စက်မှုဖွံ့ ဖြိုးရေးဝန်ကြီးဌာနသစ် ဆိုရာဝယ် - - - (ဆောင်းပါး)

ဘာကြောင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနသစ်ဖွဲ့ရသလဲ

သြဇာကြီးမားတဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး
ဒီဝန်ကြီးဌာနသစ်ကို ဘာကြောင့်ဖွဲ့တယ်-ဒီဝန်ကြီးဌာနသစ်ကနေ တိုင်းပြည်အတွက်
ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုတာ သမတ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ကို
အသိမပေးခဲ့သလို ဘယ်လွှတ်တော် အမတ်က မှ လဲ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို
ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့သလဲဆိုတာ မေးခွန်းထုတ်ခဲ့တာ မတွေ့ရပါဘူး။

နောက်တိုးဝန်ကြီးဌာန အသစ်ဖြစ်တဲ့ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ အရပ်သား ပုဂ္ဂလိက စက်မှုကဏ္ဍ တိုးတက်အောင် လုပ်ကိုင်မဲ့ ၀န်ကြီးဌာနလား-စစ်တပ် ကာကွယ်ရေးကဏ္ဍ တိုးတက်အောင်လုပ်မဲ့ ၀န်ကြီးဌာနလားဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

အရပ်သားအစိုးရသစ်ရဲ့ ၀န်ကြီးဌာန ၃၄ ခုထဲမှာ စိတ်ဝင်စားဘို့ အကောင်းဆုံးဝန်ကြီးဌာနက မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဘဲ ဖြစ်ပါတယ်။

ဒီဝန်ကြီးဌာနသစ်ကို ဘာကြောင့်ဖွဲ့တယ်-ဒီဝန်ကြီးဌာနသစ်ကနေ တိုင်းပြည်အတွက် ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုတာ သမတ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ကို အသိမပေးခဲ့သလို ဘယ်လွှတ်တော် အမတ်က မှ လဲ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့သလဲဆိုတာ မေးခွန်းထုတ်ခဲ့တာ မတွေ့ရပါဘူး။

ဝန်ကြီးတွေကို ၀န်ကြီးဌာနတာဝန် မပေးသေးတဲ့အချိန်မှာ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို အသစ်ဖွဲ့ထားတယ်လို့ကြေငြာတော့ နေပြည်တော် ၀န်ထမ်းတွေကြား အတော်လေး စဉ်းစားရကြပ်သွားပါတယ်။

အရပ်သားအစိုးရသစ်လက်ထက်မှာ စက်မှုတစ်ဆိုတဲ့ ၀န်ကြီးဌာနလဲရှိတယ်-စက်မှု၂ ဆိုတဲ့ အကြီးစား စက်မှုလုပ်ငန်းဌာနကြီးလဲ ရှိတယ်။ အဲသလို စက်မှုပိုင်းဆိုင်ရာ ၀န်ကြီးဌာနတွေ အသီးသီး ရှိနေတဲ့ကြားက မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနသစ်ကို ထပ်ဖွဲ့တယ်ဆိုတော့ အရပ်သားလုပ်ငန်းရှင်တွေအတွက် ပုဂ္ဂလိကကဏ္ဍ တိုးတက်အောင်များ လုပ်တော့မလားဆိုပီး လုပ်ငန်းရှင်တွေနဲ့ နေပြည်တော်က အင်ဂျင်နီယာ အရာရှိတွေ ထင်ခဲ့ပါတယ်

ဒါပေမဲ့ ၀န်ကြီးနဲ့ဝန်ကြီးဌာနတွေ တွဲပီး တာဝန်ပေးတဲ့အချိန်မှာ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီး ဌာနကို အရပ်သားဝန်ကြီးတဦးကို သီးခြားတာဝန် မပေးဘဲ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးကသာ တွဲကိုင်ထားလို့ နေပြည်တော် အင်ဂျင်နီယာ အရာရှိတွေကြား သံသယတွေ ပွားလာပါတယ်။

ဒီနေရာမှာ အသစ်ဖွဲ့တဲ့ ၀န်ကြီးဌာနတခုကို သီးခြား အရပ်သားဝန်ကြီးကို တာဝန်မပေးဘဲ ဘာကြောင့် စစ်သားဖြစ်တဲ့ ဗ်ုလ်ချုပ်သိန်းဌေးကို ၀န်ကြီးဌာန ၂ခု တွဲအကိုင်ခိုင်းရသလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။

ဗိုလ်ချုပ်သိန်းဌေး(ယခု ဒုဗိုလ်ချုပ်ကြီး) ဆိုတာ ၁၉၇၈ ခုနှစ်မှာမှ ရန်ကုန် စက်မှုတက္ကသိုလ်က B.E Mechanical စက်မှုအင်ဂျင်နီယာဘွဲ့ရပီး စစ်ထဲဝင်ခဲ့သူ ဖြစ်ပါတယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနဲ့ မြောက်ကိုရီးယား လျို့ဝှက် ခရီးစဉ်တွေမှာ လိုက်ပါခဲ့တဲ့ထိ စစ်အစိုးရလက်က အားကိုးခဲ့တဲ့ ညာလက်ရုံး အင်ဂျင်နီယာ ဗိုလ်ချုပ်တဦးဖြစ်ပါတယ်။

မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ၂ ဦးကိုကြည့်ပြန်တော့ ဦးဟန်စိန်နဲ့ ဦးချန်မောင်လို့သာ မထင်မရှား ဖော်ပြထားပါတယ်-တကယ်တော့ အဲဒီ ဒု ၀န်ကြီးအသစ်၂ ဦးဟာ သာမန်အရပ်သားတွေ မဟုတ်ဘဲ ဘယ်သူတွေဖြစ်သလဲဆိုတာကို ဒုဝန်ကြီး ၂ ဦးနဲ့ရင်းနှီးတဲ့ နေပြည်တော်အရာရှိတဦးက အာအက်အေကို ပြောပြပါတယ်။

စာရင်းချုပ်တဲ့အခါ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ ၀န်ကြီးဆိုသူက ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု အင်ဂျင်နီယာဘွဲ့ရ ဗိုလ်ချုပ်သိန်းဌေး-ဒုဝန်ကြီး ဦးဟန်စိန်ကလဲ ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု အင်ဂျင်နီယာဘွဲ့ရ ရေတပ် ဗိုလ်မှုးချုပ်ဟောင်း-ဒုဝန်ကြီး ဦးချန်မောင်ကလဲ ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား လေတပ် ဗိုလ်မှူးကြီးဖြစ်နေပါတယ်-တနည်းဆိုရရင် ဗိုလ်မှူးချုပ်ဟောင်း ဟန်စိန်နဲ့ ဗိုလ်မှူးကြီး ချန်မောင်တို့ဟာ သက်ဆိုင်ရာ ရေတပ်စက်မှုလုပ်ငန်း လေတပ်စက်မှုလုပ်ငန်းတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အားထားခဲ့ရတဲ့ ညာလက်ရုံးတွေ ဖြစ်နေပါတယ်။

ဒါကြောင့် မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ ပြည်သူတွေအတွက် စက်မှုကဏ္ဍတိုးတက်အောင်လုပ်မဲ့ ၀န်ကြီးဌာန ဟုတ်ပါ့မလားလို့ နေပြည်တော် အင်ဂျင်နီယာ အရာရှိတွေက သံသယရှိတာ ဖြစ်ပါတယ်။

နေပြည်တော်အရာရှိ အသိုင်းအ၀ိုင်းရဲ့ အယူအဆအရဆိုရင် အရပ်သားအစိုးရလက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကာကွယ်ရေးအသုံးစရိတ်ကို တရားဝင်ထုတ်ပြန်ရတော့မယ်-ကမ္ဘာကလဲ စောင့်ကြည့်နေမယ်-ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာန စုစုပေါင်း အသုံးစရိတ်ကို စာရင်းပျောက်သွားဘို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနလို့ နာမယ်ခံမထားဘဲ စစ်အင်ဂျင်နီယာတွေသာ ကိုင်ရမဲ့ ၀န်ကြီးဌာနသစ်တခုဖန်တီးပီး နိုင်ငံတော်ဘတ်ဂျက်ကို ကဲ့ထုတ်ဘို့ ကြိုးစားတဲ့လုပ်ရပ်လို့သာ မြင်ပါတယ်။

တကယ်လို့သာ နေပြည်တော်အရာရှိတွေ ယူဆသလို မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကိုသာ ကာကွယ်ရေးအတွက် တဘက်လှည့်နဲ့ မသိမသာ အသုံးချမယ်ဆိုရင် စုစုပေါင်းကာကွယ်ရေး အသုံးစရိတ်က တရားဝင်ထုတ်ပြန်တဲ့ ကာကွယ်ရေးအသုံးစရိတ်ထက် အမြဲတန်း များနေမှာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ၃ ဦးဟာ ၀န်ကြီးဆိုပေမဲ့ သမတ ဦးသိန်းစိန်က ခန့်ပိုင်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ကသာ တိုက်ရိုက်ခန့်နိုင်တဲ့ ၀န်ကြီးတွေ ဖြစ်ပါတယ် ဒါပြင် ဒီဝန်ကြီး ၃ ဦးဟာ အရေးပါတဲ့ အမျိုးသား ကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီအဖွဲံဝင်တွေလဲဖြစ်နေပါတယ်။

ဒါပေမဲ့ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို တွဲကိုင်ထားတဲ့ ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေးဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တဦးဖြစ်နေတာမို့ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာန ဟာလဲ စစ်တပ်က တိုက်ရိုက်ကိုင်တွယ်တဲ့ ၀န်ကြီးဌာနတခုလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

သောတရှင်များခင်ဗျား

နေပြည်တော် အရာရှိအသိုင်းအ၀ိုင်းက ယူဆသလို မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဟာ ကာကွယ်ရေးဆိုင်ရာ စက်မှုကဏ္ဍကို တိုးတက်အောင်လုပ်ဘို့ မျက်နှာဖုံးစွပ်ထားတဲ့ ၀န်ကြီးဌာနအသစ်လားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါ ခင်ဗျား။


(အာအက်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

No comments: