Wednesday, 7 September 2011 |
မိုးရွာပြီးခါစ မြစ်ပြင်ကို ဖြတ်၍ တသုန်သုန် တိုက်ခတ်နေသည့် လေပြည်ညင်းက ကွဲကွာနေတာ ကြာပြီ ဖြစ်သည့် သူ့ ကို ဆံပင်၊ အကျီ င်္၊ ပုဆိုးတို့ တဖြတ်ဖြတ် လွင့်လူးသွားသည် အထိ ထွေးပွေ့ ကြိုဆိုသည်။ မိုးရွာပြီးစ အချိန်တိုင်း လေနှင့်အတူ ပါလာတတ်သည့် သူအလွန် နှစ်သက်သော မြေသင်းနံကို ရှူရင်း မြစ်ကမ်းနဖူး (အရင် ဇာတ်ဆိပ်ဟောင်း) နေရာတွင် ရပ်လိုက်သည်။ သူထွက်သွားစဉ်တုန်းကလို မဟုတ်တော့ ဧရာဝတီမြစ်၏ မြင်ကွင်းတို့ က ပြောင်းလဲနေပြီ။ ဧရာဝတီမြစ်က ဒဏ်ရာဒဏ်ချက်တို့ ဖြင့် မိမိမြင်ကွင်းရှေ့၌ လဲလျောင်းနေသလို စိတ်တွင် ခံစားရသည်။ ဟိုးအရင် ဇက်ဆိပ်ရှိစဉ်က ကားအတက်အဆင်း ပြုလုပ်သော လမ်းတို့  ပျက်စီးနေပြီ ဖြစ်သလို မြစ်ကမ်းပါး တလျှောက်တွင်လဲ ကိုင်းပင်တို့ က အကျည်းတန်စွာ အပြိုင်းအရိုင်း ပေါက်နေကြ၏။
ငယ်ဘဝ တလျှောက်လုံး မြစ်ကမ်းပါးတလျှောက် ပြေးလွှားဆော့ကစားရင်း ကြီးပြင်းခဲ့သည့် သူနှင့် ဧရာဝတီကြားတွင် အမှတ်ရစရာပေါင်း များစွာ ရှိခဲ့သည်။ သူ့ လိုပင် ဤဆင်တဲရွာကလေးတွင် မှီတင်း နေထိုင်ကြသော လူများသည်လဲ ဧရာဝတီမြစ်နှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြသည်။ တံငါလုပ်သူများ၊ စက်လှေလုပ်ငန်း လုပ်သူများ၊ ရေရောင်းသူများ၊ လယ်၊ ယာလုပ်ငန်းနှင့် ကိုင်းကျွန်းလုပ်သူများသည် ဧရာဝတီမြစ်ကို မှီခို၍ အသက်မွေးဝမ်းကြောင်း ပြုကြရ၏။ ယုတ်စွအဆုံး ဧရာဝတီမြစ် အတွင်းမှ ရေကိုပင် ဆင်တဲတစ်ရွာလုံး သောက်ရေ၊ သုံးရေအဖြစ် ခပ်ယူ သုံးစွဲရ၏။ တချို့ ဆိုလျှင် ပေါင်းမိုးလှေလေးများဖြင့် မြစ်ထဲတွင် နေထိုင်ကြပြီး မြစ်ကမ်းပါးမှာပင် ချက်ပြုတ်စားသောက်ကြ၏။
ကျွန်တော်အပါအဝင် ကလေးများအတွက်တော့ ဧရာဝတီမြစ်ကြီးက အခမဲ့ ကစားကွင်းကြီး ဖြစ်ခဲ့သည်။
ကျွန်တော်နှင့် ဧရာဝတီ ပတ်သက်မှုက ငယ်ဘဝ လေးနှစ်သား အရွယ်ကပင် စခဲ့သည်ဟု ဆိုရမည်။ ထိုနေ့ ကို ကျွန်တော် အခုအချိန်ထိ မှတ်မိနေသေးသည်။ နောင် နှစ်ပေါင်း များစွာထိလဲ မှတ်မိနေဦးမည်သာ ဖြစ်သည်။ အဲဒီနေ့ က ကျွန်တော့် အဒေါ်ဖြစ်သူနှင့် ကျွန်တော် မြစ်ဆိပ်ကို ရေချိုးလိုက်သွားခဲ့သည်။ ကျွန်တော် ခုရပ်နေသည့် ဒီနေရာရှ့က ကမ်းစပ်လေးမှာပင် ကျွန်တော်နှင့် ညီဝမ်းကွဲ တော်သူတို့ ရေချိုးကြ၏။ အဒေါ်ဖြစ်သူက မလှမ်းမကမ်းတွင် အဝတ်လျှော်နေသည်။ မြောက်ရှူံးအောင် ဆော့သော ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ခရီးသည်များ ချပြီး ပြန်ထွက်သော စက်လှေကို လက်ဖြင့် ခိုပြီးလိုက်သွားကြ၏။ ကမ်းစပ်မှ အဒေါ်ဖြစ်သူနှင့် တခြားသူများ ပွတ်လောရိုက်မတတ် အော်မှ ကြောက်လန့် ပြီး လက်လွှတ်ချ လိုက်တော့ ရေနက်ပိုင်းကို ရောက်နေပြီမို့ ရေနစ်ပါလေတော့သည်။ စက်လှေပေါ်မှ အိမ်နီးချင်း အစ်ကို ဖြစ်သူက ကယ်တင်ခဲ့ခြင်းကြောင့်သာ ဒီနေ့ ထိ ကျွန်တော် အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။ အဲဒီနေ့ က ကျောပြင် ဗျောတင် ခံခဲ့ရပြီး မြစ်ဆိပ် ရေဆင်း မချိုးရ အမိန့် ထုတ်ခြင်း ခံရသည်။
ရေကူးတတ်လာသည့် နောက်ပိုင်းတွင်တော့ ဧရာဝတီမြစ်က ကျွန်တော်တို့ အတွက် ကစားကွင်းကြီးပမာ ဖြစ်လာ၏။ စက်လှေ၊ ဇက်ရေယာဉ်များပေါ်တက်၍ ကျွမ်းထိုးခြင်း၊ ဒိုင်ဗင် ထိုးခြင်းများ ပြုလုပ်ကြ၏။ ရေထဲတွင် စလိန်ပြေးတမ်း၊ ရွှံပစ်တမ်းများ ကစားကြသည်။ ဝါးပိုးဝါးကြီးများကို ရေထဲချ၍ ကမ်းမကပ်ကြေး စစ်တိုက်တိုင်း ကစားကြသည်။ ဝါးပိုးဝါးများပေါ်တွင် ရွှံများကို နိုင်သလောက်တင်ပြီး တဘက်နဲ့ တဘက် ပစ်ခတ်ပြီး ကစားကြခြင်း ဖြစ်သည်။ ရွှံကုန်သွားလျှင် ကမ်းစပ်မှ ရွှံကို ပြန်သယ်ခွင့်မရှိ ရေအောက်မှ ရွှံကို ရေအောက်မှ ငုပ်၍ ယူရပြီး ကစားရခြင်းကြောင့် ခက်ခဲပြီး အလွန်ပျော်ဖို့ ကောင်း၏။ နောက် မြစ်ကမ်းစပ်မှ မြစ်အတွင်းရှိ သောင်ထွန်းနေသည့် နေရာသို့ လှေလှော် ပြိုင်ရသည်မှာလဲ အလွန်ပင် ပျော်ဖို့ ကောင်းလှသည်။ ကျွန်တော်တို့ သူငယ်ချင်း အုပ်စုကို ရပ်ကွက်က ခေါ်သည့် နာမည်ပြောင်က ရေသရဲလေးများ ဖြစ်သည်။ နွေ၊ မိုး၊ ဆောင်း မြစ်ထဲတွင် ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် အပျော်ကြီး ပျော်ခဲ့ကြသည်။
နွေကျောင်းပိတ်ရက်တွေ ဆိုလျှင် သူယ်ချင်းများ တစ်ယောက်နှင့် တစ်ယောက် အဖော်စပ်ကာ တစ်နေ့ ကို နှစ်ကြိမ် မြစ်ထဲရေဆင်း ချိုးကြပြီး တစ်ခါချိုးလျှင် နှစ်နာရီ သုံးနာရီခန့် ကြာသည်။ ရေချိုးသည် ဆိုသည်ထက် မြစ်ထဲဆင်း၍ ဆော့ကြသည် ဆိုလျှင် ပိုမှန်မည်။ မြစ်အတွင်းရှိ ကျောက်ဆောင်များ၊ သောင်ပြင်များဆီသို့ ရေကူးပြိုင်ခြင်း၊ လှေလှော်ပြိုင်ခြင်းများ ပြုလုပ်ကြ၏။ ပူအိုက်သည့် နွေညတွေ ဆိုလျှင် ကျွန်တော်တို့ သူငယ်ချင်းများ စုပြီး မြစ်အတွင်း ဆိုက်ကပ်ထားသည့် စက်လှေများပေါ် ဆင်းအိပ်ကြ၏။ ကြယ်ရောင်စုံ မိုးကောင်းကင်ကြီးကို ကြည့်ရင်း တသုန်သုန် တိုက်ခတ်နေသည့် မြစ်လေပြည်လေညင်းအောက် အိပ်ရသည်မှာ ခုခောတ် အဲကွန်းနှင့် မလဲနိုင်ပေ။ မအိပ်ခင် သူငယ်ချင်းများ စုပြီး မြစ်အတွင်းမှ ငါး၊ ပုဇွန်နှင့် ရေသူမ(မျက်နှာဖုံး) ကောင်များဖမ်းပြီး ချက်ပြုတ် စားသောက်ကြသည်မှာလဲ အလွန်ပင် ပျော်စရာ ကောင်းလှ၏။ မိုးတွင်း ရေကြီးချိန်များတွင် ဆိုလျှင်လဲ ဟိုအရင် လယ်ကွင်း၊ ကွင်းပြောင်ကြီးများနှင့် တချို့  ရွာလမ်းမများထိ ရေမြုပ်သောကြောင့် လူကြီးများ စိတ်ညစ်ကြသော်လဲ ကလေးများမှာ လှေလျှောက် စီးကြရသဖြင့် အလွန်ပျော် ကြသည်။ ဆောင်းတွင်ဆိုလျှင် အေးသောကြောင့် ရေအကြာကြီး မချိုးနိုင်။ ကျွန်တော်တို့ အခေါ် ပလုံစွပ် ဆို ပြေးတက်ကြသည်က များသည်။ ဒါပေမယ့် ဆောင်းနှောင်း ကာလများတွင်တော့ ရေကျချိန် ကျောက်ဆောင်များ၊ သောင်ပြင်များ ရှာရသည်မှာ အလွန်ပင် ပျော်ဖို့ ကောင်းလှ၏။
အခုအချိန်တွင် ကျွန်တော်တို့ ငယ်ဘဝက ကစားကွင်း၊ ဆင်တဲသူ/သားတို့ အသက်မွေးဝမ်းကျောင်း အနေဖြင့် အားထားရာ ဧရာဝတီမြစ်ကြီးမှာ မြစ်အထက်ပိုင်းတွင် ဆောက်လုပ်ထားသော ဆည်များ၊ တံတားများကြောင့် ရေစီးကြောင်းများ ပြောင်းလဲကာ ကမ်းပါပြိုခြင်း၊ သောင်ထွန်းခြင်းများကြောင့် နွေရာသီ ဆိုလျှင် ရေကြောင်းတိမ်ပြီး သဘောင်္၊ မော်တော်များ သွားရေးလာရေး အခက်အခဲများ ဖြစ်ပေါ်နေသည်။ မြစ်အတွင်း ကျောက်စုပ် စက်လှေများ စည်းကမ်းမဲ့စွာ ကျောက်စုပ်ခြင်းကြောင့် မြစ်ကြမ်းပြင်တွင် ချိုင့်ကြီးများ ဖြစ်ပေါ်ကာ တံငါသည်များ ပိုက်ချရာတွင် အခက်အခဲများ ဖြစ်လေ့ရှိကြောင်းသိရသည်။ ထိုချိုင့်ကြီးများကြောင့် အရင်ကဆိုလျှင် ငါးများအုပ်လိုက် မိလေ့ရှိသော်လည်း ခုဆိုလျှင် တစ်ကောင်၊ နှစ်ကောင်ပင် မိဖို့ မလွယ်တော့ကြောင်း တံငါသည်များက ညည်းကြ၏။ ဆည်များ၊ တံတားများ ဆောက်ခြင်းကြောင့် ရေစီးကြောင်းများ ပြောင်းကာ ရေတိုက်စားခြင်း ခံရသည့် ကမ်းပါးများကို ထိန်းသိမ်းခြင်း မြစ်ကြောင်းတလျှောက် သောင်ထွန်းခြင်းများကို မဖြေရှင်းသည့် အပြင် ဧရာဝတီမြစ်ကြီး ပိုမို ဒုက္ခ ရောက်စေမည့် မြစ်ဆုံ စီမံကိန်း သတင်းကို ကြားရသည့် အတွက် ပို၍ ရင်မောရသည်။ မေခနှင့် မလိခကို ပိတ်၍ ဆည်ဆောက်ကြပြီး ရေအားလျှပ်စစ် ထုတ်ကြမည်တဲ့....
ဒီလိုသာ ဆည်ဆောက်ဖြစ်ခဲ့လျှင် နဂိုကမှ ယိုယွင်းနေသော ဧရာဝတီမြစ်အဖို့ ပိုမို ပျက်စီးလာဖို့ သာ ရှိတော့သည်။ ဧရာဝတီမြစ်ကို မှီတင်း နေထိုင်ကြသော မြစ်ကြောင်းတလျှောက် မြို့ ၊ရွာများမှ လူများလဲ ဒုက္ခ ရောက်ကြရမည်သာ ဖြစ်သည်။ ဧရာဝတီမြစ်၏ အဓိက မြစ်လက်တက်နှစ်ခုကို ပိတ်ဆို့ လိုက်လျှင် နဂိုကမှ ရေနည်းနေသော မြစ်အတွင်း ပိုမို ရေနည်းလာကာ သောင်များ ပိုထွန်းလာနိုင်သည်။ သဘောင်္များ၊ မော်တော်များ၊ ဇာတ်ရေယာဉ်များ သွားရေးလာရေး ခက်ခဲပြီး သောင်ထွန်းသော မြို့ ၊ ရွာများမှ လူများလဲ သောက်သုံးရေအတွက် အခက်အခဲ ဖြစ်လာနိုင် ဖွယ်ရှိသည်။ နဂိုကမှ တဘောင် စကားတွင် ပြည်မြို့ သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် ကျန်ရှိမည် ဟု ဆိုရိုးရှိခဲ့သည်။ အခုအချိန်ထိတော့ ပြည်မြို့ သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိနေသေးသည်။ တဘောင်စကားသာ မှန်ခဲ့လျှင် ပြည်မြို့ နှင့် မြစ်အနောက်ဘက်ကမ်းမှ မြို့ ရွာ တော်တော်များများ ဒုက္ခ ရောက်မည့်ကိန်း ဖြစ်သည်။ ကမ္ဘာ့ အကြီးဆုံး မြစ်ကြီးများထဲတွင် တစ်စင်း အပါအဝင် ဖြစ်သော ဧရာဝတီမြစ် ကောသွားမည့် အဖြစ်ကိုတော့ ကျွန်တော် စိုးရိမ်မိသည်။ ဒီလိုအဖြစ်မျိုးကိုတော့ အဖြစ်မခံချင်ပေ။
ငယ်ဘဝ ကစားကွင်း သဖွယ် ဖြစ်ခဲ့သော ဧရာဝတီမြစ်၊ လူသားများကို အကျိုးပြုနေသော ဧရာဝတီမြစ်ကြီးကို ကျွန်တော် အရမ်းချစ်သည်။ မြန်မာနိုင်ငံက အကြီးဆုံးမြစ်ကြီး ဘေးမှာ နေတာကွဟု ဝင့်ကြွားခဲ့ရသည့် ဧရာဝတီမြစ်ကြီးကို ချစ်သည်။ ဧရာဝတီ မြစ်ကြီး ပျက်စီးပျောက်ကွယ် သွားမည်ကို ကျွန်တော် အပါအဝင် ဆင်တဲသူ ဆင်တဲသားများ၊ မြစ်ကမ်းပါးတလျှောက် မြို့ ရွာများမှ လူအများနှင့် ဧရာဝတီကို ချစ်သော မြန်မာပြည်သားတိုင်း စိုးရိမ်နေကြရသည်။
No comments:
Post a Comment