
မြစ်ဆုံ ဘာ့ကြောင့် ရပ်လိုက်သလဲ

ကချင်ပြည်နယ်တွင်းက ဧရာဝတီ မြင်ကွင်း


သမ္မတ ဦးသိန်းစိန်ကနေ လွှတ်တော်နှစ်ရပ်ဆီကို ပေးပို့တဲ့ သဝဏ် လွှာမှာ ဖော်ပြတာကတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထု အတွင်း စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အတွက်လို့ ဒါကို ရပ်ဆိုင်းဖို့ ကြေငြာ ရတာလို့ ဆိုပါတယ်။
ဘယ်လို စိုးရိမ် ပူပန်မှုတွေလည်းဆိုတာကို ပြောရာ မှာတော့ အချက် ငါးချက်ကို ပြောထားတာ တွေ့ရပါတယ်။
သမ္မတ ရဲ့ သဝဏ်လွှာကို အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်တို့ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးခင်အောင်မြင့် ဖတ်ကြားရာမှာ ကချင် အတွက်သာမက မြန်မာ တနိုင်ငံလုံး အတွက် ထိခိုက်နိုင်တာ ကြောင့် ၊ ဆည်အထက်ပိုင်းက ရွာတွေ ရေမြုပ်ပြီး သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဆုံးရှုံးပျက်စီးဖို့ ရှိတယ်၊ ပုဂ္ဂလိပိုင်းက အရင်းအနှီးများများထည့်ဝင်ပြီး စိုက်ထားတဲ့ ရာဘာနဲ့ ကျွန်းစိုက်ခင်းတွေ ပျက်ဖို့ရှိတယ်၊ နောက် မြန်မာပြည် မြောက်ဖျား ပိုင်းအရပ်က ရေခဲတောင်တွေ အရည်ပျော်လို့ပဲ ဖြစ်ဖြစ်၊ မိုးများလို့ပဲ ဖြစ်ဖြစ်၊ ငလျင်လှုပ်လို့ပဲ ဖြစ်ဖြစ် မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်က မြို့ရွာတွေ လူတွေ သေကြေ ပျက်စီးနိုင်တယ်၊ ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်တယ် ဆိုတဲ့ အချက် ငါးချက်ကြောင့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ ကြေငြာ လိုက်တယ်လို့ ဆိုပါတယ်။
တကယ်တော့ မြစ်ဆုံစီမံကိန်း မစခင်ကတည်းက ပညာရှင်တွေရဲ့ စီမံကိန်း အကျိုးအပြစ် လေ့လာမှုစစ်တမ်းတွေထဲမှာလည်း ဒီလို အချက်အလက်တွေ ဖော်ပြခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စီမံကိန်း ပြန်သုံးသပ်ဖို့ ကြေငြာချက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလဆန်းပိုင်းကထိ အမှတ် ၁ လျှပ်စစ် စွမ်းအားဝန်ကြီးရဲ့ ပြောစကားအရ ဘယ်လို ကန့်ကွက်မှုတွေ ရှိရှိ ဆက်လုပ် မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် လူတွေရဲ့ မကျေနပ်မှု အသံတွေက ပိုကျယ်လောင် လာပြီးနောက် သမ္မတက ဒီနေ့ ရပ်ဆိုင်းပြ ီဆိုပြီး ကြေငြာရတဲ့ အဆင့်ထိ ရောက်ခဲ့ တာပါ။
ဧရာဝတီ အရေး လှုပ်ရှားသည့် ဓါတ်ပုံပြပွဲ

ဒါပေမယ့် သမ္မတရဲ့ သဝဏ်လွှာမှာ ပြောတာက ကျန်တဲ့ ရေအားလျှပ်စစ် စီမံကိန်း တွေကိုတော့ စနစ်တကျ လေ့လာပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ အရင်းအနှီးတည်ဆောက်တဲ့ ရေအားလျှပ်စစ် စီမံကိန်း အများအပြားထဲ့ က တစ်ခု ဖြစ်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်းကနေ တရုတ်နိုင်ငံကို လျှပ်စစ် ရောင်းချဖို့ ဒေါ်လာ သန်း ၃၆၀၀ အကုန်အကျခံ တည်ဆောက်မှာပါ။ ဒါကြောင့် တရုတ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို မိတ်မပျက်အောင် ပြန်လည် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့လည်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒီနေ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတရဲ့ အခုကြေငြာချက်ကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
မြစ်ဆုံအရေး ဧရာဝတီ အရေး ဆောင်ရွက် လှုပ်ရှားခဲ့သူ ကာတွန်းဆရာ အော်ပီကျယ်ကတော့ မြစ်ဆုံအရေး အခုလို ရပ်ဆိုင်းပေးတာဟာ ပြည်သူ့ အသံကို နားထောင်လာတာဖြစ်တဲ့ အတွက် ကောင်းတဲ့ လက္ခဏာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အဆင့်ကို ရောက်ပြီလားဆိုတာတော့ ပြောဖို့ စော သေးတယ်လို့ ဆိုပါတယ်။
စာမေးပွဲ တခုနဲ့ ဥပမာပေးရရင် အစိုးရဟာ မြစ်ဆုံဘာသာကို ဖြေဆို အောင်မြင်ခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားဘာသာရပ် အပါအဝင် တခြားဘာသာတွေကို ဖြေဆို အောင်မြင်ဖို့ လိုသေးတယ်လို့ သူကမှတ်ချက်ချ ပြောဆိုပါတယ်။

No comments: