“ကြွေးယူပြုံးပြုံး၊ တောင်းတော့မုန်း၊ မဆုံးသော်လည်း ရန်များ၏”
“အကြွေးဆိုတာ ဆပ်တတ်မှ ကျေတယ်”
ကျနော်ရည်ညွှန်းလိုသော  “ကြွေး” ကား ငွေရေးကြေးရေး ကိစ္စသက်သက်မဟုတ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ကြွေး  ရန်စ မဟုတ်။ သမိုင်းကြွေး ဖြစ်သည်။ ကျူးလွန်ခဲ့သည့်အတိုင်းအတာ အနေအထားကလည်း  မတော်တဆ တဦးစနှစ်ဦးစ နစ်နာစေခဲ့တာ မဟုတ်။    အစီအစဉ်တကျလုပ်ဆောင်ခဲ့ပြီး လူတွေ အစုလိုက်အပြုံလိုက် ဘဝတွေ အဖတ်ဆယ်မရအောင်  ကြေမွပျက်စီး ခဲ့ရတာဖြစ်သည်။
“ကြောက်တတ်လျှင် ဝန်ကင်း”  ဟူသောစကားကို “ကံ ကံ၏အကျိုး” ကမ္မဥပဒေသ လက်ကိုင်ထားသော  ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့် မိမိဥာဏ်မီသလောက် ဆင်ခြင်သုံးသပ်ကြည့်သောအခါ လောဘ၊  ဒေါသ၊ မောဟ... ကိလေသာအမှောင်ဖုံးလွှမ်း၍ မိမိအတ္တအတွက် မကြောက်မရွံ့  လက်ရဲဇက်ရဲဖြင့် အမှားများ၊ ဖောက်ပြန်မှုများ ကျူးလွန်ခဲ့မိသောကြောင့်သာ  အကြွေးဝန်ပိနေကြရခြင်းဖြစ်သည်။
မြန်မာပြည်၏ ထွန်းသစ်စ အပြောင်းအလဲ  အရုဏ်ဦး လင်းရောင်ခြည်အောက်မှာ အတိတ်က ကြွေးဟောင်းရှိ  ဖူးသူတွေအခက်တွေ့နေပြီ။ ပြစ်မှုဖော်ထုတ် စွပ်စွဲခံရသူတို့ ပြေးစရာမြေရှိ  အနေကျပ်နေ၏။ စွပ်စွဲမခံရသေး သူတွေကလည်း ကျူးလွန်ခဲ့ဖူးသောအမှားတွေကို  သူ့အတာချ ကိုယ့်အတာချ ဘော်လီဘောပုတ်နေကြ၏။ အကြွေးဆပ်ရန် ဝန်လေးနေကြလေသည်။  အဘယ်ကြောင့် ဤမျှ ဂဏှာမငြိမ် တုန်လှုပ်ခြောက်ခြား ဗျာများ နေရသနည်း။
လူမိုက်တို့၏  သဘောကား မိမိတို့အထက်စီးရခိုက် သူတပါးအပေါ် နိုင်ထက်စီးနင်း နှိပ်စက်ကလူ  ပြုမူရာ၌သာ သတ္တိသွေးကြွ မိုက်ဂုဏ်ပြလေ့ရှိပြီး မိမိကပြန်ပေးဆပ်ရန်  အလှည့်သို့ရောက်လျှင် သနားစဖွယ် ယုန်သူငယ်လို မျက်ရည်ခံထိုးလိုက်၊  ဝိညာဉ်ချုပ်ခါနီး ဝံပုလွေတကောင်လို အသံနက်ကြီးဖြင့်  ကြုံးဝါးအော်မြည်လိုက်နှင့် ပြုခဲ့ သမျှသော အကျည်းတန်အရိပ်မဲတို့က  သူတို့ကိုပြန်၍ ခြောက်လှန့်တာ ခံနေရရှာသည်။
သို့ရာတွင်  မိမိတို့ကျူးလွန်ခဲ့သော ပြစ်မှုတို့ နောင်တတရားဖြင့် ရိုးသားစွာဝန်ခံ  ဖြောင့်ချက်ပေးတာမတွေ့ရ။ “ငယ်ရွယ်သူမို့ မသိ၍ မိုက်မှားခဲ့ရပါသည်” “ဘယ်သူ၏  အသုံးချခံဘဝမှာ သားကောင်ဖြစ်ခဲ့ရပါသည်” စသဖြင့် မိုးကြိုးပစ် ထန်းလက်ကာ  ကယောင်ကတမ်း ပြောမိပြောရာ စကားတို့ဖြင့် အကာအကွယ်ပြုနေကြပြန်သည်။  ညောင်မြစ်တူး ပုတ်သင်ဥပေါ်မှာကို စိုးရိမ်ထိတ်လန့်သူတွေလည်း ရှိနေ၏။  မိမိတို့အပေါ် တင်ရှိနေသော ကြွေးကို အတိုးပါပေးဆပ်ရန် ဝေးစွ။ အရင်းအတိုင်း  အကြေအလည်ပေးဆပ်ရန်ပင် နှမြောတွန့်တိုနေသည့်ပုံ။  သူ့အကြွေးပြန်လည်ပေးဆပ်ရမှာကို ဈေးဆစ်နေကြသေးသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ  အာဇာနည်ခေါင်းဆောင်ကြီးများကို ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့်  ဂဠုံဦးစောနှင့်အပေါင်းများအပေါ် နိုင်ငံတော်လုပ်ကြံမှုဖြင့်  စွဲချက်တင်စစ်ဆေးရာ၌ “ဦးစောကိုချောင်းမြောင်းပစ် ခတ်ခံရစဉ်က  ဗိုလ်ချုပ်၏ညွှန်ကြားချက်ကြောင့်ဟုယုံကြည်ခဲ့သော သံသယကြောင့်  တုံ့ပြန်လက်စားချေရပါ သည်” ဟူသောအကြောင်းပြချက်မျိုးနှင့်  ဦးစောတို့ကျူးလွန်ခဲ့သောပြစ်မှုကို တစုံတရာ အကာအကွယ်မပြုနိုင်ခဲ့။  အမှန်တကယ်မှာလည်း ပုဂ္ဂိုလ်ရေး အာဃာတထက် အာဏာမိုက်မှောင်  သူယောင်ဖန်ဆင်းပြသည်ကို စုံမက် ဝပ်စင်းပြီး အသိဥာဏ်အလင်း ပျောက်ခဲ့ရခြင်းသာ  ဖြစ်ပေသည်။
သေချာစဉ်းစားကြည့်လျှင် ယနေ့ အမှန်တရားဖော်ထုတ်ရေး  တောင်းဆိုလှုပ်ရှားမှုများက တရားမျှတလွန်းလှ၏။ အားလုံးကို ဝါးလုံးရှည်ဖြင့်  သိမ်းကြုံးရမ်းခြင်းမဟုတ်။ လွတ်လပ်သော တရားစီရင်ရေးအောက်မှာ ခိုင်လုံသော  သက်သေအထောက်အထားများကို ကြားနာစစ်ဆေးပြီးမှ အမှန်တကယ်  ရာဇဝတ်ပြစ်မှုကျူးလွန်ခဲ့သူကိုသာ စီစစ်ဖော်ထုတ်၍ ထိုက်တန်သော  ပြစ်ဒဏ်ချမှတ်စီရင်ရေးသာ ဖြစ်ပေသည်။ သမိုင်းကို အဖြစ်မှန်အတိုင်း  မှတ်တမ်းတင်နိုင်ဖို့ အရေးကြီးပါသည်။
ထိုသူတို့ တူဖြစ်ခဲ့စဉ်အချိန်က  ဤကဲ့သို့ မဟုတ်ပေ။ အာဏာရှင် ပါးကွက်သားတို့၏ အညှာတာမဲ့ ကမ်းကုန် အောင်  ရက်စက်မှုဒဏ်ကို ပြည်သူတွေ ပြည်သူ့ဘက်တော်သားတွေ တရားမဲ့စွာ ခံစားခဲ့ကြရသည်။  ပြည်သူ့ မျက်ရည်တွေက သူတို့အတွက် အပန်းဖြေဇိမ်ခံပစ္စည်းတွေဖြစ်ခဲ့သည်။  ထို့အတူ မွန်မြတ်သန့်စင်သော တော်လှန်ရေးအလုပ်ကို ခုတုံးလုပ်၍ ကိုယ်ကျိုးရှာ  အမြတ်ထုတ်ခဲ့သော သူယုတ်မာတစု၏ ကောက်ကျစ်စဉ်းလဲ မှုကြောင့် လွတ်မြောက်မှု  အတွက် စွန့်လွှတ်စွန့်စားရဲသူ တော်လှန်ရေး သားကောင်းသမီးပျိုများစွာ အရွယ်  မတိုင်မီ ရေတိမ်နစ်ခဲ့ရပြီး မတရားမှုကို တွန်းလှန်ဖယ်ရှားသော  မွန်မြတ်သန့်စင်သည့် တော်လှန်ရေး၏ ဂုဏ်သိက္ခာလည်း အရောင်ညှိုးနွမ်း  ညစ်ထေးခဲ့ရသည်။
ဖြစ်ပေါ်လာသော နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင်  ယခင်ကနှင့်မတူကွဲပြား ထူးခြားစွာဖြစ်ထွန်းလာနေသော အချင်းအရာတရပ်ကို  သတိထားမိပါသည်။ “ဘက်” ဆိုသော အသုံးနှုန်းအပေါ် သဘောထားရှုမြင်ပုံဖြစ်သည်။  ယခင်က “ဘက်” ဟု ဆိုလိုက်လျှင် “သူ့ဘက် ကိုယ့်ဘက်” ရှင်းခနဲသိသည်။  ဖိနှိပ်အုပ်စိုးသူ အစိုးရဘက်နှင့် ဖိနှိပ်မှုကို တွန်းလှန်ပုန်ကန်သော  အတိုက်အခံ၊တော်လှန်ရေးသမားတို့ဘက် ဟူ၍။ သူ့ဘက် ကိုယ့်ဘက် အကြား  ရန်ငါစည်းတွေ ခြားခဲ့ကြ သည်။ ယခုတိုင်လည်း တချို့သူတွေက ယခင်အတိုင်း  စည်းခြားနေကြတုန်း။
လက်တွေ့ဖြစ်စဉ်သဘောအရတော့ “ဘက်” ဆိုသည်မှာ  အပြောင်းအလဲကို လိုလားသူများ၊ အခင်းအကျင်း သစ်ကို  ပုံဖော်ဖန်တီးလိုသူများနှင့် အပြောင်းအလဲ မလုပ်လိုသူများ၊  ပိုနေမြဲကျားနေမြဲ အနေအထားအတိုင်း ဆက်လက် ထိန်းသိမ်းလိုသူတွေကြားမှာ  ပိုင်းခြားဖြစ်တည်နေသည်။ အဖွဲ့အစည်းတိုင်း (အစိုးရထဲမှာရော အတိုက်အခံတွေ  အတွင်းမှာပါ) ထိုဘက်နှစ်ခု အားပြိုင်လျှက်တည်ရှိနေသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်  ရေးအတွက် မတူညီသောကိစ္စတွေကို ခဏဘေးဖယ်ထားပြီး တူညီသောကိစ္စရပ်တွေမှာ  အာဏာရအစိုးရ ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်  ညှိနှိုင်းသဘောတူထားပြီးဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသား  ခေါင်းဆောင်များကလည်း တိုင်းပြည်အပြောင်းအလဲအတွက် ဆန္ဒတူညီသူဖြစ်လျှင်  မည်သည့်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်နှင့်မဆို လက်တွဲဆောင်ရွက်သွားရန်  အဆင်သင့်ရှိသည်ဟု တရားဝင်ထုတ်ဖော် ပြောဆိုပြီးဖြစ်သည်။
မြန်မာပြည်သူလူထု၏  သဘောဆန္ဒကတော့ အလွန်ရှင်းလင်းလှပါသည်။ မတော်မတရား ဖောက်လွဲဖောက်ပြန်  လုပ်လျှင် အစိုးရယန္တရားအတွင်းမှာရှိသူသာမဟုတ်ဘဲ  အတိုက်အခံတော်လှန်ရေးအဖွဲ့အစည်းအတွင်းမှ လူများ ကိုလည်း  ချမ်းသာခွင့်ပေးမည်မဟုတ်ပေ။ လူတဦးချင်းအလိုက် အဖြူအမဲခွဲသော ပွဲဖြစ်သည်။  ယခုဖြစ်ပေါ် နေသော မြောက်ပိုင်း ABSDF လူသတ်မှုကိစ္စဖော်ထုတ် အရေးယူရေးမှာ  ကြည့်လျှင်သိနိုင်ပါသည်။ အမှန်တရား ပေါ်ပေါက်ရေး  ကြိုးပမ်းအားထုတ်ဖော်ထုတ်ရာ၌ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မျက်နှာလိုက်စရာ မလို။
မကြာသေးမီ  ရက်သတ္တပတ်အတွင်း VOA မြန်မာ့အရေး သတင်းသုံးသပ်ချက်ကဏ္ဍမှာ ဦးကျော်ဇံသာနှင့်  မြန်မာ့အရေး သုံးသပ်ရေးသားနေသူ Larry Jagan တို့ ဆွေးနွေးသုံးသပ်ချက်အရ  မြန်မာအစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူတွေနဲ့ အပြောင်းအလဲလိုလားသူ တွေရဲ့ အားပြိုင်ပွဲ အလားအလာကို လေ့လာ ကြည့်နိုင် ပါသည်။ Larry Jagan က  နေပြည်တော်ရှိ မြန်မာအစိုးရအဖွဲ့အတွင်း၌ “ဝန်ကြီးအဖွဲ့ရဲ့  နှစ်ဆယ်  ရာခိုင်နှုန်းဟာ Liberal ဖြစ်ပြီး သမ္မတဦးသိန်းစိန် နဲ့ သူ့ရဲ့   ပြုပြင်ရေးအစီအစဉ်ကို လိုလားထောက်ခံကြပါတယ်။ နောက် နှစ်ဆယ်  ရာခိုင်နှုန်းကတော့ hardliner တွေ ဖြစ်ကြပြီး ပြုပြင်ရေး အရှိန်အဟုန်နဲ့  ပမာဏကို မကျေနပ် ကြပါဘူး။ စစ်အစိုးရ အုပ်စိုးတဲ့ ပုံစံဟောင်းကိုပဲ  ကြိုက်နေကြပါတယ်။ ကျန်တဲ့လူတွေ ကတော့ ခြံစည်းရိုးပေါ်
ခွထိုင်နေကြပြီး  ဘယ်ဖက်က အသာရမလဲဆိုတာကို စောင့်ကြည့်နေကြ ပါတယ်။” ဟုဆိုကာ ဝန်ကြီးတဦး၏  စကားကိုကိုးကား သုံးသပ်ပြောဆိုသွားပါသည်။ ၂၀ ရာခိုင်နှုန်း သော hardliner  များမှာ စစ်အုပ်ချုပ်ရေးကာလ တလျှောက်လုံး သူတို့ရရှိထားသော အခွင့်အာဏာကို  ခုတုံးလုပ်၍ တိုင်းပြည်ဘဏ္ဍာနှင့် ပြည်သူလူထုပိုင် ဓနဥစ္စာများကို  မတရာခိုးဝှက်လုယူထားသူများဖြစ်သဖြင့် ပြုပြင်ပြောင်း လဲရေး လုပ်ရမှာကို  ဝန်လေးတုံ့နှေး နေသူများ ဖြစ်ကြောင်း ထင်ရှားပါသည်။
ထို့အပြင်  မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍လည်း “သူတို့ဟာ ဝန်ထမ်းပီသတဲ့  စစ်တပ်ပဲ ထင်ပါတယ်။ လက်ရှိ ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တခြား  အရာရှိကြီးတွေ သူတို့ကို ကျနော်က ၈၈ မျိုးဆက် ဗိုလ်ချုပ်တွေလိုပဲ  ခေါ်ချင်တယ်။ ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတွေလည်း ရှိပါတယ်။ အခုတော့  သူတို့ လွတ်လာ ကြပါပြီ။ သံဃာတွေထဲမှာတော့ ၂၀၀၇ မျိုးဆက်ဆိုတာ ရှိပါတယ်။ ဒီ  ၈၈ မျိုးဆက်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ဗိုလ်ချုပ်တွေတော့ အတိအကျ  မဟုတ်ပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား၊ ထိုင်း တို့ ယုတ်စွအဆုံး  ဘင်္ဂလားဒေ့ရှ်မှာတောင် တွေ့ရပါတယ်။ စစ်အုပ်ချုပ်ရေးလွန်ကာလမှာ စစ်တပ်ရဲ့   အခန်းကဏ္ဍတခု ရှိနေပါတယ်။ သူတို့ဟာ ဒီအခန်းကဏ္ဍကို သဘောပေါက်ကြတယ်လို့  ထင်ပါတယ်။ ဒါဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ရဲ့  အခန်းကဏ္ဍပါ။”  ဟူ၍  သုံးသပ်ခဲ့ပါသည်။ စစ်တပ်၏ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့  လိုပါသည်။
ဤသို့သော အခြေအနေများအောက်တွင် မြန်မာပြည်၏  အပြောင်းအလဲကိုဖော်ဆောင်ရန် ကြိုးပမ်းအားထုတ် နေကြခြင်းလည်း ဖြစ်ပါသည်။  ပြည်သူလူထုအကျိုးကိုရှေ့ရှုသော Liberal အင်အားစုများ ခိုင်မာအားကောင်း  လာသည်နှင့်အမျှ အပြောင်းအလဲ အရှိန်အဟုန်မြန်ဆန်လာပေမည်။  အပြောင်းအလဲရေစီးကြောင်း  နှင့်အတူ ပြည်သူလူထု၏  ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုတွေအတွက် အရေးယူဖြေရှင်းဆောင်ရွက်ပေးရေး  တောင်းဆိုမှုတွေ ပါလာမည်။ ထိုအခါ ပြည်သူလူထုထံမှ အကြွေးတင်ဝန်ပိနေသူတို့  အနေပျက်အစားပျက် ဖြစ်ရတော့မည်ကို သိသဖြင့် အပြောင်းအလဲမဖြစ်ရန်  တတ်နိုင်သမျှ ဟန့်တားနှောက်ယှက်နေခြင်း ဖြစ်ပေသည်။
မည်သို့ဆိုစေ  ကြွေးတင်ခံထားရသူများအနေဖြင့် ကြွေးကျေအောင်ဆပ်ရန် တာဝန်ရှိပါသည်။  “အကြွေးဆိုတာ ဆပ်တတ်မှ ကျေတယ်” ဟူသည့်အတိုင်း တနည်းနည်းဖြင့်  ကျေလည်အောင်ပေးဆပ်ကြရမည်။ ဤနေရာ၌ အဖြစ်အပျက်တခုချင်းစီတိုင်းတွင်  နစ်နာခံစားနေရသော ကာယကံရှင်ပြည်သူများ ကျေနပ်လက်ခံမှုရှိအောင် မည်သို့မည်ပုံ  အကြွေးဆပ်မည်နည်း ဆိုသည့်အချက်က နောင်လာမည့် မျိုးဆက်တို့အတွက်  သမိုင်းစာမျက်နှာ အဖြစ် ထင်ကျန်ရစ်ပေတော့မည်။ ဝေမော်
No comments:
Post a Comment