အခန်း (၂)
စိတ်အားထက်သန်မှုဆိုင်ရာ
အတွေးအခေါ်များ
စိတ်အားထက်သန်မှု
(Motivation) ဆိုရာဝယ်
စိတ်အားထက်သန်မှုဆိုတဲ့
စကားလုံးကို အသုံးပြုလေ့ရှိကြပါတယ်။ ကျွန်ုပ်တို့ ဘယ်လိုတွေးခေါ်တယ်၊ ပြုမူဆောင်ရွက်တယ်ဆိုတဲ့
မေးခွန်းများစွာကို ဖြေကြားရာမှာ ဒီစကားလုံးကို အများသုံးစကားလုံးအနေနဲ့
အသုံးပြုတတ်ကြပါတယ်။ စိတ်အားထက်သန်မှုဆိုတာ အောင်မြင်မှုရယူရန်
စိတ်ပိုင်းဖြတ်နိုင်တဲ့ အရည်အချင်းထက်တောင် ပိုပြီးအရေးပါတဲ့အတွက် ဒီစကားလုံးရဲ့
အဓိပ္ပာယ်ကို သေချာနားလည်ဖို့ အရေးကြီးပါတယ်။ များသောအားဖြင့် ဆရာတွေက
ကျောင်းသားတွေကို အလုပ်တွေကို ဘာကြောင့် လုပ်သလဲဆိုပြီး
မေးခွန်းမေးတတ်လေ့ရှိပါတယ်။ အလားတူပါပဲ။ စိတ်အားထက်သန်မှုကလဲ ပြုမူ
ဆောင်ရွက်မှုတွေ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ ဆိုတာကို မေးခွန်းထုတ်ထားပါတယ်။
စိတ်အားထက်သန်မှုဆိုတဲ့
စကားလုံးဟာ motive ဆိုတာကနေ ပေါ်ထွက်လာတာဖြစ်ပြီး၊ အဓိပ္ပာယ်ကတော့ လက်တင်စကားလုံး
movere (to move) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်အားထက်သန်မှုဆိုတာ
လူတယောက်ရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေသော ရွေ့လျားမှု အားလုံးကို
ပေါင်းစပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ပညာရေးလောကမှာတော့ စိတ်အားထက်သန် စေမှုဆိုတာ
ကျောင်းသားကို တစုံတရာ လုပ်ဆောင်ရန်အတွက် motive ပေါ်ထွက်လာအောင်
ကူညီထောက်မပေးခြင်းလို့ ဆိုနိုင်ပါတယ်။
ဒီစာအုပ်မှာတော့
စိတ်အားထက်သန်မှုဆိုတာကို သင်ယူရန် စိတ်ဆန္ဒရှိမှုနဲ့ စိန်ခေါ်မှုများ၊ အခက်အခဲများ၊
နောက်ကွယ်မှ တုန့်ဆွဲမှုများကို ခံနိုင်ရည်ရှိသော စွမ်းရည်အဖြစ် တွေးတော
ဖော်ပြသွားမှာ ဖြစ်သွားပါတယ်။ ယနေ့ခေတ်မှာ စိတ်အားထက်သန်မှုဆိုတာကို တက်ကြွမှု၊
ယုံကြည်မှုနဲ့ ခံနိုင်ရည်ရှိမှုများ ပေါင်းစပ်ထားတဲ့ စိတ်ခံစားမှုဆိုင်ရာ
ဥာဏ်ရည်ဥာဏ်သွေးရဲ့ အဓိကကဏ္ဍတခုအနေနဲ့ ရှုမြင်လာကြပါတယ်။
စိတ်အားထက်သန်မှုနဲ့
ပတ်သက်ပြီး အတိတ်က သင်ယူလေ့လာခဲ့မှုတွေ၊ လက်ရှိလှုပ်ရှားမှုတွေတင် သာမက
အနာဂတ်ရည်မှန်းချက်တွေကိုပါ ရည်ညွှန်းပြီး ရှင်းပြလို့ရပါတယ်။ စိတ်အားထက်သန်မှုရဲ့
သဘောသဘာဝနဲ့ ပတ်သက်ပြီးဖြစ်စေ၊ ဆန်းစစ်လေ့လာရန် အကောင်းဆုံးနည်းလမ်းနဲ့ ပတ်သက်ပြီး
ဖြစ်စေ၊ ဘုံသဘောတူညီချက်တွေ မရှိသေးပါဘူး။ လူတွေအားလုံး လက်ခံနိုင်စေမယ့်
သီအိုရီတွေလဲ မရှိသေးပါဘူး။ ဒီစာအုပ်မှာတော့ စိတ်အားထက်သန်မှုနဲ့ ပတ်သက်ပြီး
စဉ်းစားချက်တွေမှာ ထောက်ကူပြုနိုင်မယ့် ပုံသဏ္ဍာန်တခုကို ဖော်ပြသွားမှာ
ဖြစ်သွားပါတယ်။ ဒီပုံသဏ္ဍာန်ကို လေ့လာခြင်းအားဖြင့် စိတ်အားထက်သန်မှုအကြောင်းကို
ပိုမိုနားလည်လာစေပြီး၊ စာသင်ခန်းထဲက လုပ်ဆောင်ချက်တွေကို ဆန်းစစ်တာတွေ၊
အရည်အသွေးမြှင့်တင်တာတွေ လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
စိတ်အားထက်သန်မှုဆိုင်ရာ
လုပ်ငန်းတာဝန်များ
စိတ်အားထက်သန်မှုနဲ့
ပတ်သက်ရင် ကျောင်းအများစုက one-dimensional model ကိုပဲ အသုံးပြုလေ့ရှိကြပါတယ်။ ဒီ
model က စိတ်အားထက်သန်မှု ပမာဏကိုပဲ ထည့်သွင်းစဉ်းစား ထားပါတယ်။ ကျောင်းသားတွေဟာ
ပညာသင်ယူရန် စိတ်အားထက်သန်မှုရှိမရှိဆိုတာ တခုတည်းကိုပဲ စဉ်းစားလေ့ရှိကြပါတယ်။
တကယ်တော့ စိတ်အားထက်သန်မှုဆိုတာကို ကဏ္ဍအမျိုးအစားတွေပေါ်မှာ မူတည်ပြီး မရှုမြင်ပဲ
ဒိုင်းမင်းရဂှင်းတွေအနေနဲ့ စဉ်းစားတာက ပိုပြီးအကျိုးရှိနိုင်ပါတယ်။
စိတ်အားထက်သန်မှုမှု
လုပ်ငန်းတာဝန်နှစ်ရပ်ရှိပါတယ်။ ပထမလုပ်ငန်းတာဝန်က direction ဖြစ်ပါတယ်။
ရွေးချယ်စရာအရာတွေ အများအပြားရှိတဲ့အနက် ရည်ရွယ်ထားတဲ့ လှုပ်ရှားမှုကိုပဲ
အာရုံစိုက်မှုကို ဆိုလိုတာပါ။ ဒုတိယလုပ်ငန်းတာဝန်ကတော့ intensity ဖြစ်ပါတယ်။
ကျောင်းသားတယောက်ရဲ့ စိတ်အားထက်သန်မှုကို ဒီလုပ်ငန်းတာဝန်နှစ်ရပ်နဲ့
ချိန်ထိုးကြည့်လို့ ရနိုင်ပါတယ်။ ဆရာတွေက တချို့ကျောင်းသားတွေဟာ ပညာသင်ယူရန်
စိတ်အားထက်သန်ခြင်းမရှိဘူးလို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ စိတ်အားထက်သန်မှုမရှိတဲ့
ကျောင်းသားဆိုတာ မရှိနိုင်ပါဘူး။ လူငယ်တိုင်းမှာ စိတ်အားထက်သန်တဲ့
စိတ်နေစိတ်ထားရှိပါတယ်။ ဒါပေမယ့် တချို့ကတော့ ပညာရေးကို တခြား လူတွေထက်ပိုပြီး
အာရုံစိုက်လေ့ရှိကြပါတယ်။
စိတ်အားထက်သန်မှုဆိုင်ရာ သီအိုရီများ
စိတ်အားထက်သန်မှုဆိုင်ရာ
သီအိုရီတွေကို လူ့သဘာဝနဲ့ ပတ်သက်တဲ့ ကွဲပြားခြားနားသော ယူဆချက်တွေ အပေါ်မှာ
မူတည်ပြီး ကဏ္ဍနှစ်မျိုး ခွဲခြားသတ်မှတ်ထားကြပါတယ်။ အပြုအမူဆိုင်ရာ သီအိုရီတွေက
ကျွန်ုပ်တို့ရဲ့ လှုပ်ရှားမှုတွေဟာ အလိုအလျောက် လှုပ်ရှားမှုတွေဖြစ်ပြီး
stimulus-response mechanism က ထန်းချုပ်ထားတယ်လို့ ယူဆပါတယ်။
စိတ်အားထက်သန်မှုအားလုံးမှာ အခြေခံတါန်းအားနဲ့ စိတ်ခံစားမှုတွေ ရှိနိုင်တယ်လို့
ယုံကြည်ထားကြပါတယ်။ အပြုအမူဆိုင်ရာ သီအိုရီတွေက ရိုးရှင်းပြီး အလွယ်တကူ
အသုံးပြုလို့ရတာကြောင့် ရေပန်းစားပါတယ်။
“Carrot and Stick” ဆိုတဲ့ သီအိုရီရဲ့
သဘောတရားတွေကြောင့် စိတ်အားထက်သန်မှုဟာ ဆုပေးဒဏ်ပေးခြင်းလို့ ယုံကြည်ယူဆချက်တွေ
ရှိကြပါတယ်။ ဒီသီအိုရီအရ လူတယောက်ကို စိတ်အားထက်သန်စေဖို့အတွက် ဆုတံဆိပ်
(သို့မဟုတ်) ပြစ်ဒဏ်နဲ့ ခြိမ်းခြောက်မှု (သို့မဟုတ်) နှစ်မျိုးစလုံးပါဝင်တဲ့
လှုံဆောင်အားကို အသုံးချဖို့ လိုအပ်ကြောင်း လူအများက လက်ခံထားကြပါတယ်။
လွန်ခဲ့တဲ့
နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလတွေမှာတော့ စိတ်အားထက်သန်မှုဆိုတာကို အဓိပ္ပာယ်
ဖွင့်ဆိုချက်တွေ၊ အခြေခံသဘောတရားဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့
ပြောင်းလဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အထင်ရှားဆုံးပြောင်းလဲမှုကတော့
ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို ဦးစားပေးရာကနေ အတွင်းစွဲဖြစ်စဉ်များကို
အာရုံစိုက်မှု တိုးမြင့်သွားတာပဲ ဖြစ်ပါတယ်။
မိမိဘာသာယုံကြည်မှုတွေဟာ
လုတွေကို ငယ်စဉ်ဘ၀က အစပြုပြီး စိတ်အားထက်သန်မှုရှိလာစေရေး အတွက် အရေးပါတဲ့ ကဏ္ဍကို
ရောက်လာပါတယ်။ လက်ရှိစတ်အားထက်သန်မှုဆိုင်ရာ သီအိုရီတွေဟာ အတ္တကို ဗဟိုပြုပြီး
ကိုယ်တိုင်စိတ်ပိုင်းဖြတ်မှုဆိုင်ရာ ရှုထောင့်တွေကို အသိအမှတ်ပြုမှု
ပိုမိုမြင့်မားလာပါတယ်။ လူ့စိတ်ရဲ့ အကြီးမားဆုံးထုတ်ကုန်ဟာ အတ္တနဲ့
ကိုယ်ပိုင်ပြဌာန်းချက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အတ္တနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့
လေ့လာချက်တွေဟာ အစပျိုးနေဆဲကာလ ဖြစ်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး
ရှုပ်ထွေးမှုတွေအားလုံးကို ခြုံငုံမိစေရေးကတော့ ကြီးမားတဲ့ စိန်ခေါ်ချက်ပဲ
ဖြစ်ပါတယ်။ လူတွေကို ပြင်ပလှုံ့ဆော်အားအပေါ် တုန့်ပြန်နေသူတွေ၊ လွမ်းမိုးခံနေ
ရသူတွေအနေနဲ့ ရှုမြင်လို့ မရတော့ပါဘူး။
လူတွေကိုရှုမြင်တဲ့အခါ
ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ ယုံကြည်ချက်တွေ၊ မိမိတို့ရဲ့ တန်ဖိုးကို
ဆန်းစစ်သတ်မှတ်ချက်တွေနဲ့ စိတ်အားထက်သန်မှုတွေ ရှိနေသူတွေအဖြစ် ရှုမြင်ရမှာ
ဖြစ်ပါတယ်။ စိတ်အားထက်သန်မှုရဲ့ အဓိကအရင်းအမြစ်ဟာ လူတယောက်ရဲ့ အတွင်းစိတ်ထဲမှာပဲ
ရှိနေတယ်လို့ ရှုမြင်ရပါမယ်။ ဘ၀တလျှောက်လုံးမှာ အတ္တနဲ့ ပတ်သက်ရင် လူတွေအားလုံးဟာ
sensitive အရမ်းဖြစ်ပါတယ်။ လေ့လာသင်ယူခြင်းနဲ့ တိုးတက်ခြင်းဟာ
စနစ်တကျပြုစုပျိုးထောင်ပေးရမယ့် လူ့သဘာဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
စိတ်အားထက်သန်မှုဆိုတာ အတွင်းစိတ်ကလာပြီး၊ ပြင်ပအခြေအနေတွေက ကြီးမားစွာ
လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။ စိတ်အားထက်သန်မှုဆိုတာ လူတဦးချင်းစီရဲ့ သူ့ရဲ့
ပတ်ဝန်းကျင်အကြား ဆက်နွယ်မှုကနေ အဆုံးအဖြတ်ပေးတဲ့ အရာတခုပဲ ဖြစ်ပါတယ်။
အတ္တဆိုတာမှာ
self-enhancement ဆိုတဲ့ အရေးကြီးလုပ်ငန်းတာဝန်တရပ်ရှိပါတယ်။ မိမိကိုယ်ကို
အရည်အချင်းရှိသူတယောက်၊ အများနဲ့ ဆက်ဆံနိုင်သူတယောက်၊ လူအများက ချစ်ခင်လေးစားခံရသူ
တယောက်အဖြစ် ခံစားရနိုင်စေတဲ့ လူတယောက်ရဲ့ လိုအပ်ချက်ကို မောင်းနှင်ပေးတဲ့
လူမှုအပြုအမူဆိုင်ရာ အခြေခံဥပဒေသဟာ self-enhancement ပဲ ဖြစ်ပါတယ်။ ဒီလို
self-enhancement ရှိလာစေဖို့အတွက် လူတယောက်ဟာ ကိုယ့်ဘ၀အတွက် အောင်မြင်မှု
အခွင့်အလမ်းတွေ ကြီးမားစေတဲ့ ကဏ္ဍတွေကို ရှာဖွေရွေးချယ်တာတွေ၊ ဆုံးရှုံးမှုတွေ
ဖြစ်ပွားစေနိုင်တဲ့ ကဏ္ဍတွေရဲ့ အရေးပါမှုတွေကို လျှော့ချပြီး၊ ဖယ်ရှားတာတွေ၊
မိမိကိုယ်ကို အကောင်းဆုံးပြဌာန်းနိုင်မယ့် အခြေအနေတွေကို ရှာဖွေသတ်မှတ်တာတွေ၊
အရှုံးထဲက အမြတ်ရအောင် ယူဆောင်တာတွေနဲ့ ဆုံးရှုံးမှုမှန်သမျှကို
သင်ခန်းစာယူစရာအဖြစ် သတ်မှတ်တာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
စိတ်အားထက်သန်မှုနဲ့ ပတ်သက်ပြီး စဉ်းစားလေ့လာချက်တွေဟာ တစတစနဲ့ operant learning
ကနေ cognitive approach ကို ပြောင်းလဲနေပြီ ဆိုတာကတော့ အသေအချာပါပဲ။ ဒီစာအုပ်မှာ
ဖော်ပြမယ့် စိတ်အားထက်သန်မှုဆိုင်ရာ ပုံစံတွေထဲမှာ ကျောင်းသားတွေကို
သတင်းအချက်အလက်များ တက်ကြွစွာ ရှာဖွေတတ်သူတွေ၊ ရယူသုံးစွဲသူတွေအဖြစ် သတ်မှတ်
ထားပါတယ်။ ဆရာတွေက ခွံ့ကျွေးပေးရတဲ့ လက်ခံသူတွေအဖြစ် မသတ်မှတ်ထားပါဘူး။
ကျောင်းသားတွေရဲ့ ယုံကြည်ချက်တွေ၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေနဲ့
တန်ဖိုးထားမှုတွေဟာ သူတို့ရဲ့ ပြုမူဆောင်ရွက်မှုတွေရဲ့ အဓိက
လွှမ်းမိုးသက်ရောက်မှုတေအဖြစ် ရှုမြင်သုံးသပ်ထားပါတယ်။
သီအိုရီမှသည် အသုံးချမှုဆီသို့
ပညာရေးဆိုင်ရာတေါးခေါ်မှုတွေမှာ
development from within နဲ့ formation from without ဆိုတဲ့ အမြင်နှစ်ရပ်က ပဋိပက္ခဖြစ်နေခဲ့တာ
အတော်ကြာပါပြီ။ ဆရာတွေက ကျောင်းသားတွေကို စိတ်အားထက်သန်လာအောင်
မလုပ်ဆောင်နိုင်ပါဘူး။ ဒါပေမယ့် စိတ်အားထက်သန်တဲ့ လေ့လာသင်ယူ သူတွေ
ပေါ်ထွက်လာစေမယ့် အခြေအနေတွေကိုတော့ ဖန်တီးယူလို့ရပါတယ်။
ကျောင်းသားတွေကို
ကောင်းမွန်စွာ ပြုမူဆောင်ရွက်လာအောင် အင်အားသုံးတိုက်တွန်းလို့ ရနိုင်ပါတယ်။
ဒါပေမယ့် လေ့လာသင်ယူလိုစိတ်ဖြစ်လာအောင် အင်အားသုံးတွန်းအားပေးလို့ မရနိုင်ပါဘူး။
အတော်ဆုံးဆရာတွေဟာ ကျောင်းသားတွေရဲ့ ပညာသင်ာကားရေးမှာ စိတ်ဝင်စားမှု တိုးတက်
လာစေမယ့် အခွင့်အရေးတွေကို တိုးမြှင့်ပေးနိုင်ပြီး၊ အတားအဆီးဖြစ်စေမယ့် အရာတွေကို
ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
ဆရာရဲ့
တာဝန်က ကျောင်းသားတွေကို အောင်မြင်ဖို့အတွက် စိတ်အားထက်သန်လာအောင် လုပ်ဆောင်ဖို့
မဟုတ်ပါဘူး။ အောင်မြင်နိုင်မယ့် အခွင့်အလမ်းတွေကို ထောက်ကူဖော်ပြပေးဖို့
ဖြစ်ပါတယ်။ ကျောင်းသားတွေ သူတို့ဘာသာသူတို့ စိတ်အားထက်သန်လာစေဖို့အတွက် သူတို့ရဲ့
စွမ်းရည်တွေကို ယုံကြည်ချက်အပေါ် အထောက်အကူဖြစ်စေတဲ့ အခြေအနေတွေ ချမှတ်ဖန်တီးပေး
တာတွေ၊ သင်ယူလေ့လာမှုဆိုင်ရာ ချဉ်းကပ်မှုတွေ၊ တိုးတက်မှုကို သူတို့ဘာသာ လက်ခံသိရှိ
လာစေတာတွေ၊ အရည်အချင်းတွေကို ခံစားမိလာစေတာတွေ အပေါ်မှာ ဆရာက လွှမ်းမိုးနိုင်စွမ်း
ရှိပါတယ်။
သူတို့ရဲ့
စွမ်းရည်အပေါ် ကျောင်းသားတွေက အမြင်တွေက လုပ်ဆောင်မှုပေါ်မူတည်ပြီး
ကွဲပြားခြားနားပါတယ်။ ဒါကြောင့် စိတ်အားထက်သန်မှုကလဲ ကွဲပြားနိုင်ပါတယ်။
ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုကို သိရှိနိုင်ဖို့ စွမ်းရည်၊ ရည်မှန်းချက်နဲ့
မိမိကုယ်ကို ယုံကြည်မှုအပေါ် ကျောင်းသားတွေရဲ့ အမြင်တွေကို ထည့်သွင်းစဉ်းစားဖို့
လိုအပ်ပါတယ်။ ဒီအချက်တွေက တည်ငြိမ်နေမှ ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုကလဲ
ခိုင်မာနေမှာ ဖြစ်ပါတယ်။
စိတ်အားထက်သန်မှုနဲ့
ပတ်သက်တဲ့ လက်ရှိလေ့လာမှုပုံစံတွေက cognitive processes တွေကို
အာရုံစိုက်ထားပါတယ်။ ဒီပုံစံတွေအရ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုဟာ ကျောင်းသားတွေရဲ့
အခြေခံရည်မှန်းချက်အဖြစ် ယူဆထားပါတယ်။ ဒါပေမယ့် ကျောင်းသားတွေရဲ့ လူမှုကမ္ဘာကိုလဲ
ထည့်သွင်းစဉ်းစားသင့်ပါသေးတယ်။ လူမှုရေးရည်မှန်းချက်တွေဟာ
ပညာရေးအောင်မြင်မှွုေအတွက် အရေးပါတဲ့ အချက်တွေဖြစ်ပြီး၊ လူမှုရေးရာ တုန့်ပြန်မှု
အပြုအမူ (socially responsive behaviour) ကို မြှင့်တင်ပေးခြင်းဖြင့်
ပညာရေးစွမ်းဆောင်ရည်ကိုလဲ ကောင်းမွန်လာစေနိုင်ပါတယ်။ စာသင်ခန်းရဲ့ လူမှုဥတု
(social climate) ဟာ ပညာရေးနဲ့ လူမှုရေးရာ အပြုအမူတွေအတွက် အင်အားကောင်းတဲ့
စိတ်အားထက်သန်မှု လှုံ့ဆော်ရေး ကိရိယာပဲ ဖြစ်ပါတယ်။
အတွင်းလှုံ့ဆော်စိတ်အားထက်သန်မှုနှင့်
ပြင်ပလှုံ့ဆော်စိတ်
အားထက်သန်မှု
အားထက်သန်မှု
လူတွေဟာ
သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား၊ ပျော်ရွှင်မှုတွေအတွက် တစုံတရာကို
ပြုလုပ်နေတာတွေ၊ ဒီလိုပြုလုပ်နေချိန်မှာလဲ ပြုလုပ်ပြီးချိန်ထက်ပိုပြီး တစုံတရာ
ကျေနပ်ရောင့်ရဲမှုကို ခံစားနေရတာတွေ ရှိနေမယ်ဆိုရင် ဒါကို အတွင်းလှုံ့ဆော်
စိတ်အားထက်သန်မှု ရှိနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။
ပါဝင်လုပ်ဆောင်ရွက်ခွင့်ရနေခြင်းကိုက ဆုတံဆိပ်လို့ သတ်မှတ်ထားတဲ့အတွက်
ပြင်ပတွန်းအား၊ ဆွဲအားတွေအပေါ်မှာ မှီခိုထားခြင်း မရှိပါဘူး။ ကျောင်းသားတွေဟာ
ဗဟုသုတတွေကို လိုချင်နေပြီး၊ ဒီလို ရယူနိုင်ဖို့အတွက်
ကိုယ်ပိုင်စိတ်ပိုင်းဖြတ်မှုတွေ၊ လှုံ့ဆော်ချက်တွေ၊ ပါဝင်ဆောင်ရွက်မှုတွေ
ရှိနေပြီဆိုရင် ဒီကျောင်းသားတွေမှာ အတွင်းလှုံ့ဆော် စိတ်အားထက်သန်မှု ရှိနေပြီလို့
ဆိုနိုင်ပါတယ်။ ကျောင်းသားတွေရဲ့ စူးစမ်းလေ့လာလိုစိတ်တွေ၊ အမှီအခိုကင်းမှုတွေ၊
ပျော်ရွှင်နှစ်ခြိုက်မှုတွေကို အားပေးခြင်းအားဖြင့်
အတွင်းလှုံ့ဆော်စိတ်အားထက်သန်မှုကို ပျိုးထောင်ပေးနိုင်ပါတယ်။
ပြင်ပလှုံ့ဆော်
စိတ်အားထက်သန်မှု ဆိုတာကတော့ လိုလားချက်တစုံတရာ ဖြစ်ပွားလာစေရန် (သို့မဟုတ်)
မလိုလားတဲ့ တစုံတရာကို ရပ်တန့်စေရန် ပြုမူဆောင်ရွက်လိုသော လိုအင်ဆန္ဒဖြစ်ပါတယ်။
ဒီလိုအင်ဆန္ဒကို ဆုတံဆိပ်နဲ့ လှုံ့ဆော်ပေးလို့ ရနိုင်ပါတယ်။ မလိုလားအပ်တဲ့
နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားခြင်းနည်းနဲ့လဲ ဒီလိုအင်ဆန္ဒကို
လှုံ့ဆော်ပေးနိုင်ပါတယ်။ ပြင်ပလှုံ့ဆော် စိတ်အားထက်သန်မှုဟာ
အဆုံးသတ်ပန်းတိုင်အတွက် ကျင့်သုံးရမယ့် စိတ်အားထက်သန်မှု အမျိုးအစား
တမျိုးဖြစ်ပါတယ်။ ဒီအမျိုးအစားနှစ်မျိုးကို dichotomy အနေနဲ့ စဉ်းစားခြင်းထက်
သီးခြားအနေနဲ့ စဉ်းစားသင့်ပါတယ်။ လှုပ်ရှားဆောင်ရွက်ချက်တခုမှာ
ကျောင်းသားတယောက်အနေနဲ့ ပြင်ပလှုံ့ဆော် စိတ်အားထက်သန်မှုရော၊
အတွင်းစွဲစိတ်အားထက်သန်မှုပါ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် စန္ဒယားတီး တာကို
လေ့လာသင်ယူဖို့အတွက် ငယ်ရွယ်တဲ့ ကလေးတယောက်မှာ အလွန်သေးငယ်တဲ့
အတွင်းလှုံ့ဆော်စိတ်အားထက်သန်မှုပဲ ရှိပါလိမ့်မယ်။ ဒီအခါမှာ မိဘတွေက
ပြင်ပလှုံ့ဆော် စိတ်အားထက်သန်မှု ရှိလာအောင် လှုံ့ဆော်ပေးရပါတယ်။
ဒီလိုနဲ့
တစထက်တစ ကလေးငယ်လေး ကြီးပြင်းလာချိန်မှာတော့ အတွင်းလှုံ့ဆော်စိတ်အားထက်သန်မှု
တိုးတက်လာပြီး၊ ပြင်ပလှုံ့ဆော် စိတ်အားထက်သန်မှုက လျော့ကျသွားမှာ ဖြစ်ပါတယ်။
ဒီလိုရှုထောင့်တွေဟာ လှုပ်ရှားဆောင်ရွက်မှုတွေ အပေါ်မှာ မူတည်ပြီး ကျောင်းသားတွေရဲ့
ပုံဖော်မှု သွင်ပြင်လက္ခဏာနဲ့ ဆက်စပ်နေပါတယ်။ ကျောင်းသားတွေရဲ့
စိတ်အားထက်သန်မှုတွေဟာ လှုပ်ရှားဆောင်ရွက်မှုတွေအလျောက် ပြောင်းလဲမှုတွေ ရှိပါတယ်။
အတွင်းလှုံ့ဆော် စိတ်အား ထက်သန်မှုအဆင့် ရုတ်ခြည်းပြောင်းလဲမှုတွေဟာ ဖြစ်လေ့ဖြစ်ထ
ရှိစမြဲပါပဲ။ စိတ်အားထက်သန်သော ကျောင်းရဲ့ အောင်မြင်မှုအတွက် ကျောင်းသားတွေဟာ
အတွင်းလှုံ့ဆော်စိတ်အားထက်သန်မှုနဲ့ ပြင်ပလှုံ့ဆော်စိတ်အားထက်သန်မှု ဖြစ်စေမယ့်
အရင်းအမြစ်တွေကို ရရှိသလားဆိုတာပေါ်မှာ မူတည်ပါတယ်။ လုပ်ဆောင်နေတဲ့ အလုပ်အပေါ်မှာ
ကျေနပ်မှုဟာ ပျော်ရွှင်မှုကိုတင် ဆောင်ကျဉ်းပေးတာ မဟုတ်ပါဘူး။ လေ့လာသင်ယူရေးနဲ့
အောင်မြင်မှုအတွက်ပါ အထောက်အကူပြု နိုင်ပါတယ်။ အပြန်အလှန်အားဖြင့်
သင်ယူလေ့လာခြင်းဟာ အတွင်းလှုံ့ဆော်စိတ်အားထက်သန်မှုကို အားကောင်းစေနိုင်ပါတယ်။
ကိုယ်တိုင်စိတ်ပိုင်းဖြတ်မှု
(self-determination)
ကိုယ်တိုင်စိတ်ပိုင်းဖြတ်မှုဟာ
လှုပ်ရှားမှုတွေ၊ အတွေးအခေါ်တွေနဲ့ ခံစားချက်တွေကို ထိန်းချုပ်မှုတွေနဲ့
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ပါတယ်။ ကိုယ်တိုင်စိတ်ပိုင်းဖြတ်မှုနဲ့
လိုအပ်ချက်သဘောသဘာဝ ကတော့ လှုပ်ရှားမှုတခုကနေ အခြားလှုပ်ရှားမှုတခုကို
အစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အပြုအမူတရပ်ကို ရပ်စဲခြင်း၊
စတင်ခြင်းနဲ့ ပြောင်းလဲခြင်းတွေ ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေဟာ
အလိုအလျောက်ဖြစ်နေတယ်လို့ ခံစားလာတဲ့ ဒီဂရီကို ညွှန်ပြနေပါတယ်။ အလိုအလျောက်
ပြုမူဆောင်ရွက်ချက်တွေဟာ လူရဲ့အတွင်းစိတ်က ပေါ်ထွက်လာတာဖြစ်ပြီး၊ ပြင်ပဖိအားကနေ
ပေးထွက်လာတဲ့ ထိန်းချုပ်ထားသော ပြုပြုဆောင်ရွက်ချက်နဲ့ မတူညီပါဘူး။ ကောင်းမွန်စွာ
ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ လူတယောက်ဖြစ်လာဖို့အတွက် အင်အားအကြီးဆုံးအချက်ဟာ
ကိုယ်တိုင် စိတ်ပိုင်းဖြတ်နိုင်မှုပဲ ဖြစ်ပါတယ်။
ကိုယ်တိုင်စိတ်ပိုင်းဖြတ်နိုင်မှုရဲ့
သွင်ပြင်လက္ခဏာတွေကတော့ တိကျသောရည်မှန်းချက်ပန်းတိုင်ရှိမှု၊ ရည်မှန်းချက်အတိုင်း
အဆင့်မှီဖို့အတွက် မိမိကုယ်ကို ဆန်းစစ်မှုနဲ့ ရည်မှန်းချက်ပြည့်မှီဖို့အတွက်
ကိုယ်တိုင်တုန့်ပြန်ပြောင်းလဲနိုင်မှုတွေ ဖြစ်ပါတယ်။ ကျောင်းသားတယောက်ဟာ
ရည်မှန်းချက် ပန်းတိုင်ကို သေချာမသိတဲ့အခါ ကိုယ်တိုင်စိတ်ပိုင်းဖြတ်နိုင်မှု
ကျရှုံးခြင်း ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် ဆရာက ဒါကို ဖော်ထုတ်မပေးနိုင်တဲ့
အချိန်တွေနဲ့ ကျောင်းနဲ့ အိမ်အကြားက အဆင့်အတန်းသတ်မှတ်ချက်တွေ
ပဋိပက္ခဖြစ်နေချိန်တွေမှာ ဖြစ်ပါတယ်။ ကျောင်းသားတယောက်ဟာ သူ့အခြေအနေကို
သူကိုယ်တိုင်ဆန်းစစ်မှု မလုပ်နိုင်ရင်လဲ ကိုယ်တိုင်စိတ်ပိုင်းဖြတ်နိုင်မှုဆိုင်ရာ
ပြဿနာတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဥပမာ- ပြက်ရယ်ပြုမယ်ရှားခံရချိန်တွေမှာ
ကျောင်းသားရဲ့ ကိုယ်ပိုင်ခံစားမှု ပျောက်ဆုံးသွားတတ်ပါတယ်။ နားထောင်မှုစွမ်းရည်နဲ့
အာရုံစိုက်မှုလျော့နည်းခြင်း ဆိုင်ရာ အခက်အခံတွေကြောင့်လဲ ကျောင်းသားရဲ့
ကိုယ်တိုင်ဆုံးဖြတ်ချက်မှာ အနှောင့်အယှက်တွေ ဖြစ်လာစေတတ်ပါတယ်။
ပြင်ပထိန်းကွပ်မှုမှသည်
ကိုယ်တိုင်စိတ်ပိုင်းဖြတ်နိုင်မှုဆီသို့ ရွေ့လျားခြင်း
ပြင်ပလှုံ့ဆော်စိတ်အားထက်သန်မှု
အမျိုးအစားတွေကို ပြုမူဆောင်ရွက်မှုတွေကို ထိန်းကွပ်တဲ့
ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်မှာ မူတည်ပြီး ခွဲခြားနိုင်ပါတယ်။
ပြုမူဆောင်ရွက်မှုဆိုင်ရာ တန်ဖိုးကို အတွင်းစွဲလုပ်လာတဲ့ ဒီဂရီတွေကို
အောက်မှာဖော်ပြထားတဲ့ regulation continuum မှာ အဆင့်ဆင့် ဖော်ပြထားပါတယ်။
ကနဦးအစမှာ
ဆရာတွေပြောတဲ့အတိုင်း ကျောင်းသားတွေက လိုက်နာအောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ ပြင်ပထိန်းကွပ်မှု (external regulation) နဲ့ စတင်ပါတယ်။
ပြင်ပထိန်းကွပ်မှုဆိုရာမှာ စည်းမျဉ်းတွေကို ချိုးဖောက်ရင် ပြစ်ဒဏ်ပေးမှုတွေကို
ဆရာတွေက အသုံးပြုခြင်း ပါဝင်ပါတယ်။ လိုက်နာရန် တွန်းအားပေးမှုတွေအပြင်
ကျောင်းသားတွေကို ဒီစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး အတွင်းစွဲဖြစ်သွားအောင်
တိုက်တွန်းအားပေးမှုတွေလဲ ပါဝင်ပါတယ်။
နောက်အဆင့်ကတော့
introjected regulation ဖြစ်ပါတယ်။ ဒီအဆင့်မှာ စည်းမျဉ်းတွေကို ကျင့်သုံးမှု
ရှိလာပါပြီ။ ဒါပေမယ့် ကိုယ်ပိုင်ခံစားမှုအနေနဲ့တော့ မဟုတ်သေးပါဘူး။ ကျောင်းသားတွေက
သူတို့ရဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့
လုပ်သင့်တယ်လို့ ထင်မှတ်လာပြီး၊ မလုပ်ရင် အပြစ်ရှိတယ်လို့ ယူဆလာတာဖြစ်ပါတယ်။
ဒီအဆင့်မှာ မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ပေါ်ထွက်လာပါတယ်။ စာမေးပွဲအတွက်
စာကျက်တာ၊ အိမ်စာလုပ်တာ၊ မကျန်းမာတဲ့ ဆွေမျိုးသားချင်းနဲ့ သက်ကြီးမိသားစုဝင်တွေဆီ
အလည်အပတ်သွားတာတွေ ဖြစ်ပါတယ်။
နောက်အဆင့်ကတော့
identified regulation ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ လုပ်ဆောင်မှုတွေက
ပေါင်းစပ်ပါဝင်လာပါတယ်။ ကျောင်းသားတွေက အိမ်စာလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို
တန်ဖိုး ထားလာတဲ့အတွက် အိမ်စာလုပ်ခြင်း ဖြစ်လာပါတယ်။ မိဘတွေက တွန်းအားပေးမှ
အိမ်စာလုပ်တဲ့ ကျောင်းသားတွေကတော့ introjected regulation အဆင့်မှာပဲ
ကျန်ရစ်ခဲ့ပါတယ်။ identified regulation အဆင့်မှာ ကျောင်းသားတွေဟာ လေ့ကျင့်ခန်း
(သို့မဟုတ်) စည်းမျဉ်းတွေရဲ့ အကျိုး ကျေးဇူးတွေကို သိမြင်လာကြပါတယ်။ instrumental
ဖြစ်နေသေးပေမယ့် ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ ကနဦးအစလို့ ဆိုနိုင်ပါတယ်။ ကျောင်းသားဟာ
သူ့ဘာသာသူ တန်ဖိုးထားမှုတွေ၊ ကြောင်းကျိုးဆင်ခြင်မှုတွေ ပြုလုပ်လာကြပါတယ်။
ဒါပေမယ့်လဲ ဒီလိုဖြစ်လာစေတဲ့ ပြုမူ ဆောင်ရွက်ချက်တွေဟာ instrumental ဖြစ်တဲ့အတွက်
အတွင်းလှုံ့ဆော်စိတ်အားထက်သန်မှု အဆင့်လို့ သတ်မှတ်လို့ မရနိုင်သေးပါဘူး။
စာသင်ကြားခြင်းရဲ့
ရည်မှန်းချက်ဟာ ကျောင်းသားတွေကို ကိုယ်တိုင်စိတ်ပိုင်းဖြတ်မှု အဆင့် ရောက်အောင်
ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထောက်ခံအားပေးခြင်း၊ အခက်အခဲများ ဖြေရှင်းနိုင်သော
အခွင့်အလမ်းများ ပေးအပ်ခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ပါဝင်လာအောင်
ဖိတ်ခေါ်ခြင်း စတာတွေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။
အဆုံးစွန်
ရည်မှန်းချက်ကတော့ ကျောင်းသားတွေကို ဆရာတွေ ချမှတ်ပေးတဲ့ တန်ဖိုးတွေ၊
စည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်စေခြင်း မဟုတ်ပဲ ဘယ်လိုတန်ဖိုးတွေ၊
စည်းမျဉ်းတွေကို သင်ယူရေးအတွက် အသုံးပြုမယ်ဆိုတာကို သူတို့ဘာသာ
ရွေးချယ်ဆုံးဖြတ်နိုင်လာအောင် ကူညီပေးရေးပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်များ
ချမှတ်နိုင်ရေးအတွက် အကောင်းဆုံးပြင်ဆင်နိုင်ခြင်းဟာ ဆုံးဖြတ်ချက်များ
ချမှတ်ခြင်းပဲ ဖြစ်ပါတယ်။
အလွန်အကျွံထိန်းချုပ်မှုလို့
မခံစားရဘူးဆိုရင် ကျောင်းသားတွေက ဆရာတွေရဲ့ တန်ဖိုးထားမှုတွေနဲ့ အညီ လိုက်ပါပြီး
စိတ်အားထက်သန်လေ့ရှိပါတယ်။ ဒါပေမယ့် စောင့်ကြပ်ထိန်းချုပ်ခြင်းနဲ့ အခြေအနေ ပေါ်
မူတည်ပြီး ချီးမွမ်းခြင်းတွေဟာ အတွင်းလှုံဆော်စိတ်အားထက်သန်မှု ဖြစ်စဉ်ကို
ဖျက်ဆီးပစ် နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ
ကိုယ်တိုင်ထိန်းကွပ်နိုင်စွမ်းထက် ပြင်ပထိန်းကွပ်နိုင်စွမ်း ကိုသာ အားပေးလို့ပဲ ဖြစ်ပါတယ်။
မိသားစုရေးရာ
ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ ပါဝင်ခွင့်ပေးအပ်ခြင်း ခံရပြီး၊ အမှီအခိုကင်းမှုကို
အတိုင်းအတာတခုအထိ ခွင့်ပြုခြင်းခံရတဲ့ ကျောင်းသားတွေဟာ အခြားကျောင်းသားတွေထက်
ကျောင်းသင်ခန်းစာတွေကို စိတ်ဝင်စားမှု ပိုမိုမြင့်မားပြီး ပျော်ရွှင်မှုရှိကြပါတယ်။
အတွင်းလှုံ့ဆော်စိတ်အားထက်သန်မှုဟာ
အလိုအလျောက်ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် အင်အားသုံး ပေါ်ထွက်စေလို့ မရနိုင်ပါဘူး။
ကလေးသူငယ်တွေကို လူကြီးတွေက ဖိအားပေးပြီး ပေါ်ထွက်လာစေတဲ့ ပုံသွင်းမှုတွေဟာ
ပြင်ပထိန်းချုပ်မှုတွေဖြစ်တဲ့အတွက် အတွင်းလှုံ့ဆော် စိတ်အားထက်သန်မှုတွေကို
ပျက်စီးနိုင်စေပါတယ်။ ကလေးတွေကို သူတို့ဖြစ်ချင်တဲ့အတိုင်း အားမပေးပဲ၊
မိဘတွေလိုချင်တဲ့ ပုံစံအတိုင်း ပုံသွင်းတတ်တဲ့ မိဘတွေဟာ ကျောက်တုံးတွေနဲ့
မာကြောတဲ့နေရာတွေမှာ ပိတ်မိနေတဲ့ လူတွေ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့
ကလေးတွေဟာ လမ်းညွှန်မှုတွေ၊ လုံလောက်တဲ့ ပံ့ပိုးမှုတွေ မပေးတဲ့အခါ မလုပ်တတ်၊
မကိုင်တတ်သူတွေ ဖြစ်သွားတတ်တဲ့အတွက်ပါ။
ဒီစာအုပ်မှာ
ဖော်ပြမယ့် စိတ်အားထက်သန်မှုသဏ္ဍာန်တွေမှာ ကိုယ်တိုင်စိတ်ပိုင်းဖြတ်မှုကို
ပုံဖော်ပေးခြင်းနဲ့ ကိုယ်တိုင်စိတ်ပိုင်းဖြတ်မှု အရည်အချင်းတိုးမြင့်လာစေမယ့်
စာသင်ခန်းတွန်းအားများ အတွက် အထောက်အကူဖြစ်စေမယ့် အဓိက စိတ်အားထက်သန်မှုဆိုင်ရာ
စိတ်နေစိတ်ထားတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီပုံစံဟာ စိတ်အားထက်သန်မှုဆိုင်ရာ
cognitive theories တွေ အပေါ်မှာ အခြေခံပြီး၊ စာသင်ခန်းထဲမှာ ပညာသင်ယူမှုဆိုင်ရာ
စိတ်အားထက်သန်မှု တိုးမြင့်လာစေရေးအတွက် အသုံးဝင်တဲ့ အချက်အလက်များကို ဖော်ပြထားတာ
ဖြစ်ပါတယ်။
မူရင်းစာရေးသူ
- Alan McLean
မူရင်းစာအုပ်အမည်
- The Motivated School
ထုတ်ဝေသောနှစ်
- (၂၀၀၃) ခုနှစ်
ဘာသာပြန်သူ - ခင်မမမျိုး (၂၂၊ ၁၂၊ ၂၀၁၂)ယခင်အပိုင်းကို အောက်တွင်ကုတ်ဖတ်ပါ
စိတ်အားထက်သန်သောကျောင်း
(အခန်းဆက်ဘာသာပြန်ဆောင်းပါး)
(အပိုင်း-၁)
အခန်း (၁)
နိဒါန်း
ပြောင်းလဲရန် လိုအပ်နေပြီ
(၁၉၈၀) မတိုင်မီကာလတွေရဲ့
ကျောင်းသားစီမံခန့်ခွဲမှု သဘောတရားကို ရိုက်နှက်ပြစ်ဒဏ်ပေးမှု အတွေးအခေါ်တွေက
ကြီးစိုးထားခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ အခြားနည်းလမ်းဖြစ်တဲ့ စာရွက်စာတမ်းနဲ့
ပြစ်ဒဏ်ပေးမှု (ဥပမာ- ခံဝန်ကတိထိုးခိုင်းခြင်း၊ မိဘလက်မှတ်ထိုးခိုင်းခြင်း
စသည်များ)နဲ့ အစားထိုးလာခဲ့ပေမယ့်လဲ ပြုပြင်ရေးပြစ်ဒဏ်ပေးမှု အတွေးအခေါ်တွေကသာ
ပိုမို လွှမ်းမိုးနေခဲ့ပါတယ်။ ရိုက်နှက်ပြစ်ဒဏ်ပေးမှုတွေကို ကျောင်းတွေမှာ ကန့်သတ်လိုက်ချိန်မှာ
စာသင်ကျောင်းတွေအနေနဲ့ ကောင်းမွန်တဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့ ထိရောက်တဲ့
သင်ယူရေးကို ဘယ်လိုတွန်းအားပေး လုပ်ဆောင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး
ပြန်လှန်စဉ်းစားလာကြရပါတယ်။
ပြစ်ဒဏ်ပေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း (punitive
approach) ကနေ ပြုပြင်ပေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း (corrective approach) ကို
ပြောင်းလဲလာပေမယ့်လဲ ထိန်းချုပ်မှုသဏ္ဍာန် (control model) က လွှမ်းမိုးနေတဲ့အခါ
ကျောင်းဆရာတွေအနေနဲ့ ကျောင်းသားများနှင့် အတူတကွ အရာတခုကို လုပ်ဆောင်တယ်ဆိုတဲ့
သဘောတရားထက် ကျောင်းသားတွေအတွက် အရာတခုကို လုပ်ပေးရတယ် ဆိုတဲ့ သဘောတရားကိုသာ
တွေးတောမိနေစေနိုင်ပါတယ်။ ဒီလိုသဘောတရားတွေကနေတဆင့် ကျောင်းသားလူငယ်တွေ အပေါ်မှာ
ကျောင်းနဲ့ လူ့အဖွဲ့အစည်းက ပေးအပ်သတ်မှတ်ထားတဲ့ အဆင့်အတန်းတွေအကြား လိုက်လျောညီထွေ
မရှိတာတွေ ဖြစ်လာနိုင်ပါတယ်။
ကျောင်းတွေအနေနဲ့ ဒီလိုကွာဟချက်တွေကို
လျှော့ချပြီး ထိန်းချုပ်မှုသဏ္ဍာန်ပေါ်မှာ အခြေတည်သော ကျောင်းအဖြစ်မှတဆင့်
လူငယ်တွေရဲ့ လေ့လာသင်ယူလိုသောစိတ်ကို အားပေးအားမြှောက်ပြုတဲ့ တက်ကြွသောကျောင်းများ
ဖြစ်လာအောင် ပြုပြင်ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။ သင်ယူလေ့လာခြင်း နဲ့
ကြီးပွားတိုးတက်ခြင်းဟာ မြေတောင်မြှောက်ပေးရမယ့် လူ့သဘော၊ လူ့သဘ-တွေဖြစ်ကြောင်း
စာသင်ကျောင်းတွေအနေနဲ့ သိမြင်ဖို့ လိုအပ်လာပါတယ်။
ယနေ့ကမ္ဘာရဲ့ လူငယ်လူရွယ်တွေဟာ
ပြောင်းလဲတိုးတက်လာတဲ့ ကမ္ဘာကြီးနဲ့အညီ ခေတ်မီတဲ့ ဗဟုသုတ အများအပြားကိုလဲ
ရရှိလာကြပါတယ်။ ဂီတနဲ့ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူငယ်တွေ အလွန်များပြားလာပါတယ်။
ကလေးသူငယ်ပညာပေး ဇာတ်လမ်းရုပ်ရှင်တွေထက် အော်ပရာဇာတ်တွေ၊ စတိတ်ရှိုးတွေ၊
ကြော်ငြာတွေကို ပိုပြီး ကြည့်ချင်လာကြပါတယ်။ ယခင်မျိုးဆက်တွေမှာတုန်းကဆိုရင်
ကလေးတွေဟာ မိဘတွေက ရွေးချယ်ဝယ်ယူပေးတဲ့ အရုပ်တွေနဲ့ ကစားခဲ့ကြရပါတယ်။
ယနေ့ခေတ်မှာတော့ ကလေးတွေဟာ သူတို့လိုချင်တဲ့ အရုပ်တွေကို သူတို့ကိုယ်ဆိုင်
ရွေးချယ် နိုင်လာကြပါတယ်။ ဒီလိုတိုးတက်လာတဲ့ အခြေအနေတွေမှာ တိုးတက်သောအမြင်ရှိတဲ့
မိဘတွေကလဲ သူတို့သားသမီးတွေကို ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲရှိပြီး၊
ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းရှိတဲ့၊ ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်နိုင်စွမ်းရှိသော လူငယ်များအဖြစ် မြင်ချင်လာကြ ပါတယ်။
ယနေ့ခေတ်ကာလမှာ ကိုယ့်သားသမီးကို
အော်ဟစ်ပြောဆိုသော၊ ပါဝါအလွန်အကျူးသုံးနေသော၊ ရိုက်နှက်ဆုံးမသော ဆရာဆရာမတွေကို
တိုးတက်သောအမြင်ရှိတဲ့ ဘယ်မိဘတွေကမှ အလိုမရှိ တော့ပါဘူး။ အိမ်မှာလဲ လူငယ်တွေကို
ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စါမ်းရှိလာအောင် လေ့ကျင့် ပေးလာကြပါတယ်။
ဒီလိုအခြေအနေတွေဟာ ကျောင်းသားနဲ့ဆရာအကြားမှာ ကွာဟမှုအချို့ ဖြစ်လာ စေနိုင်ပါတယ်။
ဆရာတွေ ငယ်စဉ်ကာလတုန်းက ကြီးပြင်းလာတဲ့ မိသားစုတွေဟာ မိဘကပဲ သားသမီးတွေနဲ့ဆိုင်တဲ့
ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးရတဲ့ ခေတ်မှာဖြစ်ပြီး၊ စာသင်ကျောင်းတွေမှာ ဆိုရင်လဲ
ဆ၇ာတွေက စာသင်ခန်းကို ထိန်းချုပ်ထားတဲ့ ခေတ်မှာဖြစ်ပါတယ်။ ဒီလိုကွာဟချက်တွေကို
ကျောင်းအနေနဲ့ရော၊ ဆရာတွေအနေနဲ့ပါ ပြန်လည်ညှိယူဖို့ လိုအပ်ရပါတယ်။
ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲခြင်းဟာ တဦးချင်းစီရဲ့
လူမှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (personal social development programme) ရဲ့
ကဏ္ဍတခုဖြစ်ပါတယ်။ ကလေးသူငယ်နဲ့ လူငယ်တွေအနေနဲ့ လူစိမ်းတွေ၊ ဒါမှမဟုတ် မကောင်းမှု
(ဥပမာ- မူးယစ်ဆေးဝါးသုံးစွဲမှု စတာတွေ) ကို ဆွဲဆောင်လာတဲ့ သူငယ်ချင်းတွေကို
"No" ဆိုတဲ့ စကားကို ပြောရဲလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်လာပါတယ်။ ယနေ့ကမ္ဘာရဲ့
ဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ကျောင်းတွေမှာ ကျောင်းသားတွေကို "
လူကြီးတွေပြောတဲ့အတိုင်း လိုက်လုပ်တာဟာ အမြဲတမ်း မမှန်နိုင်ကြောင်းနဲ့
လူကြီးတွေဟာလဲ မှားယွင်းတတ်တယ် " ဆိုတဲ့ သဘောတရားတွေကို
စတင်သင်ကြားလာကြရပါတယ်။ အချို့ကျောင်းဆရာတွေအတွက်တော့ လူငယ်ယဉ်ကျေးမှု (youth
culture) ပြောင်းလဲလာခြင်းဟာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်လာနိုင်ပါတယ်။
ဒီစိန်ခေါ်မှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာက ကာလပေါ်ကျောင်းပညာရေးရဲ့
ထိရောက်မှုအတွက် အရေးကြီးတဲ့ အချက်ဖြစ်လာပါတယ်။
ကျောင်းသားနဲ့ဆရာအကြားမှာ ပါဝါချိန်ခွင်လျှာ
(power balance) ရှိနေဆဲ ဆိုပေမယ့်လဲ ပြောင်းလဲမှုတွေ ရှိလာပါတယ်။
ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်မှုကလဲ "ဆရာဆိုတာ သတင်းအချက်အလက်တွေ ရဖို့အတွက်
အဓိကအရေးပါသူ" ဆိုတဲ့ အခန်းကဏ္ဍကို စိန်ခေါ်သလို ဖြစ်လာပါတယ်။ ကျောင်းသားတွေဟာ
ဗဟုသုတရဖို့အတွက် ဆရာကိုပဲ မှီခိုနေရတာ မဟုတ်တော့ပါဘူး။ အင်တာနက်ဟာ သင်ကြားမှု
(teaching) ဆိုတာကို သင်ယူသူ (learner) က ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ပြောင်းလဲ
လိုက်ပါတယ်။ ကျောင်းသားတွေဟာ အသိပညာ၊ အတတ်ပညာတွေကို ထုတ်လုပ်သူတွေနဲ့ စားသုံးသူတွေ
ဖြစ်လာကြပါတယ်။
အသွင်ကူးပြောင်းလာသော
ဆုတံဆိပ်ယဉ်ကျေးမှု
(Reward Culture)
(Reward Culture)
(၂၁)ရာစု လူ့အဖွဲ့အစည်းဟာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို
အသိအမှတ်ပြုမှုတွေ၊ တာဝန်ခွဲဝေပေးမှုတွေ တစထက်တစ တိုးမြှင့်လုပ်ဆောင်လာပါတယ်။
ကျောင်းတွေအနေနဲ့ လူငယ်တွေကို နောင်တခေတ်ရဲ့ သားကောင်းတွေအနေနဲ့ မမြင်တော့ပဲ
ယနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ တက်ကြွသောသားကောင်းတွေ အနေနဲ့ ရှုမြင်ဖို့
လိုအပ်လာပါတယ်။ တန်းတူညီမှုမှု သဘောတရား (equality principle) ဟာ
အိုမင်းဟောင်းနွမ်းနေတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ဦးဆောင်မှု သဏ္ဍာန်တွေကို
စိတ်ခေါ်လာပါတယ်။
ဒီလိုယဉ်ကျေးမှုခေတ်ကာလမှာ အချို့ဆရာတွေအနေနဲ့
ပညာရေးဆိုင်ရာတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးရမှုတွေမှာ ဖိအားပေးတယ်လို့
ခံစားလာရတာတွေ ရှိနိုင်ပြီး၊ ယနေ့ခေတ် ကျောင်းသားတွေဟာ ပိုပြီး
စိန်ခေါ်မှုပြုလုပ်တတ်သူတွေ၊ ပညာသင်ယူမှုအပေါ်မှာ စိတ်အားထက်သန် လာအောင် ပြုလုပ်ဖို့
ခဲယဉ်းသူတွေလို့ မြင်လာတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ကာလ
ပြောင်းလဲမှုဖြစ်စဉ်ကို ဆရာတွေအနေနဲ့ တားဆီးမှု လုပ်နိုင်မှု မဟုတ်ပါဘူး။
ပြောင်းလဲမှုနှုန်းနဲ့အညီ ခြေတလှမ်းသာနေအောင် ကြိုးစားဖို့ပဲ လိုအပ်လာပါတယ်။
အတိတ်ရဲ့ အတွေးအခေါ်၊ အတိတ်ရဲ့ ကျင့်ထုံးနဲ့ပဲ နေထိုငတဲ့ ဆရာတွေအနေနဲ့ကတော့
ပဋိပက္ခနှင့် အပြစ်တင်မှုနွံထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်တော့ပါဘူး။ နာရီတွေကို နောက်ပြန်လှည့်လို့
မရနိုင်တော့မှန်း လက်ခံလိုက်မှသာ ရှေ့ခရီးအတွက် ရွေ့လျားမှုတွေ လုပ်နိုင်လာမှာ
ဖြစ်ပါတယ်။
တိုးတက်တဲ့အမြင်ရှိတဲ့ ကျောင်းတွေကတော့
ယဉ်ကျေးမှုပြောင်းလဲလာတာနဲ့အညီ အသွင်ကူးပြောင်းမှု တွေ လုပ်ဆောင်လာကြပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေကြောင့် ပြစ်တင်ရှုံချမှုတွေအပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှုခေတ်
ကုန်ဆုံးသွားပြီး၊ ချီးမွမ်းပြောဆိုမှုတွေအပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှုခေတ်ကို
ပြောင်းလဲလာကြောင်း ဆရာတွေကလဲ နားလည်လာကြပါတယ်။ ထိန်းချုပ်ရေးယဉ်ကျေးမှု (control
culture) ကနေ ဆုတံဆိပ်ပေးယဉ်ကျေးမှု (reward culture) ကို ပြောင်းလဲလာခြင်းဟာ
အသွင်ကူးပြောင်းမှု ဖြစ်ပါတယ်။ ဆုတံဆိပ်ပေး ယဉ်ကျေးမှုကို ကျင့်သုံးလာတဲ့
ကျောင်းသားတွေအနေနဲ့ အကျိုးကျေးဇူးတွေကို သိမြင်လာကြပါတယ်။ ဘယ်လိုပုံစံနဲ့
ဆုပေးစနစ်နည်းလမ်းတွေကို ကျင့်သုံးမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှာဖွေလာကြပါတယ်။ တချိန်တည်းမှာပဲ
ဆုတံဆိပ်ပေး ယဉ်ကျေးမှုကို culture of indulgence အဖြစ် ဝေဖန်မှုတွေလဲ
ပေါ်ထွက်လာခဲ့ပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်
ယဉ်ကျေးမှုဆီသို့
ကျောင်းတွေအနေနဲ့ လိုက်နာဆောင်ရွက်စေခြင်း
ယဉ်ကျေးမှု (compliance culture) ကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ယဉ်ကျေးမှု (culture
of autonomy) ကို အသွင်ကူးပြောင်းရန် လိုအပ်ကြောင်း ဒီစာအုပ်မှာ ဖော်ပြသွားမှာ
ဖြစ်ပါတယ်။ လူငယ်တွေကို သူတို့ရဲ့ဘ၀အတွက် သူတို့ကိုယ်တိုင် အချိန်တွေ
ရင်းနှီးမြှုပ်နှံဖို့နဲ့ သူတို့ရဲ့လေ့လာသင်ယူမှုတွေမှာ ကိုယ်တိုင်တည်ဆော်သူတွေ
ဖြစ်လာဖို့ တိုးတွန်းအားပေးရန် လိုအပ်လာပါတယ်။ ဘယ်သူကမှ
စည်းကမ်းသတ်မှတ်ပေးစရာမလိုတဲ့ ကိုယ်ပိုင် စည်းကမ်းချမှတ်လုပ်ဆောင်နိုင်မှုဟာ
ယနေ့ကမ္ဘာမှာ အလုပ်ရှင်တွေက ရှာဖွေနေတဲ့ အချက် ဖြစ်ပါတယ်။
ဘ၀တသက်သာသင်ယူမှု (life-long learning) ဟာ
ကိုယ်တိုင်ပိုင်းခြားဆုံးးဖြတ်နိုင်မှုပေါ်မှာ တည်မှီပါတယ်။ ကျောင်းသားတွေကို
သင်ယူလေ့လာရေးနဲ့ ပတ်သက်ပြီး အကောင်းမြင် သဘောထားတွေ ရှိလာအောင် လေ့ကျင့်ပေးဖို့
လိုအပ်ပါတယ်။ အချို့ကျောင်းတွေက ပညာရေး အောင်လက်မှတ်တွေကို ပိုပြီး
အလေးထားတတ်ကြပါတယ်။ သို့ပေမယ့် ပညာသင်ယူလေ့လာမှုဆိုတာ
ပညာရေးအောင်လက်မှတ်ရရှိမှုမှာ အဆုံးသတ်တာ မဟုတ်ပါဘူး။ ဒီပညာရေးအောင်လက်မှတ်တွေ
ရရှိလာစေတဲ့ ပညာတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာက ပိုပြီးအရေးကြီးတာ ဖြစ်ပါတယ်။
ကျောင်းကထွက်သွားတဲ့ လူငယ်တွေ ကြုံတွေ့ရတတ်တဲ့
ပြဿနာရပ်က အလုပ်အတွေ့အကြုံနဲ့ သင်ကြားမှုအတွေ့အကြုံ နည်းပါးမှု မဟုတ်ပါဘူး။
သူတို့ဆီမှာ မိမိကိုယ်ကို ယုံကြည်မှု (self-confidence) နဲ့
ကိုယ်တိုင်စိတ်ပိုင်းဖြတ်နိုင်မှု (self-determination) အားနည်းချက်တွေ ရှိနေခြင်း
ကသာ ပြဿနာဖြစ်လာတာ ဖြစ်ပါတယ်။ အချို့လူငယ်တွေကျတော့လဲ ပညာရေးနဲ့ လေ့ကျင့်
သင်ကြားမှုတွေကို ဆန့်ကျင်တဲ့ ယဉ်ကျေးမှုထဲကနေ ရုန်းထွက်နိုင်စွမ်း မရှိကြပါဘူး။
စိတ်အားထက်သန်သောကျောင်း
ဒီစာအုပ်ထဲမှာရေးထားတဲ့ အခြေခံစည်းမျဉ်းတွေဟာ
စိတ်အားထက်သန်သောကျောင်းကို ဖန်တီးလိုကြ တဲ့ ကျောင်းအုပ်ချုပ်သူများအတွက်လဲ
အကျုံးဝင်ပါတယ်။ ကျောင်းသားဗဟိုပြုသင်ကြားရေး (student-centred teaching) အတွက်
ဆရာဗဟိုပြုစီမံခန့်ခွဲရေး (teacher-centred management) လိုအပ်ပါတယ်။
ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေအနေနဲ့ ဆရာတွေက ကျောင်းသားတွေကို ဆက်ဆံစေရန်
မျှော်လင့်ထားတဲ့ ပုံစံအတိုင်း ဆရာတွေကို ဆက်ဆံဖို့ လိုအပ်လှပါတယ်။
ကျောင်းအုပ်ချုပ်ရေးရဲ့ ဦးဆောင်မှုပုံစံကလဲ ဆ၇ာတွေရဲ့ လုပ်ဆောင်မှုကို
အကျိုးသက်ရောက်မှု ရှိပါတယ်။
ကျောင်းသားတွေကို လေ့လာသင်ယူမှုမှာ
စိတ်အားထက်သန်လာအောင် လုပ်ဆောင်ရမယ့် ဆရာဆီမှာ သင်ကြားရေးနဲ့လေ့လာသင်ယူမှုဆိုင်ရာ
ကိုယ်ပိုင်စိတ်အားထက်သန်မှု (self-motivation) ရှိဖို့ အလွန် အရေးအကြီးပါတယ်။
ကျောင်းအုပ်ချုပ်ရေးအနေနဲ့ ကျောင်းမှာ အသုံးပြုတဲ့ စိတ်အားထက်သန်ရေး ဆိုင်ရာ
လှုံ့ဆော်မှုနည်းလမ်းများကို မျက်ချေမပြတ်အကဲဖြတ်နေဖို့ လိုအပ်ပါတယ်။
ကျောင်းသားရဲ့ အတွေ့အကြုံနဲ့ အံဝင်ခွင်ကျဖြစ်ရေး၊ လေ့လာသင်ယူမှုအပေါ်မှာ
စိတ်အားထက်သန် လာအောင် မိမိကိုယ်ကို လှုံ့ဆော်နိုင်စွမ်းရှိတဲ့
ကျောင်းသားစါမ်းရည်တိုးတက်လာမှု စတာတွေကို သုံးသပ်ဖို့ လိုအပ်ပါတယ်။
စာအုပ်ရေးသားရခြင်း
ရည်ရွယ်ချက်များ
ဒီစာအုပ်ဟာ စိတ်အားထက်သန်မှုအကြောင်းကို
နားလည်လိုသူများနဲ့ လူငယ်များကို လေ့လာသင်ယူမှု အပေါ် စိတ်အားထက်သန်မှု ရှိလာစေရန်
လှုံဆော်လိုသူများအတွက် အထောက်အကူ ပြုပေးနိုင် ပါတယ်။ ပညာသင်ယူရေးအပေါ် စိတ်အားထက်သန်မှုဆိုင်ရာ
သုတေသန တွေ့ရှိချက်များနဲ့ အတွေ့အကြုံမှတဆင့် ရရှိလာသော အတွေးအခေါ်များကို
ပေါင်းစပ်ပြီး ရေးသားဖော်ပြထားပါတယ်။ ဆရာတွေအနေနဲ့ သူတို့ကိုယ်တိုင်နဲ့
ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုကို အကဲဖြတ်နိုင်စေမယ့် သဘောတရားရေးရာ
သီအိုရီတွေကိုလဲ ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ဒီသီအိုရီတွေကတဆင့် ကျောင်းသားတွေကို
စိတ်အားထက်သန်ရေး လှုံ့ဆော်နိုင်တဲ့ အခြေခံ စည်းမျဉ်းများကိုလဲ ဖော်ပြထားပါတယ်။
ဒီစည်းမျဉ်းတွေကို လက်တွေ့ကျင့်သုံးမှုသာမက တတ်ကျွမ်းမှု ဆိုင်ရာ
လိုအပ်ချက်အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။
ဒီစာအုပ်မှာ ကျောင်းသားတေါရဲ့
ပြုမူဆောင်ရွက်ပုံတွေနဲ့ လိုအပ်ချက်တွေကို ဖော်ပြထားပြီး
အဆုံးစွန်လေ့လာသင်ယူမှုဖြစ်လာအောင် ဖော်ထုတ်ဆောင်ရွက်ခြင်းဆိုင်ရာ အကြံဥာဏ်ပြု
ဖော်ပြချက် များလဲ ပါဝင်ပါတယ်။ လေ့လာသင်ယူမှုဝန်းကျင် (learning environment) ကို
ဖော်ဆောင်နေဆဲ ကျွမ်းကျင်ပညာရှင်များ အနေနဲ့ သူတို့လုပ်ဆောင်ချက်တွေကတဆင့်
ကျောင်းသားများရဲ့ စိတ်အားထက်သန်မှုအပေါ် သက်ရောက်မှုတွေကို
ပြန်လည်သုံးသပ်နိုင်ရေးအတွက်လဲ အထောက်အကူ ပြုထားပါတယ်။ ကျောင်းသားတွေရဲ့
ပြုမူဆောင်ရွက်မှုနဲ့ လိုအပ်ချက်ကို သိခြင်းအားဖြင့် အကောင်းမြင်
သဘောထားကဲ့သို့သော ယေဘုယျ အတွေးအခေါ်တွေကိုလဲ ပိုမိုနားလည်နိုင်ပါတယ်။
ကျောင်းတွေမှာ ဘယ်အရာတွေကအလုပ်ဖြစ်ပြီး၊ ဘယ်လိုကျင့်သုံးမှုတွေက
အလုပ်မဖြစ်ဘူးဆိုတာကိုလဲ မြင်တွေ့နိုင် ပါတယ်။
ဒီစာအုပ်မှာ စာဖတ်သူများရဲ့ အတွေးအခေါ်တွေကိုလဲ
ပြန်လည်သုံးသပ်မှုရှိစေပြီး၊ လူငယ်တွေကို စိတ်အားထက်သန်မှုရှိလာအောင် မလှုံ့ဆော်ခင်မှာ
ကိုယ့်ဘာသာကိုယ် စိတ်အားထက်သန်မှု ရှိစေဖို့ကိုလဲ သိမြင်လာစေနိုင်ပါတယ်။
ဆရာတွေအနေနဲ့ မိမိကိုယ်ကို ဘယ်လိုစိတ်အားထက်သန်မှု ဖြစ်စေလဲ ဆိုတာနဲ့ သူတပါးကို
ကိုယ်က မည်သို့မည်ပုံ စိတ်အားထက်သန်လာအောင် လှုံ့ဆော်သလဲ ဆိုတာကို သိမြင်ဖို့
လိုအပ်ပါတယ်။
ဆရာတွေဟာ ကျောင်းသားတွေရဲ့ ပညာသင်ယူလေ့လာမှုအပေါ်
စိတ်အားထက်သန်လာအောင် လှုံ့ဆော်နိုင်သူ ဖြစ်ရုံသာမက စိတ်အားထက်သန်မှု
ယုတ်လျော့သွားအောင် မသိဘာသာ လုပ်မိသူတွေလဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်
ဆရာတွေအနေနဲ့ စိတ်အားထက်သန်မှု မည်သို့မည်ပုံ အလုပ်လုပ်သလဲဆိုတာ နားလည်ပြီး၊ ဘယ်အရာတွေက
စိတ်အားထက်သန်စေမှုအပေါ်မှာ သက်ရောက်နိုင်ကြောင်းကို သိရှိဖို့ လိုအပ်ပါတယ်။
ဒါတင်မကပဲ ဆရာများနဲ့ ပညာပေးသူများရဲ့ ကိုယ်ပိုင်စိတ်အားထက်သန်မှု
စိတ်နေစိတ်ထားတွေဟာ ကျောင်းသားတွေကို ကူးစက်သွားစေနိုင် ကြောင်းကိုလဲ
သိရှိနားလည်လာမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေ စာလုံးပေါင်းသတ်ပုံ
မကျွမ်းကျင်တာကို ကျောင်းက သင်ကြားပေးနိုင်ပါတယ်။ ပညာသင်ယူမှုအပေါ်မှာ
စိတ်အပားထက်သန်လာအောင်ကိုတော့ ကျောင်းက သင်ကြားပေးလို့ မရနိုင်ပါဘူး။
ပညာသင်ယူမှုအပေါ်မှာ ကိုယ်တိုင်စိတ်အားထက်သန်မှု ရှိလာအောင်ကိုသာ ကျောင်းက
လှုံ့ဆော်ပေးနိုင်တာ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှုဖြစ်စဉ် (motivational processes)
ကို အကောင်အထည် ဖော်ဆောင်ပေးမှသာ ကျောင်းသားတွေဟာ သူတို့ရဲ့ စိတ်အားထက်သန်မှုအတွက်
ကိုယ်ပိုင်ပြဌာန်းမှု ရှိလာမှာ ဖြစ်ပါတယ်။
ဆရာတွေအနေနဲ့ ကျောင်းသားတွေဆီမှာ စိတ်အားထက်သန်မှု
သဏ္ဍာန်အမျိုးမျိုးရှိတယ် ဆိုတာကိုလဲ လက်ခံရမှာ ဖြစ်ပါတယ်။ ကျောင်းကနေ
ပညာသင်ယူရေးမှာ စိတ်မပါဘူးဆိုပြီး ထုတ်ပယ်လိုက်တဲ့ ကျောင်းသားတွေဟာ အားကစားမှာ
ထူးချွန်မယ့်သူတွေနဲ့ ဂီတပညာရှင်ဖြစ်လာမယ့် သူတွေ မပါလာဘူးလို့ ဘယ်သူမှ
တပ်အပ်သေချာမပြောနိုင်ပါဘူး။ အချို့ကျောင်းသားတွေဆီမှာ စိတ်အားထက်သန်မှု
မရှိဘူးလို့ ယူဆထားချက်တွေက မှားပါတယ်။ သူတို့နည်း၊ သူတို့ဟန်နဲ့
စိတ်အားထက်သန်မှုတွေကတော့ ရှိမှာဖြစ်ပါတယ်။ ဒါကိုဖော်ထုတ်ပြီး ပညာသင်ယူရေးအပေါ်မှာ
စိတ်အားထက်သန်လာအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ကြိုးစားလမ်းပြပေးဖို့ကသာ
ဆရာတွေရဲ့ တာဝန်ဖြစ်ပါတယ်။
မူရင်းစာရေးသူ - Alan McLean
မူရင်းစာအုပ်အမည် - The Motivated School
ထုတ်ဝေသောနှစ် - (၂၀၀၃) ခုနှစ်
ဘာသာပြန်သူ - ခင်မမမျိုး (၁၇၊ ၁၁၊ ၂၀၁၂)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment