ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမေရိကန်သံအမတ်ကြီး သွားရောက် ကြည့်ရှု

2012-12-18
ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လ်နဲ့ အထူးကိုယ်စားလှယ် Mr W. Patrick Murphy တို့ဟာ ဒီကနေ့မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က သရက်တော သာဂရဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ စင်တာတစ်ခုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
Photo: RFA/ Kyaw Myo Min
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကချင်ဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာစဉ်

ကချင်ပြည်နယ်ထဲမှာဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုအခြေအနေတွေကို လေ့လာသုံးသပ်နိုင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့ ပထမဆုံးအကြိမ်လာရောက်ရတာပါလို့ RFA ကို အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။
ဒါအပြင်အမေရိကန်အစိုးရအနေနဲ့လည်း စစ်ဘေးဒုက္ခသည်တွေအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့သွားမှာဖြစ်ကြောင်း  ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အမြန်အဆုံးသတ်စေလိုကြောင်းလဲ  မစ္စတာဒဲရစ်မစ်ချယ်က ပြောပါတယ်။
အမေရိကန်သံအမတ်ကြီးရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဒီကနေ့မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ရိုမန်ကက်သလစ်နဲ့ ကချင်နှစ်ချင်းအသင်းတော် ဘုရားကျောင်းတွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း၊ ဝိုင်းမော် သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနဲ့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရက်ကွက်မှာရှိတဲ့ Hope Center အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စောင့်ရှောက်ကုသရေးဋ္ဌာတို့ကိုသွားရောက်ခဲ့ပြီး မြစ်ကြီးနားအခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
မနေ့ကတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ တိုင်ရင်းသားရေးရာဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် HIV/AIDS ရောဂါဝေဒနာရှင်တွေကို ကုသပေးနေတဲ့ မြစ်ကြီးနားမြို့ မိုင်းလားရပ်ကွက်က HOPE  Center ကို သွားရောက်ပြီး ဝေဒနာသည်တွေနဲ့ တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သလို ကချင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် နဲ့ အဖွဲ့ဟာ  ဒီဇင်ဘာလ ၁၇ ရက် မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ကိုရောက်ရှိလာတာဖြစ်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့က ဦးစန်းအောင်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: