ကြီးပွါးချမ်းသာနေသူတွေမှာ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ပြီး ပြည်သူလူထုမှာ ကုန်းကောက်စရာ ပလက်စတိတ်နှင့် ဘူးခွံသာသာ ရှိတော့သည်

ဒဏ္ဍာရီပုံပြင်မှာ ရှိသွားလေပြီလား

         မနေ့ ကကုန်လွန်ခဲ့ သည်ကို အတိတ်ကလို့  ပြောသည်။ ကနေ့ ကို ပစ္စုပန်ခေါ်ဆိုပြီး မနက်ဖန်ကို ကနေ့ ၏ အနာဂါတ်ဟု ပြောဆိုကြသည်။ သည်တော့ ကနေ့ ၏ နောင်လာမည့် နှစ်( ၅၀ ) တွင်မူ ဒဏ္ဍာရီပုံပြင်လို ဖြစ်နေသော စာသားကလေးက မြန်မာသံရုံးရှေ့မှာ ဆန္ဒပြရန် ဆိုသော စာသားဖြစ်တော့မည်သေချာသွားပြီ ။  တကယ်မူ ဤစာသားမှာ ကျွန်တော်တို့  နှစ်ပေါင်း( ၂၀ ) တိုင်တိုင် စွဲမက်ခဲ့ သော ရေးသားနေခဲ့ သော မြင်တွေ့ နေကြဖြစ်သော စာသားကလေးဖြစ်သည်။ မြတ်မြတ်နိုးနိုးလည်း ရှိသော စာသားကလေးဖြစ်သည် ။ ဖိတ်စာကလေးတွင် ယ်းသို့ ပါလာပြီဆိုလျှင် အစည်းအဝေးသို့  တက်ရောက်ပါရန် ဆိုသော စာမျိုးထက် ပိုမို၍ ရင်ကိုခုန်စေကာ တက်တက်ကြွကြွ ရှိခဲ ကြခြင်းကိုလည်း ထာဝရဖြစ်ပေါ်ခဲ့ သည့်စာသားဖြစ်သည်။ သို့ သော်ခုတော့ နိုင်ငံတကာကိုရောက်နှင့်နေကြသော ဒီမိုကရေစီအတိုက်အခံ ရဲဘော်ပုရိသတို့ အပေါင်းမှာ ဤဖိတ်စာမျိုးကို မမြင်မတွေ့ ရသည်မှာ ကြာခဲ့ ကြပါပကော ။
         ၂၀၀၈-ခုနှစ်နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးကို ထောက်ခံသည့် ရွေးကောက်ပွဲ မပြုလုပ်ခင် -၂၀၀၆--ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် စကားရည်လုပွဲ ပြုလုပ်ခဲ့ ကြသည် ။ မဲပေးရေး၌ ပေးရေး မပေးရေး စကားစစ်ထိုးပွဲ ဖြစ်သည်။ ကျွန်တော်တို့ က နယူးဒေလီမြို့ တွင် နိုင်ငံရေးအခန်းအနား၌ ပုံမှန်ဟောပြောနေကြမို့  စကားရည်လုပွဲ ကျင်းပကြခြင်းဖြစ်သည်။ ကျွန်တော်၏ အဖွဲ့ မှာ မောင်လူကြီး  ၊ ကီးလဲအောင်( အမေရိက ) နှင့် ကူကီးလူငယ်တဦးဖြစ်သည်။ သူ့ နာမည် မှတ်မမိတော့ ။ အခြားတဖက်မှာ မြင့်အေး ( ယခုနော်ဝေး ) ၊သိန်းမြင့် ( သြစတေးလဲယား )  ၊ နှင့် အခြားနှစ်ယောက်ဖြစ်သည်။ အမှတ်ပေးဒိုင်လူကြီးတွေမှာ ဆရာတော် ဦးပညာဝရ ( ယခုသြစတေးလဲယား ) ၊ ဦးသန်းစိန် ( သြစတေးလဲယား -ကွယ်လွန် ) ။ ဒေါက်တာဇေါ်ဝင်းအောင် ( အမေရိက )တို့ ဖြစ်ကြသည်။  ဟောပြောပွဲကို မြန်မာ့ရိပ်သာတွင် ပြုလုပ်မည်ဟု ကြေညာထားရာ တချို့ မှာ တကူးတက ကျောင်းပျက်ခံ အလုပ်ပျက်ခံနှင့် လာရောက် နားထောင်ကြသူများဖြစ်သည်ကို တွေ့ ရသည်။
         ပျော်စရာကောင်းသော စကားရည်လုပွဲကို မမြင်သည်မှာ မတွေ့ သည်မှာ ကြာနှင့်ပြီဖြစ်သော တက္ကသိုလ်ကျောင်းသားများ ၊ အထက်တန်းကျောင်းသားများတို့ မှာ စကားရည်လုပွဲကို ကြည့်ပြီး အထူးပင် သဘောကျမှန်းသိသာရပါသည်။ ခန်းလုံးပြည့်နေသော ယင်းနေ့ က မြင်ကွင်းကို ကျွန်တော် မမေ့ နိုင် ။ မှတ်မှတ်ရရပြောရလျှင် စစ်အစိုးရက ပြုလုပ်မည့် -၂၀၀၈-ဖွဲ့ စည်းပုံကို မဲမပေးရေးဖက်က ကျွန်တော်တို့ က ဟောပြောမည်ဆိုတော့ ပြန်လည်ချေပရမည့်သူများမှာ အချက်အလက်တွေ စုဆောင်းရတာတွေကိုလည်း ကြားနေရရာ ပို၍ပင် စိတ်ကြည်နူးစရာတွေ ဖြစ်နေခဲ့ ကြရသည်။ အကြောင်းမှာ ကျွန်တော်တို့ ကို ပြန်လည်ချေပရအောင် အချက်အလက် နည်းပါးလှသော သူတို့ မှာ စစ်အစိုးရ၏ ကောင်းကျိုးကို ရှာမတွေ့ ၍ တကြောင်း  ပြီးတော့ ကျွန်တော့်အား ပြန်လည်စကားစစ်ထိုးရာ၌ ရှုံးနိမ့်သွားမည်မှာ သေချာနေသည်မို့  သူတို့ ခမြာ တော်တော် အချက်အလက် ရှာဖွေရပါတော့သည် ။
          ယင်းအချိန်က ပြည်ပမှာလည်း မဲပေးရေး မပေးရေးဆိုသည်မှာ နှစ်ဖက် ချိန်ခွင်ရှာဖြစ်နေသောအချိန်မို့  ယခုလိုစကားစစ်ထိုးပွဲ ပြုလုပ်ကြခြင်းလည်းဖြစ်သည်။ နိုးဘုတ်ဖက်မှ ကျွန်တော်တို့ မှာ စစ်အစိုးရ၏ ဆိုးကျိုးများကို အရသာခံကာ ပြောရမည်ဆိုပါက တထောင့်တညပုံပြင်လို  ပြောနိုင်သည်မို့ အခက်အခဲ ဘာမျှမရှိ ။ နားထောင်ပေးရုံသာလိုသည်။ ပရိသတ်ကသာ နားထောင်မည်ဆိုလျှင် ကျွန်တော်တို့ က ပြောနိုင်သည့်သူများဖြစ်သည် ။ ကျွန်တော်တို့ မှာ စာရွက်ကို ကြည့်မပြောဘဲ နိုင်ငံရေးတရားဟောနေသော သူများဖြစ်ရာ ယခုလို စကားရည်လုပွဲ ပြောရပြီဆိုတော့ ပို၍အာသွက်ခြေသွက် ရှိကြသည်။ မှတ်မိပါသေးသည် ။ ယင်းနေ့ က ကျွန်တော်၏ ပထမဦးစွာ ပရိတ်သတ်ကို မျက်နာမူပြီး စကားပလ္လင်ခံကာ ပြောခဲ့ သော စကားကို နားထောင်ဖူးကြခဲ့ သော နိုင်ငံတကာမှရောက် သူတွေသည်ပင် ကျွန်တော့လို့  မှတ်မိကြမည် သေချာပါသည်။  ယင်းစကားက ၀င်းမော်ဦးရေ - သမီးကို အမျှ မဝေသေးဘူးဟေ့- ဆိုသော အသံကို ကျွန်တော်ခန်းလုံးညံကာ အော်ပြီး စကားရည်လုပွဲကို စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်။ 
          အခြားမှတ်မိချင်စရာ ကောင်းလောက်အောင် တခုကလည်း ရှိနေသေးသည် ။ ကုန်ဈေးနုံးကျဆင်းရေးအတွက် ကိုထင်ကျော် ဆန္ဒပြပြီး ဖမ်းခံရတော့ ကျွန်တော်တို့ က ဆန္ဒပြ့ပွဲ ပြုလုပ်ကြမည် စီစဉ်ကြသည် ။ မင်းကိုနိုင်တို့ အုပ်စုက လမ်းပေါ်ထွက် ဆန္ဒပြတော့ စစ်အစိုးရက ဖမ်းဆီးသွားသည်ကို ကြားရသည် ။ ထို့ ကြောင့် ကျွန်တော်တို့ မှာ နယူးဒေလီမြို့ ရှိ ဗိကပ်စ်ပူရီ ရပ်ကွက်မှာ မြို့ တွင်းရှိ ဂျန်တားမာတား ပန်းခြံနားထိ ခြေလျှင် လမ်းလျှောက် ဆန္ဒပြကြသည်။ ပူပြင်းသော နယူးဒေလီ၏ ရာသီ၌ ချွေးဒီးဒီးကျ လမ်းပေါ်ဆန္ဒပြသည်ဆိုခြင်းမှာ ပင်ပမ်းနွမ်းရိသော်လည်း စိတ်ဓါတ်တွေမာကြောလွန်း၍ ပူမှန်းမသိ လောင်မှန်းမသိ ။ ယင်းအစီအစဉ်ကို မြင့်သန်းထူး ( ယခု အမေရိက ) နှင့် ကျွန်တော်က ဦးဆောင်ခြင်းဖြစ်သည်  ။သို့ သော် ကျွန်တော်တို့ မှာ မြို့ တွင်းသို့  ရောက်အောင် မသွားလိုက်ရ ။ ရဲမှတားဆီးကာ လမ်းလျှောက်ဆန္ဒပြသူ ကျွန်တော်တို့ အားလုံးကို ရဲကားပေါ်တက်စေပြီး  ဆန္ဒပြသည့် ခွင့်ပြုထားသော နေရာသို့  ရောက်အောင်ပို့ ပေးပါတော့သည် ။
ပြည်တွင်း၌ လမ်းပေါ်ထွက် ဆန္ဒပြ၍ မတရားဖမ်းဆီးခံရသောကြောင့် ကျွန်တော်တို့  လမ်းပေါ်ထွက် ဆန္ဒပြခြင်းမှာ ထပ်တူခံစားကြ၍ဖြစ်ကြောင်း ပြသခြင်းဖြစ်သည်။
          ၂၀၁၀-ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲဝင်ရန်အတွက် ပြည်ပသို့  ရှေးဦးစွာ ထွက်လာကြသော သူတို့ မှာ ကြံ့ ဖွံ့ပါတီမှ မဟုတ် ။ နိုင်ငံရေးပါတီများဖြစ်၍ ကျွန်တော်တို့ မှာ စစ်အစိုးရကို ကန့် ကွက်နေသည့်ကြားက ယင်းနိုင်ငံရေးပါတီများကို ဆန့် ကျင်ကန့် ကွက်ကြရပြန်သည် ။ တချိန်တည်းမှာ နိုင်ငံရေးပါတီတွေ မှိုလိုပေါက်လာကြပြီးနောက် ရွေးကောက်ပွဲကြီးကလည်း ဖြစ်မြောက်ပြီးစီးသွားတော့သည် ။ ယင်းအချိန်၌ ကျွန်တော်တို့ မှာ ထုံးစံအတိုင်း နိုးဘုတ်တွေဘဲ ဖြစ်သည် ။ မှတ်မှတ်ရရ ပြောစတမ်း ဆိုလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကလည်း နိုးဘုတ်ဘဲဖြစ်သည် ။ ကျွန်တော်တို့ မှာ စစ်အာဏာရှင်ဆန့် ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် အတိုက်အခံများပီပီ ရွေးကောက်ပွဲ ပြီးစီးသော်လည်း နိုးဘုတ်နှင့် နှစ်ပါးသွားဆဲ ၊ ပန်းပန်ဆဲ ။ အခြားတဖက်မှာ နိုင်ငံတကာကလည်း ကျွန်တော်တို့ ၏ ဆန္ဒတွေနှင့် တထပ်တည်းကျနေကာ မည်သူမျှ စီးပွါးရေးပိတ်ဆို့ မှုတွေကို ဖယ်ရှားမည်ဟု ဘယ်သောအခါမျှ မပြောဆိုကြ ။
         ၂၀၁၂- ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကျွန်တော်တို့ ၏ နိုးဘုတ်မှာ ချက်ချင်း ပျောက်ကွယ်သွားရတော့သည် ။ ထာဝရနိုးနေခဲ့ သော ကျွန်တော်တို့ ၏ နိုင်ငံတကာမဟာမိတ်တို့ မှာ ပြန်လည်နိုးထ သွားကြရတော့သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကြားဖြတ်ရွေးကောက်ပွဲကိုဝင်တော့ နိုးဘုတ်သမားတို့ မှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ၀န်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု ပြောသလို တရားခံဖြစ်သွားရတော့သည် ။ ဒေါ်သန်းသန်းနုက ၂၀၁၂-ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စဉ်က ရေဒီိယိုမှ ပြောကြားရာမှာ အတိုက်အခံတွေက နိုးဘုတ်လုပ်နေတာတောင်မှ သူတို့ က ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ သူများဟု ပြောဆိုသွားရာ အတိုက်အခံဆိုသူ ကျွန်တော်တို့ မှာ သူမပြောသလို တရားခံ လုံးလုံးဖြစ်သွားရသည် ။ သူတင်မဟုတ်တော့ ။ ယခုဆိုလျှင်အတိုက်အခံများဟု ပြောဆိုခံရသူများမှာ ယခုမှ ငါးပါးကြီးမှောက်သည့်အလား ဖြစ်နေရပြီ ။
        ကျွန်တော်တို့ ၏ ခြေလက်များမှာ ယခုမှ တုပ်နှောင်ခံနေရသည်ဟု ထင်ရသည် ။ ပါးစပ်ပေါက်တွေ ပိတ်ထားရသည်ဟု ထင်ရသည်။ လွပ်လွပ်စွာပြောဆိုခွင့်တို့ သည် အလိုလို ပျောက်ကွယ် သွားသည်ဟု ထင်ရသည် ။ ယင်းအခြေအနေများကို ကျွန်တော်တို့  သတိထားကြည့်သောအခါ စစ်အာဏာရှင်ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဂယက်တွေကို တသီကြီး တွေ့ နေရသည် ။ ရန်ကုန်နှင့် မန္တလေးမြို့ မှာ ဆန္ဒပြပွဲတွေ ဖြစ်လျှင် စစ်အစိုးရက ပြုတ်ကျသွားနိုင်သည့် ပြသနာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခန့် မှန်းသိရှိထားပြီးဖြစ်သည်။ ထို့ ကြောင့် နေပြည်တော်မြို့ တွင်  ဗိုလ်ချုပ်မှူးကြီးတို့  တပြုံလုံး ပြောင်းရွှေ့ နေထိုင်ပြီးမှ ရန်ကုန်ရှိ နိုင်ငံရေးလောကမှ သိရှိသွားကြရသည် ။ ပြည်ပမီဒီယာဆိုသော သတင်းဋ္ဌာနများနှင့် ရေဒီိယိုအသံလွှင့်ဋ္ဌာနများက ဘာမှန်းတောင် မသိလိုက်ကြ ။ မည်သို့ ဆိုစေ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီ ဆိုသည်မှာ နေပြည်တော်၌ ပြည်သူ့ 
လွှတ်တော် တည်ဆောက်နေသည်ကိုပင် သတင်းအစအန မသိခဲ့ သည်မှာ ထင်ရှားသည် ။
        မြန်မာနိုင်ငံ တနိုင်လုံးက စီးပွါးရေးကျဆင်းနေမူများနှင့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနေကြချိန် အကောင်းဆုံးလက်နက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီးနောက် သူတို့  လုပ်ချင်သလို လုပ်နိုင်သော အခြေနေတို့ ကို ဖန်တီးခဲ့ သည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စိတ်ဓါတ်စစ်ဆင်ရေး နည်းပညာများဖြစ်နေသည်ကို တွေ့ ရသည် ။  ပါးစပ်က တလုံးတလေတောင်မျှ ဒီမိုကရေစီကို လမ်းဖွင့်ပေးမည်ဟု မပြောခဲ့ သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ သူတည်ဆောက်ထားနှင့်ခဲ့ သော နေပြည်တော် မျိုးဆက်သစ် အာဏာရှင်အဖွဲ့ ကို ခိုင်ခန့် စွာ တည်ဆောက်ပြီးနောက် ဦးသိန်းစိန်ကို သိက္ခာရှိစွာဖြင့် နေရာချထားပေးလိုက်သည် ။ ကမ္ဘာကြီးသည် စစ်အာဏာရှင်တို့ ၏ အာဏာစက်များ ကြီးစိုးရာ နယ်မြေဖြစ်သော နေပြည်တော်ကို ဒီမိုကရေစီ အလောင်းအလျာများ မွေးဖွါးရာနယ်မြေလို့  မှတ်ယူထားလေပြီလား မပြောတတ် ။ ပြောနိုင်သည်မှာ တခုသာရှိသည် ။ ယင်းကားဗိုလ်ချုပ်မှူးကြီးသန်းေ
ရွှကို မေ့လျှော့ထားပေးလိုက်ခြင်းဖြစ်သည် ။
    ထာဝစဉ်စိုးရိမ်ပါသည်ဟု ပြောသော ကုလ၀မဂ္ဂအဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှူးသည် ယခုအချိန်မှာ စိုးရိမ်ပါသည် ဆိုသော စကားကို မပြောတော့ ။ သူမပြောတော့သည့်အချိန်မှာ ကချင်လူမျိုးတွေ အတိဒုက္ခရောက်နေကြရသည် ။ စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေရသည် ။ ကချင်လူမျိုးတွေ စစ်ပြေးဒုက္ခသည်ဖြစ်နေပြီး ပြည်တွင်းစစ်ဖြစ်ပွါးနေသည်ကို စိုးရိမ်သည်ဟု မပြောခဲ့ သော သူတို့ မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မေ့လျှော့နိုင်သည်မှာ လွန်စွာလှပသော သဘာဝ ကျပါသည် ။  အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးအတွက် လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် တွေ့ ဆုံဆွေးနွေးပွဲ လုပ်နေရာ ယင်းဖြစ်စဉ်ကို ကြည့်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုးတက်မှုများ ရှိနေသည်ဟု ပြောတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိ ။ စစ်တပ်က စခမ်းတွေတိုးချဲ့  ချထားပြီး တိုင်းရင်းသားနယ်မြေက တလက်မမှ မဆုပ်ခွာသေးသောကြောင့် တိုင်းရင်းသားလူမျိုးများ နယ်မြေတွင် မည်သို့ သော ငြိမ်းချမ်းရေးကို ရကြပါမည်နည်း ။ တလောက ကြားလိုက်ရပါသည် ။ ကရင်အမျိုးသားစည်းရုံးရေးနှင့် မွန်ပြည်သစ်လက်နက်ကိုင် ပါတီကို မော်တော်ကားနှစ်စီး လက်ဆောင်ပေးလိုက်သည်ဟု ။ ဆက်ဆံရေးရုံးမှာ ယင်းကားများကို သွားလာရေးလွယ်ကူရန် ပေးလိုက်ခြင်းဟု ကြားရခြင်းဖြစ်သည် ။ မကြာပါ ။ ကရင်အမျိုးသားအစည်းရုံးအဖွဲ့ ရုံးကို ပြန်လည်ပြီး ကြံ့  ခိုင်ရေးရုံးအဖြစ် ပြုလုပ်သွားသည်ဆိုတော့ ညစ်ပတ်လွန်းတာများ ပေါ်လွင်နေသည်ကို သိသာနိုင်သည်။
        လောလောဆယ် နိုင်ငံရေးပြသနာ တခုမှာ ဒေါ်အောင်ဆန်းစုကြည်တို့ က ဇူလိုင်လ လွှတ်တော် ခေါ်ယူချိန်မှာ ရာထူးနေရာ လက်ခံကြရတော့မည်ဖြစ်သည်။ ကော့မှူးမဲဆန္ဒနယ်က ရွေးကောက်တင်မြှောက်ခ့ရသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှာ သမတဖြစ်နိုင်ခြေ ရှိပါသလားဟု ဂျာမဏီနိုင်ငံ ဘာလင်မြို့ တွင် မနေ့ က ကျင်းပသော အစည်းအဝေး၌ ဂျာမဏီနိုင်ငံမှ ပုဂ္ဂိုလ်များက မေးခွန်းထုတ်ကြသည် ။ ကြံ့ဖွံ့ မှ ဦးဝင်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို အများက ရွေးချယ် လျှင် ကြိုဆိုပါသည်ဟု ပြောဆိုသွားသည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ယခုဒုသမတ ရာထူးတွင်လည်း ရွေးကောက်ခံရနိုင်ဘွယ် မရှိကြောင်းနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲမှသာ ဒေါ်အောင်ဆန်းစုကြည်မှာ သမတဖြစ်နိုင်သည်ဟု ပြောဆိုသွားသည် ။ ရှင်းရှင်းပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ ကော့မှူးမဲ ဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသော်လည်း တကယ်တမ်းအားဖြင့် ဒေါ်စုအနေနှင့် ထိုက်တန်သော ရာထူးတနေရာကိုတော့ လက်ခံရယူရတော့မည်ဖြစ်သည် ။ အကြောင်းမှာ လွတ်တော်ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် ၀န်ကြီးတဦးဦး၏ လုပ်ပိုင်ခွင့်အာဏာမှာ သီးခြားစီဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်တွေမှာ အရုပ်သာသာဖြစ်နေသည် ။
          မည်သို့ ပင်ဆိုစေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သာ ၀န်ကြီးတ နေရာရာကို လက်ခံ သွားပြီ ဆိုပါက အမျိုးသားင်္ဒီမိုကရေစီအဖွဲ့ ချုပ်မှ နုတ်ထွက်သွားရမည့် ကိန်းဖြစ်နေသည် ။ တချိန်တည်းမှာပင် မနုတ်ထွက်သွားရသော နေရာများတွင် နေမည်ဆိုပါကလည်း ဒီမိုကရေစီအတိုက်အခံတော့ မဟုတ်တော့ပြီမှာ သေချာသွားပါသည် ။ ယင်းကား သမတဦးသိန်းစိန်၏ စီမံခန့် ခွဲ့ ကြီးကြပ်ခြင်းကို ထိမ်းသိမ်းလိုက်နာပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုထားခြင်း၏ ရလဒ်ပင်ဖြစ်သည်။ တဖက်မှာ ကျွန်တော်တို့  ဒီမိုကရေစီအတိုက်အခံများက ဒေါ်အောင်ဆန်းစုကြည် ရှိနေသော အစိုးရလောကကို ဆန့် ကျင်ဖီလာ နေကြရမည်လား ဆိုသည်ကို သတိထားလေ့လာကြရတော့မည်ဖြစ်သည် ။ ကျွန်တော်တို့  သိထားရမည်မှာ တော်လှန်ရေးကောင်စီလက်ထက်က ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးနောက် -၁၉၇၄-ခုနှစ်တွင် ပြည်သူ့လွှတ်တော် ပေါ်ပေါက်နေခဲ့ သည် ။ အစိုးရ ရှိနေခဲ့ သည် ။ သမတတွေ ရှိနေခဲ့ သည် ။သို့ သော် ယင်းအချိန်က မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး တော်လှန်ရေးကောင်စီ အစိုးရအဖွဲ့ မှ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေကသာ ကြီ။ပွါးချမ်းသာ သွားကြသည် ။ ပြည်သူလူထုမှာ ကုန်းကောက်စရာ မကျန်ခဲ့ ။
        ယခုလည်း သမတက ရှိနေသည်။ ပြည်သူ့ လွှတ်တော် ရှိနေသည် ။ ကြီးပွါးချမ်းသာနေသူတွေမှာ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ပြီး ပြည်သူလူထုမှာ ကုန်းကောက်စရာ ပလက်စတိတ်နှင့် ဘူးခွံသာသာ ရှိနေသေးသည် ။ ဦးနေ၀င်းခေတ်နှင့် ယခုခေတ်တွင် ဘာများ ကွာခြားနေခြင်း ရှိနေသနည်းဟု သေချာဆန်းစစ်ကြည့်လျှင် ကွာခြားနေသည်ကို တခုတွေ့ ရမည်ဖြစ်သည်။ ယင်းမှာ အစိုးရကို ဖြုတ်ချရန် နိုင်ငံရေးသမားတွေ မရှိတော့သည်ကို ၀မ်းနည်းစွာ တွေ့ ရမည်ဖြစ်သည်။ ဦးနေ၀င်းခေတ်က ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားတွေနှင့် တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးသမားတွေမှာ တထောင်ဝင် တထောင်ထွက်နှင့် -၈၈-ခုနှစ်ထိ ရှိနေခဲ့ သည် ။ မကြာသေးခင်ကာလကထိ ဦးနေ၀င်း အစိုးရကို ဆန့် ကျင်နေခဲ့ သော နိုင်ငံရေးသမားများ လွပ်မြောက်လာသည်ကို ကြားကြရသည်။ ပြောချင်သည်မှာ ဒီမိုကရေစီအရေးနှင့် လူ့ အခွင့်အရေးအတွက် တရားသောနိုင်ငံရေးစနစ်ဖြင့် မည်သို့ မျှ ပြုလုပ်၍မရ ။ စစ်အာဏာရှင်တို့ သည် နိုင်ငံရေးသမားများအား မည်သို့ နည်းနှင့်မျှ အာဏာလွှဲပြောင်း ပေးချင်သည့်သူများမဟုတ် ။ သည်တော့ ယခုအချိန်တွင် သမတဥိးသိန်းစိန်အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော ပုဂ္ဂိုလ်တွေကို လွှတ်တော်ထဲ ဆွဲစေ့လိုက်သည်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရောင်ခြည်သန်းသွားပြီ ဟု ပြောတော့ ကျွန်တော်တို့ က မယုံကြည် ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အာဏာရှင်တွေ ပြုလုပ်ထားခဲ့ မှုတွေက တသီကြီး ရှိနေသည် ။ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အတွက် စစ်အာဏာရှင်တွေ ကျူး လွန်ထားခြင်းများကို ဘယ်လိုနည်းနှင့်မျှ မေ့နိုင်ကြမည်မဟုတ် ။ ခုတော့ အတင်းမေ့ခိုင်းထားနေကြသလို ဖြစ်နေသည်။
            ဗ်ုလ်ချုပ်ကြီး ခင်ညွန့် ကိုတောင်မှ ကျေးဇူးရှင်လိုလို ရေးသားခဲ့ ကြသော စာတွေကို ဖတ်ရတော့ ကျွန်တော်တို့  နိုင်ငံရေးပျက်စီးသွားပြီဆိုသည်ကို ခန့် မှန်းရသွားသည် ။ ယခုဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မေ့ခိုင်းထားသလို ဖြစ်သွားတော့ ပိုဆိုးလာသည်။ တချိန်တည်းမှာ ဗြိတိန်နိုင်ငံမှ မြန်မာ့နိုင်ငံရေးအတိုက်အခံများက သမတဦးသိန်းစိန်ကို ကျေးဇူးတော်ရှင်အဖြစ် ဂုဏ်ပြုဆုတွေ ပေးလိုက်တော့ ကျွန်တော်တို့ မှာ နောက်ဆို စစ်အာဏာရှင်တွေကို ပေးနိုင်အောင် စာရင်းပြုစု ကောက်ယူရမလိုဖြစ်နေသည် ။ သည်တော့ တချိန်က မှတ်မှတ်ရရလေးတွေ ဖြစ်နေခဲ့ သော မြန်မာသံရုံးရှေ့ ကို ဆန္ဒပြရန် လာပါဟု ဆိုသော စာသားလေးမှာ ခုတော့ လှောင်နေသလို ဖြစ်နေပြီ ။ မည်သူမျှ ဖိတ်စာမပို့ တော့၍ ယခုအချိန်တွင် ကျွန်တော့်ထံသို့  ယင်းဖိတ်စာမျိုးကို မျှော်နေမိသည်။ မည်သည့်အတွက်ဆိုလျှင် စစ်အစိုးရ၏ ရုပ်သေးအစိုးရကို ဖြုတ်ချရန် ကျွန်တော်တို့ က မြန်မာသ့ရုံးရှေ့ မှာ ဆန္ဒပြမှဖြစ်မည် ။ ခုတော့ တချိန်က ကျွန်တော်တို့ ၏ ဆန္ဒပြရန် လာခဲ့ ပါဟု ခေါ်ဆိုခဲ့ သော ဖိတ်စာလေးမှာ ဒဏ္ဍာရီပုံပြင်ထဲကလို ဖြစ်သွားရရှာပြီဆိုခြင်းကို ကျွန်တော့်နုတ်မှ ပြောမထွက်အောင် ဖြစ်နေသည် ။ သို့ လင့်ကစား မည်သူ့ ကိုမျှ အပြစ်မတင်ရက် ။

ခိုင်အောင်ကျော် ( နယူးယောက် )