ဧရာဝတီနဲ့ သာသနာ
                                                                             သူ့ လူ (ကာရိုလိုင်းနား)
ကယ်တော်မူပါ မြတ်စွာဘုရား။
တပည့်တော်များရဲ့
 အားထားရတဲ့ ဧရာဝတီ
ဖြည်းဖြည်းခြင်း တိမ်ကောနေပြီတဲ့။
အမျိုးမချစ်တဲ့
လူဆိုးလူညစ် ခေါင်းဆောင်တို့ 
ဧရာဝတီရဲ့  ရေကြောင်းကိုလွှဲ
အတင်းဘဲ ဆည်ကြီးတည်ဆောက်
တရုတ်နိုင်ငံ လျှပ်စစ်မီးရောင် တောက်ဖို့ 
ကိုယ့်ပြည်သူကို အမှောင်ချောက်ထဲ ဆွဲချ
ကန်းကုန်အောင် မိုက်မဲနေကုန်ကြပြီဘုရား။
ဒီပုံသာဆိုရင်
ကမ္ဘာကြီး မပျက်ခင်မှာ
မြန်မာပြည် အရင်ပျက်ရတော့မှာမို့ 
အရှင့်ကို ပံ့ပိုးကာ အားပေးကြတဲ့
တပည့်တော်များရဲ့ ဘ၀ကို
အရှင်မှ မကယ်မလျှင်ဖြင့်
အမြန်သာ ဒုက္ခတွေ့ တော့မှာပါဘုရား။
အမေရိကရဲ့အလှ
 မစ်္စစပီဘ၀ကို ကြည့်ပြီး
မိခင်ကြီးဧရာဝတီ
မအိုသင့်ဘဲ အိုနေတာတွေ့ နေပြီမို့ 
စိုးရိမ်ကာ အသနားပိုမိပါသည်ဘုရား။
ဂဂါင်္နဒီနဲ့ မကင်းခဲ့တဲ့ မြတ်ဘုရားဟာ      
ဧရာဝတီနဲ့ လဲ မကင်းနိုင်ပါ။
မြစ်ရိုးတစ်လျှောက်က မြတ်ဗုဒ္ဓရဲ့ ကိုယ်စား
ကိုးကွယ်ဖို့ တည်ထားတဲ့
ရုပ်ပွားစေတီပုထိုးတော်ဆိုတာတွေလဲ
ဒီအမေ ဧရာဝတီကဘဲ
ရေမြေသဲတွေကို လှူပေးလို့ 
တည်ဆောက်နိုင်နေကြတာပါဘုရား။
မြန်မာပြည်သူတွေ အများစု
အရှင်ရဲ့ သံဃာထုအတွက်ရော
စားမှု နေမှု ကိုးကွယ်မှုပါ
တာဝန်အစုစုကို ယူထားရှာတဲ့  
မြတ်နဒီမဟာ  မိခင်မာတာ 
ကျေးဇူးရှင် ဧရာဝတီပါ အရှင်ဘုရားရယ်။
တကယ်ပါ။
ဧရာဝတီသာ တိမ်ကောပြီဆိုရင်တော့ဖြင့်
တပည့်တော်များရဲ့ ဘ၀တွေလဲ
ဒုက္ခဆိုတဲ့ ရေအယဉ်ကြောထဲမှာ
အခုထက် ပိုမျောရှာကြပြီး
အရှင့်သာသနာတော်ကြီး
ဆက်လက်ပြီးတည်ဖို့ တောင်
ထောက်ပံ့ကာ မပေးနိုင်တော့မှာမို့ 
အရှည်ကို ကြည့်လို့ သာ
အမြန် ကယ်တင်ပေးတော်မူပါဘုရား။
နောက်ဆုံးမှာ
အရေးကြီးတာ လျှောက်စမ်းကွာ ဆိုရင်
ဧရာဝတီက ရေအယဉ်တွေသာ ခန်းရင်တော့ဖြင့်
အရှင်ရဲ့ အေးချမ်းလှတဲ့
တရားဓမ္မ စမ်းရေတွေဟာလဲ
မြန်မာပြည်မှာ
တစ်စစ ခန်းခြောက်သွားတော့မှာပါဘုရားလို့ 
လျှောက်တင်လိုက်စမ်းပါရစေဘုရား။။
No comments: