သူရဲကောင်းရွာ




(၁)

ရွာလေး အမည်က သီးခြားရှိပေမယ့် လူအများကတော့ သူရဲကောင်းရွာ လို့ပဲ သတ်မှတ် ပြောဆိုကြပါတယ်။ ရေမြေတောတောင် သဘာဝ အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ရွာလေးပါ။ သယံဇာတ ကလဲ ပေါကြွယ်ဝလှတယ်။ တည်ရှိနေတဲ့ နေရာဒေသကလဲ အခြားရွာတွေ မျက်စိကျလောက်အောင်ကို ထူးခြားကောင်းမွန်လှပါတယ်။

ဒီရွာလေးကို သူရဲကောင်းရွာလို့ သတ်မှတ်လာကြတာကတော့ ရွာလေးကို မတရားကျူးကျော် သိမ်းပိုက်လာသူတွေကို ခေါင်းငုံ့မခံ၊ တွန်းလှန်ခဲ့ကြတဲ့ သမိုင်းကောင်းတွေကြောင့်ပါပဲ။ ဒီသမိုင်းတွေထဲမှာ သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ သူရဲကောင်းစိတ်ဓာတ် အမွေတွေကို မျိုးဆက်တွေ တဆက်ပြီးတဆက် လက်ခံကျင့်သုံးလာခဲ့ကြပါတယ်။

သို့ပေမယ့်လဲ ဒီစိတ်ဓာတ်တွေအပေါ်မှာ ရွာသူ၊ ရွာသားတွေ အချင်းချင်း ပြန်လည်တိုက်ခိုက်စေတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ သဘောထားအမြင်တွေ၊ ကွဲပြားခြားနားမှုတွေက လွှမ်းမိုးလာတဲ့ အခါ-------------------။

(၂)

" သူရဲကောင်းရွာမှာ သူရဲကောင်းရွေးချယ်ပွဲကြီး ကျင်းပ မလို့တဲ့။ ပြိုင်ဘက်ကို သေအောင်သတ်နိုင်မှ အနိုင်ရမယ်။ သရေပွဲဆိုတာ မရှိရဘူးဆိုပဲ"

ဒီသတင်းက အနယ်နယ်၊ အရပ်ရပ်ကို ပျံ့နှံ့သွားပါတယ်။ လူအများကလဲ စိတ်ဝင်စားကြတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ ကိုယ့်ရွာကို ဘယ်လို တိုးတက်လာအောင် အတူတကွ လက်တွဲကြိုးပမ်းကြမလဲဆိုတာပဲ စဉ်းစားကြတော့တဲ့ ခေတ်မှာ ရွာသားအချင်းချင်း သူသေ၊ ကိုယ်သေ ထိုးခုတ်ယှဉ်ပြိုင်ကြတဲ့ ဒီလိုရွာမျိုးဆိုတာက ရှာမှရှားပဲဆိုတော့လဲ အုတ်အော်သောင်းနင်း ဖြစ်သွားတော့တာပါပဲ။
ဒီလိုနဲ့ ထူးခြားတဲ့ လူသတ်ပွဲ (၀ါ) သူရဲကောင်းရွေးချယ်ပွဲကြီးကို တကူးတက သွားကြည့်ဖို့ ကြိုးပမ်းကြပါတော့တယ်။

ဒီအထဲမှာ တချိန်က သူရဲကောင်းရွာမှာ နေခဲ့ဖူးတဲ့ ဒေါ်အေးမိလဲ အပါအ၀င်ပေါ့။

(၃)

နှစ်ပေါင်းများစွာကြာမှ မွေးဖွားရာ ဇာတိရွာကို ပြန်ရောက်ရပေမယ့် ဒေါ်အေးမိ ခမျာ ရွာအခြေအနေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရရှာတယ်။

ရွာသားအချင်းချင်း အနိုင်မခံ၊ အရှုံးမပေး တိုက်ခိုက်စေတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ခွဲခြားမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေက ရွာကလေးမှာ အားကောင်းကောင်းနဲ့ အရှိန်ယူထားဆဲ။ တိုက်ရဲခိုက်ရဲ၊ သေရဲမှ သူရဲကောင်းဆိုတဲ့ အမြင်တွေကလဲ ကြီးစိုးဆဲ။ ရွာမြောက်ပိုင်းအုပ်စု၊ ရွာတောင်ပိုင်းအုပ်စု၊ ရွာအရှေ့ပိုင်းအုပ်စု၊ ရွာအနောက်ပိုင်းအုပ်စု၊ အိုးဂိုဏ်း၊ ကြိုးဂိုဏ်း စတဲ့ အုပ်စုဖွဲ့မှုတွေ၊ ဂိုဏ်းဂဏတွေ ပွားများပြီး၊ အသက်အရွယ်ကြီးရင့်သူတွေကလဲ အသက်အရွယ်နဲ့ အလိုက် တည်ငြိမ်အေးချမ်းမှု မရှာနိုင်ကြပဲ ကိုယ့်သက်ဆိုင်ရာ အုပ်စုတွေ၊ ဂိုဏ်းဂဏတွေကို တိုက်ခိုက်ရေး၊ သတ်ဖြတ်ရေး အမွေဆိုးတွေ သားစဉ်မြေးဆက် ဝေမျှနေကြဆဲ။

ဒီလိုအခြေအနေမှာ ထူးခြားတာကတော့ ရွာသားတွေအများစုက မ၀ရေစာ စားနေကြရတုန်းမှာ၊ ရွာက အိမ်ကောင်း၊ ခြံကောင်းတွေကိုတော့ ရွာနားနီးစပ်က တခြားရွာသားတွေက တက်နေနေကြတာပဲ။ ကိုယ့်ရွာထဲမှာ ရွာသားတွေက စားဝတ်နေရေးအတွက် တခြားရွာသားတွေကို မှီခိုနေကြရရှာတယ်လေ။ သူတို့ကျွေးတာစား၊ ပေးတာယူကြရတဲ့ ဘ၀။ ကိုယ့်ရွာက သူကြီးတို့အပါအ၀င် အားကောင်းမောင်းသန် လုပ်နိုင်ကိုင်နိုင်သူတွေဟာ အချင်းချင်းတိုက်ခိုက်ရေး၊ အနိုင်ယူရေးကိုသာ အာရုံစိုက်ကြ၊ ရွာပြင်ထွက်ပြီး ကိုယ့်ဘက်သူ့ဘက် အနိုင်ရရေးအတွက် တခြားရွာကြီးတွေကို ကူပါ၊ ကယ်ပါလို့ အကူအညီလိုက်တောင်းကြနဲ့ အလုပ်ရှုပ်နေလေတော့ ကိုယ့်ရွာအရေးကို လှည့်မကြည့်နိုင်ချိန်မှာ ရွာသားအများစုကတော့ ကိုယ့်ရွာ၊ ကိုယ့်မြေပေါ်မှာ တခြားရွာသားတွေကို ကျွန်ခံနေကြရတဲ့ ဘ၀ ရောက်နေပါပကောလား။

(၄)

သူရဲကောင်းရွေးချယ်ပွဲက ပြင်းထန်လှပါတယ်။
ရွာမှာရှိတဲ့ အုပ်စုတွေ၊ ဂိုဏ်းဂဏ အစုံအလင်တွေရဲ့ သူရဲကောင်း အလောင်းအလျာတွေက လက်မောင်းမှာ ကိုယ့်သက်ဆိုင်ရာ ပ၀ါလေးတွေ စီးလို့ အသေအကြေ တိုက်ခိုက်ကြပါရောလား။ ရွာက အသက်အရွယ်ကြီးရင့်သူတွေကလဲ အခြေအနေကို မထိန်းသိမ်းကြပဲ သူတို့ကိုယ်တိုင်ပါ လက်ခုပ်လက်ဝါးတီး အားပေးသူကပေး၊ မြှောက်ပေးသူတွေက မြှောက်ပေးနဲ့။ ရွာရဲ့ မျိုးဆက်သစ် လေးတွေကို သေတွင်းဆီ တွန်းပို့နေကြလေရဲ့။ တိုက်ရဲမှ၊ သေရဲမှ သူရဲကောင်းဆိုပြီး လက်သီးလက်မောင်းတွေ တန်းကြလို့။

ဒီလိုနဲ့ ညနေခင်းမှာတော့ ရွာအရှေ့ပိုင်းက သူရဲကောင်း အလောင်းအလျာနဲ့ ရွာအနောက်ပိုင်းက သူရဲကောင်း အလောင်းအလျာတို့ တိုက်ခိုက်ရေး စင်မြင့်ပေါ် လှမ်းတက်လာချိန်မှာတော့ အားလုံး ဟာခနဲ ဖြစ်သွားကြပါတော့တယ်။

ဖြစ်ဆို ဘယ်ဘက်လက်မောင်းမှာ ပတ်ထားတဲ့ လက်ပတ်အ၀ါလေးနဲ့ အစိမ်းလေးကို ကွာခြားတာက လွဲရင် ရုပ်ချင်းက ချွတ်စွပ်တူနေကြတာကိုး။ သူရဲကောင်းနှစ်ယောက်လဲ တယောက်နဲ့ တယောက် ကြောင်ပြီးတော့ ရပ်ကြည့်နေကြလေရဲ့။ ပရိသတ်မှာလဲ အသက်ပြင်းပြင်းတောင် မရှုရဲ။ ဒေါ်အေးမိမှာလဲ ရုတ်ခြည်း မှင်သက်မိသွားတယ်။

"ဟေ့။ ဘာကြောင်နေကြတာလဲ။ ချကြတော့လေ"
"ဟေ့။ တွေဝေမနေနဲ့။ မင်းရှေ့မှာ ရန်သူရောက်နေပြီ။ ရန်၊ ငါ စည်းပြတ်စမ်း"

အ၀ါအုပ်စုခေါင်းဆောင်နဲ့၊ အစိမ်းအုပ်စု ခေါင်းဆောင်ကြီးတွေက လက်သီးလက်မောင်းတန်းပြီး သူတို့ရဲ့ သူရဲကောင်း အလောင်းအလျာလေးတွေကို အသေအကြေ ချကြဖို့ အော်ဟစ်သတိပေးနေကြတယ်။ တဘက်နဲ့တဘက် အလစ်အငိုက် လက်ဦးသွားမှာကိုလဲ စိုးရိမ်ကြတယ် ထင်ပါရဲ့။

ဒီလို အော်ရင်းနဲ့ သူတို့ပါ စင်ပေါ် ပြေးတက်လာကြတယ်။
ဒီတော့မှလဲ မှင်သက်မိနေတဲ့ ဒေါ်အေးမိလဲ အသက်ဝင်သွားတယ်။

"ဟင်။ ဖိုးကောင်းတို့၊ မင်းဒင် တို့ပါလား။ ဒါဆို----။ ဒါဆို----”

အလန့်တကြား ရေရွတ်ရင်းနဲ့ ဒေါ်အေးမိလဲ စင်ပေါ်ကို လိုက်ပြေးတက်သွားမိပါလေရော။

(၅)

ဇောနဲ့မို့ လူတွေကို ဘယ်လိုတွန်းထိုးပြီး၊ စင်ပေါ်ရောက်သွားသလဲတောင် သူ့ဘာသာသူ မသိလိုက်ရှာဘူး။ သေချာတာကတော့ စင်ပေါ်မှာ တယောက်နဲ့တယောက် စိမ်းစိမ်းကြီး ကြောင်ကြည့်နေကြတဲ့ လူနှစ်ယောက်အကြားကို ဒေါ်အေးမိ ရောက်သွားခဲ့တာပါပဲ။

" ဟာ- ဒီအဖွားကြီးက ဘာဖြစ်တာလဲ။ သေချင်လို့လား"
"ဘာကိစ္စ ၀င်ရှုပ်ရတာတုန်း။ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာကိုး။ အရေးထဲ"
"ဓားခုတ်ရာ၊ လက်ဝင်ရှိုတယ် ဆိုတာ ဒါပဲထင်ပါရဲ့"

ပရိသတ်ထဲမှာ တီးတိုးသံတွေရော၊ အော်ဟစ်သံတွေရော အစုံအလင် ထွက်လာတယ်။

"နေကြပါဦးရှင်။ ကျွန်မ ပြောပြတာလေးကို နားထောင်ပေးကြပါဦး။ မမှားသင့်တာတွေ မမှားရအောင် ပြောပြချင်လို့ပါ။ ပြီးရင်တော့ ဒီက မောင်ရင်နှစ်ယောက်ကော၊ ပရိသတ်ကော ကျွန်မပြောပြီးမှ ဆုံးဖြတ်ကြပါရှင်။ ရှုပ်တယ် ထင်ရင်လဲ မောင်ရင်တို့ လက်ထဲက ဓားတွေနဲ့သာ အဒေါ့်ကို ခုတ်သတ်လိုက်ကြပါတော့"

ပရိသတ်က ငြိမ်သွားတယ်။ စင်ပေါ်ရောက်လာတဲ့ လူကြီးနှစ်ယောက်ကလဲ ဒေါ်အေးမိကို ပြူးတူးပြဲတဲ ကြည့်နေကြတယ်။

မိန်းမသားတယောက်က အသက်နဲ့ ရင်းပြီး ပြောလိုက်တာဆိုတော့ နည်းနည်းတော့ ငြိမ်သွားကြတယ်။ တယောက်မျက်နှာ တယောက်ကြည့်လိုက်၊ ဒေါ်အေးမိကို စူးစမ်းကြည့်နဲ့ လှမ်းကြည့်လိုက်ကြနဲ့။ စင်မြင့်ရဲ့ နောက်မှာတော့ သွေးရဲသံရဲ အလောင်းတွေက ပုံလို့။

စကားစပြောဖို့အတွက် ဒေါ်အေးမိက ချောင်းကို ဟန့်လိုက်တယ်။

(၆)

အေးမိ၊ ဖိုးကောင်း၊ မင်းဒင် တို့ဆိုတာက တရွာတည်းမှာ မွေးပြီး၊ ရွာက ကိုရင်ကြီးကျောင်းမှာ အတူတူ ပညာရည်နို့ သောက်စို့ခဲ့သူတွေပါ။ အေးမိက ထက်မြက်တယ်။ ဖိုးကောင်းက သူတပါးကို နိုင်ထက်စီးနင်း လုပ်လိုစိတ်ရှိတယ်။ မင်းဒင်က မဟုတ်မခံ စိတ်ဓာတ် ရှိတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာကြတော့ ရွာမှာ ပေါ်ပေါက်နေတဲ့ အရောင်အသွေးစုံ အဖွဲ့အစည်းတွေထဲ သူတို့တွေ ရောက်သွားခဲ့ကြတယ်။ ဒီတုန်းက အေးမိနဲ့ မင်းဒင်တို့ရဲ့ အဖွဲ့တွေက မဟာမိတ်ပြုထားပြီး၊ ဖိုးကောင်းတို့အဖွဲ့တွေနဲ့ တိုက်နေကြတယ်။

တညမှာတော့ တိုက်ပွဲဖြစ်နေတုန်း အေးမိတို့စခန်းကို ဖိုးကောင်းတို့ လာတိုက်လို့ ဆုတ်ခွာ ပြေးကြရတယ်။ အဲဒီမှာ အေးမိတို့အဖွဲ့က မခင်ကြည်ရဲ့ အမြွာသားလေးတယောက် စခန်းမှာ ကျန်ရစ်ခဲ့တယ်။ ပြေးရင်းလွှားရင်းနဲ့ မခင်ကြည်လဲ ဒဏ်ရာနဲ့ကျဆုံးသွားတာကြောင့် အေးမိကပဲ နို့စို့ကလေးငယ်လေးကို ရင်ဝယ်ပိုက်ခဲ့ရပြန်တယ်။ ဒီလိုနဲ့ နောက်ဆုံး မင်းဒင်တို့အဖွဲ့ရဲ့စခန်းကို ရောက်ပြီး ကလေးငယ်လေးကို ခေတ္တအပ်ထားခဲ့ရာက--------------။

"မင်းဒင်။ ကျုပ်ကို မှတ်မိသေးတယ် မဟုတ်လား။ ပြောစမ်းပါတော်။ ခု ကျုပ်ရှေ့က နှစ်ယောက်ထဲက တယောက်ဟာ တော့်ဆီမှာ ကျုပ်အပ်ထားခဲ့တဲ့ ကလေး မဟုတ်လား"

မင်းဒင်က ခေါင်းငြိမ့်လိုက်တော့ ပရိသတ်ထဲမှာ ဝေါကနဲ အသံတွေ ဆူညံလာပြန်ရော။

"အရေးထဲမှာကွာ။ ဆွေမျိုး စပ်နေကြသေးတယ်။ ဟေ့ကောင်တွေ။ ယောက်ျားတွေ မဟုတ်ဘူးလား။ ချမှာဖြင့် ချကြတော့လေကွာ"

ပရိသတ်ထဲက သွေးဆူနေသူတွေရဲ့ မြှောက်ထိုးပင့်ကော် အသံတွေကလဲ ထွက်လာတယ်။
ဖိုးကောင်းကလဲ မျက်ထောင့်နီကြီးနဲ့ အေးမိကို ကြည့်တယ်။ ဖိုးကောင်းကိုကြည့်ပြီး၊ မင်းဒင်ရဲ့ မျက်နှာ အမူအယာကလဲ ပြောင်းသွားပြန်တယ်။

နှစ်ပေါင်းများစွာ ရန်ငါစည်းနဲ့ ထိပ်တိုက်ရင်ဆိုင်လာကြသူတွေ တယောက်နဲ့တယောက် အခဲမကြေကြ။

"အို၊ ဘာပဲဖြစ်ဖြစ်။ ဒီပွဲအတွက် ငါတို့တွေ နှစ်ပေါင်းများစွာ ပြင်ဆင်ပြီး၊ ရင်းနှီးလာခဲ့ကြရတာ။ ခုလို အနိုင်အရှုံး ကွဲပြားခါနီးကျမှ ဘယ်သူ့ကိုမှ ဒူးမထောက်နိုင်ဘူးကွ"

ဖိုးကောင်းက အံကြိတ်ပြီး ကြွေးကြော်တယ်။ ပရိသတ်ထဲက တချို့က ဟေးခနဲ ညာသံပေးကြတယ်။

"အေး။ ငါကလဲ ဘယ်တော့မှ ဒူးမထောက်ဘူးကွ။ တချိန်ကျရင် ငါတို့ပဲ နိုင်ရမှာ"

မင်းဒင်က ကြွေးကြော်ပြန်တယ်။ ပရိသတ်ထဲက ဟေးခနဲ အော်သံတွေ ထွက်လာပြန်တယ်။

"အို- မလုပ်ကြနဲ့လေ"
"လုပ်ကြပါဦး။ အမြွာညီအစ်ကိုတွေ သတ်ကြတော့မယ်။ လူကြီးတွေကလဲတော်။ ကိုယ့်အသက်အရွယ်မှ ကိုယ်အားမနာ။ ကလေးတွေကို မြှောက်ပေးနေလိုက်ကြတာ"

နှစ်ဘက်စလုံးကို မထောက်ခံတဲ့ အသံတွေကလဲ တီးတိုးထွက်ပေါ်လာပြန်တယ်။

(၇)

"ခဏလေး နေကြပါဦးရှင်။ ကျွန်မ စကားကို ဆုံးအောင် နားထောင်ပေးကြပါဦး"
ဒေါ်အေးမိက ၀င်ပြောပြန်တယ်။
"ဟာ- ဒီအဖွားကြီးကလဲ တမှောင့်။ သေတော့မှာပဲ"
စိတ်မရှည်သူတွေက အော်ဟစ်လိုက်ပေမယ့် ကာယကံရှင် တိုက်ခိုက်မယ့်သူနှစ်ယောက်က မလှုပ်မယှက် ဖြစ်နေတာမို့ ငြိမ်သွားကြပြန်တယ်။

" လက်နက်တွေ စွဲကိုင်ထားကြတဲ့ ဒီကလေး နှစ်ယောက်ကို ကြည့်လိုက်ကြပါရှင်။ သူတို့ရဲ့ လက်ပတ်လေးတွေ အရောင်တွေ ကွဲပြားနေတာကလွဲရင် တကယ်တော့ သူတို့တွေက ရုပ်ချင်းခွဲမရအောင်တူတဲ့ အမြွာညီအစ်ကို ရင်းတွေပါ။ ကျွန်မရဲ့ စင်နောက်မှာ ခုနတုန်းက တိုက်ရင်းခိုက်ရင်း သေသွားတဲ့ ကလေးတွေရဲ့ အလောင်းတွေ ပုံထားပါတယ်။ တကယ်တမ်းကျတော့ သူတို့လေးတွေကလဲ ဒီသူရဲကောင်းရွာမှာ မွေးဖွားခဲ့ကြတဲ့ သူရဲကောင်းရွာသားလေးတွေပါ။ တချိန်တုန်းက ကျွန်မကိုယ်တိုင်လဲ ဒီလိုပဲ။ တိုက်ရဲ၊ ခိုက်ရဲ၊ သေရဲ၊ သတ်ရဲမှ သူရဲကောင်းပီသတယ် ဆိုပြီး ကိုယ့်အဖွဲ့အစည်းအတွက်၊ ကိုယ့်လက်ပတ်အရောင်အတွက် အသက်စွန့်ဖို့ ၀န်မလေးခဲ့သူပါ။ ဒါပေမယ့် ဒီလိုတွေ အသက်စွန့်ခဲ့ကြရင်း လူတွေအများကြီး သေကြေပျက်စီးခဲ့ကြပြီ။ နှစ်ပေါင်းများစွာလဲ ကြာခဲ့ကြပြီ။ ခုချိန်မှာ ဘယ်အဖွဲ့က အနိုင်ရနေသလဲ။ ဘယ်ဂိုဏ်းက အားလုံးကို နိုင်အောင် တိုက်နိုင်သလဲ။ ဒီနေ့ပွဲမှာ တဖွဲ့ဖွဲ့က အနိုင်ရလိုက်ရင်ရော ဒီပွဲက ပြီးသွားမှာလား။ ရှုံးသူတွေက တခါပြန်ပြီး ပြင်ဆင်ကြဦးမယ်။ ပြန်တိုက်ကြဦးမယ်။ ဒါတွေက ဘယ်တော့ ပြီးသွားမှာလဲ။ ဘယ်တော့ အဆုံးသတ်ကြမှာလဲ။ ကျွန်မတို့တတွေ ဒီလို တိုက်နေကြတာက ရွာအတွက်ကော ဘာအကျိုးတွေ ရှိစေခဲ့သလဲ။

ကြည့်လိုက်စမ်းပါရှင်။ ကျွန်မတို့ရဲ့ ရွာလေးကို။ ကျွန်မတို့တွေ အချင်းချင်း၊ တိုက်ဖို့ခိုက်ဖို့ပဲ အာရုံစိုက်နေကြချိန်မှာ ရွာသားတွေ အများစုနေတဲ့အိမ်တွေက ခနော်ခနဲ့ ဖြစ်နေပြီ။ အိမ်ကြီး၊ အိမ်ကောင်းတွေကို တခြားရွာသားတွေက တက်နေနေကြပြီ။ ကျွန်မတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေက သူတို့လက်ခုပ်ထဲက ရေဖြစ်နေပြီ။ သူတို့ချကျွေးတဲ့ အရိုးအရင်းတွေကို ကျွန်မတို့ ရွာသားတွေ ကိုက်နေကြရပြီ။ သူတို့ လက်ညိုးညွန်ခိုင်းစေရာကို ကျွန်မတို့ ရွာသားတွေ လုပ်နေကြရပြီ။ အချင်းချင်း ဒူးမထောက်ဘူးဆိုတဲ့ ကျွန်မတို့ ရွာသားတွေဟာ ရွာထဲမှာလဲ တခြားရွာသားတွေ ရှေ့မှာ၊ ရွာပြင်မှာလဲ တခြားရွာသားတွေရှေ့မှာ ဒူးထောက်နေကြရပြီ။ ကျွန်ခံနေကြရပြီ။ တချိန်တုန်းက ကျူးကျော်သူတွေကို တွန်းလှန်ခဲ့တဲ့ ကျွန်မတို့ရွာဟာ ခုတော့ ဒီကျူးကျော်သူတွေကိုမှ လာကြပါ၊ ကယ်ကြပါလို့ တောင်းပန်ခေါ်ယူနေရပြီ။ ရွာကြီးတွေက ဟိုအုပ်စုမြှောက်ပေးလိုက်၊ ဒီအုပ်စု မြှောက်ပေးလိုက်နဲ့ သူတော်ကောင်းယောင်ဆောင် ကယ်တင်ရှင်ဝင်လုပ်နေတာကို ခံနေကြရပြီ။ရွာကလေးကိုလဲ ကြည့်လိုက်ကြစမ်းပါရှင်။ ဒီရွာလေးပေါ်မှာ ကျွန်မတို့ ဘိုးဘွားတွေ ထားခဲ့တဲ့ သယံဇာတတွေ ကျန်နေသေးရဲ့လား။ ရွာလေးကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် မျိုးဆက်သစ် လူငယ်လေးတွေကော ကျန်နေသေးရဲ့လား။ ဟိုးနောက်က အလောင်းပုံထဲမှာလေ၊ ကျွန်မတို့ ရွာလေးကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် မျိုးဆက်လေးတွေ အများကြီးပဲ ရှိနေခဲ့တယ်ဆိုတာ ရှင်တို့တွေ သတိထားမိခဲ့ရဲ့လား။ ဒီက မောင်ရင်လေးတို့ရယ်။ ဓားတချက် ဝှေ့ယမ်းပြီး၊ ညီအစ်ကို အချင်းချင်းရဲ့ အသက်ကိုသတ်၊ သူရဲကောင်းဘွဲ့ ယူမယ့်အစား၊ ပေါက်တူးတလက်နဲ့ စိုက်ပျိုးသူမဲ့နေတဲ့ မြေပေါ်မှာ ပျိုးတခင်းကို ပျိုးပြီး၊ ရွာအကျိုးဆောင် သူရဲကောင်းဘွဲ့တွေကိုပဲ ယူကြပါကွယ်။ ကဲ- အဒေါ်ပြောချင်တာတွေတော့ ကုန်သွားပြီ။ ဒီလိုပြောလို့ ရှုပ်တယ်ဆိုရင်လဲ မောင်ရင်တို့ သဘောပဲကွယ်----”

ပြောပြီးချိန်မှာ ဒေါ်အေးမိက အားလုံးရှေ့မှာ ဒူးထောက်ပြီး လည်စင်းပေးလိုက်ပါတယ်။

လူငယ်လေးတွေရဲ့ ဓားတွေကဒေါ်အေးမိရဲ့ ဂုတ်ပေါ်ကိုပဲ  ၀ဲပျံသွားလေမလား၊ မြေပေါ်ကိုပဲ လွတ်ကျသွားလေမလား ဆိုတာကတော့ မျိုးဆက်သစ် လူငယ်လေးတွေဟာ အတွေးအခေါ်၊ အယူအဆဟောင်းတွေထဲမှာပဲ နေဖို့ ဆုံးဖြတ်ကြမလား၊ အမြင်သစ်တွေနဲ့ ရွာလေးကို အတူတကွ တည်ဆောက်ဖို့ ဆုံးဖြတ်ကြမလား ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ရင်း-----။

ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို ရည်သန်လျက်။

ခင်မမမျိုး (၁၈၊ ၃၊ ၂၀၁၂)

No comments: