မြန်မာနိုင်ငံတွင်မွေးဖွားပြီး မြန်မာနိုင်ငံတွင်ကြီးပြင်းခဲ့သော နိုင်ငံမဲ့နေသည့် ဗမာလူမျိုး အင်ပင်ဝကျေးရွာသူကျေးရွာသားများ




မြန်မာနိုင်ငံ
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ချက်
၁၃၇၃ ခုနှစ်၊ တပေါင်းလဆုတ် ၃ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မတ်လ ( ၁၀ ) ရက် )
မန်မာနိုင်ငံတွင်မွေးဖွားပြီး မြန်မာနိုင်ငံတွင်ကြီးပြင်းခဲ့သော နိုင်ငံမဲ့နေသည့် ဗမာလူမျိုး အင်ပင်ဝကျေးရွာသူကျေးရွာသားများ
မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ်သီးပင်ကုန်းအုပ်စုအမှတ်(၂)အင်ပင်ဝကျေးရွာသစ်အတွင်းရှိကျေးရွာသူ ကျေးရွာသားများ အပေါ် လူ့အခွင့်အရေး ကြီးမားစွာ ချိုးဖောက်ခံရမှုနှင့်ပက်သတ်၍ ၎င်းရွာတွင် သာသနာပြုနေသည့် ရဟန်းတစ်ပါးဖြစ်သူ ဦးသူရိယ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးများနှင့် သဘောထားအမြင်

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ်သီးပင်ကုန်းကျေးရွာအုပ်စုအင်ပင်ဝကျေးရွာဟောင်းမှအင်ပင်ဝကျေးရွာသစ်သို့ ပြောင်းရွှေ့နေထိုင်သူရွာသူရွာသားများမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သို့ လိပ်မူ၍ မိတ္တူကို ၀န်ကြီးဌာနအသီးသီး နှင့် တိုင်းဒေသကြီး ခရိုင်အဆင့်သို့တစ်ကြိမ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့နေ့စွဲဖြင့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သို့ လိပ်မူ၍ မိတ္တူကို နိုင်ငံတော်သမ္မတရုံး ပြည်ထဲရေးဝန်ကြီးဌာန မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှုး သို့တစ်ကြိမ် အသနားခံ တင်ပြတောင်းခံခဲ့သော်လည်းထူးခြားမှုမရှိခဲ့ပါ။

ယခုလက်တလောတွင်လည်း မိတ္ထီလာမြို့နယ် အင်ပင်ဝကျေးရွာ (ရွာသစ်)အတွင်း တွင်နေထိုင်ကြသော ရွာသူရွာသားများအား စစ်တပ်မှ အမြှောက်စက်ပစ်ကွင်း မလွတ်ဟုဆိုကာ (၅.၃.၂၀၁၂) နေ့(၁၂)နာရီ နောက်ဆုံးထားရွှေ့ပြောင်းပေးရန်အတွက်သတိပေးထုတ်ပြန်ထားသောကြောင့် ကျေးရွာသူကျေးရွာသားများမှာ စိုးရိမ်ကြောင့်ကြမှုများစွာဖြစ်ပေါ်နေရပါသည်။ကျေးရွာသူကျေးရွာသားများ ၎င်းရွာမှရွှေ့ပြောင်းခြင်းမခံရအောင် မိမိအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များ နှင့် တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့ပါသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့စဉ်အတွင်းမိမိအားရိုင်းပျသည့်စကားလုံးများသုံးကာပြောဆိုဆက်ဆံမှု့များခြိမ်းခြောက်ပြုမူမှု့များကို အကြိမ်ကြိမ်ကြုံတွေ့ခံစားခဲ့ရပါသည်။ ၎င်းဖြစ်စဉ်များမှာ ၂၀၁၁ ခုနှစ် မေလ ၂၅ ရက်နေ့က မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုးမှ သံဃာကိုဆပ်ကပ်ထားသော ဘောစဉ်ပွဲအား ခွင့်မတောင်းပဲ အတင်းယူစား ခြင်းကြောင့် မိမိမှ၎င်းအား `ဒကာကြီးက ဘယ်ဌာနကလဲ´ ဟု မေးလိုက်ပါသည်။ ဦးခင်မောင်စိုးမှ မိမိအား ယခုလိုမေးမြန်းသည့်အတွက် မြို့နယ်သံဃာ့ရုံးသို့ နှစ်ကြိမ်ဆင့်ခေါ် ခဲ့ပါသည်။ ပထမ အကြိမ်တွင်ခရိုင်သာသနာရေးမှုးက `မင်းတို့နေတဲ့နေရာဟာတပ်သိမ်းမြေဖြစ်တဲ့အတွက် တရားမ၀င်ကျူးကျော်ဝင်ရောက်နေထိုင်လို့ ချက်ခြင်းထောင်ချလို့ရတယ် မင်းတို့ ပြောတာနားထောင်ဖို့မဟုတ်ဘူး ငါတို့ပြောတာပဲနားထောင်ရမယ် ခိုင်းတာပဲလုပ်ရမယ်´ ဟုပြောပါသည်။ဒုတိယအကြိမ်တွင်လည်း မြို့နယ် သံဃာ့နာယက အတွင်းရေးမှုးနှင့်အဖွဲ့ဝင်များက သံဃာကို သံဃာလိုမဆက်ဆံပဲ `မင်းကိုအခုပစ်သတ်လို့ ရတယ် ထောင်ချလိုက်မယ် လူဝတ်လဲမယ်´ ဟု ယုတ်ရင်း ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့ပါသည်။၎င်းအချိန် တွင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးနိုင်နှင့် ရာအိမ်မှူးဦးဝင်းမောင်တို့လည်း ရှိနေပါသည်။မိမိမှလည်း `ဆရာတော် များရဲ့ဆန္ဒအတိုင်းအသေခံဝံ့ပါတယ် အများဒကာများနှင့်ဘာသာ သာသနာအတွက် အသက်ကိုပေးလှူပါတယ်
ဘုရား´ ဟုလျှောက်ထားခဲ့ပါသည်။ မကြာသေးခင်၂.၃.၂၀၁၂ ခုနှစ် ကလည်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုးကိုယ်တိုင် ရွာအရောက်ဆင်းလာပြီး `ဒီနေရာဟာ တရားဝင်နေရာမဟုတ်ဘူး မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား လုပ်မပေးနိုင်ဘူး´ဟု အတိအလင်းပြောကြားသွားခဲ့ပါသည်။မိမိတို့ကျေးရွာသူကျေးရွာသား အများစုမှာ အိမ်ထောင်စုဇယားနှင့်မှတ်ပုံတင် ထုတ်မပေးခြင်းတို့ကြောင့် နိုင်ငံမဲ့နေသော နိုင်ငံသားများ ကဲ့သို့ ဖြစ်နေ ပါသည်။ယင်းအဖြစ်အပျက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား နိုင်ငံသားများ၏ အခွင့်ရေးများ ဆုံးရှူံးခဲ့ရပါသည်။ မိမိမှာ ပညာမတတ် ဘာသာရေးနားမလည်သည့် ကျေးရွာအတွင်း နေထိုင်သည့်ကလေးငယ် များအတွက်ကျောင်းဆရာနှစ်ယောက်ဌားရမ်းပြီး ပညာသင်ပေးခဲ့သည်မှာ လေးနှစ်ရာသီထဲသို့ရောက်ခဲ့ပြီး ငါးနှစ်အောက်ကလေးများအပါအ၀င် သက်ကြီးရွယ်အိုများအားလုံးအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ခွင့်မရရှိ ခဲ့သည်မှာလည်း လေးနှစ်ကျော်ငါးနှစ်ထဲသို့ရောက်ခဲ့ပါပြီ မသေသင့်ပဲနှင့် အသက်သေဆုံးခဲ့ရသည့်ဖြစ်ရပ်များနှင့် လည်းအကြိမ်ကြိမ်ကြုံတွေ့ခံစားခဲ့ရပါသည်။ မြို့နယ်သံဃာ့နာယကမှ `သူ့ကိုတော့ဓမ္မစက်နှင့် ဆောင်ရွက်လို့မရ ဘူး အာဏာစက်နှင့်သာ လုပ်ဆောင်တော့´  ဟုမြို့နယ်အာဏာပိုင် အဖွဲ့စည်းများကို မိမိအား လွှဲအပ်ညွှန်ကြား သည့်ဖြစ်ရပ်နှင့်ကြုံတွေ့နေရပါသည်။ထို့ကြောင့် အခက်ခဲပေါင်း များစွာနှင့် ကြုံတွေ့ခံစားနေရသလို သာသနာ ပြုခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်တို့အတွက် အများဒကာအပါအ၀င် မိမိမှာလည်း စိတ်ပင်ပန်းဆင်းရဲကြီးစွာ ခံစားနေရပါသည်။
နောက်ဆုံးအနေဖြင့်မိမိပြောကြားလိုသည်မှာ ယခုအချိန်တွင် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းအတွက် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂၃ ရက် အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုသင်တန်း ဆင်းလျှက်ရှိသည်ဟုကြားသိရပါသည်။ လက်တွေ့တွင် တစ်စုံတစ်ရာ အန္တရာယ်မရှိပါ ကြက်တစ်ကောင် တောင်လန့်ဖြန့်မှူ့မရှိပါ။ ရွာအနီးပတ်ဝန်းကျင်သို့လည်း နေထိုင်စဉ်ကာလ ၁၂ နှစ်အတွင်း လက်နက်ကြီး လက်နက်ငယ် တစ်စုံတစ်ရာမှကျရောက်ခြင်းမရှိခဲ့ပါ။ယခု လက်ရှိနေထိုင်နေသောနေရာသည် ကျေးရွာသူ ကျေးရွာသားများ၏ လူမှု့ရေး စီးပွားရေး ဘာသာရေး ပညာရေး အားလုံးအတွက် အသင့်တော်ဆုံးနေရာ ဖြစ်သလို သက်ရှိ ကျွဲနွား တိရိစ္ဆာန်များ များအတွက်လည်း တစ်စုံတစ်ရာ အန္တရာယ်မရှိပါ။ နိုင်ငံတော်မှ ရွှေ့ပြောင်းထားမည့်နေရာမှာ လူနှင့်တိရိစ္ဆာန်များအတွက် သောက်သုံးရေ လုံးဝမရှိပါ။ ပြောင်းရွှေ့လာရမည့် ကျေးရွာသူကျေးရွာသားများ၏ လူမှု့ဘ၀အသက်ရှိရေး အတွက် အထောက်ကူဖြစ်စေမည့် အလုပ်အကိုင် လယ်ယာမြေ လုံးဝမရှိပါ။ ထို့ကြောင့် နိုင်ငံတော်မှ ရွှေ့ပြောင်းချထားမည့် နေရာတွင် ငတ်ပြတ်ပြီး သေရမှာထက်စာရင် အစာ၀၀စားပြီး သေနတ်မှန်၍ အသေခံကြမည် ဟုဆုံးဖြတ်ကာ ကျေးရွာသူ ကျေးရွာသား များကဆက်လက်နေထိုင်နေခြင်းဖြစ်သည်။ထို့ကြောင့်မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် သီးပင်ကုန်းအုပ်စု အမှတ်(၂)အင်ပင်ဝကျေးရွာသစ်အတွင်းရှိကျေးရွာသူ ကျေးရွာသားများ အပေါ် လူ့အခွင့်အရေး ကြီးမားစွာ ချိုးဖောက်ခံရမှု့အပေါ် နိုင်ငံတကာအဖွဲ့အစည်းများနေဖြင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် ကူညီဆောင်ရွက်ပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

အင်ပင်ဝကျေးရွာ၏ထူးခြားဖြစ်စဉ်များ
1.      ၁၉၉၇ - ၉၈ ခုနှစ်တွင် မူလနေထိုင်သော အင်ပင်ဝကျေးရွာမှ ရေဝေအုပ်စုရှိ ကျောက်အိုးရွာ အနီးသို့ ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နှင့် မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ မှကျေးရွာသူကျေးရွာသားများအား ပြောင်းရွှေ့ခိုင်းခဲ့ပါသည်။
2.      ၎င်းရွာတွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိနေထိုင်ခဲ့သည် ။
3.      ရွာ၏အနီးတွင် တောင်သူဦးကြီးများအား လုပ်ကိုင်စားသောက်ရန်အတွက် မြို့နယ်မှ ဧက ဒသမ ၃၀ခန့်  ချထားပေးခဲ့သည်။
4.      စားဝတ်နေရေးအဆင်မပြေပါ၍ ယာလုပ်တဲများနှင့် လုပ်ကိုင်စားသောက်ရသည့် အခြေနေများအား နိုင်ငံတော်အစိုးရထံသို့ အသနားခံစာ တင်ခဲ့ပါသည်။

5.      ဤအသနားခံစာနှင့်ပတ်သက်၍ ၉.၂.၂၀၀၀ ခုနှစ်တွင်တောင်သူဦးကြီး ဦးမြင့်နိုင်၊ ဦးဖိုးရှင်၊ ဦးကျင်ရွှေ၊ ဦးတင့်စိန်၊ ဦးပြေသိန်း တို့အား မိတ္ထီလာထောင်အချုပ်ဆောင်တွင် သုံးလခန့် ချုပ်နှောင်ဖမ်းဆီး ခဲ့ပါသည်။ ဤငါးဦး၏ မိသားစုဝင်များမှာ စိတ်ဆင်းရဲပြီး ဒုက္ခဆင်းရဲမှု့ဒါဏ်ကိုခံစားခဲ့ရပါသည်။

6.      ရွှေ့ပြောင်းခံခဲ့ရသည့်ရွာအနီးတွင် လုပ်ကိုင်စားသောက်ရန် မြေယာမရှိသဖြင့် ၂၀၀၁ ခုနှစ်တွင် မိမိပိုင် ယာမြေများဆီသို့ ယာလုပ်တဲများ ပြန်လည်ဆောက်လုပ်၍ လုပ်ကိုင်စားသောက်ခဲ့ရပါသည်။
7.      ဤကဲ့သို့လုပ်ကိုင်စားသောက်ခဲ့စေသော်လည်းမြို့နယ် နယ်မြေခံရဲများက ယာလုပ်တဲများအား လိုက်လံ ဖျက်ဆီးခြင်းပြုလုပ်ခဲ့ပါသည်။
8.      တဲဖျက်စဉ်ကာလတွင် တောင်သူဦးကြီးဦးမိုးညို၏လည်မျိုးအားညှစ်၍ ခြိမ်းခြောက်ခဲ့ပါသည်။
9.      တောင်သူဦးကြီး ဦးအောင်ထွေးအား သေနတ်ဒင်ဖြင့် ထုမည်ထောင်းမည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။
10.  တောင်သူဦးအောင်ချစ်အားလည်း နယ်မြေခံရဲများက ဥပဒေမဲ့လက်ထိပ်ခတ်ခဲ့ပါသည်။
11.  ၂၀၀၄ ခုနှစ်တွင် ရွှေ့ပြောင်းထားသောရွာမှ ယာလုပ်တဲသို့အပြန်တွင် တောင်ကျချောင်းရေပါ၍ တောင်သူဦးကြီးဦးရွှေဒုံး မှာမုန်တိုင်ဆည်အတွင်းသို့မျောပါသွားခဲ့ပါသည်။ရွာသူရွာသားများမှ လိုက်လံရှာဖွေရာ အလောင်းကိုသာ ဆယ်ယုရရှိခဲ့ပါသည်။
12.  ၂၀၀၅ ခုနှစ်တွင် ဦးအောင်ဝင်း၏သား ယာလုပ်တဲတွင်သေဆုံး၍ ရက်လည်ဆွမ်းသွပ် တရားနာပွဲ ပြုလုပ်ရန်အတွက်ဘုန်းကြီးပင့်ရာ သက်ဆိုင်ရာအာဏာပိုင်များက ခွင့်မပြုသဖြင့် ဆွမ်းသွပ်တရားနာခွင့် မရရှိခဲ့ပါ။ယင်းသို့ဘုန်းကြီးပင့်ရာခွင့်မပြုခြင်းသည်ဘာသာရေးအရပိတ်ဆို့တားဆီးမှု့တစ်ခုပင်ဖြစ်သည်
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် မိသားစုနှင့် ပြည်သူလူထုကြီးမှပေးပို့လာသောသတင်းများကိုတစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
                                                 သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၁၀.၃.၂၀၁၂)      



ဆက်သွယ်ရန်
ဦးသူရိယ ၀၉-၄၃၁-၅၃၂၄၄
အင်ပင်ဝကျောင်းဟောင်း
အင်ပင်ဝကျေးရွာ သီးပင်ကုန်းအုပ်စု

No comments: