မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ထားတဲ့နေရာမှာ

အီးယူက မြန်မာအပေါ် ဘယ်လိုဒဏ်ခတ်သလဲ


ဒေါက်တာမန်း

၂ဝဝ၉ ခုနှစ် ဧပြီလကုန်မှာ နောက်တနှစ် သက်တမ်းတိုးတဲ့ အီးယူဒဏ်ခတ်မှုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက် တရုတ်နိုင်ငံ ကူမင်း ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းကိုပါ ဒဏ်ခတ်ထားတဲ့ စစ်အစိုးရခေါင်းဆောင် တွေရဲ့ မိသားစုဝင် ၅ဝဝ ကျော် စာရင်းမှာ ထဲ့သွင်းထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ထားတဲ့နေရာမှာ

-မြန်မာစစ်ခေါင်းဆောင်တွေကို ဗီဇာထုတ်မပေးခြင်း၊

-မြန်မာစစ်သံမှူးတွေကို နှင်ထုတ်ခြင်း လက်နက်မရောင်းခြင်း

-အီးယူနိုင်ငံတွေမှာရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို ထိမ်းချုပ်ထားခြင်း၊

-အီးယူကို အထည်အလိပ်တင်သွင်းခွန်လျော့ပေးတဲ့ ယေဘုယျအကောက်ခွန်ကင်းလွတ်ခွင့်ပိတ်ပင်ခြင်းစတဲ့ နည်းတွေနဲ့ဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။

ဦးဇော်ဖြိုးဝင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး ဒေါ်သန္တာရွှေနဲ့ အိမ်ထောင်ကျပီးကထဲက အီးယူ ဒဏ်ခတ်စာရင်းမှာ ထည့်သွင်းခဲ့တာပါ၊ ခုဆိုရင် ဦးဇော်ဖြိုးဝင်းဟာ တရုတ်နိုင်ငံ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ ကောင်စစ်ဝန်ချုပ်ဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံက ဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ငွေစာရင်းဖွင့်ခွင့်မရ ဖြစ်နေပါတယ်။ ဒေါ်လာငွေစာရင်းဖွင့်မရတာကတော့ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ဒဏ်ခတ်မှုကြောင့် ဖြစ်ပါတယ်

အီးယူဒဏ်ခတ်စာရင်းကို ပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေပါသလို စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်းအပြင် သူမိသားစုဝင်တွေ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါ ဒဏ်ခတ်စာရင်းမှာ ထဲ့ထားတာ တွေ့ရပါတယ်။

ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလဲဖြစ် အိုင်ဂျီအီးကုမ္ပဏီဒါရိုက်တာလဲဖြစ် ဒု ဗိုလ်ချုပ်မှူးကြိးမောင်အေးသမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်း မိသားစုပိုင်တဲ့ အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူ ဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်၊

မြန်မာစစ်အစိုးရ ဗိုလ်ချုပ်တွေနဲ့ နောက်လိုက်တွေ စီးပွားရေးအထိနာအောင် တင်းကျပ်တဲ့ ဒဏ်ခတ်မှုတွေချမှတ်ဘို့ အီးယူကို တွန်းအားပေးတော့မယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်

အီးယူဒဏ်ခတ်မှုဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်နဲ့ ဆန့်ကျင်သလား

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းပြောတဲ့ စကားကို တိတိကျကျ ပြောရရင် မြန်မာစစ်အစိုးရ စီးပွားရေးအကျိုးစီးပွားကို ပစ်မှတ်ထားတဲ့ တင်းကျပ်တဲ့ ဒဏ်ခတ်မှုအသစ်တွေ ကျန်တော်တို့ ချမှတ်သင့်တယ်-ဒိကိစ္စနဲ့ ပတ်သက်ပီး အီးယူက တင်းတင်းကျပ်ကျပ်အရေးယူနိုင်အောင် ကျန်တော်တို့ တွန်းအားပေးမယ်-ဒီဒဏ်ခတ်မှုမျိုးဟာ မြန်မာဗိုလ်ချုပ်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ စီးပွားရေးကို ထိခိုက်စေမှာ ဖြစ်တယ်လို့ ပြောဆိုသွားတာပါ။

ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းပြောသလို အီးယူက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်တာ တကယ်ဖြစ်မဖြစ် အတိအကျ မသိရသေးပေမဲ့ မြန်မာစစ်အစိုးရအပေါ် အီးယူက လက်ရှိ ဒဏ်ခတ်ထားတဲ့ ပြဌာန်းမှုတွေ ထိထိရောက်ရောက်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့လိုက်ပါပေးနေတဲ့ အမေရိကန်ရှေ့နေ Mr Jared Genser နဲ့ နယူးရောက် ဥပဒေတက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ Mr Robert Howse တို့က ယူဆပါတယ်၊

ဒီအကြောင်းအသေးစိတ်ကို မြန်မာနိုင်ငံအပေါ် အီးယူက ကုန်သွယ်ရေးဒဏ်ခတ်မှုဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ရဲ့ ကုန်သွယ်ရေး ဥပဒေတွေနဲ့ ကိုက်ညီသလားဆိုတဲ့ စာတမ်းမှာ ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်

မြန်မာစစ်အစိုးရအပေါ် ပိုပီးတင်းကျပ်တဲ့ ဒဏ်ခတ်မှုမျိုးလုပ်ရေးကိစ္စနဲ့ ပတ်သက်ပီး အီးယူမှာ အခြေအတင်ဆွေးနွေးတဲ့အခါ ဒီလိုဒဏ်ခတ်မှုမျိုးက WTO နဲ့ သဘောတူထားတဲ့ ကုန်သွယ်ရေးသဘော တူညီချက်တွေကို အီးယူအဖွဲံဝင်နို်င်ငံတွေက ချိုးဖောက်ရာ ကျလေမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အီးယူဒဏ်ခတ်မှုဟာ WTO ကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ ကိုက်ညီတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က အကျယ်တဝင့်ရှင်းပြထားပါတယ်။

၂ဝဝ၇ ခု နိုဝင်ဘာလမတိုင်ခင်က မြန်မာစစ်အစိုးရအပေါ် အီးယူ ဒဏ်ခတ်မှုတွေ ပြန်ကြည့်ရင် ထိရောက်မှုနည်းနေပါတယ်-ဥပမာ မြန်မာစစ်အစိုးရ စစ်သံမှူးတွေကို အီးယူနိုင်ငံတွေက နှင်ထုတ်ဘို့ ဒဏ်ခတ်မှုချမှတ်ထားတယ်ဆိုပေမဲ့ မြန်မာနိုင်ငံသံအမတ်ကြီးအဆင့်ကိုတော့ အီးယူက လက်ခံထားတဲ့အချက် ဖြစ်တယ်လို့ စာတမ်းမှာ ထောက်ပြထားပါတယ်။ နောက်တချက်က မြန်မာစစ်အစိုးရက တရုတ် ရုရှားနဲ့ အိန္နိယဆီကနေ လက်နက်တွေရနေတာမို့ အီးယူက မြန်မာစစ်အစိုးရအပေါ် လက်နက်မရောင်းရေး ပိတ်ဆို့တာလဲ မထိရောက်ဘူးလို့ ပြောပါတယ်၊

မြန်မာစစ်ခေါင်းဆောင်တွေကို အီးယူက ဗီဇာပိတ်ဒဏ်ခတ်ထားပေမဲ့ နိုင်ငံတကာညီလာခံတွေ အစိုးရအဖွဲ့များဆိုင်ရာအစည်းအဝေးတွေကျတော့ စစ်ခေါင်းဆောင်တွေကို တက်ခွင့်ပေးထားတဲ့ ခြွင်းချက်တွေရှိပါတယ်၊ ဒါကြောင့် မြန်မာစစ်ခေါင်းဆောင်တွေ ဥရောပကို အပမ်းဖြေခရီး မလာနိုင်အောင် လောက်သာ အီးယူရဲ့ ဗီဇာပိတ်ဆို့မှုက တတ်နိုင်တယ်လို့ ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံအပေါ် အီးယူရဲ့ ရင်းနှီးမြုတ်နှံမှုပိတ်တဲ့အပိုင်းကိုကြည့်ရင် အစိုးရပိုင် အချိုရည်ကုမ္ပဏီတွေ၊ သတ္တူတွင်းတွေစတဲ့ မပြောပလောက်တဲ့ လုပ်ငန်းတွေသာများနေပီး မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေလုပ်ငန်း MOGE ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းစတဲ့ အကြီးစား အစိုးရလုပ်ငန်းတွေမပါဘဲ ဖြစ်နေပါတယ် ဒါကြောင့်လဲ အီးယူကုမ္ပဏီတွေက စစ်အစိုးရပိုင်တဲ့ အဲဒီလုပ်ငန်းတွေကို ငွေဆက်ပံ့ပိုးနေနိုင်တာဖြစ်တယ်-အီးယူအဖွဲ့ဝင် ပြင်သစ်ပိုင် Total ရေနံကုမ္ပဏီတခုထဲကတင် MOGE ကို တနှစ် ဒေါ်လာသန်း ၄၅ဝ လောက် ရင်းနှီးနေပါတယ်။

အီးယူရဲ့ တချိုံ ဒဏ်ခတ်မှုတွေကျတော့လဲ စစ်အစိုးရက အီးယူနဲ့ အဆက်အသွယ်မရှိတဲ့အတွက် အလဟသ ဖြစ်နေပါတယ်-ဥပမာ-ဥရောပမှာရှိတဲ့ မြန်မာစစ်အစိုးရ အရာရှိတွေရဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ရေးဆိုတဲ့နေရာမှာ ဥရောပမှာ စစ်အစိုးရအရာရှီတွေရဲ့ ပိုင်ဆိုင်မှုက မရှိသလောက်ဖြစ်နေလို့ပါလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ထောက်ပြထားပါတယ်

ဒီချို့ယွင်းချက်တွေကို အီယူရဲ့ ၂ဝဝ၇ ခုနှစ် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ ပြင်ဆင်လိုက်တဲ့အတွက် သစ် ကျောက်သံပတ္တမြား အထည်အလိပ်စတဲ့ မြန်မာထွက်ကုန်တွေပါတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရအနေနဲ့ တနှစ်ကို ဒေါ်လာ သန်း ၄ဝဝကျော်ဘို့ နစ်နာသွားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်ဒဏ်ခတ်မှုအတိုင်းအတာက စစ်အစိုးရအကျိုးစီးပွား ထိခိုက်လောက်အောင် ပြင်းထန်ခဲ့ပါတယ်၊ ၂ဝဝ၃ ခုနှစ် အမေရိကန်စီးပွားရေး ဒဏ်ခတ်မှုက ပြန်တွက်ရင် အဲဒီနှစ်မှာ အမေရိကန်ဘဏ်တွေက မြန်မာပိုင်ဆိုင်မှု ဒေါ်လာ ၃သိန်း ၂သောင်ဘိုး ထိန်းချုပ်နိုင်ခဲ့ပီး ၂ဝဝ၄ ခုနှစ်မှာ ဒေါ်လာ ၁၃သန်းဘိုးရှိတဲ့ မြန်မာကုမ္ပဏီတွေနဲ့ ငွေပေးငွေယူလုပ်မှုကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့တွေက မြန်မာစစ်အစိုးရကို ငွေမချေးအောင် အမေရိကန်က သြဇာသုံးထားတဲ့အတွက် စစ်အစိုးရအနေနဲ့တနှစ်ကို ဒေါ်လာ သန်းတရာကျော်ဘိုး နိုင်ငံတကာ အကူအညီတွေ နစ်နာသွားစေခဲ့ပါတယ်။

၂ဝဝ၃ ခုကစပီး မြန်မာသွင်းကုန်တွေကို အမေရိကန်က လက်မခံဘဲပိတ်ဆို့ထားခဲ့ပေမဲ့ မြန်မာစစ်အစိုးရဟာ ဒီကိစ္စနဲ့ ပတ်သက်ပီး WTO ကိုတိုင်တန်းတာမျိုး တခါမှ မလုပ်ခဲ့တာ တွေ့ရပါတယ်၊ အဲသလို မြန်မာစစ်အစိုးရက WTO ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကို တိုင်ကြားခဲ့ရင်လဲ စစ်အစိုးရရဲ့ လု့အခွင့်အရေး ချိုးဖောက်မှုတွေပါ WTO ပဋိပက္ခဖြေရှင်းရေးအဖွဲ့က စစ်ဆေးရတော့မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ထောက်ပြထားပါတယ်။

အီးယူဟာ ၁၉၉၈ ခုနှစ်တုံးကလဲ အမေရိကန်နိုင်ငံ မက်ဆာချုးဆက်ပြည်နယ်ရဲ့ မက်ဆာချုးဆက် မြန်မာနိုင်ငံဥပဒေဟာ WTO စည်းမျဥိးနဲမညီဘူးဆိုပီး WTO မှာ တရားစွဲခဲ့ပါတယ်၊ ဒီဥပဒေဟာ မြန်မာနိုင်ငံနဲ့ စီးပွားလုပ်နေတဲ့ မက်ဆာချုးဆက်ပြည်နယ်က နိုင်ငံခြားကုမ္ပဏီတွေကို ပြည်နယ်အစိုးရအဖွဲ့အားလုံးက စီးပွားရေးအဆက်ဖြတ်ရေး ဥပဒေဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အီးယူဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုကို ဘယ်လောက် သဲကြီးမဲကြီး တိုက်ဘို့ ချဉ်းကပ်ခဲ့သလဲ ထင်ရှားတဲ့ သက်သေဖြစ်တယ်လို့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ယူဆပါတယ်။

နိဂုံးပိုင်းမတော့ အီးယူက မြန်မာစစ်အစိုးရအပေါ် ကုန်သွယ်ရေး ဒဏ်ခတ်မှုတွေ ထပ်ပီး တင်းကျပ်မယ်ဆိုရင် WTO စည်းမျဉိး ဥပဒေတွေနဲ့ ကိုက်ညီတယ်ဆိုတဲ့အကြောင်းကို Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ဥပဒေရှုထောင့်ကနေ အသေးစိတ်ရှင်းပြထားပါတယ်။

ဦးသိန်းစိန်အစိုးရတက်ပြီး အီးယူဒဏ်ခတ်မှုတချို့ကို ပြန်လျှော့ပေး

မြန်မာနိုင်ငံအပေါ် အီးယူဒဏ်ခတ်ပိတ်ဆို့မှုတချိုံကို ပြန်ရုတ်သိမ်းတဲ့နေရာမှာ အစိုးရသစ်ထဲက ဒုသမတ စိုင်းမောက်ခမ်းအပြင် ၀န်ကြီး ဒုဝန်ကြီးတချို့ကို ဒဏ်မှုက တနှစ် ယာယီ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပြင် တချိုံ အီးယူရဲ့ လူလူချင်းစာနာတဲ့အကူအညီတွေကို သုံးသပ်မဲ့အဖွဲံအစည်းတွေထဲမှာ အန်အယ်ဒီရဲ့ အခန်းကဏ္ဍကိုပါ ပြန်လည် ထဲ့သွင်းပေးခဲ့တာတွေ့ရပါတယ်။

ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ်တက်လာပီးနောက်ပိုင်း ၂၀၁၁ ခုနှစ်အတွက် မြန်မာအစိုးရအပေါ် အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြင်ဆင်သက်တမ်းတိုးတဲ့နေရာမှာ အရပ်သားဝန်ကြီး ၄ ဦးနဲ့ အရပ်သားဒုဝန်ကြီး ၁၈ ဥိးကို အီးယူ ဒဏ်ခတ်မှုကနေ ယာယီ တနှစ် ကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်

တနှစ်ကင်းလွတ်ခွင့်ပေးတဲ့ ဒဏ်ခတ်မှု အမျိုးအစားတွေကတော့ အီးယူနိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ထားတာ ရုတ်သိမ်းတဲ့အချက်နဲ့ အဲဒီဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားတာ ဖွင့်ပေးတဲ့အချက်တွေဘဲ ဖြစ်ပါတယ်။ ဒါပြင် မြန်မာနိုင်ငံကို အဆင့်မြင့် အီးယူကိုယ်စားလှယ်တွေ သွားရောက်ရေး ပိတ်ပင်ထားတာကိုလဲ ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်ထိ ရုတ်သိမ်းပေးထားပါတယ်။

အီးယူဒဏ်ခတ်မှုကနေ ယာယီ တနှစ်ကင်းလွတ်ခွင့်ရတဲ့ အရပ်သားဝန်ကြီး ၄ ဦးကတော့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် ပညာရေးဝန်ကြီး ဒေါက်တာမြအေး အားကစားဝန်ကြီးဌာနနဲ့ ဟိုတယ် ခရီးသွားလာရေးဝန်ကြီးဌာန ၂ ခုလုံး တွဲကိုင်ထားတဲ့ ၀န်ကြှီး ဦးတင့်ဆန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့ ဖြစ်ပါတယ်။ ဒုဝန်ကြီး ၁၈ ဦးကလဲ အရပ်သားတွေချည်း ဖြစ်ပါတယ်။

ထူးခြားတာက အီးယူဒဏ်ခတ်မှုကနေ ယာယီ တနှစ်ကင်းလွတ်ခွင့်ရတဲ့ စာရင်းမှာ ဒုသမတ စိုင်းမောက်ခမ်းနဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းတို့လဲ ပါဝင်တာ တွေ့ရပါတယ်။

ဆိုလိုတာက အရပ်သားလို့ အီးယူက ယူဆတဲ့ ဒုသမတ စိုင်းမောက်ခမ်းရယ် ၀န်ကြီး ၄ ဥင်္ီးရယ် ဒုဝန်ကြီး ၁၈ ဦးရယ် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကလွဲရင် ပြည်ထောင်စုအစိုးရတဖွဲ့လုံးက ၀န်ကြီး ဒုဝန်ကြီးတွေအပြင် ပြည်နယ်တိုင်းဒေသကြီး အသီးသီးက ၀န်ကြီးချုပ်သစ်အားလုံးကိုလဲ အီးယူက ခါတိုင်းဒဏ်ခတ်သလို နောက်တနှစ် ဆက်ဒဏ်ခတ်ထားတဲ့စာရင်းမှာ ထဲ့ထားတယ်။ ဒါပေမဲ့ ဒဏ်ခတ်မှုကနေ တနှစ် ကင်းလွတ်ခွင့်ရသူတွေရဲ့ အခြေအနေကိုလဲ ကင်းလွတ်ခွင့် တနှစ်ကာလအတွင်း ဆက်ပီး သုံးသပ်သွားမယ်လို့ အီးယူက တိတိကျကျ ရှင်းထားပါတယ်။

ဦးသိန်းစိန်ရဲ့ အစိုးရသစ်ထဲမှာ စစ်တပ်နဲ့ မပတ်သက်သူတွေနဲ့ အီးယူအကျိုးစီးပွားအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆွေးနွေးရာမှာ အဓိကကျသူတွေကို ဒဏ်ခတ်မှုကနေ တနှစ်ကင်းလွတ်ခွင့်ပေးရတဲ့အကြောင်းက အရပ်ဘက်အုပ်ချုပ်မှု အနာဂတ်မှာတိုးတက်လာအောင် အားပေးဘို့အချက်-ဒီမိုကရေစီရေး ခိုင်မာဘို့နဲ့ လူ့အခွင့်အရေး လေးစားဘို့အချက်တွေကြောင့်ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ် မြန်မာအပေါ် အီးယူဒဏ်ခတ်စာရင်းမှာ အီးယူကောင်စီက ရှင်းလင်းထားပါတယ်။

ဒါကြောင့်လဲ ဒီနှစ်အတွက် အီးယူဒဏ်ခတ်ထားတဲ့ အသေးစိတ် စာရင်းထုတ်ပြန်ရာမှာ ထိပ်ဆုံးကနေ အရင်မရှိခဲ့ဘူးတဲ့ ယခင် နအဖအဖွဲံဝင်ဟောင်းများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲံ မိသားစု-ဒုဗိုလ်ချုပ်ကြီး မောင်အေးနဲ့ မိသားစု စတဲ့သူတွေကို အီးယူက ဆက်လက်ဒဏ်ခတ်ထားတဲ့ပြင် ကာကွယ်ရေးဦးစီးချုပ်သစ် ဗ်ုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ဇနီးကိုလဲ နောက်တိုး ဒဏ်ခတ်စာရင်းမှာ ထဲ့ထားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် စစ်တိုင်းမှူးနဲ့ ဒုစစ်တိုင်းမှုးအသစ်တွေကိုလဲ ဒဏ်ခတ်ထားသလို နေပြည်တော်တိုင်းမှုးဆိုရင် ဇနီးဖြစ်သူ ဒေါ်စန်းစန်းရီကိုပါ ဒဏ်ခတ်ထားပါတယ်။

အကျဉ်းဦးစီးဌာန အကြီးအကဲတွေ ရဲတပ်ဖွဲ့အကြီးအကဲတွေပါ အီးယူက ဒဏ်ခတ်ထားတဲ့ပြင် အစိုးရစီးပွားရေးပေါ်လစီနဲ့ တခြားစစ်အစိုးရနဲ ပတ်သက်နေသူတွေထံက အကျိုးအမြတ်ရသူစာရင်းမှာ ဦးတေဇ-ဦးအောင်ကိုဝင်း-ဦးထွန်းမြင့်နိုင်ခေါ် စတီဗင်လော ဦးလောစစ်ဟန် ဦးခင်ရွှေစတဲ့ အစိုးရနဲ့ နီးစပ်တဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုလဲ အသေးစိတ်ထဲ့သွင်းထားပါတယ်။ (ဦးတေဇသား ကိုပြည့်ဖြိုးတေဇကတော့ လန်ဒန်ရှေ့နေတွေငှားပီး အီးယူကိုတရားစွဲတာ ၂၀၁၂ ခု မတ်လ ၁၃ ရက်နေ့မှာ အနိုင်ရတဲ့အတွက် ဒဏ်ခတ်စာရင်းက လွတ်သွားပြီဖြစ်ပါတယ်)။

အရပ်စကားနဲ့ပြောရရင် အီးယူအနေနဲ့ တနှစ်ပီးတနှစ် သက်တမ်းတိုးလာတဲ့ ၂၀၁၀ ခုနှစ်က မြန်မာအပေါ် အီယူဒဏ်ခတ်ပိတ်ဆို့မှုကို ၂၀၁၁ ခုနှစ်အတွက် ပြန်လည်သုံးသပ်ပီး တနှစ်ထပ်ပီး တိုးတာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အီးယူအနေနဲ့ အစိုးရသစ်အပေါ် သူ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်သွားမှာဖြစ်တယ်ဆိုပီး မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် David Lipman က ပြောပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံ အစိုးရအဖွဲ့ထဲ အရပ်သားများများပါလာတဲ့ လက္ခဏာရပ်က တိုင်းပြည်အတွက် အလွန်လိုအပ်နေတဲ့ ပေါ်လစီသစ်တွေ ချမှတ်ရာမှာ အထောက်အကူဖြစ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အုပ်ချုပ်မှုဆိုင်ရာ တိုးတက်မှုအပေါ် အားပေး တုံ့ပြန်လိုတဲ့ ဆန္ဒရှိတဲ့အကြောင်း အီးယူက ထပ်လောင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့အီးယူကောင်းစီ ကြေငြာချက်မှာလဲ ဖော်ပြထားပါတယ်။

ဒါပြင် အီးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက လုပ်ငန်းအမျိုးမျိုး ကုမ္ပဏီများစာရင်းကိုကြည့်ရင် ၂၀၁၁ ခုနှစ်စာရင်းမှာ ကုမ္မဏီ ၁၀၉၇ ခုသာ ရှိတော့တာမို့ မနှစ်ကစာရင်းထက် ကုမ္မဏီ ၁၁၀ လျော့သွားတာတွေ့ရတဲ့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်မှုကိုလဲ သိသိသာသာ လျှော့ပေးလာတဲ့သဘောရှိပါတယ်။

ဟိုတုံးကဆိုရင် မြန်မာနိုင်ငံက သစ်လုံး သစ်ထုတ်ကုန်တွေ ရွေ ကြေးနီစတဲ့ သယံဇာတတွေ ကျောက်သံပတ္တမြားတွေကို အီးယူအဖွဲ့နိုင်ငံတွေကို ၀ယ်ယူ သယ်ပို့ တင်သွင်းခွင့် အီးယူဆန်ရှင်က ပိတ်ထားပေမဲ့ ၂၀၁၁ ခုနှစ် အီးယူဒဏ်ခတ်မှု ပြင်ဆင်ချက်မှာ လူလူချင်းစာနာတဲ့ စီမံကိန်းတွေ အစီအစဉ်တွေအတွက်တော့ အကျုံးမ၀င်စေရလို့ ပြောင်းလဲ သတ်မှတ်တာတွေ့ရပါတယ်။

ဆိုလိုတာက မြန်မာနိုင်ငံတွင်း လူလူချင်းစာနာတဲ့ အကူအညီတွေကို အီးယူဘက်က မြှင့်တင်လိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

အထူးသဖြင့် လူလူချင်းစာနာတဲ့အကူအညီဆိုင်ရာ စီမံကိန်းတွေ အစီအစဉ်တွေ သတ်မှတ်တဲ့ကိစ္စ သုံးသပ်တဲ့ကိစ္စတွေမှာ အန်အယ်ဒီအပါအ၀င် ဒီမိုကရေစီအုပ်စုတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်သင့်တယ်ဆူိုတဲ့အချက်ကို ဒီနှစ် ဒဏ်ခတ်မှု ပြင်ဆင်ချက်မှာ အသားပေးထားတာ တွေ့ရပါတယ်။

ခုလိုမျိုး အရပ်သားဝန်ကြီး ဒုဝန်ကြီးတွေကို ဒဏ်ခတ်မှုကနေ တနှစ် ကင်းလွတ်ခွင့်ပေးတဲ့ အီးယူပေါ်လစီဟာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံကို ပိုပီး ထိတွေ့ဆက်ဆံရမယ်ဆိုတဲ့ ပေါ်လစီနဲ့လဲ ကိုက်ညီတယ်လို့ လန်ဒန်မြို့ထုတ် Financial Times သတင်းစာ အယ်ဒီတာ့အာဘော်ကနေ ထောက်ခံထားပါတယ်။

လာမဲ့ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ဖြစ်ရင် ဒဏ်ခတ်တာတွေ လျှော့ပေါ့ဘို့ စဉ်းစားမယ်လို့ အီးယူက ပြောတဲ့အတွက် စောင့်ကြည့်ရမှာဖြစ်တယ်။

swe swe kyi facebookမှ (ဒေါင်းမာန်ဟုန်မှယူပါတယ်)

No comments: