အောက်တန်းကျတဲ့ ငါးမင်းဆွေရဲ့လုပ်ရပ်ကို NLD မှ ဒေါ်မေဝင်းမြင့်က ကန့် ကွက်

လက်ရှိအာဏာရပါတီကို အန်အယ်လ်ဒီ အမတ်လောင်းကန့်ကွက်

Published on March 14, 2012 by ​အေး​နိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်က ကိုယ်စားလှယ်လောင်း ဒေါ်မေ၀င်းမြင့်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မြို့နယ်ကော်မရှင်မှာ ကန့်ကွက်လိုက်ပါတယ်။
မတ် ၁၀ ရက်နေ့ ညပိုင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၈ ရပ်ကွက် ထဲ ငွေချေးရာမှာ “ငါးမင်းဆွေ” ဆိုသူ ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပုတ်ခတ်တဲ့ စာတွေတွဲပြီး ပေးအပ်တဲ့အပေါ် ကန့်ကွက်ခဲ့တာလို့ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ၈ ရပ်ကွက်က  လူထုကို ငွေချေးတဲ့အခါ ဒီ ပုတ်ခတ်စာကိုပါ တွဲပြီး ဝေငှတာဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်စည်းကမ်းနဲ့ ငြိစွန်းတာကြောင့် ကန့်ကွက်တာလို့ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။
“အန်တီတို့ ၈ ရပ်ကွက်မှာ ပြည်ခိုင်ဖြိုး ပါတီက ငွေချေးတဲ့အခါ ငွေ ၅သောင်းနဲ့အတူ ငါးမင်းဆွေရဲ့ စာကိုပါ ဖြန့်တယ်။ ဒါကို အန်တီတို့က ကန့်ကွက်တာ။ ယှဉ်ပြိုင်ဖက် ပါတီ တခုက ငါးမင်းဆွေရဲ့ အန်တီတို့ကို ပုတ်ခတ်တဲ့ စာတွေကို ဖြန့်လို့။ ပါတီကြီး တခုက အန်တီတို့ရဲ့ ပါတီနဲ့ ခေါင်းဆောင်ကို ပုတ်ခတ်တဲ့စာ ဖြန့်တာကို တရားဝင် တိုင်ကြား ကန့်ကွက်တာပါ။”
ငါးမင်းဆွေရဲ့ စာမှာ “ဒေါ်အောင်ဆန်းစုကြည်ဟာ ပိတ်ဆို့ရေးကို သူကိုယ်တိုင် လုပ်ခဲ့ပြီးတော့ ပြည် သူကို ၀န်ချ တောင်းပန်မှ အန်အယ်လ်ဒီ ပါတီကို မဲပေးသင့်၊ မပေးသင့် ပြည်သူလူထုက ဆုံးဖြတ်ပါ” လို့ ရေးထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးရဲထွဋ် အပါအ၀င် ၅ ဦးဟာ မတ် ၁၀ ရက်နေ့ နေ့လည်ခင်းက ငါးမင်းဆွေနဲ့ အတူ မရမ်းကုန်းမြို့နယ် က မြန်မာ ကွန်ဗင်းရှင် စင်တာမှာ ရှင်းလင်းပွဲတခု လုပ်ပြီး ဒေါ်အောင်ဆန်း စုကြည် ကို ဝေဖန်ပုတ်ခတ် စာတမ်းတွေ ဝေခဲ့သေးတယ်လို့ ဆိုပါတယ်။
ငါးမင်းဆွေဟာ နိုင်ငံရေးစာပေ ထုတ်ဝေခွင့်ပြုချက် အမှတ် မပါဘဲ အလားတူ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ စာတွေကို ကော့မှူး၊ သုံးခွမြို့နယ်တွေနဲ့ မကွေးတိုင်း အတွင်းမှာ လည်း ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေနဲ့ အချေအတင် ဖြစ်ခဲ့ဖူးပါတယ်။( DVB )

No comments: