ဒေါ်အောင်ဆန်းစုကြည်က သမ္မတ တာဝန်ထမ်းဆောင်လိုကြောင်းပြော

2012-12-23
ပြည်သူလူထု ကောင်းစားရေး အတွက် လုပ်ပေးချင်တဲ့ ဆန္ဒ ရှိတာကြောင့် မိမိအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် သမ္မတ ဖြစ်ချင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တနသာင်္ရီတိုင်း ခရီးစဉ် အတွင်းက နောက်ဆုံး မြို့ဖြစ်တဲ့ ကျွန်းစုမြို့ အမှတ် ၄ ရပ်ကွက် မြို့သစ် အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ဒီကနေ့ လူထုတွေ့ဆုံပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

Photo : RFA/ Myo Zaw Ko
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း ကျွန်းစုမြို့တွင် ဒေသခံပြည်သူများအား မိန့်ခွန်းပြောကြားနေစဉ်
အဲဒီ ဟောပြောပွဲမှာ ပညာရေး ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်လာဖို့ ကြိုးပမ်းရမယ်လို့ ပြောခဲ့သလို တစ်ချိန်တည်းမှာ မြန်မာနိုင်ငံဟာ သယံဇာတတွေ ပေါကြွယ်ဝနေပေမယ့်  ပြည်သူတွေ အကျိုးရလဒ် မခံစားရတာဟာ မှားယွင်းနေတဲ့ စနစ်ကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီတိုင်းကို ၂ ရက်ကြာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကော့သောင်း နဲ့ မြိတ်မြို့တွေမှာ ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပြီး၊မနက်ဖြန်မှာ မြိတ်မြို့ကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့ မြိတ်မြို့မှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: