ပြောင်းလဲမှုသို့ ဦးတည်တဲ့ ခြေလှမ်းတွေ စတင်နေချိန်မှာပဲ အဖြစ်အပျက်တွေက မြန်ဆန်လွန်း တာကြောင့် အပြန်အလှန် မယုံကြည်မှုတွေ၊ မသေချာ မရေရာမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ စိတ်ခံစားမှုတွေက အတက်အကျဖြစ်လာကြပါတယ်။ မူလက နိုင်ငံရေးအရ ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကို လူဖြူတွေနဲ့ လူမည်းတွေအကြား ပြုလုပ်ခဲ့ကြရာက အသွင်ပြောင်းပြီး၊ ဘက်တဘက်ထဲမှာ ပါဝင်နေကြသူတွေ အချင်းချင်း တိုက်ခိုက်ဝေဖန်မှုတွေ ဖြစ်ပွားလာပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေတာကြောင့် နားလည်မှုတွေ လွဲလာကြပါတယ်။ ဂိုဏ်းဂဏ ကွဲပြားမှုတွေ ဖြစ်ပွားလာပါတယ်။ အပြောင်းအလဲကာလရဲ့ ထုံးစံနဲ့အညီ ရာဇ၀တ်မှုတွေ ထူပြောလာပါတယ်။ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ ရှိလာပါတယ်။
ဒါကြောင့် အခြေအနေကို ထိန်းကျောင်းဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ လူထုလူတန်းစားအလွှာအသီးသီးက လူမှုရေးရေချိန် မြင့်မားသူတွေနဲ့ နိုင်ငံရေးသမားတွေ ပေါင်းစည်းပြီး National Peace Accord (NPA) ကို တည်ထောင်လာကြပါတယ်။ NPA မှာ နိုင်ငံတော်ငြိမ်းချမ်းရေးကော် မတီ၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကော်မတီတွေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုဆိုင်ရာ ကော်မတီတွေ အဆင့်ဆင့် ပါဝင်ပြီး ၊ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
တဘက်မှာလဲ အေအင်စီနဲ့ အန်ပီ (National Party- de Klerk အစိုးရကို ကိုယ်စားပြုသော ပါတီ) ခေါင်းဆောင်တွေက သဘောတူညီထားပြီးဖြစ်တဲ့ Pretoria Minute ကို ဆုပ်ကိုင်ပြီး စေ့စပ် ဆွေးနွေးရေးဖြစ်စဉ်ကို အရှိန်မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တောင်အာဖရိကမှာ ကာလရှည်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အေအင်စီခေါင်းဆောင်တွေနဲ့ အန်ပီခေါင်းဆောင်တွေပဲ တွေ့ဆုံ ဆွေးနွေးရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာကို နှစ်ဘက်ခေါင်းဆောင်တွေ အားလုံးက နားလည်ထားခဲ့ကြပါတယ်။ ဒီအတွက် လူဖြူ၊ လူမည်း အဖွဲ့အစည်းအသီးသီး၊ ပါတီအသီးသီးကို ကိုယ်စားပြုခေါင်းဆောင်များ ပါဝင်တဲ့ ပါတီစုံစေ့စပ်ဆွေးနွေးရေးဖိုရမ် (multi-party negotiation forum) တခု ပေါ်ပေါက်လာဖို့ ထပ်ဆင့်ကြိုးပမ်းပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်လာကြပါတယ်။
ဒီလိုနဲ့ (၁၉၉၁)ခုနှစ်၊ ဒီဇင်ဘာလမှာတော့ နှစ်ဘက်ခေါင်းဆောင် အများအပြား ပါဝင်တဲ့ Convention for a Democratic South Africa (CODESA) ကို စတင်ကျင်းပနိုင်ခဲ့ပါတယ်။ ဒီညီလာခံကြီးကို ကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်း များကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲပြင်ဆင်ပြဌာန်းရန်၊ ညင်သာသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တိုင်းပြည်၏ ပထမဦးဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန် စတာတွေ ဖြစ်ပါတယ်။
တပြိုင်နက်တည်းမှာပဲ Convention for a Democratic South Africa (CODESA) နဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေကလဲ ပေါ်ထွက်လာပါတယ်။ တဘက်နဲ့တဘက် အနိုင်တိုက်ရေး လမ်းကြောင်းတွေပေါ်မှာ နှစ်ပေါင်းများစွာ လျှောက်လှမ်းလာခဲ့တဲ့ အခြေအနေတခုကို ပြောင်းလဲဖို့ ကြိုးပမ်းတဲ့အခါ ဒီလို ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ထွက်လာတတ်လေ့ရှိတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လိုတဲ့ ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေက စိတ်ရှည်ရှည်ထားပြီး ပြောပြရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ဒီလို မဟုတ်ပဲ ပြုပြင်ပြောင်းလဲရေးကို မလိုလားသူများလို့ ပြောဆိုမှုတွေ ရှိလာခဲ့ရင် နာကျည်းမှုတွေ၊ မခံချင်စိတ်တွေကနေ အစွန်းရောက် အတွေးအခေါ်တွေ ပေါ်ထွက်သွားစေတတ်ပါတယ်။
လူဖြူတွေဘက်မှာဆိုရင် de Klerk ဟာ ကိုယ့်ဘက်က လူဖြူတွေကို ချနင်းနေတယ်၊ ရောင်းစားနေတယ်လို့ စွပ်စွဲမှုတွေ ရှိလာခဲ့သလို၊ လူမည်းတွေဘက်မှာလဲ မင်ဒဲလားခေါင်းဆောင်တဲ့ အေအင်စီရဲ့ သဘောထားတွေ၊ ပြုမူဆောင်ရွက်ပုံတွေကို အယုံအကြည်မရှိဘူးလို့ အဆိုတင်သွင်းမှုတွေ၊ ရန်သူဖြစ်ခဲ့တဲ့ လူဖြူတွေနဲ့ ပေါင်းသွားပြီလို့ စွပ်စွဲမှုတွေ ရှိလာခဲ့ပါတယ်။ ဒီအပေါ်မှာ အေအင်စီ ခေါင်းဆောင်တွေနဲ့ အန်ပီခေါင်းဆောင်တွေက စွပ်စွဲမှုပြုလုပ်တဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောကြားမှုတွေ၊ စေ့စပ်ဆွေးနွေးရေး ညီလာခံ လမ်းကြောင်းပေါ်ကို ရောက်လာအောင် စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အချို့အဖွဲ့အစည်းများနဲ့ ခေါင်းဆောင်များကလဲ ညီလာခံကို သပိတ်မှောက်ပြီး၊ အေအင်စီပါတီနဲ့ အန်ပီပါတီတို့ကို ညီလာခံပြင်ပ တိုက်ပွဲ လမ်းကြောင်းပေါ် ပြန်ရောက်လာအောင် စည်းရုံးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလို ညီလာခံပြင်ပတိုက်ပွဲတွေအတွက် အားထုတ်ကြိုးပမ်းမှုတွေ ရှိနေဆဲမှာပဲ ညီလာခံတွင်းတိုက်ပွဲတွေ ကလဲ တစတစ ပြင်းထန်နေခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးရေး (negotiation) ဆိုတာ ပူးပေါင်းဆောင်ရွက်ရေး (collaboration)နဲ့ မတူညီပါဘူး။ စေ့စပ်ဆွေးနွေးရေးဆိုတာ တဘက်နဲ့ တဘက် အမြင်မတူညီမှုတွေကို ညှိနှိုင်းဆွေးနွေးပြီး ရလဒ်တခု ပေါ်ထွက်လာအောင် ပြုလုပ်ရတာဖြစ်ပြီး၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုတာကကျတော့ မတူညီမှုတွေကို ဘေးဖယ်ပြီး တူညီတဲ့အလုပ်တွေကို ပူးတွဲအကောင်အထည်ဖော်ဆောင်ရေး ဖြစ်ပါတယ်။
စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို အကောင်အထည် ဖော်ဆောင်ကြရာမှာ issues တွေ အများအပြား ပါဝင်လာပါတယ်။ အချို့ issue တွေကို ပူးပေါင်းဆောင်ရွက်ခြင်း ချဉ်းကပ်နည်းလမ်း နဲ့ အကောင်အထည် ဖော်နိုင်ပေမယ့် အချို့ issue တွေကို အပြန်အလှန်တွန်းအား (leverage) တွေ အသုံးပြုပြီး အကောင်အထည်ဖော်ကြရပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ရေးဆိုတာ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ရဲ့ အစိတ်အပိုင်း အဆင့် တခုသာ ဖြစ်ပြီး၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ရဲ့ အဆုံးသတ်ရလာဒ်ကို ဆောင်ကျဉ်းပေး နိုင်မှာတော့ မဟုတ်ပါဘူး။ စေ့စပ် ဆွေးနွေးရေးဖြစ်စဉ်ကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်မယ် ဆိုရင်တော့ မတူညီမှုကို ညှိနှိုင်းဆွေးနွေးပြီး ရလာဒ်တခု ပေါ်ထွက်လာအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
တောင်အာဖရိကမှာ ပေါ်ထွက်ခဲ့တဲ့ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာ မတူညီမှုတွေကို ဘေးဖယ်ပြီး တူညီတဲ့အလုပ်တွေကိုပဲ အကောင်အထည်ဖော်ကြတဲ့ ပူးပေါင်းဆောင်ရွက်ရေးအဆင့်မှာ ပဲ ရှိခဲ့တာ မဟုတ်ပါဘူး။ မတူညီမှုတွေကို ညှိနှိုင်းဆွေးနွေးပြီး ရလာဒ်တခုပေါ်ထွက်လာအောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်တဲ့အတွက် Convention for a Democratic South Africa (CODESA) ကို ကျင်းပနေဆဲမှာပဲ အပြန်အလှန် Leverage တွေ အသုံးပြုခဲ့ရပါတယ်။
အတွေးအမြင်၊ အယူအဆပိုင်းဆိုင်ရာ မတူညီမှုတွေ အများအပြားရှိတဲ့အနက် အရေးကြီးဆုံး ကိစ္စရပ်ကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲ ကာလမှာ ဘယ်သူတွေက အုပ်ချုပ်မလဲ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူဖြူအစိုးရက စေ့စပ်ဆွေးနွေးနေဆဲကာလမှာ သူတို့ ဆက်လက်အုပ်ချုပ်မယ်လို့ အဆိုတင်သွင်းပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေအရ အစိုးရအုပ်ချုပ်မှုယန္တရားက ရုတ်ခြည်း ပျောက်ကွယ်သွားပြီး၊ အလားအလာရှိမယ်ထင်တဲ့ အခြားနိုင်ငံရေးအဖွဲ့အစည်းတွေ ကို တလက်ကနေ နောက်တလက် လွှဲပြောင်းနေဆဲမှာတင် စေ့စပ်ဆွေးနွေးရေးလမ်းစဉ် ကွယ်ပျောက်သွားပြီး၊ နိုင်ငံရေးဖြစ်စဉ် ရှုပ်ထွေးမှုတွေ ဆက်ဖြစ်လာနိုင်တယ်လို့ သူတို့က အဆိုပြုခဲ့ပါတယ်။
တဘက်မှာကလဲ အေအင်စီနဲ့ မဟာမိတ်အဖွဲ့တွေက ဒီလိုအခြေအနေမျိုးကို ယုံကြည်မှု မရှိပါဘူး။ အစိုးရအနေနဲ့ စေ့စပ်ဆွေးနွေးနေတဲ့ ဘက်တဘက် နေရာသာမက ဒိုင်လူကြီးနေရာမှာ ရယူထားတဲ့ အခြေအနေဖြစ်တာကြောင့် ဘက်မလိုက်ပဲ စစ်မှန်တဲ့ ဆွေးနွေးပွဲ ရလာဒ်တွေ ပေါ်ထွက်လာဖို့ ခဲယဉ်းတယ်လို့ သူတို့က ယူဆပါတယ်။ တောင်အာဖရိက အသံလွှင့်ဌာနဟာ အစိုးရ၀ါဒဖြန့်ချိရေး ယန္တရားဖြစ်နေခြင်း၊ စစ်တပ်မှ ကြားနေမဟုတ်ခြင်း၊ အစိုးရဘက်မှာ စစ်တပ်နဲ့ လုံခြုံရေးတပ်များ ရှိနေခြင်း၊ မီဒီယာလွပ်လပ်ခွင့်မရှိခြင်း စတာတွေဟာ အစိုးရဘက်ကို အသာစီးမှ ဆုံးဖြတ်ခွင့် ပါဝါများ ပေးအပ်ထားတယ်လို့ အတိုက်အခံများက သုံးသပ်ကြပါတယ်။ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်မှာ တဘက်က အသာစီးအနေအထားရှိနေခဲ့ရင် တရားမျှတတဲ့ ရလာဒ်ပေါ်ထွက်လာမှာ မဟုတ်တဲ့ အတွက် အစိုးရရဲ့ အဆိုပြုချက်ကို အတိုက်အခံတွေက လက်မခံကြပါဘူး။
ဒါကြောင့် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲဖို့အတွက် ပါလီမန်အသစ်တခု ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ နှစ်ဘက်ခေါင်းဆောင်များက သဘောတူဆုံးဖြတ်ခဲ့ရပါတယ်။ အဲဒီမှာတင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲအတည်ပြုရေးနဲ့ ပတ်သက်ပြီး procedural deadlock တခု ထပ်ပြီး ပေါ်ထွက်လာပါတယ်။ ပါလီမန်အသစ်ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲတဲ့အခါ ပါလီမန်ရဲ့ (၇၅) ရာခိုင်နှုန်းက လက်ခံမှသာ မူကြမ်းပါ အချက်အလက်တွေကို အတည်ပြုပြဌာန်းဖို့ အစိုးရဘက်က အဆိုတင်သွင်းပါတယ်။ အတိုက်အခံတွေဘက်ကလဲ ဒါကို နိုင်ငံရေးထောင်ချောက်ဆိုတာ သဘောပေါက်နားလည်ခဲ့ကြပါတယ်။ ဒီလိုသတ်မှတ်ခြင်းအားဖြင့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ရေးဆွဲပြဌာန်းနိုင်ရေးမှာ အခက်အခဲတွေ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် အေအင်စီနဲ့ မဟာမိတ်အဖွဲ့တွေကလဲ အဆိုတခုကို ထပ်မံတင်သွင်းပါတယ်။ အကယ်၍ မူကြမ်းအတည်ပြုရေးမှာ consensus မကျလာခဲ့ရင် popular vote နဲ့ ဆုံးဖြတ်ရန်ဖြစ်ပါတယ်။ အစိုးရဘက်ကလဲ ဒါကို နိုင်ငံရေးထောင်ချောက်ဆိုတာ တွေ့မြင်ခဲ့ပါတယ်။ ဒီလို သတ်မှတ်ခြင်းအားဖြင့် လူထုထောက်ခံမှု ရထားတဲ့ အတိုက်အခံတွေအနေနဲ့ ပါလီမန်မှာ deadlock ဖြစ်သွားတာနဲ့ popular vote ကို သုံးပြီး အနိုင်ယူနိုင်ခွင့် ရှိသွားမှာ ဖြစ်ပါတယ်။
ဒီလိုတဘက်နဲ့တဘက်ရဲ့ နိုင်ငံရေးထောင်ချောက်တွေကို တွေ့မြင်ကြတာကြောင့် တဘက်နဲ့တဘက် အပြန်အလှန် စွပ်စွဲမှုတွေ ပေါ်ထွက်လာပါတယ်။ အစိုးရဘက်က အတိုက်အခံတွေဟာ ညှိနှိုင်းဆွေးနွေးဖို့ အလွန်ခက်ခဲပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄င်းတို့အလိုကျ ဖြစ်ချင်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ အတိုက်အခံ တွေဘက်ကလဲ အစိုးရဟာ သဘောထား မှန်ကန်မှုမရှိပဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ထွက် လာခြင်း မရှိအောင် ပိတ်ဆို့နေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတနိုင်ငံရဲ့ တိုးတက် ပြောင်းလဲရေးအတွက် ကနဦးချရမယ့် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး မတူတာတွေကို ဘေးဖယ်ထားလို့ မရနိုင်ပါဘူး။ မတူတာတွေကို အဖြေမထွက်မချင်း ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ညှိနှိုင်းဆွေးနွေးမှုကနေ ရလာဒ်တခု ထွက်လာဖို့အတွက် အပြန်အလှန် Coercive Leverage တွေ အသုံးပြုလာကြပါတယ်။
အေအင်စီရဲ့ Coercive Leverage ကတော့ လူထုလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့အ၀ှမ်းမှာ သပိတ်မှောက်မှုတွေ၊ ဆန္ဒပြပွဲတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလူထုလှုပ်ရှားမှုတွေဟာ အစိုးရရဲ့ စေ့စပ်ဆွေးနွေးမှု အပေါ်မှာ စစ်မှန်တဲ့ သဘောထားရှိမရှိ၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်လိုခြင်း ရှိမရှိဆိုတာကို အများပြည်သူရှေ့မှာ သိသာထင်ရှားစေတာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အတိတ်မှာ အသုံးပြုခဲ့တဲ့ လူထုလှုပ်ရှားမှု ဖြိုခွဲရေးနည်းလမ်းတွေကို အသုံးပြုလို့ မရတော့ပါဘူး။ ဒီလိုပြန်ပြီး အသုံးပြုမယ်ဆိုရင် အစိုးရဟာ ပြောင်းလဲမှု လိုလားခြင်း မရှိကြောင်း နိုင်ငံတကာနဲ့ ပြည်သူလူထုအကြားမှာ သက်သေပြပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီလို Coercive Leverage ကို အသုံးပြုပြီး အတိုက်အခံခေါင်းဆောင်တွေဟာ စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်က အစိုးရရဲ့ ရပ်တည်ချက်ကို အားပျော့လာအောင် ကြိုးပမ်းနိုင်ခဲ့ကြပါတယ်။
အစိုးရဘက်ကလဲ အေအင်စီအပေါ် အသုံးပြုလို့ရနိုင်မယ့် coercive leverage နည်းလမ်းသစ်ကို ရှာဖွေ တွေ့ရှိသွားခဲ့ပါတယ်။ အေအင်စီကနေ ခွဲထွက်ပြီး Inkatha Freedom Party (IFP) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အေအင်စီအဖွဲ့ဝင်ဟောင်း Mangosuthu Buthelezi ဟာ မင်ဒဲလားမလွတ်မြောက်လာမီခင်ကတည်းက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ မင်ဒဲလားလွတ်မြောက်လာပြီး၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်ချိန်မှာတော့ သူ့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍက မှေးမှိန်သွားတယ်လို့ ခံစားရပြီး၊ မင်ဒဲလားကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ မင်ဒဲလားက Buthelezi နဲ့ ညှိနှိုင်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့်၊ Buthelezi ကတော့ သူ့ပါတီကိုပါ ညီလာခံကနေ နှုတ်ထွက်သွားစေပြီး၊ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေကို ဆန့်ကျင်နေခဲ့ပါတယ်။
အစိုးရအဖွဲ့တွင်းမှာရှိတဲ့ ခေါင်းမာသူတွေက ဒီလိုအခြေအနေတွေကို အခွင့်ကောင်းယူပြီး coercive leverage အနေနဲ့ အသုံးချဖို့ ကြိုးပမ်းခဲ့ပါတယ်။ အေအင်စီ အဖွဲ့ဝင်တွေနဲ့ IFP အဖွဲ့ဝင်တွေကို အချင်းချင်းတိုက်ခိုက်စေပြီး “black-on-black violence” ရှိနေတာကြောင့်၊ လူဖြူတွေအနေနဲ့ ဆက်လက်အုပ်ချုပ်ဖို့ လိုသေးကြောင်း သက်သေပြနိုင်ဖို့အတွက် IFP ရဲ့ စေ့စပ်ဆွေးနွေးရေးညီလာခံ ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေကို အားပေးကူညီ ခဲ့ကြပါတယ်။ “Inkathagate” ဆိုတဲ့ scandal မှာ IFP ကို လက်နက်ပစ္စည်း၊ ဘဏ္ဍာငွေကြေး ထောက်ပံ့ပြီး၊ အေအင်စီအဖွဲ့ဝင်များနဲ့ တိုက်ခိုက်မှုများ ဖြစ်ပွားစေခဲ့တဲ့ အစိုးရအဖွဲ့တွင်းက ခေါင်းမာဂိုဏ်း လှုပ်ရှားမှုများ ပေါ်ထွက်သွားတာကြောင့် အစိုးရဘက်က တာဝန်ရှိသူ အကြီးအကဲအချို့ နှုတ်ထွက် သွားခဲ့ရပါတယ်။
အစိုးရအဖွဲ့တွင်းက လူဖြူခေါင်းမာဂိုဏ်းသားတွေက "လူမည်း နိုင်ငံရေးသမား တွေဟာ အချင်းချင်းကွဲနေတယ်၊ အချင်းချင်းလဲ တိုက်ခိုက်နေတယ်၊ ဒီလို လူတွေလက်ထဲကိုသာ အာဏာရောက်သွားရင် တရားဥပဒေစိုးမိုးရေး အတွက် ခဲယဉ်းလိမ့်မယ်" ဆိုတဲ့ ၀ါဒဖြန့်ချိမှုတွေကို ပြည်သူလူထု အကြားမှာ ဖြန့်ချိမှုတွေ လုပ်ခဲ့ကြပါတယ်။ ထင်သာမြင်သာဖြစ်စေမယ့် အခြေအနေတွေကို ဖန်တီးလာ ကြပါတယ်။ အေအင်စီဘက်ကရော၊ အစိုးရဘက်ကပါ တိုက်ရိုက်ညွှန်ကြားစေခိုင်းခြင်းမရှိတဲ့ နိုင်ငံရေး အစွန်းရောက် သမားတွေက Third Force အနေနဲ့ ထွက်ပေါ်လာပါတယ်။ ဒီ Third Force မှာ နှစ်ဘက်စလုံးရဲ့ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်ဟောင်းတွေ ပါဝင်နေကြပြီး အများပြည်သူကို သတ်ဖြတ်မှု၊ ခြိမ်းချောက်မှု၊ အန္တရာယ်ပြုမှုတွေ ဖြစ်ပွားလာပါတယ်။ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို လူအများက ပွင့်ပွင့်လင်းလင်းထောက်ခံမှု မလုပ်ရဲတဲ့ အခြေအနေကို ဖန်တီးမှုတွေ၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို ထောက်ခံသူများနဲ့ မထောက်ခံသူများအကြား အငြင်းပွားတိုက်ခိုက်မှုတွေ၊ ခြိမ်းချောက်မှုတွေ ရှိလာပါတယ်။ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်အပေါ်မှာ လူအများက မျှော်လင့်ချက်တွေ ရှိခဲ့ရာက political violence မရှိချိန်တွေမှာလဲ အခြား violence တွေ ရှိနိုင်တာကြောင့် ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေးဟာ မဖြစ်နိုင်ဘူးဆိုတာတွေကို လူထုက လက်ခံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေ ပေါ်လာပါတယ်။ ဒီလိုအခြေအနေဆိုးတွေကြောင့် တောင်အာဖရိက လူဖြူ၊ လူမည်း နိုင်ငံရေးသမားတွေနဲ့ လူအများ သေကြေပျက်စီးခဲ့ရပါတယ်။
ဒီလိုနဲ့ (၁၉၉၂) ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှာတော့ Boipatong massacre ကြီး ဖြစ်ပွားသွားခဲ့ပါတယ်။ အဲဒီနေ့မှာ သမိုင်းဝင် တောင်အာဖရိက လူထုအရေးတော်ပုံကြီးတခုဖြစ်တဲ့ Soweto uprising နှစ်ပတ်လည် အခမ်းအနားကို အေအင်စီက ဦးစီးပြီး ကျင်းပခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်ဆောင်ခြင်းဆိုတာ ပြီးဆုံးသွားခဲ့တဲ့ အတိတ်ကို ပြည်ဖုံးကားချခြင်း မဟုတ်ပါ။ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေအတွက် အပြန်အလှန် ခွင့်လွှတ်နားလည်မှုယူပြီး၊ အနာဂတ်မှာ တိုင်းပြည်ကောင်းကျိုး ရရှိရေးအတွက် မတူညီသောသဘောထားအမြင်များကို ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းသာ ဖြစ်ပါတယ်။
ဒါကြောင့် တောင်အာဖရိက နိုင်ငံရေးဦးဆောင်ပါတီ (အေအင်စီ) က စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို အကောင်အထည် ဖော်နေဆဲမှာပဲ အတိတ်က ဖြစ်ပွားခဲ့တဲ့ လူထုအရေးတော်ပုံများရဲ့ နှစ်ပတ်လည် အခမ်းအနားများကိုလဲ ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုအခမ်းအနားကျင်းပမှုအပေါ်မှာ အစိုးရဘက်က ခေါင်းမာသူအချို့နဲ့ IFP တို့က အခွင့်ကောင်းယူခဲ့ကြပါတယ်။ Boipatong မှာရှိတဲ့ IFP တက်ကြွ လှုပ်ရှားသူတွေက နှစ်ပတ်လည်အခမ်းအနားကျင်းပနေတဲ့ အေအင်စီအဖွဲ့ဝင်များကို တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်များအပါအ၀င် အေအင်စီအဖွဲ့ဝင် (၃၉) ဦး သေဆုံးသွားပါတယ်။ Boipatong massacre ဖြစ်ပွားပြီးချိန်မှာ ဒီလိုတိုက်ခိုက်တဲ့ IFP ကို အစိုးရက လက်နက်နဲ့ ငွေကြေးထောက်ပံ့နေတယ်လို့ သတင်းတွေ ပေါ်ထွက်လာပြန်တာကြောင့် အေအင်စီအဖွဲ့ဝင်များနဲ့ IFP အဖွဲ့ဝင်များအကြားမှာ တင်းမာမှုတွေက ပိုပြီး ပြင်းထန်လာပါတယ်။
မင်ဒဲလားက အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဒီ Boipatong massacreကို လက်ပိုက်ကြည့် မနေခဲ့ပါဘူး။ Convention for a Democratic South Africa (CODESA) ထဲကနေ အေအင်စီကို ချက်ချင်းဆွဲထုတ်လိုက်ပြီး၊ သူ့ပြည်သူတွေကို လုံခြုံရေးပေးဖို့နဲ့ အစိုးရကိုယ်တိုင်ကျူးလွန်တဲ့ ဒီအကြမ်းဖက်မှုကို စုံစမ်း အရေးယူပေးဖို့ နိုင်ငံ တကာကို တောင်းဆိုပါတော့တယ်။ မင်ဒဲလားရဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂက မစ်ရှင် ဖွဲ့ပြီး စုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ယူအင်မစ်ရှင်ဟာ နိုင်ငံတွင်းမှာ National Peace Accord က ဖွဲ့စည်းထားတဲ့ Goldstone Commission လို့ လူသိများသော စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ အတူ တွဲဖက်ပြီး၊ အများပြည်သူကို အကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှုတွေကို စုံစမ်းပါတယ်။ အစိုးရအာဏာပိုင်ရဲ့ ဘက်တော်သားတွေ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပြီး၊ ကော်မရှင်အစီရင်ခံ ထုတ်ပြန်ခဲ့ တာကြောင့် အစိုးရရဲ့ အာဏာအလွဲ သုံးစား လုပ်မှုတွေကို လျှော့ချနိုင်လာပါတယ်။
ဒီလိုနဲ့ပဲ (၁၉၉၂) ခုနှစ်ရဲ့ လပေါင်းများစွာမှာ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာ ရှေ့ဆက်မတိုးနိုင်တော့ပဲ အပြန်အလှန် Leverage အသုံးပြုမှုတွေသာရှိပြီး ရပ်တန့်နေပါတယ်။ ဒီလိုအခြေအနေတွေကနေ ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကြောင်းပေါ်ကို နှစ်ဘက်စလုံးက ပြန်မရောက်သွားအောင် နိုင်ငံတကာက ၀င်ပြီး ထိန်းသိမ်းလိုက်ပါတယ်။ Philadelphia မှာ သူတို့နှစ်ယောက်ကို ပူးတွဲ Liberty Medal ချီးမြှင့်ခဲ့ပြီး၊ နောက်ပိုင်းမှာ Nobel Peace Prize ကိုလဲ ပူးတွဲချီးမြှင့်ပေးခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်မှာ နှစ်ဘက်ကို ကိုယ်စားပြုပြီး ဆွေးနွေးနေကြတဲ့ အေအင်စီ ကိုယ်စားပြု စေ့စပ်ဆွေးနွေးရေးအကြီးအကဲ Cyril Ramaphosa နဲ့ အန်ပီ ကိုယ်စားပြု စေ့စပ်ဆွေးနွေးရေး အကြီးအကဲ Roelf Meyer တို့ကလဲ တရားဝင်စေ့စပ်ဆွေးနွေးပွဲ ရပ်ဆိုင်းနေပေမယ့် informal discussion ပြုလုပ်နိုင်ရေးအတွက် အတူတကွ ငါးမျှားထွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီလို နိုင်ငံတကာက ကြားဝင်ပေးမှုနဲ့ ခေါင်းဆောင်များအချင်းချင်း ရင်းနှီးမှု ရှိလာအောင် တည်ဆောက်မှုတွေက တဆင့် စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ပြန်ရောက်သွားအောင် လုပ်ဆောင်နိုင် ခဲ့ကြပါတယ်။ ခေါင်းဆောင်များ ငါးမျှားအတူထွက်ပြီး မကြာခင်မှာပဲ မင်ဒဲလားနဲ့ de Klerk တို့ဟာ Record of Understanding ကို လက်မှတ်ရေးထိုးပြီး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ပြုလုပ် လာကြပါတော့တယ်။
အပိုင်း ၃
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၉၊ ၉၊ ၂၀၁၁)
အပိုင်း ၃
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၉၊ ၉၊ ၂၀၁၁)
No comments:
Post a Comment