ယမန်နှစ် အသုံးစရိတ်ထက် ၃၀ ရာခိုင်နှုန်းပိုတင်သော ၀န်ကြီးဌာနရှစ်ခု၏ အသုံးစရိတ်များကို လျှော့ချခြင်း၊

ယမန်နှစ် အသုံးစရိတ်ထက် ၃၀ ရာခိုင်နှုန်းပိုတင်သော ၀န်ကြီးဌာနရှစ်ခု၏ အသုံးစရိတ်များကို လျှော့ချခြင်း၊ သာမန်အသုံးစရိတ် ကျပ် ၇၁၈၄၀၀ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁၅၂၀၃၉ သန်း လျှော့ချခြင်းများ ပြုလုပ်ကာ ၂၀၁၂ ခုနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြု
Sunday, 25 March 2012 12:02

7264
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
ယမန်နှစ် အသုံးစရိတ်ထက် ၃၀ ရာခိုင်နှုန်း ပိုတင်သော ၀န်ကြီးဌာနရှစ်ခု၏ အသုံးစရိတ်များကို လျှော့ချခြင်း၊ သာမန်အသုံးစရိတ် ကျပ် ၇၁၈၄၀၀ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁၅၂၀၃၉ သန်း လျှော့ချခြင်းများ ပြုလုပ်ကာ ၂၀၁၂ ခုနှစ်အတွက် ပြည်ထောင်စု ၏ ဘတ်ဂျက် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် မှ မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီး ဌာနမှ တင်သွင်းခဲ့သော ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ ဗိုလ်မှူးကြီးလှထွန်းက “ပြည်ထောင်စု၏ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်ရငွေသုံးငွေစာရင်းမှ သာမန်အသုံးစရိတ်ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး သာမန်အသုံးစရိတ် ထက် ၃၀ ရာခိုင်နှုန်းသာ ပိုသုံးသင့်ကြောင်း၊ ၃၀ ရာခိုင်နှုန်းထက် ပိုသော ၀န်ကြီး ဌာနရှစ်ခုမှ အသုံးစရိတ်များကို လျှော့ချသင့်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေအနေအရ ငွေလုံး ငွေရင်း အသုံးစရိတ်အချို့အား စိစစ်၍လျှော့ချသုံးစွဲခြင်း၊ လုပ်ငန်းများ ဆိုင်းငံ့ခြင်းပြုလုပ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ အဆိုပြုပါတယ်”ဟု ပြောကြားခဲ့သည်။
၎င်းအဆိုနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက “ပြည်ထောင်စုလွှတ်တော်က အဆိုပြုချက်မှာ သာမန်အသုံးစရိတ်ကျပ် ၇၁၈၄၀၀ ဒသမ ၀၀၀ သန်းနဲ့ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁၅၂၀၃၉ ဒသမ ၀၀၀ သန်း လျှော့ချသင့်ကြောင်းပါ ရှိပါတယ်။  ထိုသို့ အဆိုပြုလာမှု အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၀န်ကြီး ဌာနများနှင့်ညှိနှိုင်းပြီး ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်ရငွေ သုံးငွေစာရင်းမှ သာမန်အသုံးစရိတ်အချို့လျှော့ချပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှ လုပ်ငန်းများအား လျှော့ချခြင်း၊ ဆိုင်းငံ့ခြင်းများပြုလုပ်၍ ငွေလုံးငွေရင်းအသုံးစရိတ် အချို့ လျှော့ချခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှ အဆိုပြုမထား သော်လည်း ပြည်ထောင်စု အစိုးရအနေဖြင့် အချို့ ၀န်ကြီးဌာနများ၏ သာမန်အသုံး စရိတ်များထပ်မံစိစစ်လျှော့ချခဲ့ပါတယ်။ ၀န်ကြီးဌာနများမှ လျှော့ချခဲ့ သည့် သာမန်အသုံးစရိတ်မှာ ကျပ် ၁၂၁၂၃၀ ဒသမ ၃၁၈ သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ်မှာ ကျပ် ၉၁၀၂၉၈ ဒသမ ၁၇၇ သန်းဖြစ်ပါ တယ်။ ပြည်ထောင်စု၏ဘတ်ဂျက် အသုံးစရိတ်များ လျှော့ချခြင်းအပြင် ၀န်ထမ်းများရဲ့ အပိုထောက်ပံ့ကြေးနဲ့ လုပ်ခတိုးမြှင့်ပေးခြင်း၊ ဒေသစရိတ် တိုးမြှင့်ပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ထောက်ပံ့ငွေနှင့်ချေး ငွေများတိုးမြှင့်ပေးရခြင်း စသည့် အသုံးစရိတ် ပြောင်းလဲမှုများကြောင့် ပြည်ထောင်စု၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ရ သုံးခန့်မှန်းခြေ ငွေစာရင်းအား ပြင်ဆင်ရေးဆွဲခဲ့ရပါတယ်။ ထိုသို့ ပြင်ဆင်ရေးဆွဲရာတွင် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးဖြစ်သော ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲခဲ့ပါတယ်။ မူလကလိုငွေ ၂၅၁၇၈၈၈ သန်းရှိ နေရာမှ ယခုပြင်ဆင်ရေးဆွဲခြင်း ကြောင့် လိုငွေ ၁၉၅၃၇၁၂သန်းအထိ လျှော့ချခဲ့ပြီး လိုငွေနှင့် GDP အချိုးမှာ ယခင်က ၄ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ယခုအခါ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းက “ပညာရေး အသုံးစရိတ်အပိုင်းမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ် စုစုပေါင်းကျပ် ၃၁၀၄၀၁ ဒသမ ၆၉၈သန်းလျာထား သုံးစွဲခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ရသုံးခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ် စုစုပေါင်းမှာ ကျပ် ၆၁၇၂၁၄ ဒသမ ၀၁၀ သန်း လျာထားသည့်အတွက် နှစ်ဆခန့်တိုးတက် လျာထားခြင်းမှာ ဖြစ်သင့်ပါတယ်။ ကျန်းမာရေး အသုံးစရိတ်မှာလည်း ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆခန့် တိုးမြှင့်လာတဲ့အတွက် လျော်ကန်သင့်မြတ်ပါတယ်။ စွမ်းအင် ၀န်ကြီးဌာနအနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ လိုငွေကျပ် ၄၅၈၈၅ ဒသမ ၉၉၉ သန်းပေါ်ပေါက်ခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပိုငွေကျပ် ၁၃၀၆၅၄၆ ဒသမ ၂၆၉ သန်းလို့ ဖော်ပြခဲ့တဲ့အတွက် ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ကျပ်သန်းပေါင်းများစွာ လိုငွေပြရာ မှ ကျပ်သန်းပေါင်း သန်းဂဏန်း ပိုငွေပြမှုကြောင့် မှန်မှန်ကန်ကန် တင်ပြလာတဲ့အတွက် ထောက်ခံပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနမှ ၀င်ငွေများ ကိုဖော်ပြရာ၌ ကျောက်မျက်ရတနာ မှရငွေ၊ ရွှေလုပ်ငန်းမှရငွေနှင့် ကျောက်မီးသွေး အပါအ၀င် ဓာတ် သတ္တုမှရရှိမည့် ငွေများဟူ၍ သီးခြား ဖော်ပြထားခြင်း မရှိသည့် အတွက် တိကျစွာ ဖော်ပြသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ၂၀၁၂ ခုနှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် ပြည်ထောင်စုလွှတ်တော် အဆုံးအဖြတ် ရယူရာတွင် ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့ကြောင်း သိရှိရသည်။

No comments: