လူသားလုံခြုံရေး (Human Security) ဆိုရာဝယ် (အပိုင်း-၃)


လူသားလုံခြုံရေး (Human Security) ဆိုရာဝယ် (အပိုင်း-၃)

ဒီမိုကရေစီကျင့်သုံးမှု (Democratic Practice)နှင့် လူသားလုံခြုံရေး

လူသားလုံခြုံရေးဆိုင်ရာ ခြိမ်းချောက်မှုများဟာ ဒီမိုကရေစီစနစ် ကျင့်သုံးမှု (Democratic Practice) အားနည်းတဲ့ နိုင်ငံများဆီကနေ မြစ်ဖျားခံလာတယ်လို့ ပညာရှင်များက ယူဆထားကြပါတယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်သုံးမှုကို အားကောင်းလာအောင် လုပ်ဆောင်ခြင်းအားဖြင့် လူသားလုံခြုံရေးရာ ပြဿနာတွေကိုလဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ပဋိပက္ခတွေကို နိုင်ငံရေးဒိုင်ယာလော့ခ် အသုံးပြုပြီး ဖြေရှင်းရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေအတွက် အုပ်ချုပ်ရေးဖြစ်စဉ် (governance processes) မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုရင် ပြည်တွင်းပဋိပက္ခတွေ ကြီးထွားလာလေ့ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို နိုင်ငံတော်က မဖြည့်ဆည်းပေးနိုင်တော့ပဲ၊ လူ့အဖွဲ့အစည်းက သူ့ဘာသာသူ ရင်ဆိုင်ဖြေရှင်းရတဲ့ အခြေအနေကို ရောက်ရှိသွားတတ်ပါတယ်။ အခြေခံလူမှုဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းဆောင်တာတွေမှာပါ civil society က အားဖြည့်မောင်းနှင်လာရတတ်ပါတယ်။ ဒီလိုအခြေအနေတွေ တိုးတက်လာစေဖို့ တခုတည်းသော ဖောက်ထွက်နည်းလမ်းကတော့ democratic political order ကို မဖြစ်မနေတည်ဆောက်ယူခြင်းပဲ ဖြစ်ပါတယ်။

ဒီလို democratic political order ကို တည်ဆောက်ရေးအတွက် ဒီမိုကရေစီ ကျင့်သုံးမှုရှိဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီကျင့်သုံးမှုမှာ သွင်ပြင်လက္ခဏာကြီး (၅) ရပ်ရှိပါတယ်။ ပထမသွင်ပြင် လက္ခဏာကတော့ ပါဝင်ဆောင်ရွက်မှု (participation) ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအားလုံးဟာ မဲပေးစနစ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်၍ဖြစ်စေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ အသင်းအဖွဲ့များမှာ ပါဝင်၍ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် နိုင်ငံသား ပါဝင်ပတ်သက်မှုများ ပြုလုပ်၍ဖြစ်စေ၊ ပြည်သူ့ရေးရာဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ ဒုတိယသွင်ပြင်လက္ခဏာကတော့ ဥပဒေစိုးမိုးရေး (rule of law) ဖြစ်ပါတယ်။ နိုင်ငံတော်က ချမှတ်ကျင့်သုံးနေတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများဟာ တရားမျှတမှုရှိရမှာဖြစ်ပြီး၊ ဥပဒေအရ ဆောင်ရွက်ရာမှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။

တတိယသွင်ပြင် လက္ခဏာကတော့ ပွင့်လင်းမြင်သာမှု (transparency) ဖြစ်ပါတယ်။ အစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများက တာဝန်ရှိသူများဟာ ပြည်သူ့ရေးရာ လိုအပ်ချက်တွေ၊ ၀န်ဆောင်မှုတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ ပေးအပ်ဖို့လိုသလို၊ တာဝန်ခံမှုလဲ ရှိရမှာ ဖြစ်ပါတယ်။ စတုတ္ထသွင်ပြင်လက္ခဏာကတော့ တုန့်ပြန်စွမ်းရှိမှု (responsiveness) ဖြစ်ပါတယ်။ အစိုးရများဟာ ပြည်သူလူထုရဲ့ လိုလားချက်တွေ၊ တောင်းဆိုမှုတွေ၊ ဆန္ဒတွေနဲ့ ပတ်သက်ပြီး တုန့်ပြန်စွမ်းရှိရမှာ ဖြစ်သလို၊ လိုအပ်တဲ့အချိန်အခါမှာ ပြည်သူ့ဆန္ဒခံယူပွဲတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပဉ္စမသွင်ပြင်လက္ခဏာကတော့ တန်းတူညီမျှမှု (Equitability) ဖြစ်ပါတယ်။ ဘ၀လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ လူတိုင်းမှာ တန်းတူအခွင့်အရေးရှိရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီကျင့်သုံးမှုဆိုရာမှာ ရွေးကောက်ပွဲကျင်းပခြင်း၊ နိုင်ငံရေးပါတီများ တည်ထောင်ခြင်းစတဲ့ structured processes များသာမက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ နိုင်ငံရေးပါတီများအဖြစ်သို့ အသွင်ကူးပြောင်းခြင်း၊ ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းများတွင် အမျိုးသားညီညွတ်ရေးနှင့် ဘုံရည်မှန်းချက်များ ရှာဖွေခြင်း၊ နိုင်ငံရေးဒိုင်ယာလော့ခ်များပြုလုပ်ခြင်း စတဲ့ processes of change စတာတွေပါ အကျုံးဝင်ပါတယ်။ ဒီမိုကရေစီကို စနစ်တကျကျင့်သုံးနိုင်ရေးအတွက် ဒီမိုကရေစီရဲ့ အနှစ်သာရများကို အုပ်ချုပ်ရေးဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ အပါအ၀င် ပြည်သူလူထုတရပ်လုံးက လေးစားအသိအမှတ်ပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ကျင့်သုံးမှုဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်ဆံရေး (state-society relations) ကိုလဲ အားကောင်းလာစေနိုင်ပါတယ်။

လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို ပညာရှင်များက တင်ပြရေးဆွဲထားကြပါတယ်။ ပဋိပက္ခများဖြစ်ပွားနေချိန်မှာ အခြေခံလူ့အခွင့်အရေးများကို အာရုံစိုက်ဖော်ပြခြင်း၊ လူသားချင်းစာနာမှုဖြင့် ထောက်ကူပြုမှုများကို တန်းတူညီမျှ ဖြန့်ဝေပေးခြင်း၊ ငြိမ်းချမ်းရေးရလဒ်များပေါ်ထွက်လာစေနိုင်မယ့် inclusive democracy အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ပေးခြင်း စတဲ့ ဒီမိုကရေစီကျင့်သုံးမှုမြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။

အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ် စေ့စပ်ဆွေးနွေးပွဲများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရေးအတွက် စီမံချက်များရေးဆွဲရေး၊ အသွင်ကူးပြောင်းမှုနဲ့ ပြောင်းလဲမှု ဖြစ်စဉ်ဆိုင်ရာ အတွေ့အကြုံများကို ပါဝင်ဆောင်ရွက်နေကြတဲ့ ရေပေါ်ဆီနိုင်ငံရေးသမားများ သာမကပဲ၊ လူထုတရပ်လုံးကပါ ထိတွေ့နားလည်မှုရှိလာစေရေး စတဲ့ ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။ ရေရှည် တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရေးအတွက် စာတတ်မြောက်ရေး၊ ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းများ ရရှိရေးလုပ်ငန်းဆောင်တာများမှ ပြည်သူလူထုမှ တက်ကြွစွာ ပူးပေါင်းပါဝင်လာရေး၊ ၀င်ငွေနဲ့ အခွင့်အလမ်းများ တန်းတူညီမျှဖြစ်ရေး၊ ငြိမ်းချမ်းရေးအတွေးအခေါ်များ ပြန့်ပွားလာရေး စတဲ့ ဒီမိုကရေစီကျင့်သုံးမှုမြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် လူသားလုံခြုံရေးဆိုတဲ့ သဘောတရားဟာ နိုင်ငံတော်ဗဟိုပြုလုံခြုံရေး သဘောတရားနဲ့ အတွေးအခေါ်တွေကို စိန်ခေါ်ပြီးပေါ်ပေါက်လာခဲ့တာ ဖြစ်ပေမယ့်၊ လူထုနဲ့ နိုင်ငံတော်အကြားက ဆက်ဆံရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ အခန်းကဏ္ဍ၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး၊ လိုအင်ဆန္ဒရှိခြင်းမှ ကင်းဝေးရေး စတာတွေကို ခြုံငုံပြီး မီးမောင်းထိုးပြ ထားတဲ့ သဘောတရားဖြစ်တဲ့ အတွက် လူ့လောကကို အကျိုးပြုတဲ့ သဘောတရားတရပ် ဖြစ်ပါတယ်။ သို့ပေမယ့်လဲ ဒီသဘောတရားကို နိုင်ငံကြီးအချို့က အခွင့်အရေးယူ၊ အသုံးချမှုတွေ ပေါ်ထွက်လာနိုင်သလို၊ လူသားလုံခြုံရေးကို နိုင်ငံတော်က တိုက်ရိုက်ခြိမ်းချောက်နေတဲ့ နိုင်ငံတွေကလဲ ဒီသဘောတရားကို ဆန့်ကျင်လာကြဦးမှာပဲ ဖြစ်ပါတယ်။ ပညာရှင်လောကမှာပဲ ဒီသဘောတရားနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတော်နဲ့ လူထုအကြားက ဆက်ဆံရေး၊ ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာရဲ့ အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ၊ အငြင်းပွားမှုတွေ ဆက်လက်ပေါ်ပေါက်နေဦးမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ကုလသမဂ္ဂနဲ့ လူသားလုံခြုံရေး ကွန်ယက်မှာ ပါဝင်တဲ့နိုင်ငံတွေကတော့ လူသားလုံခြုံရေးသဘောတရားကို ဆက်လက် ထောက်ခံ အားပေးနေကြမယ်လို့ ယူဆရပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၆၊ ၁၂၊ ၂၀၁၂)

ရည်ညွန်းကိုးကား။ ။

Hampson, F.O. Et al. (2002) Madness in the Multitude, Toronto: Oxford University Press.

Human Security Centre (2005) Human Security Report, Oxford: Oxford University Press.

Mack, A. (2005) The Human Security Report 2005: War and Peace in the 21st Century, Oxford: Oxford University Press.

Paris, R. (2001) “Human Security: Paradigm Shift or Hot Air?', International Security, 26 (2), pp. 87-102.

Suhrke, A. (1999) 'Human Security and the Interest of State', Security Dialogue, 30 (2), pp. 265-76.

Thakur, R. and Newman, E. (eds.) (2004) Broadening Asia's Security and Discourse Agenda, Tokyo: United Nations University Press.

Thomas, C. (2000) Global Governance, Development and Human Security, London: Pluto Press.

United Nations (2005) 'In Larger Freedom: Towards Development, Security and Human Rights for All: Report of the Secretary – General”, UN document A/59/2005.

United Nations, Commission on Human Security (2003) Human Security Now: Final Report, New York: United Nations Commission on Human Security.






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: