ဦးသိန်းစိန် ဖတ်တဲ့စာအုပ်အပေါ် ခင်မမမျိုး အမြင်
ကိုမိုးသီးနှင့် ရဲဘော်များရှင့်။
  ဦးသိန်းစိန်ဖတ်ရုံတင်မက သူဝန်ထမ်းတွေကိုပါ
ဒီစာအုပ်ရေးသူက Marketing လောကမှာတော့ ဂုရုလို့ ပြောလို့ ရပါတယ်။ Principles of Marketing, Marketing Management စတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေကို ရေးထားပြီး၊ စီမံခန့်ခွဲရေးနဲ့ ဈေးကွက်ရေးရာ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းတွေမှာ သူ့စာအုပ်တွေကို ဖတ်ကြရပါတယ်။ တိုင်းပြည်ရေးရာကို ဈေးကွက်အမြင်နဲ့ သုံးသပ်တင်ပြထားတာပါ။ နိုင်ငံရေးအမြင်တော့ အားနည်းပါတယ်။
 မြန်မာနိုင်ငံ ပြည်တွင်းမှာကော၊ ပြည်ပမှာကော အကြောင်းအရာတွေကို နိုင်ငံရေးပညာ၊ မဟာဗျူဟာရေးရာ ရှုထောင့်တွေကနေ ရှုမြင်သုံးသပ်နိုင်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှု သိပ်ပြီး နည်းပါးပါတယ်။ အခြေခံနိုင်ငံရေးအသိပညာပါ အားနည်းလေတော့ Conventional Politics ကိုလဲ အာဏာနိုင်ငံရေးလို့ မြင်သူတွေ မြင်ကြ၊ Contentious Politics ကိုလဲ အန်ဂျီအိုတွေနဲ့ လုံးထွေးကြနဲ့ ပတ်ချာလည်နေကြပါတယ်။ တခါ ကိုလိုနီခေတ်၊ ဂျပန်ခေတ်က အတွေ့အကြုံတွေ၊ ဖြတ်သန်းမှုသဏ္ဍာန်တွေ၊ လက်တင်အမေရိကရဲ့ ၁၉၆၀၊ ၇၀ လှုပ်ရှားမှုတွေကိုပဲ အများအားဖြင့် သိနားလည်ကြပြီ၊ ၂၁ ရာစုရဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေ၊ လှုပ်ရှားမှုတွေကို မျက်ချေပြတ်နေကြလေတော့ မဆီလျော်တော့တဲ့ စကားလုံးတွေ၊ နည်းလမ်းတွေ၊ အတွေးအခေါ်တွေနဲ့ပဲ ရှုပ်ယှက်ခတ်နေကြပါတယ်။ အရပ်သားရွေးကောက်ခံ အာဏာရှင်အစိုးရဘေးမှာကလဲ နိုင်ငံရေးပညာရှင်တွေ မရှိပဲ နိုင်ငံရေးအကြံပေးဆိုတာတွေကို စာနယ်ဇင်းသမားတွေ၊ စီးပွားရေးသမားတွေ
 ဆွဲခန့်ထားလေတော့ ဒီလို ဈေးကွက်ရှုထောင့်၊ စီးပွားရေးရှုထောင့်က စာအုပ်တွေ ဖတ်ဖို့ကိုပဲ အကြံပြုနိုင်ကြတယ် ထင်ပါရဲ့ရှင်။
ကျွန်မအမြင်ကတော့ ခုလို အချိန်မျိုးမှာ ဦးသိန်းစိန်တို့ ဖတ်သင့်တာက Ending Civil Wars တို့၊ Security Sector Reform တို့  Democratization လို ပြည်တွင်းရေးပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် သဘောတရားရေးရာစာတွေနဲ့ ကိုယ့်တိုင်းပြည် ဘယ်ရောက်လို့ ဘယ်ပေါက်နေတယ်ဆိုတာ သိနိုင်တဲ့ Global Politics စာအုပ်တွေလို့ ထင်တာပါပဲ။ မြန်မာပြည်မှာ နှစ်ပေါင်းလေးဆယ်လောက် Political Science နဲ့ Sociology ကို သင်းကွပ်ထားခဲ့မှုဟာ တိုင်းပြည်ရဲ့ အဆင့်ကို နှစ်ပေါင်းတရာလောက် နောက်ကျစေခဲ့ပြီး၊ လူ့အဖွဲ့အစည်းဖရိုဖရဲ ပျက်ယွင်းမှုတွေကို ဦးတည်သွားစေခဲ့ပြီရှင်။
စိတ်မကောင်းစရာ အတော်ကောင်းပါတယ်။
လေးစားစွာဖြင့်
ခင်မမမျိုး
No comments: