့်အကျဉ်းသားလို့ ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသားကို ဘယ်သူမှ လိုင်းကြေး မယူရဲချေ။ အကျဉ်းသား၏ ထောင်တွင်း ရပ်တည်မှုနှင့်လည်းဆိုင်သည်။ ထိုနိုင်ငံရေး အကျဉ်းသားက သဘောထား ပေါ့ပြောင်းသူ အခြားနိုင်ငံရေးအကျဉ်သားများနှင့် ညီညွတ်စွာနေသူ မဟုတ်ရင်တော့ လက်ခံပေသည်။

ရှင် ထူးရတဲ့ စစ်ခွေးတိုက်

ဒီလိုနှင့် ထုတ်သွားသူတွေကို ပုံစံမောင်းကို နားစွန့်ရင်း ကျနော် ရင်တွေ ခုန်နေပါသည်။ ကျနော် မကွယ်မ၀ှက် ပြောရရင် ကြောက်နေမိသည်။ကျနော်လည်း လူသားပဲလေ။ ဘယ်သူကမှ တာဝန်မပေးတဲ့ တာဝန်ကို အသက်နဲလဲပြီး  ကျည်ဆန်တွေကြား စတင်ထမ်းဆောင်တဲ့ အချိန်က ၁၆ နှစ်သား။

၁၉ နှစ်သားမှာ စစ်ကြောရေးစခန်းရောက်၊ နောက်တော့ စစ်ခုံရုံးက ထောင်ချလိုက်တော့ ထောင်ကျ။ အသက် ၂၀ နှစ်မှာ မြန်မာနိုင်ငံ၏ နံမည်ဆိုးနဲ့ကျော်ကြားသော အင်းစိန်ထောင် စစ်ခွေးတိုက်ကို ရောက်နေပါပြီကော။ အကျဉ်းဦးစီး သတ်မှတ်သည့် ခေါင်းမာ စာရင်းဝင်များထဲက ကျနော်သည်လည်း  သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့  အရိုက်ခံရလျှင် နာတတ်ပါသည်။ ထိုကြောင့် စိတ်ထဲမှာ ကြောက်နေမိတာကို ၀န်ခံပါသည်။ ဘုရားစာတွေ ရွတ်ရတာလည်း စိတ်မတည်ငြိမ်တော့ ဗြောင်းတိ ဗြောင်းပြန်တွေသာ ဖြစ်နေတော့သည်။

ပုံစံမောင်းနေတဲ့ နေရာက ပြန့်လွင့်လာတဲ့ အသံတွေက စိတ်မတည်ငြိမ်နိုင် စရာအသံတွေပါ။
“ပုံစံ… ပုံစံကြီး .. ပုံစံ”
“ ဘာတိုက်လဲဟေ့”
“ အပြစ်ဒဏ်တိုက်ပါ ဆရာကြီး”
“ကြောက်ပြီလားဟေ့”
“ကြောက်ပါပြီရှင့်”
“ပုံစံ” “ပုံစံကြီး” စသည်ဖြင့် တာဝန်ကျ အာဏာ ပါးကွက်သား၏ ငှက်ဆိုးသံနှင့် အတူ အကျဉ်းသားများ အသံကုန် ပြန်ဖြေသံ ရိုက်နှက်သံ အော်သံတွေနှင့် အတူ ကျနော်ခေါင်းထဲ မကြာခင် ရင်ဆိုင်ရမည့် “ရှင်” ထူးခိုင်းမည့် ပြဿနာကို စိတ်ထဲ ရောက်နေသည်။

နိုင်ငံရေး အကျဉ်းသားများက" ရှင်"ဟု  မထူးပါ။ အဲဒီ အစဉ်လာကို ကျနော်တို့ နှစ်ယောက်အလှည့်ကျမှ  ချိုးဖေါက်လို့ မဖြစ်ပေ။ ဒီတော့ ကျနော်တို့ ရင်ဆိုင်ရမှာ ဘယ်လိုဆိုတာ ကျနော် သိနေသည်။ အပြစ်ဒဏ်ကျ အကျဉ်းသားများ ပြန်ရောက်လာကြသည် အကုန်လုံး ဖုန် အလိမ်းလိမ်း ချွေးသံရွဲရွဲ နှင့် မောကြီးပန်းကြီး ပြန်လာကြရာ လေးလံနေသည့် သူတို့ ခြေလှမ်းများက ခြေထောက်မှ သံခြေကျဉ်းနှင့် ဒေါက်ကြောင့် ခြေလှမ်းရတာ ခက်ခက်ခဲခဲ ရှိလှသည်။

မှတ်မှတ်ရရ ဂျိုးသိန်း ဆေးပေါ့လိပ်မှ  ထောင်တွင်း ဆေးပေါ့လိပ် ရောင်းချခွင့် ရရှိရန် သံခြေကျဉ်းများ ဒေါက်များကို အကျဉ်းဦးစီးအား  နှစ်စဉ် လှူဒါန်းသည်ကို ဂျိုးသိန်းဆေးပေါ့လိပ် ကြိုက်သူ ညီအကိုများကို သိစေချင်ပါသည်။

ကျနော့် ခြေထောက်တွင် တပ်ဆင်ထားခြင်းခံရသော စစ်ခွေးတိုက်မှာ အရှည်ဆုံးဖြစ်သည့်  နှစ်ပေဒေါက် တုတ်တုတ်ကြီးကို ပြန်ငုံကြည့်ရင်း သက်ပြင်းချ မိရင်း စိတ်ကိုတင်းထားလိုက်သည်။ လာမယ့်ဘေး ပြေးတွေ့ရုံပေါ့။

နေ့စဉ် ရိုက်နှက်ခံထားရသော ခန္ဓာကိုယ်၏  နာကျင်မှုတွေထက် ရင်ထဲက တလှပ်လှပ် ဖြစ်နေသည့် စိုးရိမ်စိတ်၊ နာကျည်းခံပြင်းစိတ်နှင့် ဝမ်းနည်းသည့် စိတ်ခံစားမှုတို့က ပိုဆိုးဝါးလှသည်။ ကျနော့်စိတ်ကို မာန်သွင်းပြီး တင်းလိုက်သည်။ ပင့်သက်ရှိုက်ရှူလိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကျနော့် လက်မောင်း လက်ဖျံတို့မှ သွေးကြောများ ထောင်ထလာသည်။ သွေးခုန်နှုန်းတို့ မြန်လာသည်။

ငါ့အရင်က တိုင်းပြည်ကို ချစ်တဲ့သူတွေတောင် ဒီလိုပဲ ထိန်းလာတဲ့ သိက္ခာကို ငါ့အလှည့်ကျမှ ကျောင်းသားသိက္ခာ၊ နိုင်ငံရေးသမားသိက္ခာ အကျမခံနိုင်ဘူးလို့ ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။ ကျနော်နှင့် အတူရောက်လာတဲ့ နဂါးလေးကတော့ စိတ်ချရသည်။ သူက ထောင်တွင်း စာဥအရေးခင်းမှာ အမာခံ အစာငတ်ခံ ဆန္ဒပြသူတဦးလည်း ဖြစ်ပေသည်။

ဂုဏ်သိက္ခာအတွက် ကျောရင်းခြင်း

အ၀င်း ရောက်လာပြီး ကျနော်ကို ပြောသည်။
"ကောင်လေးရေ မင်းတို့တော့ ပြာပြီ ခေါင်းသုံးကွာ အသားအနာမခံနှင့် ရှောသွားမယ် " " ပုဆိုးခိုင်ခိုင်ဝတ်ထား" ပြောကာ နောက်ဆုံး အခန်းရှိ နဂါးလေးကို သွားထုတ်လာသည်။
နဂါးလေး ထုတ်လာပြီးနောက်  ကျနော့်အခန်းကို လာဖွင့်သည်။ ကျနော့် တံခါးကို ဖွင်နေစဉ်  နဂါးလေးက တောင့်ထား အေးဆေးပါ ဆိုတဲ့ မျက်နှာ အမူရာနှင့် အ၀င်း နောက်ကနေ မျက်နှာရိပ်ပြသည်။ ပြီးတော့ အ၀င်းကို မျက်စပစ်ပြပြီး အပ် လို့လဲ ပါးစပ် အမူအရာနှင့် ပြောသည်။  ကျနော် မသိမသာ ခေါင်းဆတ်ပြလိုက်ပြီး အပြင်သို့ထွက်လာလိုက်သည်။

ကျနော်တို့ ထွက်လာပါပြီ ။ စစ်ခွေးလို့ခေါ်တဲ့ ခွေးဝဲစားများကို အပြင်ထုတ်ပြီး လေ့ကျင့်သည့် ဘောလုံးကွင်းငယ် တခုစာ သဲပြင်ရှေ့ကို ရောက်လာတဲ့ခါ အ၀င်းက ကျနော်တို့ကို ပုံစံထိုင်ထား လို့ပြောပြီး။ စစ်ခွေးတိုက်ဖက်ကို သွားသတင်းပို့သည်။
အ၀င်းသွားနေတုန်း နဂါးလေးမှာ ခေါင်းငုံထားရင်း “ ဘာမှ မဖြစ်ဘူး တောင့်ထား ဒီနေ့ကို တို့ခံနိုင်ရင် တို့တွေ ပြီးပြီ” “ရိုက်ရင် ပြန်ပြီး ဒီကောင်တွေ မျက်နှာကိုမော့ မကြည့်မိစေနဲ့” “ ရင်ဝကို အကန်မခံရအောင် သတိထား” စသည်ဖြင့် နဂါးလေး၏ လေသံနှင့် သတိပေးသံကို နားထောင်ရင် စောင့်နေတုန်း အကစ ၀န်ထမ်းအချို့ ရောက်လာသည်။


“အေးစေ” လို့အော်လိုက်ပြီး
“ ဟေ့ကောင်လေးတွေ နားထောင် မင်းတို့ရောက်လာတာ တို့ကခေါ်တာ မဟုတ်ဘူး မင်းတို့ အပြစ်နဲ့ မင်းတို့ရောက်လာတာ”

“ မင်းတို့ကို ချစ်လဲမချစ်ဘူး မုန်းလဲမမုန်းဘူး ငါတို့က မနက်နိုင်ငံတော်အလံ အလေးပြုပြီးတာနဲ့ တာဝန်ဆိုတာပဲ တို့သိတော့တယ်”
“ တာဝန်က တို့အသက် တို့တာဝန်ကို တို့ထမ်းဆောင်တာ”
“မင်းတို့ကိုပြောချင်တာ တို့တာဝန်ကို တို့ထမ်းဆောင်တာ မင်းတို့ကို ရန်သူလို့လဲ သဘောမထားဘူး မိတ်ဆွေလို့လဲ သဘောမထားဘူး ဒီတော့ မင်းတို့ ငါအုပ်ချုပ်တဲ့ ဒီစစ်ခွေးတိုက်မှာ ဘာပြဿနာမှ ရှာဖို့ မကြိုးစားနှင့် နစ်နာသွားမယ် မင်းတို့လည်း ပညာတတ်တွေပဲ ခေါင်းသုံးပါ။ ခေါင်းမသုံးရင် မင်းတို့ထိုက်နှင့် မင်းတို့ကံပဲ ကြားလား” စသည့် မိန့်ခွန်းများကို တပ်ကြပ်ကြီးခင်မောင်က ခြွေပါသည်။

သူ့မိန့်ခွန်းခြွေနေတဲ့ အချိန်မှာ လွန်စွာမှ မိုက်တိမိုက်ကန်းနိုင်လှသော  ၀န်ထမ်းသုံးယောက်က ရာဘာတုက်ကိုယ်စီနဲ့ မနှစ်မြို့စရာ ရပ်စောင့်နေသည်။ သူမိန့်ခွန်းခြွေပြီးတော့ သူကို အဲဒီဝန်ထမ်းသုံးယောက်က အလေးပြုဆိုပြီး အလေးပြုလိုက်ပြီးနောက် တပ်ကြပ်ကြီးခင်မောင် ထွက်သွားလေသည်။

ကျနော်တို့နှစ်ယောက်ကို ပုံစံ ပုံစံကြီး ဆိုပြီး အမိန့်ပေးကာ ပုံစံမောင်းပါသည်။ ပုံစံကြီးပေးပြီး အကြာကြီးထားတဲ့ အခါ ခြေဖျားထောက် ဒူးကွေး ထားရပြီး ခါးကွေးကာ လက်နှစ်ဖက်ကို နောက်စေ့မှာ တင်ကာ မျက်နှာကို အရှေ့ ကြည့်နေရသော ပုံစံကြီးကြောင့် ဒူးတွေ တုန်လာကာ ခြေဖျားကျသွားပါသည်။ အဲဒီလိုကျချိန်မှာ ရာဘာတုတ်တွေက ခေါင်းကို ကျောကို တဖုန်းဖုန်းနှင့် ရောက်လာသည်။

လဲပြိုကြရင် အကန်ပါခံရသည်။ နေကပူပူ သဲပြင်ပေါ်မှာ လဲကျရင်လဲ သဲတွေ နာခေါင်းထဲ ၀င်ကာ အဆင်မပြေလှပါ။ ရန်သူလို သဘောမထားတဲ့ တာဝန်ထမ်းဆောင်ခြင်းက
" ရဲမင်းထွန်းဆိုတာ မင်းလားကွ"
"နဂါးလေးဆိုတာ မင်းလားကွ" ဆိုပြီး မေးမေးပြီး ရိုက်ပါတော့သည်။
" အဆောင်မှာ လူပါးဝတာ မင်းလားကွ" ဆိုတာမျိုးလည်း ပါသည်။
"နိုင်ငံတော်ကို ဒုက္ခပေးနေတဲ့ကောင်တွေ မင်းတို့သေမှ အေးမယ်" ဆိုတဲ့ တာဝန်သိသိ သစ္စာရှိရှိကြိမ်းမောင်းခြင်းလည်း ပါလိုက်သေးသည်။

"ကြောက်ပြီလားကွ" "ကြောက်ပါပြီ ရှင်လို့ထူးစမ်း" ဆိုပြီး ရိုက်သည်။ ကျနော်တို့မှာ ရှင် မထူးရေး တခုသာ ရှိသောကြောင့် ရှင် ထူးခိုင်းခြင်းသည်ကား ကျနော်တို့ ပိုအရိုက်ခံရခြင်းသာ ဖြစ်ပေတော့သည်။ ၀န်ထမ်းသုံးဦး၏ လက်သံပြောင်ပြောင်နဲ့ တာဝန်ထမ်းဆောင်လိုက်တာ ကျနော်နှင့် နဂါးလေး လမ်းမလျှောက်နိုင်တော့ပဲ စစ်ခွေးတိုက်ကို တဖက်တယောက်စီ ဆွဲပြီး ပြန်သွင်းရတဲ့ ဘ၀ရောက်မှ ကျနော်တို့ကို စစ်ခွေး၏ အစွဲချွတ်ခြင်း သင်ခန်းစာပြီးလေသည်။

ဒေါင်းအလံမလဲခြင်း
တကိုယ်လုံးနာကျင်လွန်းလို့ ဘာမှန်းကို မသိတော့ပါ။ နားတွေလဲ အူပြီးစီနေသည်။ ခြေထောက်တွေက အကြောလိုက်သလို တုန်နေတာ ဘယ်လို စစ်ခွေးတိုက်ကို ပြန်ရောက်လာမှန်း မသိဘူး။ သတိရတချက် မရတချက် အိပ်ပျော်သွားတော့သည်။ ကျနော့်အထင် နှစ်ရက်လောက် ကျနော်မထနိုင်ဘူး။

သူတို့ပစ်ထည့်သွားတဲ့ နေရာမှပုံလဲနေတာ အ၀င်းက ဆေးလာတိုက်တာတော့ သိသည်။ စားချင် သောက်ချင် စိတ်ထက် နှုံးပြီးတော့ လူကမျက်လုံးလည်း မဖွင့်နိုင်ပါ။ မျက်လုံးဖွင့်ရင် လောကကြီးက လည်နေသည်။ မျက်လုံးမှိတ်ထားမှ သက်သာလို့ ကျနော်တော့ မလှုပ်မရှက် နေတော့သည်။
နောက်မှ အ၀င်း ပြန်ပြောပြချက်အရ ကျနော်နှင့် နဂါးလေးကို ရိုက်သည့် ၀န်ထမ်းသုံးယောက် လက်မြှောက်သွားကြောင်း တယောက်ဆို လက်အကြောတင် သွားပါသည်တဲ့  သူတို့ပြောသည်က ခွေးသားလေးနှစ်ကောင် ဆက်လုပ်ရရင် သေဖို့ပဲကျန်တော့လို့ ရပ်လိုက်ရသည်တဲ့။
ဘာပဲပြောပြော စစ်ခွေးမှာ ရှင်မထူးရတဲ့ လက်မှတ်ကို ကျနော်တို့ နှစ်ဦး ပိုင်ဆိုင် သွားပါပြီ။ နိုင်ငံရေး အကျဉ်းသားတို့၏ အစဉ်လာကို ကျနော်တို့သည်လည်း ဆက်လက် စောင့်ထိန်း လိုက် နိုင်သည်။

ဒေါင်းအလံသည်ကား ကျောင်းနံရံတဝိုက်မှာ ပြန်စိုက်ဖို့အရေး ထောင်နံရံတိုက်မှာ  သွေးနဲ့ရေးခဲ့ပါပြီ။

ရဲမင်းထွန်း