အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့
ပညာရေးရံပုံငွေပွဲမှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစကား ပြောထားတဲ့
ဗွီဒီယိုဖိုင်လေးကို ကြည့်မိရင်း တခါက ဟောပြောပွဲလေးတခုကို သတိသွားရမိပါတယ်။
ဟောပြောပွဲလေး ကျင်းပရာနေရာက ပြည်ပနိုင်ငံတခုက၊ အဆင့်မြင့်တက္ကသိုလ်ကြီးတခုမှာပါ ။
ဟောပြောပွဲတက်ရောက်သူတွေက ပြည်ပရောက်မြန်မာတွေပါ။ နိုင်ငံခြားသား သုံးလေးယောက်တော့
ပါပါတယ်။
လေးစားရတဲ့
အန်ကယ်ကြီးတယောက်က အဲဒီဟောပြောပွဲလေးမှာ ပါဝင်ဟောပြောပေးဖို့ ဖိတ်ကြား တာကြောင့်
ကြေငြာထားတဲ့ အစီအစဉ် စတင်ချိန်ထက် နာရီဝက် ကြိုတင်ပြီး အဲဒီကို
ရောက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ အခမ်းအနားကျင်းပသူများ ဘယ်သူမှ
မရောက်သေးတာကြောင့် စောင့်နေလိုက်တာ တနာရီအကြာမှာ အုပ်စုလိုက် ရောက်လာကြပါတော့တယ်။
ဒီလိုနဲ့
ဟောပြောပွဲပြုလုပ်တဲ့ နေရာဖြစ်တဲ့ သင်ကြားရေးခန်းမ (lecture theatre) ထဲကို
ဝင်သွားခဲ့ကြပြီး၊ အလံချိတ်၊ အခမ်းအနားပြင်ဆင်တာ လုပ်ကြပါတယ်။ အလံချိတ်တော့
ပါဝါပွိုင့်ပြရမယ့် screen ရှေ့မှာ ချိတ်ကြပါတယ်။ ဟောပြောမယ့် လူတွေကလဲ
ပါဝါပွိုင့်စလိုက်နဲ့ ဟောပြောကြမယ့်အပြင်၊ video conference နဲ့ အခြားနိုင်ငံက
မြန်မာပညာရှင်တယောက်ကပါ ဟောပြောပေးမှာ ဖြစ်တဲ့အတွက် အလံကို နေရာပြောင်း
ချိတ်သင့်ကြောင်း အကြံပေးတော့ ကိစ္စမရှိဘူး၊ အလံက အရေးကြီးတယ်လို့ ဆိုကြပါတယ်။
ဒီလိုနဲ့
အခမ်းအနားမစတင်ခင်မှာပဲ စေတနာရှင်က အလှူပြုတဲ့အတွက် ထမင်းကြော်နဲ့
ခေါက်ဆွဲကြော်တွေကို lecture theatre ထဲမှာ အားပါးတရ ထိုင်စားကြပါတယ်။ စားလို့
မပြီးသေးခင်မှာ ဟောပြောပွဲစတဲ့အတွက် အလံတွေဘာတွေ အလေးပြုပြီး၊
ဟောပြောပွဲဆက်လုပ်နေချိန်မှာ နားထောင်သူတွေကလဲ ထမင်းကြော်ဘူး၊
ခေါက်ဆွဲဘူးလေးတွေကို ရှေ့ချလို့။ စားရင်းသောက်ရင်း၊ နားထောင်ရင်းနဲ့ပါ။
တက္ကသိုလ်တခုရဲ့
သင်ကြားရေးခန်းမဆိုတာ အစားအစာ၊ အသာထားလို့၊ ဖျော်ရည်တောင် ယူဝင်ခွင့်မရှိပဲ၊
ဆရာတွေတောင် စာသင်ကြားတဲ့အခါ ရေဗူးသာ ယူဝင်ခွင့်ရှိတဲ့ စည်းကမ်းနဲ့ အသားကျနေတဲ့
စာရေးသူနဲ့ မိတ်ဆွေ ကထိက ဆရာမလေးတယောက်ကတော့ ငိုရခက်၊ ရယ်ရခက်မျက်နှာနဲ့
တယောက်မျက်နှာသာ တယောက်ကြည့်မိကြရင်း......။
ဒီလိုနဲ့
Video Conference ပရိုဂရမ်ကို အသုံးပြုပြီး၊ အခြားနိုင်ငံက မြန်မာပညာရှင်က
ဟောပြောချိန်မှာတော့ အခြေအနေက ပိုဆိုးသွားပါတယ်။ အလံက ကွယ်နေတာကြောင့်
ဟောပြောသူကိုလဲ ခေါင်းပဲ မြင်ရပါတယ်။ အခန်းထဲကို ၀င်လိုက်ကြ၊ ထွက်လိုက်ကြ၊
စကားပြောလိုက်ကြနဲ့ ကြွက်ကြွက်ကို ညံနေတော့တာပါပဲ။ ထိုင်ခုံတွေရဲ့နောက်မှာ
မတ်တပ်ရပ်ရင်း စကားလက်ဆုံ ကျသူတွေကလဲ ရှိလာပါတယ်။
ကြေငြာထားတဲ့
အစီအစဉ်တွေက တမျိုး၊ အချိန်တနာရီနောက်ကျပြီးမှ စတဲ့ ပွဲဖြစ်တာကြောင့်
အခမ်းအနားမှူးက အဆင်ပြေသလို ရှေ့ကျော်ခေါ်၊ နောက်ကျော်ခေါ်နဲ့ ညှိနှိုင်းရတမျိုးနဲ့
အစီအစဉ်တွေက ရှေ့ရောက်၊ နောက်ရောက် ဖြစ်နေပါတယ်။ နောက်တော့ တွတ်တွတ်ထိုး အသံတွေက
အရမ်းများလာတာကြောင့် ကော်ဖီသောက်နားချိန် လုပ်လိုက်ပါတယ်။ ဆယ်မိနစ်လို့ ဆိုပါတယ်။
ဆယ်မိနစ်ဆိုပေမယ့်လဲ
မိနစ်နှစ်ဆယ်လောက် အချိန်ယူလိုက်ရပါတယ်။ နောက်တော့ အခမ်းအနား ပြန်စပါတယ်။
အခမ်းအနားစပြီး၊ ဟောပြောဖို့အတွက် ကံဆိုးစွာပဲဆိုရမလား၊ အခမ်းအနားမှူးက စာရေးသူကို
ခေါ်ထုတ်လိုက်ပါတယ်။ စင်ပေါ်ကနေ လှမ်းမြင်ရတာက အလွန်ထူးဆန်းတဲ့ မြင်ကွင်းပါ။
အခမ်းအနားလဲ
စနေပြီး၊ ဟောပြောသူလဲ စင်ပေါ်ရောက်နေပြီ ဖြစ်ပေမယ့် ခုံတန်းတွေနောက်မှာ ရပ်နေသူတွေက
စကားလက်ဆုံကျနေကြဆဲ၊ ကော်ဖီခွက်တွေက လက်ထဲ ကိုင်ထားကြဆဲ။ မိုးတိုးမတ်တပ် ရပ်နေသူတွေကလဲ
ရပ်နေကြဆဲ။ သိန်းပေါင်းများစွာရှိတဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတောင် ဟောပြောသူ
စင်ပေါ်ရောက်နေချိန်မှာ ဒီလိုမြင်ကွင်းဖို့ မြင်တွေ့ရဖို့ ခဲယဉ်းလှပါတယ်။
ဒါနဲ့
စာရေးသူလဲ စင်ပေါ်မှာ ဘာမှ စကားစမပြောပဲ ရပ်နေလိုက်ပါတော့တယ်။ ဒီလိုနဲ့
စကားတွတ်တွတ်ထိုး နေသူတွေကိုပဲ လိုက်ကြည့်နေလိုက်တာ အချိန်သုံးလေးမိနစ်ကြာတော့မှ
သတိထားမိသွားကြပြီး၊ တံတောင်နဲ့ အချင်းချင်းတွတ်ပြီး ငြိမ်သွားကြပါတယ်။
ဒီတော့မှ
မူလအစီအစဉ်တုန်းက မိနစ်လေးဆယ်လို့ သတ်မှတ်ထားတာကြောင့် ပြင်ဆင်ထားတဲ့
ဟောပြောမှုကို ဆယ့်ငါးမိနစ်နဲ့ အတိုချုံ့၊ အမြန် ပြောလိုက်ရပါတော့တယ်။ စာရေးသူရဲ့
ဘ၀သက်တမ်းတလျှောက်မှာ ကိုယ်တိုင်ပါဝင်ဟောပြောဖြစ်ခဲ့ တဲ့ ပွဲတွေရော၊ အများတကာ
ဟောပြောတဲ့ ပွဲတွေပါ အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီပွဲလေးကတော့
တကယ့်ကို အမှတ်တရလေးပါပဲ။
သြော်-
ရေခြားမြေခြား၊ ပြည်ပရောက်မြန်မာများရဲ့ ဒီဟောပြောပွဲလေးကိုများ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖြစ်ခဲ့ရင် ဘယ်လိုများ၊
ပြောကြားလေမလဲဆိုတာ သိချင်စမ်းပါဘိ။
ခင်မမမျိုး
(၂၉၊ ၁၂၊ ၂၀၁၂)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment