လူသားလုံခြုံရေး (Human Security) ဆိုရာဝယ်
ခင်မမမျိုး
-------------------------------------------------------------------------------
Myanmar Institute of Peace and Security Studies (MIPSS)
လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၄)
ဒီဇင်ဘာလ၊ ၂၀၁၂ ခုနှစ်
လူသားလုံခြုံရေး ဆိုရာဝယ်
နိဒါန်း
ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနယ်ပယ်ကို လေ့လာနေကြတဲ့ ပညာရှင်များနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ ပါဝင်ဆောင်ရွက်နေကြသူများအတွက် လူသားလုံခြုံရေးဆိုတဲ့ သဘောတရား ဟာ ထင်ရှားတဲ့ ပါရာဒိုင်းပြောင်းလဲမှုတခု ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ရာစုနှစ် ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ ချဉ်းကပ်မှုနည်းလမ်းတွေနဲ့ မူဝါဒတွေဟာ နိုင်ငံတော် (The State) နဲ့ နိုင်ငံတော်အကျိုးစီးပွားတွေမှာ ဗဟိုပြုထားခဲ့တာကြောင့် လူတဦးချင်းစီရဲ့ အကျိုးစီးပွားတွေ၊ ဆုံးရှုံးမှုတွေ၊ အတွေ့အကြုံ စတာတွေဟာ နိုင်ငံတော်၊ အများပြည်သူ စတဲ့ စကားလုံးကြီး တွေအောက်မှာ တိမ်မြှုပ်ပျောက်ကွယ်နေခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာမှာလဲ နယ်မြေပိုင်နက်၊ အချုပ်အခြာ အာဏာ၊ အမျိုးသားအကျိုးစီးပွား စတဲ့ ကဏ္ဍတွေနဲ့သာ သက်ဆိုင်တဲ့ နိုင်ငံတော်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး စတာတွေကိုပဲ ဦးစားပေး ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ၂၁ ရာစုမှာတော့ လူတဦးချင်းစီရဲ့ လုံခြုံရေးကို အာရုံစိုက်တဲ့ လူသားလုံခြုံရေး ဆိုတဲ့ အတွေးအခေါ်သစ်တရပ် ပေါ်ထွက်လာခဲ့ပါတယ်။
လူသားတွေရဲ့ဘ၀မှာ ကြောက်ရွံ့ခြင်းမှကင်းဝေးရေး (Freedom from fear) နဲ့ လိုချင်တောင့်တမှုမှကင်းဝေးရေး (Freedom from want) အခွင့်အလမ်းတွေ ရရှိခံစားနိုင်ရေးအတွက် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေမှာ ဘ၀ရပ်တည်နိုင်မှသာ လူသားလုံခြုံရေး ရှိတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ လူသားလုံခြုံရေးကို ခြိမ်းချောက်နိုင်တဲ့ အရာတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းချောက်နိုင်တဲ့ အရာတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကိုယ်တိုင်က လူသားလုံခြုံရေးကို ပြန်လည်ခြိမ်းချောက်နေတဲ့ နိုင်ငံတွေလဲ ရှိပေမယ့် အနည်းအကျဉ်းသာ ရှိပါတယ်။ လူသားလုံခြုံရေးသဘောတရား ပေါ်ထွက်လာမှုဟာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို သေးငယ်သွားစေဖို့ ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ တကယ်တမ်း ကျတော့ နိုင်ငံတော်ဟာ လူသားလုံခြုံရေးကို ကာကွယ်ရမယ့် အရေးအကြီးဆုံး အစိတ်အပိုင်းအဖြစ် ပိုပြီး
အရေးပါလာတာ ဖြစ်ပါတယ်။ လူသားတွေကို မွေးကင်းစကနေ ဘ၀နိဂုံးချုပ်ချိန်အထိ စောင့်ရှောက်ပေး ရေး၊ ထိခိုက်မှုနှင့် အကြမ်းဖက်မှုတို့မှ ကင်းဝေးစေရေး၊ လူမှုရေးခြိမ်းချောက်မှုများ ဖြစ်တဲ့ ရောဂါဘယ ဖြစ်ပွားမှုများကို ကာကွယ်ကုသရေး၊ ရာဇ၀တ်မှုခင်းများရဲ့ သားကောင်ဘ၀ မရောက်စေရေး၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေရေး စတာတွေကို လူသားလုံခြုံရေး သဘောတရားမှာ ခြုံငုံဖော်ပြ ထားပါတယ်။
လူသားလုံခြုံရေး သဘောတရား
(၂၀၀၀) ပြည့်နှစ်၊ Millennium Summit မှာ ကမ္ဘာ့ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်က "ကြောက်ရွံ့ခြင်းနဲ့ လိုအင်ဆန္ဒများမှ လွတ်ကင်းတဲ့ ကမ္ဘာဖြစ်လာရေး" ကို အဆိုပြုခဲ့ပါတယ်။ ဒါကို တုန့်ပြန်တဲ့အနေနဲ့ (၂၀၀၁) ခုနှစ်၊ ဇန်န၀ါရီလမှာ လူသားလုံခြုံရေးဆိုင်ရာကော်မရှင် (The Commission on Human Security) ပေါ်ထွက်လာခဲ့ပါတယ်။ လူသားလုံခြုံရေးဆိုင်ရာကော်မရှင်က ပြောင်းလဲလာတဲ့ (၂၁)ရာစု အခြေအနေများနဲ့အညီ ပါရာဒိုင်းတခု လိုအပ်ကြောင်း တင်ပြ ဆွေးနွေးခဲ့ပါတယ်။
(၂၁) ရာစုမှာ ပေါ်ထွက်လာတဲ့ လုံခြုံရေးရာ ခြိမ်းချောက်မှုတွေဖြစ်တဲ့ နာတာရှည်ဆင်းရဲနွမ်းပါးမှု၊ လူမျိုးစု အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ကူးစက်ရောဂါပျံ့ပွားမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ နိုင်ငံတကာ အကြမ်းဖက်မှု၊ စီးပွားပျက်ကပ် စတာတွေဟာ တခုနဲ့တခု ဆက်နွယ်ပြီး ရှုပ်ထွေးလှပါတယ်။ ပိုပြီးဆိုးတာက ဒီခြိမ်းချောက်မှုတွေမှာ နိုင်ငံဖြတ်ကျော်မှု ဒိုင်မင်းရှင်း (Transnational dimension) ပါဝင်နေတာ ဖြစ်တဲ့အတွက် စစ်ဘက်ရေးရာကိုသာ အာရုံစိုက်တဲ့ အစဉ်အလာလုံခြုံရေးရာ သဘောတရားတွေနဲ့ မကိုက်ညီတော့ပါဘူး။ ဒါကြောင်းပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့
လူသားလုံခြုံရေးသဘောတရားကို အာရုံစိုက်သင့်ကြောင်း ပညာရှင်များက ဆိုထားကြပါတယ်။
ဒါတင်မကပဲ (၂၁)ရာစု လုံခြုံရေးရာ ခြိမ်းချောက်မှုတွေဟာ (၂၀)ရာစုထက် ပိုပြီးကြီးမားကျယ်ပြန့် ပြင်းထန်လာတာကြောင့် အစဉ်အလာကျင့်သုံးနေတဲ့ ယန္တရားတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းဖို့ တစထက်တစ ခက်ခဲလာပြီ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသားလုံခြုံရေးတို့ အကြားက ဆက်နွယ်မှုတွေနဲ့ အပြန်အလှန် အမှီသဟဲပြုမှုတွေကို အသိအမှတ်ပြုတဲ့ consensus မရှိပဲ လုံခြုံရေးရာခြိမ်းချောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်တော့ကြောင့် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုလာကြပါတယ်။ ဒီ consensus ကို လူသားလုံခြုံရေးသဘောတရားက အထောက်အကူပြု နိုင်ကြောင်း ပညာရှင်များက ဆိုလာကြပါတယ်။
လူသားလုံခြုံရေးဆိုင်ရာကော်မရှင်က ထုတ်ပြန်တဲ့ "Human Security Now” ဆိုတဲ့ အစီရင်ခံစာထဲမှာ လူသားလုံခြုံရေးဆိုတာကို "လူသားတို့၏ လွတ်လပ်ခွင့်များနှင့် လိုအင်ဆန္ဒပြည့်ဝမှုများကို အားဖြည့် ပေးနိုင်ရေးအတွက် လူသားတို့၏ ဘ၀များအား ကာကွယ်စောင့်ရှောက်ခြင်း" လို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ လူသားလုံခြုံရေးဆိုတဲ့ သဘောတရားမှာ လူ့ဘ၀ရဲ့ အနှစ်သာရဖြစ်တဲ့ အခြေခံ လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်း ဆိုတဲ့အချက်က ပေါင်းစပ်ပါဝင်နေပါတယ်။ တနည်း ဆိုရင် လူသားတွေကို ပြင်းထန်ကြီးမားတဲ့ ခြိမ်းချောက်မှုတွေ၊ အခြေအနေတွေကနေ ကာကွယ် စောင့်ရှောက်ခြင်းလို့လဲ ဆိုနိုင်ပါတယ်။ လူသားလုံခြုံရေး သဘောတရားမှာ လူသားတွေရဲ့ စွမ်းအားတွေ၊ မျှော်မှန်းချက်တွေ အပေါ်မှာ အားဖြည့်တည်ဆောက်ထားတဲ့ ဖြစ်စဉ်များအား အသုံးပြုခြင်း ဆိုတဲ့ အချက်ကလဲ ပေါင်းစပ်ပါဝင်နေပါတယ်။ ဒါတင်မကပဲ လူသားတွေရဲ့ ဘ၀မှာ အရေးကြီးဆုံး building blocks တွေဖြစ်တဲ့ ရှင်သန်ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာကို ပေးအပ်နိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ စစ်ရေးဆိုင်ရာ စနစ်များကို ဖန်တီးပေးခြင်း ဆိုတဲ့ အချက်လဲပေါင်းစပ်ပါဝင်ပါတယ်။
လူသားလုံခြုံရေးသဘောတရား စတင်ပေါ်ထွက်လာပြီးချိန်မှာ ကနေဒါ၊ နော်ဝေ၊ ဂျပန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေအသုံးပြုလာကြပါတယ်။ လူသားလုံခြုံရေးကွန်ယက်မှာ သြစတြီးယား၊ ကနေဒါ၊ ချီလီ၊ ကော်စတာရီကာ၊ ဂရိ၊ အိုင်ယာလန်၊ မာလီ၊ နယ်သာလန်၊ နော်ဝေ၊ စလိုဗီးနီးယား၊ ဆွစ်ဇာလန်၊ ထိုင်းစတဲ့ နိုင်ငံတွေ ပါဝင်လာကြပြီး၊ အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့အတူ advocacy campaigns တွေ အကောင်အထည်ဖော်လာကြပါတယ်။ ဂျပန်နိုင်ငံက လူသားလုံခြုံရေး သဘောတရားကို သံတမန်ရေးရာမှာ ထည့်သွင်းကျင့်သုံးလာပါတယ်။ လူသားလုံခြုံရေးဆိုင်ရာ ကော်မရှင်နဲ့ Trust Fund တည်ထောင်မှုကို ထောက်ခံအားပေးလာပါတယ်။ ဥရောပလုံခြုံရေး မဟာဗျူဟာတွေမှာလဲ လူသားလုံခြုံရေးကို ထည့်သွင်းစဉ်းစားလာပါတယ်။ သို့ပေမယ့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတွေကတော့ အမျိုးသားလုံခြုံရေး (national security) ကိုသာ ပိုပြီး အာရုံစိုက်နေဆဲပဲ ရှိပါသေးတယ်။
လူသားလုံခြုံရေးဆိုင်ရာ သွင်ပြင်လက္ခဏာများ
လူသားလုံခြုံရေးဆိုတာ လုံခြုံရေး (security)၊ အခွင့်အရေး (rights)၊ ဖွံ့ဖြိုးတိုးတက်ရေး (development) စတဲ့ သဘောတရားတွေထဲက human element တွေကို ဆွဲထုတ်ပြီး၊ ပေါင်းစပ်ပေါ်ထွက်လာတဲ့ သဘောတရားဖြစ်ပါတယ်။ ဒါကြောင့် လူသားလုံခြုံရေး ဆိုတာကို inter-disciplinary concept အနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒီသဘောတရားမှာ အဓိကသွင်ပြင်လက္ခဏာ (၅) ရပ် ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ Office for the coordination of Humanitarian Affairs ရုံးရဲ့ လူသားလုံခြုံရေးယူနစ်က ခွဲခြားဖော်ပြထားခဲ့ပါတယ်။
ပထမသွင်ပြင်လက္ခဏာကတော့ လူထုဗဟိုပြု (people-centred) သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ လူသားလုံခြုံရေး သဘောတရားဟာ လူတဦးချင်းစီကို ဆန်းစစ်ချက်ဗဟို (Centre of analysis) အဆင့်မှာ သတ်မှတ်ထားရှိပြီး၊ လူသားရဲ့ ရှင်သန်ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာကို ခြိမ်းချောက်တဲ့ အခြေအနေတွေကို စဉ်းစားပါတယ်။ နောက်ဆုံးမှ လူသားဘ၀မှာ ခံနိုင်ရည်မရှိလောက်အောင် ခြိမ်းချောက်နေတဲ့ အခြေအနေတွေကို ဖော်ထုတ်ခြင်းဖြစ်တဲ့အတွက် လူထုဗဟိုပြုသွင်ပြင်လက္ခဏာ ရှိကြောင်း ဆိုနိုင်ပါတယ်။
ဒုတိယသွင်ပြင်လက္ခဏာကတော့ ကဏ္ဍစုံ (multi-sectoral) သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ လူသား လုံခြုံရေး သဘောတရားဟာ မလုံခြုံမှု (insecurities) ဆိုင်ရာ ကဏ္ဍစုံကို ဖြစ်ပွားစေတဲ့ ခြိမ်းချောက်မှုတွေကို ထည့်သွင်းလေ့လာထားပါတယ်။ လူသားလုံခြုံရေးဆိုင်ရာ ခြိမ်းချောက်မှု အမျိုးအစားများကို နိုင်ငံရေးရာလုံခြုံရေး (political security)၊ လူ့အဖွဲ့အစည်းလုံခြုံရေး (community security)၊ တဦးချင်းလုံခြုံရေး (personal security)၊ သဘာဝ ပတ်ဝန်းကျင်လုံခြုံရေး (environmental security)၊ ကျန်းမာရေးရာလုံခြုံရေး (health security)၊ အစားအစာလုံခြုံရေး (food security) နဲ့ စီးပွားရေးရာလုံခြုရေး (economic security) စသည်တို့ကို ခြိမ်းချောက်နေတဲ့အရာများ စသဖြင့် ကဏ္ဍစုံကနေ ခွဲခြားဖော်ပြထားတဲ့အတွက် ကဏ္ဍစုံ သွင်ပြင်လက္ခဏာ ရှိကြောင်း ဆိုနိုင်ပါတယ်။
တတိယသွင်ပြင်လက္ခဏာကတော့ comprehensive လက္ခဏာရပ်ဖြစ်ပါတယ်။ လူသားမလုံခြုံမှုများဟာ တခုနဲ့တခု ဆက်နွယ်နေတာဖြစ်တဲ့အတွက် တခုချင်းစီ လိုက်လံဖြေရှင်းဖို့ ခဲယဉ်းပါတယ်။ လူသားလုံခြုံရေး သဘောတရားဟာ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ် တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်ကို အာရုံစိုက် ဖော်ပြထားတဲ့အတွက် comprehensive လက္ခဏာရှိကြောင်း ဆိုနိုင်ပါတယ်။ လူသားလုံခြုံရေး
ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ လူသားလုံခြုံရေးကို ဦးတည်ချက်တရပ်အဖြစ် ဖော်ဆောင်ရေးအတွက် ကမ္ဘာတ၀ှမ်းက နိုင်ငံပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံရဲ့ ပိုမိုအားကောင်းသော integrated responses တွေ လိုအပ်ကြောင်း ဆိုထားခဲ့ပါတယ်။
လူသားလုံခြုံရေးရဲ့ စတုတ္ထသွင်ပြင်လက္ခဏာကတော့ content-specific ဖြစ်ပါတယ်။ မလုံခြုံမှုတွေဟာ အခြေအနေကွဲပြားမှုတွေအပေါ် မူတည်ပြီး ခြားနားမှုရှိကြောင်းနဲ့ ပေါ်ထွက်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး သီးခြားအဖြေရှာမှုတွေလုပ်ဖို့ လိုအပ်ကြောင်း လူသားလုံခြုံရေး သဘောတရားက တိုက်တွန်း ထားပါတယ်။ ပဉ္ဓမသွင်ပြင်လက္ခဏာကတော့ ကြိုတင်ကာကွယ်ရေးကို ဦးတည်ဇောင်းပေးခြင်း (prevention-oriented) သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ လူသားလုံခြုံရေး သဘောတရားဟာ မလုံခြုံမှုများနဲ့ ခြိမ်းချောက်မှုများကို ဖြစ်ပွားစေတဲ့ အခြေခံအကြောင်းတရားများ (root causes) နဲ့ risks များကို မီးမောင်းထိုးပြတဲ့အတွက် ကြိုတင်ကာကွယ်မှုကို ဇောင်းပေးထားကြောင်း သိသာ ထင်ရှားပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ ဒိုင်မင်းရှင်းများ
လူသားလုံခြုံရေးဆိုတဲ့ သဘောတရားမှာ လက်ငင်းဒိုင်မင်းရှင်း၊ ရေတိုဒိုင်မင်းရှင်းနဲ့ ရေရှည်ဒိုင်မင်းရှင်း ဆိုပြီး ဒိုင်မင်းရှင်း (၃) ခု ရှိကြောင်း ပညာရှင်များက ဆိုထားကြပါတယ်။
(က) လက်ငင်းဒိုင်မင်းရှင်း
(၁၉၉၀) ခုနှစ် အစောပိုင်းကာလတွေမှာ "complex humanitarian emergencies” ဆိုတဲ့
သဘောတရားတခု ပေါ်ထွက်လာခဲ့ပါတယ်။ ဆိုမားလီးယား၊ ရ၀မ်ဒါနဲ့ ဘော့စ်စနီးယား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေကနေ ဒုက္ခသည် အမြောက်အမြား ပေါ်ထွက်လာခဲ့ပြီး၊ ဖြစ်ပွားလာခဲ့တဲ့ humanitarian tragedies တွေကို နိုင်ငံတကာအနေနဲ့ စုပေါင်းတုန့်ပြန်ရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ သို့ပေမယ့် ဒီလိုလူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေကို နိုင်ငံတကာ အဆင့်မှာ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ရှိပြီးသား အင်စတီကျူရှင်းတွေနဲ့ မလုံလောက် ခဲ့ပါဘူး။
လေထုညစ်ညမ်းမှု၊ ကူးစက်ရောဂါများ ပြန့်ပွားမှုနဲ့ စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာတွေကလဲ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဖွားဘက်တော်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လက်ငင်းလူသားလုံခြုံမှု ရှိလာဖို့ အကောင်အထည်ဖော်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာပါတယ်။ လက်ငင်း လူသားလုံခြုံရေးဒိုင်မင်းရှင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကတော့ လူသားအခြေခံလိုအပ်ချက်များဖြစ်တဲ့ ဘ၀၊ အစားအစာ၊ အိုးအိမ်၊ ကျန်းမာရေးနှင့် ပညာရေး စသည်များကို လူသားချင်းစာနာမှုဖြင့် ချက်ချင်းကူညီ ထောက်ပံ့ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေမူကြမ်းများ ပြဌာန်းရေး၊ aid များပေးခြင်းနဲ့ ဖြန့်ဝေခြင်း လုပ်ငန်းဆောင်တာများမှာ လူ့အခွင့်အရေးကို မဟာဗျူဟာမြောက် ထည့်သွင်းဖော်ဆောင် ပေးရေး၊ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်ဂိုဏ်းများနဲ့ အကြမ်းဖက်အဖွဲ့အစည်းကွန်ယက်များကို ဖော်ထုတ် ဖမ်းဆီးရေး၊ လူမှုအကြမ်းဖက်မှု (social violence) နဲ့ အုပ်စုများအချင်းချင်းတင်းမာမှုများ (inter-group tensions) ကို ကာကွယ်ရေး စတာတွေ ဖြစ်ပါတယ်။
(ခ) ရေတိုဒိုင်မင်းရှင်း
ယနေ့ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအများစုဟာ စစ်မြေပြင်မှာ အဆုံးမသတ်ပဲ စေ့စပ်ဆွေးနွေးရေး
စားပွဲပေါ်မှာ အဆုံးသတ်သွားလေ့ရှိပါတယ်။ သို့ပေမယ့်လဲ စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်မှာ political settlement ရလာဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြာတတ်ပါတယ်။ စစ်ပွဲတွေနဲ့ အင်အားသုံးမှုတွေကို ဒီမိုကရေစီစနစ်နဲ့ အစားထိုးပြီး၊ လူမှုကွဲပြားမှုတွေကို အကြမ်းမဖက်နည်းလမ်းများနဲ့ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ စစ်ပွဲတွေအပြီးမှာ သေနတ်သံတွေစဲသွားတယ် ဆိုပေမယ့် လူသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။ ဒီဒိုင်မင်းရှင်းရဲ့ လုပ်ငန်းစဉ်တွေကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအပေါ် commitment ထားရှိရေး၊ အသွင်ကူးပြောင်းကာလ နိုင်ငံရေးအကြမ်းဖက်မှုများကို စီမံခန့်ခွဲရေး၊ winner-takes-all အဖြေရှာမှု မလုပ်ပဲ ပါဝါရှယ်ယာ စီမံချက်များ ပြုလုပ်ခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး ၀ိဥာဉ်များ ပေါ်ထွက်လာစေရေးနဲ့ ကျူးလွန် ခဲ့သော ရာဇ၀တ်မှုများအတွက် တာဝန်ခံမှု ပေါ်ထွက်လာရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေး စတာတွေပဲ ဖြစ်ပါတယ်။
(ဂ) ရေရှည်ဒိုင်မင်းရှင်း
လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ ဖြစ်ပွားရခြင်း အခြေခံအကြောင်းရင်းတွေကို လေ့လာဖော်ထုတ်ခြင်း မလုပ်ဆောင်ဘူးဆိုရင် အနာဂတ်မှာ လူသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများစွာ ထပ်မံပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ရေရှည်ဒိုင်မင်းရှင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ခြင်း၊ ၀င်ငွေမတန်တဆ ကွာခြားမှုများကို လျှော့ချခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သဘောတရားများကို ဖြန့်ဖြူးခြင်း၊ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ တည်ထောင်ခြင်း၊ သဘာဝဘေးအန္တရာယ်များဆိုင်ရာ ကြိုတင်သတိပေးစနစ်များ ကျင့်သုံးခြင်း စတာတွေ ဖြစ်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာများ
လူသားလုံခြုံမှုရှိစေရေးအတွက် ယေဘုယျအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း (protection) နဲ့ empowerment ဆိုင်ရာမဟာဗျူဟာများကို အသုံးပြုကြပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ မဟာဗျူဟာတွေ ဆိုတာက အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ ရပ်ရွာလူထုမှ လူသားများကို စောင့်ရှောက်ရေးအတွက် ချမှတ်ထားတဲ့ မဟာဗျူဟာတွေကို ဆိုလိုတာဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရာမှာ အထက်မှ အောက်သို့ ချဉ်းကပ်နည်းလမ်း (top-down approach) ကို အသုံးပြုရပါတယ်။ ရံဖန်ရံခါမှာ လူသားတွေဟာ ထိန်းချုပ်နိုင်တဲ့ ဘောင်ကနေကျော်သွားတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ် တွေ၊ စီးပွားရေးပျက်ကပ်တွေနဲ့ ပဋိပက္ခတွေရဲ့ ခြိမ်းချောက်မှုကို ရင်ဆိုင်ကြရပါတယ်။
ဒီအခါမှာ လူသားတွေကို ဒီလိုခြိမ်းချောက်မှုတွေကနေ ကာကွယ်ပေးဖို့အတွက် လူသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာများကို စနစ်တကျအကောင်အထည် ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်ဟာ ဒီလိုကာကွယ် စောင့်ရှောက်ဖို့အတွက် အဓိကတာဝန်အရှိဆုံးဖြစ်ပြီး၊ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလဲ လူသားလုံခြုံရေးကို ပါဝင်ကူညီဆောင်ရွက်လေ့ရှိကြပါတယ်။
Empowerment ဆိုင်ရာမဟာဗျူဟာ ဆိုတာတွေကတော့ ခက်ခဲတဲ့အခြေအနေတွေမှာ လူသားတွေရဲ့ ခံနိုင်ရည်စွမ်းအားနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအား တိုးတက်လာအောင် အားပေးထောက်ကူပြုတဲ့ မဟာဗျူဟာများပဲ ဖြစ်ပါတယ်။ Empowerment မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရာမှာ
အောက်မှအထက်သို့ ချဉ်းကပ်နည်းလမ်း (bottom - up approach) ကို အသုံးပြုကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူသားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ရွေးချယ်မှုများပြုလုပ်ခြင်း၊ ကိုယ့်အား ကိုယ်ကိုးခြင်း စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာရေး ဖြစ်ပါတယ်။ လူသားတွေကို empower လုပ်ခြင်းအားဖြင့် သူတို့ရဲ့ အရည်အချင်းတွေ အကောင်းဆုံး တိုးမြင့်လာရုံတင် မကပါဘူး။ သူတို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က လူအများရဲ့ လူသားလုံခြုံရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ရှာဖွေခြင်း၊ အဖြေရှာမှုများမှာ ပါဝင်ဆောင်ရွက်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ protection နဲ့ empowerment ဟာ တခုနဲ့တခု အပြန်အလှန် အမှီသဟဲ ပြုရုံသာမက mutual reinforcement ကိုပါ ဖြစ်တည်စေပါတယ်။ လူသားလုံခြုံရေးကို ခြိမ်းချောက်လာတဲ့ အခြေအနေတွေ အားလုံးနီးပါးမှာ protection နဲ့ empowerment ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စွမ်းရည်တွေရှိဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ ဘယ်လောက်ပဲကောင်ကောင်း၊ လိုအပ်တဲ့ စွမ်းရည်တွေ မရှိဘူးဆိုရင် အောင်မြင်စွာ ဖော်ဆောင်လို့ မရနိုင်ပါဘူး။ လူသားလုံခြုံရေးသဘောတရားဟာ စီးပွားရေးရာလုံခြုံရေး၊ အစားအစာလုံခြုံရေး၊ ကျန်းမာရေးလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေး၊ လူ့အဖွဲ့အစည်းလုံခြုံရေး၊ နိုင်ငံရေးရာ လုံခြုံရေး စတာတွေကို ခြုံငုံဖော်ပြထားတာဖြစ်တဲ့အတွက် ကဏ္ဍတခုချင်းစီအလိုက် မဟာဗျူဟာများနဲ့ ဆက်စပ်တဲ့ စွမ်းရည်များကို ပညာရှင်အချို့က လေ့လာ ဖော်ထုတ်ခဲ့ကြပါတယ်။
စီးပွားရေးရာ လုံခြုံရေး (economic security) အတွက် သင့်လျော်တဲ့ မဟာဗျူဟာတွေကတော့ အခြေခံလစာခံစားခွင့် အပြည့်အ၀ရရှိရေး၊ Public sector နဲ့ private sector အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန် လိုအပ်ပါက အစိုးရမှ ဘဏ္ဍာရေးထောက်ကူပြုသည့် social safety nets များဖော်ဆောင်ရေး စတာတွေ ဖြစ်ပါတယ်။
ဒီမဟာဗျူဟာများကို အကောင်အထည် ဖော်ရေးအတွက် စီးပွားရေးအရင်းအနှီး၊ လူ့စွမ်းအား အရင်းအမြစ်နဲ့ ဘဏ္ဍာရေး အရင်းအနှီး စတဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။ အစားအစာလုံခြုံရေး (food security) ဆိုင်ရာ မဟာဗျူဟာတွေကတော့ ကိုယ်တိုင် စိုက်ပျိုး၍ဖြစ်စေ၊ အခကြေးငွေ သုံးစွဲ၍ဖြစ်စေ၊ အစိုးရထောက်ကူ အစားအစာဖြန့်ဝေရေးစနစ်မှ ဖြစ်စေ လူတိုင်းအတွက် စားသောက်ရန် အစားအစာ ရှိရေး ဖြစ်ပါတယ်။ ဒီအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍမှာ diversified လုပ်ခြင်း၊ အစားအစာဖြန့်ဝေရေးစနစ်ကျင့်သုံးခြင်း စတဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။
ကျန်းမာရေးလုံခြုံရေး (health security) ဆိုင်ရာ မဟာဗျူဟာတွေကတော့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် ၀န်ဆောင်မှုများ ထားရှိရေး၊ community-based ကျန်းမာရေးအာမခံများ ထားရှိရေးနဲ့ ရောဂါများ ပြန့်ပွားမှုကို ရှာဖွေဖော်ထုတ်နိုင်တဲ့ surveillance systems များ အသုံးပြုရေး စတာတွေ ဖြစ်ပါတယ်။ ဒီလို မဟာဗျူဟာတွေ အကောင်အထည်ဖော်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အခြေခံဗဟုသုတနဲ့ အသိပညာတွေကို အများပြည်သူအကြားမှာ ဖြန့်ဖြူးထားခြင်း၊ ကျန်းမာရေးဆိုင်ရာ အချက်အလက် များကို သိရှိခွင့်ရှိရေးဆိုင်ရာ စွမ်းရည်တွေ လိုအပ်ပါတယ်။
သဘာဝပတ်ဝန်းကျင်လုံခြုံရေး (environment security) နဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေကတော့ သဘာဝသယံဇာတနဲ့ environmental degradation တွေ ဖြစ်တဲ့ မြေဆီလွှာပျက်သုဉ်းမှု၊ သစ်တောပြုန်းတီးမှု စသည်များကို ကာကွယ်ရေးအတွက် sustainable practices များ ကျင့်သုံးခြင်းနဲ့ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်သတိပေးမှုနဲ့ တုန့်ပြန်မှုနည်းလမ်းများ ချမှတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ရေးအတွက် သဘာဝ သယံဇာတ အရင်းအနှီး၊ ဇီဝကွဲပြားခြားနားမှု (Biodiversity) နဲ့ သဘာဝပတ်ဝန်းကျင် recovery processes စတဲ့ စွမ်းရည်များ ရှိဖို့ လိုအပ်ပါတယ်။
လူတဦးချင်းစီရဲ့ လုံခြုံရေး (personal security) အတွက် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာတွေ ချမှတ်နိုင်ပါတယ်။ ဒီအတွက် အခြေအနေနှင့် လိုက်လျောညီထွေသော နည်းဗျူဟာများနဲ့ coping mechanisms များ လိုအပ်ပါတယ်။ Community Security ရှိစေရေးအတွက် လူမျိုးစုများနဲ့ community identity ကို ကာကွယ်ပေးရေး၊ ဖိနှိပ်မှုတွင် အခြေတည်သော ဓလေ့ထုံးတမ်းစဉ်လာများမှ ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီး များအား ပြင်းပြင်းထန်ထန် ခွဲခြားမှုများအား ကာကွယ်စောင့်ရှောက်ရေးနဲ့ လူနည်းစုနဲ့ ဒုက္ခသည် အုပ်စုများကို ခွဲခြားဆက်ဆံခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာများ ချမှတ်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် လူမှုအရင်းအနှီး (social capital) နဲ့ coping mechanisms များ လိုအပ်ပါတယ်။
နိုင်ငံရေးရာလုံခြုံရေး (political security) ရှိစေရေးအတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ နိုင်ငံတော် (သို့မဟုတ်) အစိုးရများရဲ့ ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပမ်းမှု၊ ဥပဒေနဲ့အညီ မဟုတ်သော ဖမ်းဆီးခြင်းနဲ့ ထောင်ချခြင်းများမှ ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာများကို အသုံးပြုနိုင်ပါတယ်။ ဒီအတွက် ကောင်းမွန်သောအုပ်ချုပ်ရေး (good governance) နဲ့ accountability mechanisms များ လိုအပ်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ ကျောင်းတော်များ (schools of human security)
လူသားလုံခြုံရေးဟာ အစဉ်အလာအရ ကျင့်သုံးနေတဲ့ နိုင်ငံတော်ဗဟိုပြုအမြင် (state-centric view) ကို စိန်ခေါ်ထားတဲ့ အတွေးအခေါ်တရပ်ဖြစ်ပါတယ်။ အချို့ပညာရှင်များက လူသားလုံခြုံရေးဟာ အဆုံးသတ် ပန်းတိုင်ဖြစ်ပြီး၊ နိုင်ငံတော်ဗဟိုပြုလုံခြုံရေးက ဒီပန်းတိုင်ကိုရောက်စေနိုင်မယ့် နည်းလမ်းလို့ ရှုမြင်
သုံးသပ်ကြပါတယ်။ လူသားလုံခြုံရေးရဲ့ သဘောတရားနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ ရှုမြင် သုံးသပ်မှုတွေရှိပါတယ်။ ဒါတွေကို ကျဉ်းမြောင်းသောကျောင်းတော် (narrow school) နဲ့ ကျယ်ပြန့်သောကျောင်းတော် (broad school) တို့ရဲ့ ရှုမြင်သုံးသပ်ချက်တွေအနေနဲ့ ခွဲခြားဖော်ပြ နိုင်ပါတယ်။
ကျဉ်းမြောင်းသောကျောင်းတော်အမြင်ကို အဆိုပြုသူတယောက်ဖြစ်တဲ့ ပညာရှင် Mack ဆိုသူက လူထုအပေါ်မှာ နိုင်ငံတော်နဲ့ အခြားနိုင်ငံရေးအစုအဖွဲ့တွေက ခြိမ်းချောက်နေတဲ့ နိုင်ငံရေး အကြမ်းဖက်မှုတွေဟာ လူသားလုံခြုံရေးသဘောတရားရဲ့ အဓိက အာရုံစိုက်မှုဖြစ်သင့်တယ်လို့ ဆိုထား ပါတယ်။ Mack နဲ့ သူ့ရဲ့ အင်စတီကျူးရှင်းဖြစ်တဲ့ British Columbia တက္ကသိုလ်၊ လူသားလုံခြုံရေး စင်တာတို့က လူသားလုံခြုံရေးဆိုတာ လူတဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းတွေကို စစ်ပွဲနဲ့ အခြားနိုင်ငံရေး အကြမ်းဖက်မှုသဏ္ဍာန်များရဲ့ ခြိမ်းချောက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းလို့ လက်ခံ သတ်မှတ်ထား ပါတယ်။
Mack က နိုင်ငံရေးအကြမ်းဖက်မှုအပြင် အခြားအကြမ်းဖက်မှုသဏ္ဍာန်တွေ ရှိကြောင်းကိုလဲ အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် အခြားအကြမ်းဖက်မှုများနဲ့ ခြိမ်းချောက်မှုများကို correlates of violence အဖြစ်သာ သတ်မှတ်ပြီး၊ နိုင်ငံရေးအကြမ်းဖက်မှုတွေကို အာရုံစိုက်ထားပါတယ်။ ရိုးရှင်းစွာကြည့်မယ် ဆိုရင် နိုင်ငံရေးအကြမ်းဖက်မှုများရဲ့ ခြိမ်းချောက်မှုကို ကြောက်ရွံ့ခြင်းမှကင်းဝေးရေးအတွက် လူသားလုံခြုံရေးက ကာကွယ်ပေးကြောင်း ကျဉ်းမြောင်းသောကျောင်းတော်က သုံးသပ်ထားပါတယ်။
ကျယ်ပြန့်သောကျောင်းတော်ကို အဆိုပြုသူများကတော့ လူသားလုံခြုံရေးဟာ နိုင်ငံရေးအကြမ်းဖက်မှု များရဲ့ ခြိမ်းချောက်မှုမှ ကင်းဝေးရေးဆိုတာထက် ပိုပြီးကျယ်ဝန်းတယ်လို့ ရှုမြင်သုံးသပ်ကြပါတယ်။ လူသားလုံခြုံရေးဟာ ကြောက်ရွံ့ခြင်းမှကင်းဝေးရေး ဆိုတာတခုတည်းနဲ့ မလုံလောက်ပဲ လိုအင်ဆန္ဒမှ
ကင်းဝေးရေးကိုလဲ ထည့်သွင်းစဉ်းစားသင့်ကြောင်း အဆိုပြုထားကြပါတယ်။ ပညာရှင် Thakur နဲ့ တိုကျိုအခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ တက္ကသိုလ်က လူသားလုံခြုံရေးဆိုတာကို လူသားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရဖွယ်ရှိနိုင်တဲ့ ခြိမ်းချောက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းလို့ ရှုမြင်သုံးသပ် ပါတယ်။ ဒီလိုခြိမ်းချောက်မှုတွေဟာ သဘာဝဘေးအန္တရာယ်ဖြစ်စေ၊ လူသားတွေက ပြုလုပ်တဲ့ anthrogenic activities တွေဖြစ်စေ အကျုံးဝင်ရုံမက၊ နိုင်ငံတွင်းမှာဖြစ်စေ၊ နိုင်ငံပြင်ပမှာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ စီမံဆောင်ရွက်မှုဖြစ်စေ အကျုံးဝင်ပါတယ်။
ကျယ်ပြန့်သောကျောင်းတော်အမြင်ရဲ့ ရှုမြင်သုံးသပ်ချက်တွေကို ဝေဖန်ချက်တွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။ ပညာရှင် Paris ဆိုသူက လူသားလုံခြုံရေးဟာ substance abuse ကနေ လူမျိုးတုံးသတ်ဖြတ်မှုအထိ အရာအားလုံးအကျုံးဝင်နေတာဖြစ်တဲ့အတွက် လူသားလုံခြုံရေးကို ဖြစ်ပွားစေတဲ့ causal hypotheses တွေ ချမှတ်ဖို့ အရမ်းခဲယဉ်းကြောင်း ဝေဖန်ထားပါတယ်။ ကျယ်ပြန့်သော ကျောင်းတော်က ချမှတ်ထားတဲ့ လူသားလုံခြုံရေးရရှိစေမယ့် နည်းလမ်းတွေဟာ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ချမှတ်ထားတဲ့ လူသားဖွံ့ဖြိုးတိုးတက်ရေး (Human Development) နည်းလမ်းများနဲ့ ပိုပြီးဆင်တူပေမယ့် ဖွံ့ဖြိုးတိုးတက်ရေး သဘောတရား ထက်တော့ ပိုပြီးကျယ်ပြန့်ပါတယ်။ အထူးသဖြင့် လူသားတွေရဲ့ လိုအင်ဆန္ဒမှ လွတ်ကင်းရေး အချက်ကိုပါ ထည့်သွင်းထားတဲ့အတွက်ဖြစ်ပါတယ်။
လူသားလုံခြုံရေး သဘောတရားနဲ့ ပတ်သက်ပြီး၊ ကျောင်းတော်များရဲ့ ရှုမြင်သုံးသပ်ချက်တွေအပေါ်မှာ ထပ်မံမေးခွန်းထုတ်စရာတွေကလဲ ရှိလာပါတယ်။ လူသားတွေရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနဲ့ လိုအင်ဆန္ဒမှ လွတ်ကင်းရေးအတွက် အဓိက တာဝန်ရှိတာက နိုင်ငံတော်ဖြစ်နေတဲ့အတွက်၊ နိုင်ငံတော် ကိုယ်တိုင်က လူသားလုံခြုံရေးကို ခြိမ်းချောက်နေတဲ့အခါမှာ ဘယ်လိုဆောင်ရွက်မလဲ၊ အချို့ နိုင်ငံတော်တွေရဲ့ ဒီလိုပြုမူချက်ကို အကြောင်းပြုပြီး လုံခြုံရေးရာမှာ နိုင်ငံတော်ဗဟိုပြုလုံခြုံရေးရဲ့ အခန်းကဏ္ဍကို ဖယ်ရှားသင့်သလားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
ပညာရှင်အချို့က အချို့နိုင်ငံတော်အစိုးရများရဲ့ လူသားလုံခြုံရေးခြိမ်းချောက်မှုများကို အကြောင်းပြုပြီး၊ နိုင်ငံတော်ဗဟိုပြုလုံခြုံရေးရဲ့ အခန်းကဏ္ဍကို ဖယ်ရှားစရာ မလိုအပ်ကြောင်းနဲ့ နိုင်ငံတော်အစိုးရ အားလုံးက လူသားလုံခြုံရေးကို ခြိမ်းချောက်နေတာမဟုတ်ကြောင်း ဆိုထားကြပါတယ်။ အချို့ကလဲ လူသားလုံခြုံရေးကို လက်တွေ့မှာ တကယ်အကောင်အထည်ဖော်ဆောင်ပေးနိုင်တဲ့ အဓိက material assets ဟာ နိုင်ငံတော်သာဖြစ်ကြောင်း ဆိုကြပါတယ်။ ပညာရှင်အများစုကတော့ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို မဏ္ဍိုင်ပြုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းဆောင်တာတွေမှာ လူသားလုံခြုံရေးအာဂျင်ဒါ (Human Security Agenda) ထည့်သွင်းထားရေးစတဲ့ အဆိုကို လက်ခံထားကြပါတယ်။
လူသားလုံခြုံရေးကို နိုင်ငံတော်က တိုက်ရိုက်ခြိမ်းချောက်နေတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ကတော့ လူသားချင်းစာနာမှုဖြင့် ကျူးကျော်စွက်ဖက်ခြင်း (humanitarian intervention) ဆိုတဲ့ သဘောတရားတခု ထပ်မံပေါ်ထွက်လာပါတယ်။ ဒီသဘောတရားနဲ့ ပတ်သက်ပြီးတော့လဲ အဆိုပြုချက်တွေနဲ့ အငြင်းပွားမှုတွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ Realism ၀ါဒီများက လူသားချင်းစာနာကူညီရေး ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတော်အကြမ်းဖက်မှုရှိနေတဲ့ နိုင်ငံတွေကို အခြားနိုင်ငံများက၀င်ရောက်စွက်ဖက်ကျူးကျော်မှုလုပ်တဲ့အခါ ရေရှည်စစ်ပွဲတွေ ဖြစ်ပေါ်လာနိုင်ပြီး၊ ပြည်သူလူ
ထုရဲ့အကျိုးကို ရေရှည်မှာ ထိခိုက်လာနိုင်ကြောင်း ဆိုထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျူးကျော်မှုဆိုတာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တဲ့အတွက် ကမ္ဘာ့လုံခြုံရေးကို ထိခိုက်နိုင်ကြောင်းနဲ့ ပြည်တွင်းစစ်ပွဲ (intra-state war) ကနေ နိုင်ငံများအချင်းချင်း ဖြစ်ပွားသောစစ်ပွဲ (inter-state war) ကို ကူးစက်သွားစေတတ်ကြောင်း ဆိုထားခဲ့ပါတယ်။
လူသားချင်းစာနာမှုဖြင့် ကျူးကျော်စွက်ဖက်ခြင်းကို အဆိုပြုသူများကတော့ နိုင်ငံတကာလုံခြုံရေးရာ တည်ငြိမ်မှုရှိရေးဟာ နိုင်ငံတခုချင်းစီမှာရှိတဲ့ လူထုရဲ့ လူသားလုံခြုံရေးရှိမရှိပေါ်မှာ မူတည်ကြောင်း
ဆိုထားကြပါတယ်။ နိုင်ငံတွင်းမှာမှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ ဘ၀က လုံခြုံမှုမရှိဘူးဆိုရင် နိုင်ငံတော်ကတော့ လုံခြုံမှုရှိနိုင်ပါ့မလားဆိုတဲ့ အချက်ကို မေးခွန်းထုတ်လာကြပါတယ်။ နိုင်ငံတနိုင်ငံ အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ မလုံခြုံမှုပြဿနာတွေဟာ အိမ်နီးချင်းနိုင်ငံတွေကိုလဲ spillover effects သက်ရောက်စေနိုင်ကြောင်းနဲ့ ကမ္ဘာ့လုံခြုံရေးကိုပါ ကူးစက်ခြိမ်းချောက် လာနိုင်ကြောင်း အဆိုပြုလာကြပါတယ်။ နိုင်ငံတကာအကြမ်းဖက်မှုများပေါ်ထွက်လာခြင်းရဲ့ ကနဦးအစဟာ နိုင်ငံတွင်း ပဋိပက္ခများက မြစ်ဖျားခံလာတာဖြစ်ကြောင်း ဥပမာများပေးပြီး ဖော်ပြထားကြ ပါတယ်။ ဒီအချက်ဟာ ပဋိပက္ခများဖြစ်ပွားတဲ့ နိုင်ငံအချို့က နိုင်ငံတကာက ၀င်ရောက်စွက်ဖက်ကျူးကျော်မှုတွေ ပြုလုပ်လာခြင်းနဲ့ ပတ်သက်ပြီး လူအများက နားလည်ထောက်ခံပေးစေတဲ့ အဆိုပြုချက်ဖြစ်ပါတယ်။
သို့ပေမယ့် ဘယ်လိုအချိန်အခါမျိုးမှာ ၀င်ရောက်စွက်ဖက်ကျူးကျော်မှုတွေ ပြုလုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီးလို့တော့ အငြင်းပွားမှုတွေ ဆက်လက်ပေါ်ထွက်လာပါတယ်။ လူသားလုံခြုံရေးနဲ့ international order အကြားက ဆက်နွယ်မှုတခုတည်းနဲ့ အခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးကို နိုင်ငံတကာက ၀င်ရောက်စွက်ဖက်ကျူးကျော်မှုကို justify လုပ်လို့ မဖြစ်နိုင်ကြောင်း အချို့ပညာရှင်များက ဆိုလာကြပါတယ်။ အခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးကို နိုင်ငံတကာက ၀င်ရောက်စွက်ဖက်ကျူးကျော်သင့်မသင့် ဆန်းစစ်ရမယ့် assessment criteria တွေနဲ့ ပတ်သက်ပြီး International Commission on Intervention and State Sovereignty (ICISS) က (၂၀၀၁) ခုနှစ်မှာ တင်ပြခဲ့တဲ့ Responsibility to Protect (R2P) ဆိုတဲ့ သဘောတရားကို မှီငြိမ်းကိုးကားလာကြပါတယ်။ သို့ပေမယ့်လဲ နိုင်ငံအများစုက ဒါကို operational principle အဖြစ် လက်ခံထားမှု မရှိပါဘူး။
လက်ရှိမှာ ဖွံ့ဖြိုးဆဲနိုင်ငံအများစုက လူသားလုံခြုံရေးရှိစေဖို့ဆိုရာမှာ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာ အကူအညီနဲ့ ဆောင်ရွက်ရေးကိုသာ ပိုမိုဇောင်းပေးဆောင်ရွက်ကြပြီး၊ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ ပတ်သက်လို့ကတော့ unconditional sovereignty ကိုသာ ဆက်လက်ထားရှိ လိုကြပါတယ်။ အချို့ကိုလိုနီလက်အောက်ခံဘ၀က လွတ်မြောက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေကတော့
conditional sovereignty ဖြစ်အောင် ပြုလုပ်ခြင်းဟာ အင်အားကြီးအနောက်နိုင်ငံများရဲ့ ကမ္ဘာ့နိုင်ငံရေးကို စည်းမျဉ်းများချမှတ်ရန် ကြိုးပမ်းမှုနဲ့ နိုင်ငံတကာရေးရာများမှာ ၀င်ရောက်စွက်ဖက် နိုင်ရန် အကြောင်းပြချက်ပေးခြင်းလို့ ယူဆကြပါတယ်။ ဒါကြောင့် ပြည်တွင်း အကြမ်းဖက်မှု (internal violence) များကို အာရုံစိုက်တဲ့ လူသားလုံခြုံရေးဆိုင်ရာ ကျဉ်းမြောင်းသော အယူအဆကို ဖွံ့ဖြိုးဆဲနိုင်ငံအများစုက လက်ခံခြင်းမရှိကြပဲ၊ Development agenda ပါဝင်တဲ့ ကျယ်ပြန့်သော ကျောင်းတော်အယူအဆကို လက်ခံထားကြပါတယ်။
ဒီမိုကရေစီကျင့်သုံးမှု (Democratic Practice)နှင့် လူသားလုံခြုံရေး
လူသားလုံခြုံရေးဆိုင်ရာ ခြိမ်းချောက်မှုများဟာ ဒီမိုကရေစီစနစ် ကျင့်သုံးမှု (Democratic Practice) အားနည်းတဲ့ နိုင်ငံများဆီကနေ မြစ်ဖျားခံလာတယ်လို့ ပညာရှင်များက ယူဆထားကြပါတယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်သုံးမှုကို အားကောင်းလာအောင် လုပ်ဆောင်ခြင်းအားဖြင့် လူသားလုံခြုံရေးရာ ပြဿနာတွေကိုလဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ပဋိပက္ခတွေကို နိုင်ငံရေးဒိုင်ယာလော့ခ် အသုံးပြုပြီး ဖြေရှင်းရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေအတွက် အုပ်ချုပ်ရေးဖြစ်စဉ် (governance processes) မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုရင် ပြည်တွင်းပဋိပက္ခတွေ ကြီးထွားလာလေ့ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို နိုင်ငံတော်က မဖြည့်ဆည်းပေးနိုင်တော့ပဲ၊ လူ့အဖွဲ့အစည်းက သူ့ဘာသာသူ ရင်ဆိုင်ဖြေရှင်းရတဲ့ အခြေအနေကို ရောက်ရှိသွားတတ်ပါတယ်။ အခြေခံလူမှုဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းဆောင်တာတွေမှာပါ civil society က အားဖြည့်မောင်းနှင်လာရတတ်ပါတယ်။ ဒီလိုအခြေအနေတွေ တိုးတက်လာစေဖို့ တခုတည်းသော ဖောက်ထွက်နည်းလမ်းကတော့ democratic political order ကို မဖြစ်မနေတည်ဆောက်ယူခြင်းပဲ ဖြစ်ပါတယ်။
ဒီလို democratic political order ကို တည်ဆောက်ရေးအတွက် ဒီမိုကရေစီ ကျင့်သုံးမှုရှိဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီကျင့်သုံးမှုမှာ သွင်ပြင်လက္ခဏာကြီး (၅) ရပ်ရှိပါတယ်။ ပထမသွင်ပြင် လက္ခဏာကတော့ ပါဝင်ဆောင်ရွက်မှု (participation) ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအားလုံးဟာ မဲပေးစနစ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်၍ဖြစ်စေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ အသင်းအဖွဲ့များမှာ ပါဝင်၍ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် နိုင်ငံသား ပါဝင်ပတ်သက်မှုများ ပြုလုပ်၍ဖြစ်စေ၊ ပြည်သူ့ရေးရာဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ ဒုတိယသွင်ပြင်လက္ခဏာကတော့ ဥပဒေစိုးမိုးရေး (rule of law) ဖြစ်ပါတယ်။ နိုင်ငံတော်က ချမှတ်ကျင့်သုံးနေတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများဟာ တရားမျှတမှုရှိရမှာဖြစ်ပြီး၊ ဥပဒေအရ ဆောင်ရွက်ရာမှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။
တတိယသွင်ပြင် လက္ခဏာကတော့ ပွင့်လင်းမြင်သာမှု (transparency) ဖြစ်ပါတယ်။ အစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများက တာဝန်ရှိသူများဟာ ပြည်သူ့ရေးရာ လိုအပ်ချက်တွေ၊ ၀န်ဆောင်မှုတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ ပေးအပ်ဖို့လိုသလို၊ တာဝန်ခံမှုလဲ ရှိရမှာ ဖြစ်ပါတယ်။ စတုတ္ထသွင်ပြင်လက္ခဏာကတော့ တုန့်ပြန်စွမ်းရှိမှု (responsiveness) ဖြစ်ပါတယ်။ အစိုးရများဟာ ပြည်သူလူထုရဲ့ လိုလားချက်တွေ၊ တောင်းဆိုမှုတွေ၊ ဆန္ဒတွေနဲ့ ပတ်သက်ပြီး တုန့်ပြန်စွမ်းရှိရမှာ ဖြစ်သလို၊ လိုအပ်တဲ့အချိန်အခါမှာ ပြည်သူ့ဆန္ဒခံယူပွဲတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပဉ္စမသွင်ပြင်လက္ခဏာကတော့ တန်းတူညီမျှမှု (Equitability) ဖြစ်ပါတယ်။ ဘ၀လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ လူတိုင်းမှာ တန်းတူအခွင့်အရေးရှိရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီကျင့်သုံးမှုဆိုရာမှာ ရွေးကောက်ပွဲကျင်းပခြင်း၊ နိုင်ငံရေးပါတီများ တည်ထောင်ခြင်းစတဲ့ structured processes များသာမက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ နိုင်ငံရေးပါတီများအဖြစ်သို့ အသွင်ကူးပြောင်းခြင်း၊ ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းများတွင် အမျိုးသားညီညွတ်ရေးနှင့်
ဘုံရည်မှန်းချက်များ ရှာဖွေခြင်း၊ နိုင်ငံရေးဒိုင်ယာလော့ခ်များပြုလုပ်ခြင်း စတဲ့ processes of change စတာတွေပါ အကျုံးဝင်ပါတယ်။ ဒီမိုကရေစီကို စနစ်တကျ ကျင့်သုံးနိုင်ရေးအတွက် ဒီမိုကရေစီရဲ့ အနှစ်သာရများကို အုပ်ချုပ်ရေးဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ အပါအ၀င် ပြည်သူလူထုတရပ်လုံးက လေးစားအသိအမှတ်ပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ကျင့်သုံးမှုဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်ဆံရေး (state-society relations) ကိုလဲ အားကောင်းလာစေနိုင်ပါတယ်။
လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို ပညာရှင်များက တင်ပြရေးဆွဲထားကြပါတယ်။ ပဋိပက္ခများဖြစ်ပွားနေချိန်မှာ အခြေခံ လူ့အခွင့်အရေးများကို အာရုံစိုက်ဖော်ပြခြင်း၊ လူသားချင်းစာနာမှုဖြင့် ထောက်ကူပြုမှုများကို တန်းတူညီမျှ ဖြန့်ဝေပေးခြင်း၊ ငြိမ်းချမ်းရေးရလဒ်များပေါ်ထွက်လာစေနိုင်မယ့် inclusive democracy အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ပေးခြင်း စတဲ့ ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။အသွင် ကူးပြောင်းမှုဖြစ်စဉ်တွေမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ် စေ့စပ်ဆွေးနွေးပွဲများ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရေးအတွက် စီမံချက်များရေးဆွဲရေး၊ အသွင်ကူးပြောင်းမှုနဲ့ ပြောင်းလဲမှု ဖြစ်စဉ် ဆိုင်ရာ အတွေ့အကြုံများကို ပါဝင်ဆောင်ရွက်နေကြတဲ့ ရေပေါ်ဆီနိုင်ငံရေးသမားများ သာမကပဲ၊ လူထုတရပ်လုံးကပါ ထိတွေ့နားလည်မှုရှိလာစေရေး စတဲ့ ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။ ရေရှည် တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရေးအတွက် စာတတ်မြောက်ရေး၊ ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းများ ရရှိရေးလုပ်ငန်းဆောင်တာများမှ ပြည်သူလူထုမှ တက်ကြွစွာ ပူးပေါင်းပါဝင်လာရေး၊ ၀င်ငွေနဲ့ အခွင့်အလမ်းများ တန်းတူညီမျှဖြစ်ရေး၊ ငြိမ်းချမ်းရေးအတွေးအခေါ်များ ပြန့်ပွားလာရေး စတဲ့ ဒီမိုကရေစီကျင့်သုံးမှုမြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် လူသားလုံခြုံရေးဆိုတဲ့ သဘောတရားဟာ နိုင်ငံတော်ဗဟိုပြုလုံခြုံရေး သဘောတရားနဲ့ အတွေးအခေါ်တွေကို စိန်ခေါ်ပြီးပေါ်ပေါက်လာခဲ့တာ ဖြစ်ပေမယ့်၊ လူထုနဲ့ နိုင်ငံတော်အကြားက ဆက်ဆံရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ အခန်းကဏ္ဍ၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး၊ လိုအင်ဆန္ဒရှိခြင်းမှ ကင်းဝေးရေး စတာတွေကို ခြုံငုံပြီး မီးမောင်းထိုးပြ ထားတဲ့ သဘောတရားဖြစ်တဲ့ အတွက် လူ့လောကကို အကျိုးပြုတဲ့ သဘောတရားတရပ် ဖြစ်ပါတယ်။ သို့ပေမယ့်လဲ ဒီသဘောတရားကို နိုင်ငံကြီးအချို့က အခွင့်အရေးယူ၊ အသုံးချမှုတွေ ပေါ်ထွက်လာနိုင်သလို၊ လူသားလုံခြုံရေးကို နိုင်ငံတော်က တိုက်ရိုက်ခြိမ်းချောက်နေတဲ့ နိုင်ငံတွေကလဲ ဒီသဘောတရားကို ဆန့်ကျင်လာကြဦးမှာပဲ ဖြစ်ပါတယ်။ ပညာရှင်လောကမှာပဲ ဒီသဘောတရားနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတော်နဲ့ လူထုအကြားက ဆက်ဆံရေး၊ ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာရဲ့ အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ၊ အငြင်းပွားမှုတွေ ဆက်လက်ပေါ်ပေါက်နေဦးမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ကုလသမဂ္ဂနဲ့ လူသားလုံခြုံရေး ကွန်ယက်မှာ ပါဝင်တဲ့နိုင်ငံတွေကတော့ လူသားလုံခြုံရေးသဘောတရားကို ဆက်လက် ထောက်ခံ အားပေးနေကြမယ်လို့ ယူဆရပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၆၊ ၁၂၊ ၂၀၁၂)
ယခင်အပိုင်းများ
ရည်ညွန်းကိုးကား။ ။
Hampson, F.O. Et al. (2002) Madness in the Multitude, Toronto: Oxford University Press.
Human Security Centre (2005) Human Security Report, Oxford: Oxford University Press.
Mack, A. (2005) The Human Security Report 2005: War and Peace in the 21st Century, Oxford: Oxford University Press.
Paris, R. (2001) “Human Security: Paradigm Shift or Hot Air?', International Security, 26 (2), pp. 87-102.
Suhrke, A. (1999) 'Human Security and the Interest of State', Security Dialogue, 30 (2), pp. 265-76.
Thakur, R. and Newman, E. (eds.) (2004) Broadening Asia's Security and Discourse Agenda, Tokyo: United Nations University Press.
Thomas, C. (2000) Global Governance, Development and Human Security, London: Pluto Press.
United Nations (2005) 'In Larger Freedom: Towards Development, Security and Human Rights for All: Report of the Secretary – General”, UN document A/59/2005.
United Nations, Commission on Human Security (2003) Human Security Now: Final Report, New York: United Nations Commission on Human Security.
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment