| ‘၂၀၁၂  ခုနှစ်ဟာ နေအမည်းစက် အများဆုံးနှစ် ဖြစ်နေပြီမို့ ဒီနှစ်ရဲ့  လက်ကျန်လတွေမှာ အယ်လ်နီညိုဖြစ်၊ မဖြစ်ဆိုတာ အလွန်အရေးကြီးနေပါတယ်’ ၊  မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် တွေ့ဆုံခြင်း |        
| Thursday, 15 March 2012 16:50 | 
  လက်ရှိကာလသည် နွေရာသီထဲ ချဉ်းနင်းဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ တစ်နှစ်ထက်  တစ်နှစ် ပိုမိုပူပြင်းလာနေသော ရာသီဥတု အနေအထားများလိုပင် ယခုနှစ်တွင်လည်း  ခြောက်သွေ့သော နွေရာသီကို စတင်ကြုံတွေ့နေရပါသည်။ ရာသီဥတု ပြောင်းလဲမှုသည်  မြန်မာနိုင်ငံတွင် သာမက ကမ္ဘာပေါ်တွင်ပါ သိသာလာနေပြီ။ ယခုနှစ်သည် လူအများ  စိတ်ဝင်စားစေခဲ့သော ၂၀၁၂ ခုနှစ်လည်းဖြစ်နေသည်။ ၂၀၁၂ ခုနှစ်အတွင်း  မြန်မာနိုင်ငံ၌ ရာသီဥတုဆိုင်ရာ ဘယ်လိုအနေအထားများ ကြုံတွေ့နိုင်သလဲ၊  ဘယ်အချက်များကို သတိပြုရမည်လဲ စသည်တို့နှင့် ပတ်သက်၍ Myanmar Climate  Change Watch မှ မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်နှင့်  တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ မေး - မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ဆောင်းရာသီဟာ အရင်တုန်းက ဆောင်းရာသီတွေနဲ့ယှဉ်ရင် အအေး ပေါ့ခဲ့တာ ဘာကြောင့်များပါလဲ။ဖြေ - ပြီးခဲ့တဲ့ဆောင်းဟာ အမှန်တော့ အေးပြီးစိုစွတ်ရမယ့် လာနီညာရာသီဥတု  ဆောင်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လာနီညာနှစ်ဟာ နှစ်ပေါင်း ၅၀၀ ကျော်  ကာလအတွင်း လာနီညာနှစ်တွေထဲမှာ အပူဆုံးနှစ်ဖြစ်ပါတယ်။ လာနီညာရာသီဥတုကိုက  တစ်ကမ္ဘာလုံးစကေးနဲ့ ပြောရရင် အအေးပေါ့နေခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း  အအေးပေါ့တဲ့ အထဲမှာ ပါသွားတယ်။  ဒီနှစ်ဆောင်းမှာ မြောက်ဘက်က လေအေးတွေ  ၀င်ရောက်မှု နည်းတာရယ်၊ တောင်ဘက်က အပူပိုင်း လေနွေးတွေ အီကွေတာ တောင်ဘက်အထိ  ဆင်းမသွားခဲ့တာရယ်ဟာ အအေးပေါ့စေတဲ့ အဓိကအကြောင်းတွေဖြစ်ပါတယ်။ မေး - ဒီနှစ် ဆောင်းရာသီက အအေးပေါ့ခဲ့တော့ နွေမှာ သိပ်များပူမလားဆိုတဲ့  အတွေးတွေလည်း ရှိကြပါတယ်။ ဒီနှစ်နွေရဲ့ အလားအလာကို သုံးသပ်ပေးပါဦး။ဖြေ - လာမယ့် နွေနှစ်လဖြစ်တဲ့ မတ်နဲ့ ဧပြီလအတွက် အမေရိကန်ပြည်ထောင်စုမှာ  ရှိတဲ့ International Research Centre (IRI) က ထုတ်ပြန်ထားတာကတော့  လာမယ့်မတ်လမှာ ဧရာဝတီတောင်ပိုင်း၊ ရန်ကုန်တောင်ပိုင်း၊  မွန်ပြည်နယ်နဲ့တနင်္သာရီဒေသတွေမှာ နေ့အပူချိန်တွေ ဖြစ်မြဲအောက် လျော့မယ်လို့  ခန့်မှန်းထားပါတယ်။ မြောက်ပိုင်းစွန်းတွေမှာတော့ မတ်လ  နေ့အပူချိန်တွေဟာဖြစ်မြဲထက် ပိုနိုင်တယ်လို့ ခန့်မှန်းထားတယ်။  ကျန်ဒေသတွေကတော့ အတိအကျမပြောနိုင်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ တည်မယ်လို့  ခန့်မှန်းထားပါတယ်။ ဒီနှစ်မှာ အလယ်ပိုင်းဒေသတွေမှာ ပုံမှန်အတိုင်း ၄၀-၄၂  ဒီဂရီစင်တီဂ ရိတ်လောက်အထိ ပူနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသတွေကတော့  ၄၀  ဒီဂရီ စင်တီဂရိတ်လောက် ပူနိုင်တယ်။ မေး ဒီနှစ်နွေမှာ စံချိန်တင် ပူတာမျိုးကို ကြုံနိုင်ပါသလား။ မနှစ်ကလို  ရာသီဥတုထူးခြားဖောက်ပြန်ပြီး မိုးတွင်းလို မိုးတွေရွာ၊ ဆောင်းတွင်းထက်  အေးခဲ့တာမျိုးရော ဒီနှစ်ကြုံနိုင်ပါသလား။ဖြေ - လာနီညာရာသီဥတုဟာ လာမယ့် မတ်လအကုန်မှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။  ဧပြီလဆန်းက စတင်ပြီး ကြားနေနှစ် (ရိုးရိုးနှစ်) ပြန်ဖြစ်တော့မှာ ဖြစ်ပါတယ်။  ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ ခန့်မှန်းရာမှာတော့ ရိုးရိုး နှစ်ဖြစ်ဖို့ ၅၅  ရာခိုင်နှုန်း၊ လာနီညာ ဖြစ်ဖို့ ၂၅ ရာခိုင်နှုန်းနဲ့ အယ်လ်နီညို ဖြစ်ဖို့ ၂၀  ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ အပြောင်းအလဲ  ရှိနိုင်ပါတယ်။  ဒါပေမယ့် ၂၀၁၂ ခုနှစ်ဟာ နေအမည်းစက် အများဆုံးနှစ် (Maximum sun spot year)  ဖြစ်ပါတယ်။ အပူချိန်မြင့်ဖို့၊ ဖောက်ပြန် ရာသီဥတုကြုံတွေ့ဖို့  အလားအလာရှိပါတယ်။ မေး - ဒီနှစ်ဦးပိုင်းအတွင်း ကမ္ဘာတစ်ဝန်းမှာ ရာသီဥတုပိုင်းဆိုင်ရာ ထူးခြားဖြစ်ပေါ်မှုတွေ ရှိရင် သိချင်ပါတယ်။ဖြေ - အမေရိကန်ပြည်ထောင်စု အရီးဇိုးနားပြည်နယ်တွေမှာ  လေဆင်နှာမောင်းသုံးကြိမ် ဆက်တိုက် ကျရောက်သွားခဲ့မှုကြောင့် လူခြောက်ဦး  သေဆုံးခဲ့ရပြီး လူနေအိမ်ရာတွေ အမြောက်အမြား ပျက်စီးခဲ့ရပါတယ်။  ပြီးခဲ့တဲ့  ဖေဖော်ဝါရီလကလည်း ဥရောပအရှေ့ပိုင်းနိုင်ငံတွေမှာ အအေး လွန်ကဲခဲ့တယ်။  အအေးလွန်ကဲမှုကြောင့် လူ ၄၀၀ ကျော် အသက်ဆုံးရှုံး ခဲ့ရပါတယ်။  သြစတြီးယားနိုင်ငံမှာ နှင်းအထူ ၁၅ ပေလောက်အထိ ရှိခဲ့ တယ်။ အာရှမှာတော့  နီပေါနိုင်ငံမှာ အအေးလွန်ကဲခဲ့ပါတယ်။ မေး - ၂၀၁၂ ခုနှစ်ဟာ လူအတော်များများ စိတ်ဝင်တစားရှိခဲ့ကြတဲ့  နှစ်တစ်နှစ်လည်း ဖြစ်ပါ တယ်။ အခု ၂၀၁၂ ကိုရောက်လာပြီ။ ကမ္ဘာမှာ  ပုံမှန်မဟုတ်တဲ့ အစွန်းရောက် အခြေအနေတွေကိုလည်း ကြုံလာရတာရှိတော့ အဲဒီအပေါ်  သုံးသပ် ပေးပါဦး။ဖြေ - ၂၀၁၂ ခုနှစ်နဲ့ပတ်သက်ပြီး ပြောကြတာတွေကတော့ ကမ္ဘာတစ်လွှားမှာ  ဟိုးလေးတကျော်ပါပဲ။ ကမ္ဘာပျက်တော့မယ်၊ လူသားမျိုးဆက် တစ်ခုလုံး  အပြောင်းအလဲတွေ ဖြစ်တော့မယ်၊ ဂြိုဟ်ကြီးတစ်ခု၊ ဥက္ကာပျံခဲကြီးတစ်ခုနဲ့  တိုက်မိတော့မယ်၊ သဘာဝဘေးတွေကြောင့် လူသန်းတစ်ထောင်ကျော်  သေကြေပျက်စီးရလိမ့်မယ် စတာတွေ အစုံပါပဲ။ ၂၀၁၂  Dooms Day ကို ပြောမယ်ဆိုရင်  သူ့မှာ ကြိုတင်နိမိတ်ဖတ်ခြင်း သုံးမျိုးရှိနေတယ်ဆိုတာကို သိထားဖို့  လိုအပ်ပါတယ်။ ဘီစီ ၃၀၀၀ ကျော် လောက်ကတည်းက မာယာလူမျိုးတွေရဲ့  နိမိတ်ဖတ်ချက်၊ သြစတြီးယားလူမျိုး Patrick Geryl ဆိုတဲ့ စာရေးဆရာရေးသားတဲ့  အော်ရီယွန် နိမိတ်ဖတ်ခြင်းနဲ့ နာဆာအဖွဲ့ကြီးလို သိပ္ပံအဖွဲ့အစည်းတွေက  ပြောကြတဲ့ သိပ္ပံနည်းကျ နိမိတ်ဖတ်ခြင်း ဆိုပြီး ရှိနေပါတယ်။  ဘယ်သိပံ္ပအဖွဲ့အစည်း၊ ဘယ်သိပ္ပံပညာရှင်တစ်ဦး တစ်ယောက်ကမှ ၂၀၁၂ မှာ  ကမ္ဘာပျက်မယ်ဆိုတာကို လက်မခံကြပါဘူး။ ဒါပေမယ့် ၂၀၁၂ မှာ Galactic Crossing  ဆိုတဲ့ နေစကြ၀ဠာကြီး နဂါး ငွေ့တန်းကို ဖြတ်မယ်ဆိုတဲ့ အယူအဆအရတော့  (၁)အပူချိန်တိုးလာမယ်၊ (၂) ကမ္ဘာ့သံလိုက် ၀င်ရိုးစွန်းတွေ နေရာ  အပြောင်းအလဲဖြစ်မယ်၊ (၃) တောင်မြောက် ၀င်ရိုးစွန်းတွေ  ပြောင်းပြန်ဖြစ်ကုန်မယ်၊ (၄) သဘာဝဘေးတွေ တိုးလာမယ်၊ (၅) ဥက္ကာပျံခဲတစ်ခုနဲ့  တိုက်မိခိုက်မိနိုင်တယ် စတာတွေကိုတော့ သိပ္ပံပညာရှင်အများစုက လက်ခံထားတယ်။  အစွန်းရောက် ဖြစ်စဉ်တွေ နဲ့ ပတ်သက်ပြီး အယူအဆတွေ အစွန်း မရောက်ဖို့  အရေးကြီးပါတယ်။ မေး - မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် ရာသီဥတု ခန့်မှန်းအလားအလာကိုလည်း သိချင်ပါတယ်။ဖြေ - တောင်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှု ရွာသွန်းမြဲထက်ပိုပြီး  အပူချိန် ဖြစ်မြဲအောက်လျော့နိုင်တယ်၊ မြောက် ပိုင်းမှာတော့ မိုးရွာသွန်းမှု  ရွာသွန်းမြဲ အောက် လျော့နိုင်တယ်၊ နေ့အပူချိန်  တွေဖြစ်မြဲထက်ပိုနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ မုတ်သုံအ၀င်နောက် ကျမယ်၊  အထွက်စောမယ်၊  မိုးကြိုမှာ မုန်တိုင်း အန္တရာယ်ရှိနိုင်တယ်၊ မိုးတွင်း  ကာလမှာ  မိုးရွာသွန်းမှုပုံစံ မမှန်နိုင် ဘူး၊ မြစ်အငယ်တွေရေလျှံမှုတွေ  ရှိနိုင်တယ်စတာတွေကို ယေဘုယျအားဖြင့် ခန့်မှန်းထားပါတယ်။ မေး နောက်ထပ် အကြံပြုချင်တာ များရှိရင် ပြောပြပေးပါဦး။ဖြေ လွန်ခဲ့တဲ့ရက်ပိုင်းတွေက ဧရာဝတီ နာဂစ်ဒေသက ပင်လယ်ဘက်က ရွာတွေကို  ဟောပြောပွဲ သွားဖြစ်ခဲ့ပါတယ်။ တိုးမြစ်ဝက တိုးစံပြကျေးရွာ  နဲ့က၀က်ကျေးရွာတွေကို ဖြစ်ပါတယ်။ ရွာနှစ်ရွာလုံးက ရေလုပ်သားကြီးတွေ က  ပြောကြပါတယ်။ နာဂစ်တုန်းက မဖြစ်ခင် နှစ်လလောက်ကတည်းက ထူးထူးခြားခြား  ငါးဒီဆိုတဲ့ငါးတွေ အလွန်ပေါပြီးဖမ်းလို့တောင် မနိုင်ပါဘူးတဲ့။ အဲဒီနောက်  နာဂစ်ဝင်လာတော့ တာပါပဲတဲ့။ ဒီနှစ်မှာလည်း ငါးဒီ တွေပေါနေပြန်ပြီလို့  ပြောကြပါတယ်။ ဆရာ့အနေနဲ့ကိုယ်တွေ့ အတွေ့အကြုံ နည်းပေမယ့် လေးစားလောက်တဲ့  awareness တစ်ခုလို့မြင်ပါတယ်။ နောက်တစ်ခု ပြောချင်တာကတော့  နေအမည်းစက်  အများဆုံး နှစ်တွေနဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကိုပေးတဲ့  အယ်လ်နီညိုနှစ်တွေလာ တိုက်ဆိုင်နေခဲ့ရင်၊ အဲဒီလို နှစ်မျိုးတွေဟာ  အလွန်ပူပြင်း ခြောက်သွေ့တဲ့နှစ် ဖြစ်လာတတ်တယ် ဆိုတာပါပဲ။  ဒါကြောင့် ၂၀၁၂  ဟာနေအမည်းစက် အများဆုံး နှစ်ဖြစ်နေပြီမို့ ဒီနှစ်ရဲ့ လက်ကျန်လတွေမှာ  အယ်လ်နီညို ဖြစ်၊ မဖြစ်ဆိုတာ အလွန်အရေးကြီးနေပါတယ်။  | 
 
No comments:
Post a Comment